ကျနော်နေတဲ့အိမ်ရဲ့ရှေ့မှာ
သစ်ရိပ်ကောင်းလှပါတယ်။
ကျောင်းပိတ်ရက်များမှာ
ကလေးများနဲ့စည်းကားနေတတ်တယ်။
ကလေးများက အရွယ်စုံပါတယ်။
ကလေးများ ကစားနေကြချိန်တွင်
အလွန်ဆူညံပေမယ့် ကျနော်ခံနိုင်တယ်။
များများကစားတဲ့ကလေးများ
ဥာဏ်ရည်ကောင်းတယ်လို့ ကျနော်က သိထားတာမို့
ကလေးများကစားတာကို
မတားဖြစ်ဘူးခဲ့ပါ။
တစ်နေ့မှာ ကလေးများကစားပြီးမောလာတာကြောင့်
ထိုင်ပြီးစကားထာဝှက်တမ်းကစားကြပါတယ်။
အကြီးဆုံးဖြစ်တဲ့ကလေးမလေးက
တစ်ယောက်တစ်လှည့် စကားထာဝှက်ဖို့ပြောပါတယ်။
သူတို့လေးတွေ
တစ်ယောက်တစ်လှည့် စကားထာဝှက်တာကို
ပက်လက်ကုလားထိုင်တွင်
စာဖတ်ရင်း နားထောင်မိပါတယ်။
အငယ်များဖွဲ့သောစကားထာက
အများအားဖြင့်ကြားနေကျစကားထာများသာဖြစ်တယ်။
သိသူများက စကားထာမဆုံးခင်မှာပင်
အော်ဟစ်ပြီး အဖြေများပြောကြပါတယ်။
ပျော်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဟုခံစားမိပါတယ်။
နောက်ဆုံးအကြီးဆုံးဖြစ်တဲ့သူငယ်မရဲ့အလှည့်ကိုရောက်လာပါတယ်။
“သူ့ရဲ့ဦးခေါင်းထဲမှာ
ဦးနှောက်မရှိဘူး။
သူ့ရဲ့ရင်ဘတ်ထဲမှာ
နှလုံးသားမရှိဘူး။
ဒါပေမယ့် သူ့ရဲ့နားရွက်ကအရှည်ကြီး။
--- နားထောင်ရလွန်းလို့ကားနေတယ်။
သူ့ရဲ့ပါးစပ်ပေါက်က
အကြီးကြီး၊
သွားတွေက လွှသွားလိုချွန်နေတယ်။
ဝါးလို့ရတာ
အကုန်လုံးဝါးတယ်။
သူ့ရဲ့ဗိုက်က
ပူပူဆူဆူ။အဆီတွေ အထပ်ထပ်။
စားလို့ရတာမှန်သမျှ
အားလုံးစားတယ်။
ကဲ….အဲဒီအကောင်
ဘာကောင်လဲ”
ကျန်တဲ့ကလေးတွေက တစ်ယောက်တစ်လှည့်စီအော်ပြောကြတယ်။
“စက်ရုပ်လူသား”
“မဟုတ်ဘူး”
“ဘီးလူး”
“မဟုတ်ဘူး”
“ပြိတ္တာ”
“မဟုတ်ဘူး”
“သရဲ”
“မဟုတ်ဘူး”
ကျနော်လည်း
ပိုပြီးစိတ်ဝင်စားလာတယ်။
ဒီကောင်မလေး
ဘာများပြောမလဲဆိုတာကိုလည်း အရမ်းသိချင်လာတယ်။
“တစ္ဆေ”
“မဟုတ်ဘူး”
“ငရဲသား”
“မဟုတ်ဘူး”
……………
“မဟုတ်ဘူး”
……………..
“မဟုတ်ဘူး”
ကဲ…ပန်းပေးပြီလားလို့
ကောင်မလေးကမေးလိုက်ပါတယ်။
အချို့က ပေးပြီးလို့အော်တယ်။
အချို့က မပေးသေးဘူးလို့အော်နေချိန်မှာ
ကောင်မလေးရဲ့အမေဟာ
ဈေးကပြန်ရောက်လာပါတယ်။
“ဟဲ…နီနီ
ငါ ဈေးသွားတုန်း
ကြက်သွန်နွှာထားပြီး ငရုတ်သီးထောင်းခိုင်းထားတာ
ဒီမှာလာဆော့နေတယ်။အဲဒါတွေ
လုပ်ပြီးပြီလား” လို့အော်လိုက်တဲ့အတွက်
စိတ်ဝင်စားစရာကောင်းတဲ့စကားထာဝိုင်းဟာ
ဖရိုဖရဲဖြစ်သွားပါတော့တယ်။
ကောင်းမလေးက
ထပြီးပြေးပြန်သွားချိန်မှာ
“တီဗွီကြည့်၊
ကြည့်တတ်ရင် မြင်လိမ့်မယ်” လို့ အော်ပြောသွားလေရဲ့။
ကျနော်ဖတ်နေတဲ့
အာဏာရှင်ဟစ်တလာရဲ့အကြောင်းထက်
စကားထာရဲ့အဖြေကို
ပိုပြီး စိတ်ဝင်စားလာမိတယ်။
အဖြေကတော့ ရှာနေဆဲ။
နီနီကိုတွေ့ရင်
မေးကြည့်ရဦးမယ်။
No comments:
Post a Comment