တစ်မြို့လုံး
မီဟုန်းဟုန်းတောက် လောင်နေတယ်။
မီးလုံးကြီးက
တစ်အိမ်ကနောက်တစ်အိမ်ကို ကူးသွားတယ်။
တစ်လမ်းက နောက်တစ်လမ်းကို
မြန်မြန်ဆန်ဆန် ကူးသွားတယ်။
လောင်စာကို
ရသွားတဲ့မီးလို အရှိန်ပြင်းသထက်ပြင်းနဲ့လောင်ကျွမ်းနေတယ်။
လူတွေရဲ့အော်ဟစ်သံကလည်း
ဆူညံနေတယ်။
အသက်ဘေးလုပြီးပြေးတဲ့သူကပြေး၊
အော်ဟစ်အကူအညီတောင်းသူကတောင်း၊
ကိုယ်ပိုင်ပစ္စည်းကို
သယ်ပိုးသူက သယ်၊
အချို့က တစ်ပိုင်တစ်နိုင်သယ်၊
အချို့က လောဘနဲ့မနိုင်မနင်းသယ်၊
လမ်းတိုင်းမှာ
လူတွေနဲ့ပြည့်နေတယ်။
လူအချင်းချင်း
တိုးဝှေ့နေကြတယ်။တိုက်ခိုက်မိကြတယ်။
လှဲသူလှဲတယ်။
လှဲသူကို နင်းသူကနင်းကြတယ်။
သေသူကသေကြတယ်။
အချို့က တက်နင်းမိလို့သေ၊
အချို့က မီးလောင်လို့သေ၊
မီးအရှိန်ပြင်းပြင်းနဲ့လောင်ကျွမ်းသံထက်
ပြည်သူပြည်သားတွေရဲ့အော်ဟစ်
အကူအညီတောင်းသံက
ပိုကျယ်လောင်နေတယ်။
အဲဒီအချိန်မှာ
စစ်သည်တော်တစ်ယောက်က မင်းအစိုးရ ဆီကို သွားရောက်
သတင်းပို့တယ်။
အဲဒီမင်းအစိုးရဟာ သတင်းကိုကြားတာနဲ့နန်းရင်ပြင်ကိုဖြတ်ပြီး
လေသာပြူတင်းပေါက်ကနေ
မီးလောင်နေတဲ့မြို့တော်ကို အပေါ်ဆီကနေ
လှမ်းကြည့်တယ်။
မီးလောင်နေတဲ့မြင်ကွင်းကိုလည်းတွေ့တယ်။
အော်ဟစ်အကူအညီတောင်းနေတဲ့ပြည်သူပြည်သားကိုတွေ့တယ်။
ပြုံးတော်မူတယ်။ပြီးတော့
အပါးတော်မြဲတစ်ယောက်ကိုလှမ်းပြောလိုက်တယ်။
“ငါ့ရဲ့ဘင်ချိုတစ်လက်ကို
အမြန်ယူခဲ့စမ်း”
အပါးတော်မြဲက
ဘင်ချိုကို ဆက်လိုက်တော့
ဘင်ချိုကို
တီးခတ်ပြီး ရောမမြို့ကြီးမီးလောင်နေတာကို အရသာခံပြီး ရှုစားတော်မူသတဲ့။
+++++++++++++++
ရောမမြို့ကြီးကောင်းစားစဉ်အခါက
တကယ်ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုဖြစ်ပါတယ်။
အဲဒီမင်းအစိုးရရဲ့ထူးခြားချက်တစ်ခုက
မိခင်ကို မိဖုရားမြှောက်ထားတဲ့အချက်ပါပဲ။
အဲဒီမင်းအစိုးရရဲ့ဝါသနာက
ကျွန်တွေကို အထူးလေ့ကျင့်ပေးပြီး အချင်းချင်း သတ်ပုတ်တာကို
ကြည့်ရှုအရသာခံရတာကို
ဝါသနာပါတယ်။
ကျွန်တစ်ယောက်ချင်းသတ်ပုတ်တာ၊
အဖွဲ့လိုက်သတ်ပုတ်တာကိုအမြဲလိုလို ပြုလုပ်လေ့ရှိတယ်။
မင်းအစိုးရရဲ့လက်မကို
အောက်ကို စိုက်ချလိုက်ရင် သတ်စေ ဆိုတဲ့အမိန့်တစ်ခုလို့အားလုံးက
သဘောပေါက်ကြတယ်။
လက်မကိုအောက်ကို စိုက်ချတဲ့အလုပ်ကို လုပ်ရတာလည်း ဝါသနာပါသတဲ့။
ပြည်သူပြည်သားတွေဟာ
မခံမရပ်နိုင်တဲ့အဆုံးတစ်နေ့မှာ နန်းတော်ထဲကို အင်နဲ့အားနဲ့ဝင်ရောက်သွားတယ်။
အဲဒီတော့ မင်းအစိုးရဟာ
လွတ်ရာလွတ်ကြောင်းပြေးတော့တာပါပဲ။
နန်းတွင်းအဆောင်ထဲရောက်တော့
သူ့လွတ်မြောက်မှုအတွက် မိဖုရားကို ပြောခိုင်းသတဲ့။
မိဖုရားက မပြောနိုင်ကြောင်းလျှောက်ထားတော့
သူ့အသက်ကို မကာကွယ်ရကောင်းလားဆိုပြီး
မိခင်-မိဖုရားကို
လည်ပင်းညှစ်သတ်လိုက်သတဲ့။
နောက်ဆုံးပြေးလို့မလွတ်မြောက်မှန်းသိတော့
ပြည်သူပြည်သားရဲ့လက်ချက်နဲ့ဆိုရင်အသေလှမှာမဟုတ်ဘူးဆိုတာ
သိတဲ့အတွက်
သူ့ကိုယ်သူ
အဆုံးစီရင်လိုက်သတဲ့။
+++++++++++++++++++++
ကမ္ဘာ့သမိုင်းမှာတော့
ပြည်သူပြည်သားကိုမုန်းတဲ့ မင်းအစိုးရ ရှိခဲ့တယ်။
မြန်မာ့သမိုင်းမှာရော
ပြည်သူပြည်သားကိုမုန်းတဲ့ မင်းအစိုးရ ရှိပါသလား။
မီးဘေး၊ရေဘေး၊လေဘေးတွေကြုံတွေ့ရတဲ့အခါ
အဲဒီအဖြစ်အပျက်မျိုးက
ပိုသိသာထင်ရှားလာတတ်ပါတယ်။
No comments:
Post a Comment