Thursday, February 23, 2012
“ သဘောထားကို ပြောင်းလိုက်ပါ... ”
“ နံက်တိုင်း တွေးသင့်တဲ့အတွေး…”
ဒီနေ့ အကောင်းဆုံးစိတ်ထားနဲ့ လုပ်သင့်တာတွေကို လုပ်မယ်။
ငါအတွက်၊ အများအတွက် အကျိုးရှိတာတွေ ကိုလုပ်မယ်။
ငါဟာ စိတ်ကောင်းရှိတဲ့သူ ဖြစ်တယ်။
ငါဟာ ဉာဏ်ရှိတဲ့သူဖြစ်တယ်။
ငါဟာ သဘာဝကျကျ တွေးတတ်တဲ့သူ ဖြစ်တယ်။
ငါဟာ မျှတတဲ့ သဘောထားရှိသူ ဖြစ်တယ်။
ငါဟာ အများအကျိုးကို ဆောင်ရွက်ချင်တဲ့သူ ဖြစ်တယ်။
ငါ ဟာ ညီညွတ်မျှတမှုကို မြတ်နိုးသူဖြစ်တယ်။
ငါဟာ ကျန်းမာရေးကောင်းသူဖြစ်တယ်။
ငါဟာကောင်းတာတွေကို များများလုပ်နိုင်သူဖြစ်တယ်။
++++++++++++++++++++++++
လူတစ်ယောက်ကို အကောင်းဆုံးစေတနာနဲ့
သူ့ကိုအရိုးသားဆုံးဆက်ဆံလိုက်တာဟာ
သူ့ကို အကောင်းဆုံး ပေးလိုက်တာပဲ။
+++++++++++++++++++++++++
အရေးအကြီးဆုံးက စဖြစ်ဖို့နဲ့ စွဲမြဲဖို့လိုတယ်။
+++++++++++++++++++++++++
ပြဿနာဟာ နေ့တိုင်းတွေ့ရမှာပါ။
ပြဿနာကို ဖြေရှင်းနေရတာဟာ
ဘဝမှာ ပုံမှန် လုပ်နေရတဲ့အလုပ်ပဲ။
+++++++++++++++++++++++++
နေရာတိုင်း၊ နေရာတိုင်းမှာ သတိနဲ့နေသွားကြပါ။
(မြတ်စွာဘုရား)
+++++++++++++++++++++++++
ဘာကို ဖြစ်ဖြစ် သိနေပါ။
ခန္ဓာကိုယ်မှာ ဖြစ်တာ၊
စိတ်မှာ ဖြစ်တာ၊
ရုပ်ပိုင်းမှာ ဖြစ်တာ၊
ဝေဒနာပိုင်းမှာ ဖြစ်တာ သိနေပါ။
+++++++++++++++++++++++++
စိတ်ငြိမ်းချမ်းအောင် နေ့စဉ်လုပ်ရမယ်။
လုပ်တတ်ရင် ၊ အချိန်တိုင်းဟာ တရားအားထုတ်တဲ့အချိန်ပါ။
နေတတ်ရင် နေရာတိုင်းဟာ တရားအားထုတ်တဲ့နေရာပါ။
ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်းတွေ၊ ဆွေမျိုးတွေကို တရားလက်ဆောင်ပေးပါ။
ကိုယ့်သားသမီးတွေကို တရားအမွေပေးပါ။
+++++++++++++++++++++++++
သည်းလည်းခံ၊
အမှန်လည်း လုပ်၊
ပြီးတော့ ဘယ်သူဘာဘဲပြောပြော၊
ဝမ်းနည်းဝမ်းသာ မဖြစ်ဘဲနဲ့ ကိုယ့်အလုပ်ကို ကိုယ်စိတ်ထားမှန်မှန်နဲ့ လုပ်နိုင်သူ၊
ကိုယ့်လမ်းကို ကိုယ်ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်တဲ့ဖြစ်ဖို့လိုပါတယ်။
+++++++++++++++++++++++++
ဒုက္ခရောက်တဲ့အခါ
ကိုယ့်ကိုကိုယ်တကယ်မေးသင့်တဲ့မေးခွန်းတွေကတော့…
“ ငါ ဘာသင်ခန်းစာယူရမလဲ ”
“ ငါ ဘာလုပ်သင့်သလဲ ”
“ ငါ တတ်နိုင်တာ ဘာရှိသလဲ ”
+++++++++++++++++++++++++
“ သဘောထားကို ပြောင်းလိုက်ရင်
ဘဝပြောင်းသွားတယ် ”
+++++++++++++++++++++++++
(ဆရာတော်ဦးဇောတိက)
Wednesday, February 22, 2012
"အရေးကြီးတာ ပြောချင်လို့ပါ..."

“ဟလို မီးသတ်ဋ္ဌာနကလား”
“ဟုတ်ပါတယ်”
“ကျနော် ဒီနေ့မနံက်ပဲ ကျနော့်ခြံထဲမှာ ရှားပါးတဲ့ ပန်းမျိုးကို ပျိုးထားပါတယ်”
“ဘယ်မှာ မီးလောင်တာလဲပြောပါ”
“တစ်ချို့ပန်းမျိုးတွေဆိုရင် အင်မတန် ဈေးကြီးလွန်းလှပါတယ်”
“ခင်ဗျား ရူးနေသလား၊
ဒါမီးသတ်ဋ္ဌာနဗျ၊
ပန်းဆိုင် မဟုတ်ဘူး၊
ကျုပ်တို့ဆီကို မီးလောင်မှ ဆက်ပါ”
“နေပါဦး၊ နေပါဦး…
ကျနော် ပြောပါရစေဦး၊
ကျနော်က ရုက္ခဗေဒ ပညာရှင် ပါမောက္ခ ဒေါက်တာညီညီ ဖြစ်ပါတယ်။
ကျနော့်အိမ်နီးချင်းရဲ့အိမ် မီးလောင်နေတာပါ၊
အဲဒါ ခင်ဗျားတို့ မီးသတ်ဖို့လာတဲ့အခါ ခင်ဗျားတို့ရဲ့ ရေပိုက်ကြီးတွေနဲ့
ကျနော်ရဲ့ ပျိုးပင်တွေကို မဖျက်ဆီးပါနဲ့လို့ ကြိုတင် သတိပေးချင်ပါတယ်”
Tuesday, February 21, 2012
" အသိဉာဏ်ဟာ လူ့ဘဝရဲ့ အနှစ်သာရပါ..."

ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖွံ့ဖြိုးအောင် အစွမ်းကုန် ကြိုးစားတာဟာ
ကိုယ့်ကိုယ်ကို သစ္စာရှိတာပဲ။
++++++++++++++++++++++++
တံတားအောက်က စီးဆင်းသွားတဲ့ ရေအလျဉ်လိုပဲ
ပြီးတော့လည်း ပြီးသွားကြတာပါပဲ။
+++++++++++++++++++++++++
ဖြစ်တိုင်းသိ၊ ဖြစ်တိုင်းသိ၊ ဖြစ်လာတော့
ဒေါသဖြစ်တာကို သိလိုက်ရင် ချက်ချင်းပျောက်ပျောက်သွားတယ်။
သည်းခံဖို့မလိုတော့ဘူး။
သိဖို့ပဲလိုတော့တယ်။
+++++++++++++++++++++++++
ဘယ်လိုကိလေသာပဲ ဖြစ်ဖြစ်
တည့်တည့်ကြည့်လိုက်ရင် ပျောက်ရမှာပဲ။
+++++++++++++++++++++++++
[ You must do the best that you can]
“ မင်းဟာ မင်းတတ်နိုင်သလောက်
အကောင်းဆုံးဖြစ်အောင်လုပ်ရမယ် ”
+++++++++++++++++++++++++
သတိရှိတဲ့လူ၊ ဉာဏ်ရှိတဲ့လူ၊ စိတ်ထဲမှာ ငြိမ်းချမ်းနေတဲ့လူဟာ
မြင်ရ၊တွေ့ရ၊ကြားရတဲ့အတွေ့အကြုံတွေက
မိမိရဲ့စိတ်ကို လွန်လွန်ကဲကဲအနှောင့်အယှက် ဖြစ်သွားအောင် ခွင့်မပြုဘူး။
အဲဒီတော့… ကိုယ်မှာ အနှောင့်အယှက်ဖြစ်သွားပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်သတိပေးပါ။
+++++++++++++++++++++++++
လူ့ဘဝမှာ အနှစ်သာရဟာ အသိဉာဏ်ပါ။
+++++++++++++++++++++++++
ချီးမွမ်းတဲ့အခါ ဝမ်းသာတဲ့စိတ်က မလွတ်လပ်တဲ့စိတ်။
ချီးမွမ်းတာကို သဘောကျရင် နောက်ထပ်ချီးမွမ်းတာကို
ခံရအောင်လုပ်ရဦးမှာဘဲ။
သူများ သဘောကျအောင် လုပ်တဲ့သဘောဖြစ်သွားပြီ။
+++++++++++++++++++++++++
မှားတာက ဘာမှ မဆန်းဘူး။
ပြင်ဖို့ပဲလိုတယ်။
မှားတာက အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်ဘူး။
အမှားကို မပြင်နိုင်တာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။
++++++++++++++++++++++++++
စိတ်မှာ အင်အားရှိချင်ရင် သတိ၊ သမာဓိ၊ ကောင်းအောင်နေ့စဉ်လေ့ကျင့်နေရမယ်။
အသိဉာဏ်မြင့်လာအောင် နည်းမျိုးစုံနဲ့လေ့လာရမယ်။
အသိဉာဏ်ဟာ အမြဲတန်းအသစ်ဖြစ်နေရမယ်။
မြင်ပုံ၊ သိပုံ၊ အသစ်ဖြစ်နေရမယ်။
လုပ်ရည်ကိုင်ရည်မြင့်လာအောင်လည်း အမျိုးမျိုးလုပ်တတ်အောင် လက်တွေ့လုပ်နေရမယ်။ လုပ်တတ်တယ်ဆိုရင် အင်အားရှိတယ်။
+++++++++++++++++++++++++
မိတ်ဆွေကောင်းတွေ များလာအောင်
စိတ်ကောင်း၊စေတနာကောင်းနဲ့ဆက်ဆံရမယ်။
+++++++++++++++++++++++++
လွတ်လပ်မှုကို သိပ်လိုချင်လို့ ဘယ်လို ကိစ္စမျိုးမှာ ဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးတယ်။ ကိုယ့်ဟာကိုယ်ဖြစ်အောင်လုပ်တယ်။
များများသိအောင်လုပ်တယ်။
များများတတ်အောင်လုပ်တယ်။
များများသိရင်၊ များများတတ်ရင် လွတ်လပ်မှုပိုရှိတယ်။
++++++++++++++++++++++++++
တကယ်ချစ်တယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်တဲ့ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့
လူနှစ်ယောက်ရဲ့ဆက်ဆံရေးပဲဖြစ်တယ်။
+++++++++++++++++++++++++
(ဆရာတော် ဦးဇောတိက)
Monday, February 20, 2012
"ထူးထူးခြားခြား သစ်ခုတ်သမား…"

ဂျပန်နိုင်ငံတွင် နိုင်ငံတကာ သစ်ခုတ်ပြိုင်ပွဲ ကျင်းပတယ်။
ပြိုင်ပွဲစတင်ကြောင်း အချက်ပေးလိုက်တာနဲ့
နိုင်ငံအသီးသီးက တုတ်ခိုင်ထွားကျိုင်းလှတဲ့သစ်ခုတ်သမားတွေ
ပေါက်ဆိန်ကိုယ်စီနဲ့ ပြေးထွက်လာကြတယ်။
အဲဒီအထဲမှာ ထူးထူးခြားခြား လူတစ်ယောက်ပါဝင်တယ်။
အဲဒီလူကတော့ အသားမဲမဲ၊ ဂင်တိုတို၊ဆံပင်တိုတိုနဲ့ လူတစ်ယောက်ပါ။
သူရဲ့လက်ထဲမှာရွှေရောင်ပေါက်ဆိန် တစ်ခုကို ကိုင်ထားတယ်။
ပြိုင်ပွဲဝင်သူအနက် အဲဒီဂင်တိုတိုနဲ့လူက တစ်နာရီမှာ အပင်ပေါင်း ၄၅-ပင်ခုတ်လဲနို်င်တယ်။
အခြားသူတွေနဲ့သစ်ခုတ်တဲ့အရည်အတွက်အပြတ်အသတ်ကွာခြားနေတဲ့အတွက်
သူဟာ အနိုင်ရသွားပါတယ်။
ပထမဆုကိုတက်ယူတဲ့ ဆုပေးအခန်းအနားမှာ
သတင်းထောက်က မေးပါတယ်။
“ သစ်ပင်ခုတ်တဲ့ပညာကို အခုလောက် ကျွမ်းကျွမ်း ကျင်ကျင်
ဘယ်မှာ တတ်မြောက်ခဲ့တာလဲခင်ဗျာ”
“မြန်မာနိုင်ငံမှာပါ”
“မြန်မာနိုင်ငံမှာ သစ်ပင်မှ မရှိတော့တာ…”
“ဟုတ်တယ်လေ။ အခုမှ မရှိတော့တာပါ”
Sunday, February 19, 2012
"ကိုယ်ကိုယ်တိုင် ဖတ်ဖို့- ၈..."

စိတ်ချမ်းသာခြင်း အကျိုးဆယ်ပါး……..မှအဆက်...
…….More likely to have more friends.
ပျော်ပျော်နေတတ်တဲ့သူဟာ မိတ်ဆွေအပေါင်းအသင်း ခင်မင်သူ များတယ်။
မိတ်ဆွေအဖြစ် ပေါင်းသင်းချင်တယ်ဆိုရင်လည်း
စိတ်ချမ်းသာအောင် နေတတ်တဲ့သူကို ပေါင်းမှာပဲ။
ဒါကြောင့် မိတ်ဆွေများများ လိုချင်ရင် စိတ်ချမ်းသာအောင်နေပါ။ ပျော်ပျော်နေပါ။
မိတ်ဆွေများတာဟာ ပျော်စရာကောင်းတယ်။
ကိုယ့်စိတ်ထဲမှာ တစ်ခုခု ခံစားနေရရင် ကိုယ့်ကို နားလည်နိုင်မယ့်လူကို ပြောပြချင်တယ်။
ပြောရမယ့်လူရှိလို့ပြောလိုက်ရရင် စိတ်ထဲမှာ ရှင်းသွားတယ်။
ပေါ့သွားတယ်။ အဲဒါဟာ သိပ်အရေးကြီးတယ်။
ဒါကြောင့် ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူမှာ မိတ်ဆွေကောင်းများတယ်။
မိတ်ဆွေများလို့ အခက်အခဲရှိတဲ့အခါ ကူညီမယ့်သူ များတယ်။
ကူညီမယ့်သူများလို့ အစစအရာရာ အဆင်ပြေတယ်။
စိတ်ချမ်းသာမှုကြောင့် ဖြစ်လာတဲ့ကောင်းကျိုးကွင်းဆက်တွေ အများကြီးပဲ။
ကိုယ့်ဆီကို လာစေချင်ရင် လာတဲ့အခါ စိတ်ချမ်းသာစရာကို ပြောပါ။
အားတက်အောင် ပြောပါ။ ရိုးရိုးသားသား လေးလေးစားစား ဆက်ဆံပါ။
+++++++++++++++++++++++++
More likely to enjoy stronger social support.
ပျော်ပျော်နေတတ်တဲ့သူဟာ သူများရဲ့အကူအညီကို ပိုရတယ်။
သူ့ကို ခင်မင်တဲ့သူများတော့ ကူညီချင်တဲ့သူလည်း များမှာပဲ။
ဒါကြောင့် အကူအညီလိုရင် အေးအေးဆေးဆေး တောင်းပါ။
တစ်ဖက်လူကို နာငြီးအောင် မလုပ်ပါနဲ့။
စိတ်ချမ်းသာအောင်ပြောပြီး အကူအညီတောင်းပါ။
စိတ်ညစ်အောင်ပြောပြီး မတောင်းပါနဲ့။
ကိုယ်က အကူအညီပေးနိုင်တဲ့အခါမှာလည်း ပျော်ပျော်ရွှင်ရွှင် လိုလိုချင်ချင် ပေးပါ။
စိတ်ချမ်းသာအောင် နေပါ။ ပျော်အောင်နေပါ။
+++++++++++++++++++++++++++++++
More likely to enjoy richer social interactions.
ပျော်ပျော်နေတတ်တဲ့သူဟာ အနှစ်သာရပိုရှိတဲ့ ဆက်ဆံရေးကို ရရှိခံစားဖို့
အလားအလာ ပိုများတယ်။
ပျော်တဲ့သူတွေ အများကြီး နဲ့ပေါင်းရမှ အနှစ်သာရပိုရှိမယ်။
ပျော်တဲ့သူတွေဟာ သူများကိုလည်း ပျော်အောင် လုပ်တယ်။
အဲဒီတော့ ပျော်တဲ့သူချင်း ပေါင်းရင် နှစ်ဦးနှစ်ဖက် ပိုပျော်တယ်။
စိတ်ထားကောင်းပြီး စိတ်ချမ်းသာတဲ့သူ ပျော်တတ်တဲ့သူဟာ အပေါင်းအသင်းစုံတယ်။
အပေါင်းအသင်းစုံလို့ပဲ ဗဟုသုတလည်း စုံတယ်။
ဒါကြောင့် အလုပ်အကိုင်အမျိုးမျိုး အဆင့်အတန်းအမျိုးမျိုး ရှိတဲ့လူတွေနဲ့ ခင်မင်ရင်နှီးတယ်။
အပေါင်းအသင်း နယ်ကျယ်တယ်။ သူပေါင်းသင်းနိုင်တဲ့သူဟာ အသက်အရွယ်အမျိုးမျိုး၊
ပညာအရည်အချင်းအမျိုးမျိုး၊ အလုပ်အကိုင်အမျိုးမျိုး စုံလင်တယ်။
များသောအားဖြင့် စိတ်ချမ်းသာတဲ့သူဟာ စိတ်ထားလည်း ပိုကောင်းတယ်။
စိတ်ထားကောင်းတဲ့သူနဲ့ ဆက်ဆံရတာ အနှစ်သာရပှိုရှိတယ်။
ဒါကြောင့် စိတ်ထားကောင်းပြီး စိတ်ချမ်းသာတဲ့သူဟာ ပိုပြီး အဓိပ္ပာယ်ရှိတဲ့ ကျေနပ်စရာ
ပိုကောင်းတဲ့ ဆက်ဆံရေးကို ရနိုင်တယ်။
+++++++++++++++++++++++++++
Laugh, and the world will laugh with you.
Cry, and you will cry alone.
ရီပါ။ ကမ္ဘာကြီးက သင်နဲ့အတူ လိုက်ရီလိမ့်မယ်။
ငိုပါ။ သင်တစ်ယောက်ထဲ ငိုရလိမ့်မယ်။
ပျော်နေတဲ့သူက ကိုယ့်စိတ်ကို အင်အားဖြည့်ပေးတယ်။
လူဆိုတာ အသွားအပြန်ရှိတဲ့ ဆက်ဆံရေးကို လိုချင်တယ်။
ဒါကြောင့် ပိုပြီး ကျေနပ်မှုရတဲ့ ဆက်ဆံရေးကို လိုချင်ရင် စိတ်ချမ်းချမ်းသာသာ နေပါ။
ကိုယ်နဲ့ဆက်ဆံရတဲ့သူကိုလည်း စိတ်ချမ်းသာအောင် တတ်နိုင်သလောက် လုပ်ပေးပါ။
စိတ်ချမ်းသာချင်ရင် ပညာ၊ဗဟုသုတ အမျိုးမျိုးကိုလေ့လာပါ။
ကိုယ်လည်း အကျိုးများတယ်။ ပျော်တယ်။
ကိုယ်နဲ့တွေ့ရတဲ့သူတွေလည်း အကျိုးများတယ်။ ပျော်တယ်။
ဆရာတော်ဦးဇောတိက၏ စိတ်ချမ်းသာဖို့လိုရင်းပါ…စာအုပ်မှ ထုတ်နှုတ်ပါသည်။
Saturday, February 18, 2012
"ကိုယ်ကိုယ်တိုင် ဖတ်ဖို့- ၇..."

စိတ်ချမ်းသာခြင်း အကျိုးဆယ်ပါး……..မှအဆက်
Higher income
ဝင်ငွေပိုကောင်းတယ်။
ပျော်တဲ့သူဟာ သူ့စိတ်ကိုက အားရှိနေတယ်။ အလုပ်ကို စိတ်ဝင်စားတယ်။
အလုပ် ပိုလုပ်နိုင်တယ်။ အလုပ် ပိုပြီးတယ်။ တီထွင်ပြီးလုပ်တယ်။
လူတွေနဲ့လည်း အဆင်ပြေအောင် ပြောတတ်တယ်။
ခင်တတ်တယ်။ ပျော်နေတဲ့သူကို လူတွေက ပိုပြီးခင်တယ်။ ပိုပြီးယုံကြည်တယ်။
ဒါကြောင့် အလုပ်အကိုင် ပို အဆင်ပြေပြီး ဝင်ငွေပိုကောင်းတယ်။
ဘယ်အလုပ်လုပ်လုပ် ပျော်တဲ့သူက ပိုတိုးတက်တယ်။ ပိုအောင်မြင်တယ်။
ဒါကြောင့် အကျိုးအမြတ်ကို ပိုခံစားရတယ်။ အမှုထမ်းဆိုရင်လည်း အလုပ်မှာ
ပျော်နေတဲ့သူကို လစာ တိုးပေးတယ်။ ရာထူးတိုးပေးတယ်။
၎။ More likely to have a stronger immune system.
ပျော်နေတဲ့သူဟာ ကိုယ်ခံအား ပိုကောင်းတယ်။ ကျန်းမာရေး ပိုကောင်းတယ်။
ဒါကြောင့် ရောဂါဖြစ်တာ နည်းတယ်။ ဖြစ်လာရင်လည်း ပျောက်တာ မြန်တယ်။
ဆေးကုသစရိတ် နည်းတယ်။ မကျန်းမာလို့ ခွင့်ယူရတာ နည်းတယ်။
ကျန်းမာနေရင် ပျော်တယ်။ ပျော်ရင် ကျန်းမာတယ်။
ကျန်းမာနေရင် ပျော်နေရင် အလုပ်ပိုလုပ်နိုင်တယ်။
ဒါကြောင့် စိတ်ချမ်းသာတယ်။ ပျော်တယ်။
ကျန်းမာချင်ရင် ပျော်ပျော်နေပါ။
(ပျော်ပျော်နေပါဆိုလို့ အပျော်အပါးလိုက်စားပါလို့ ပြောတာ မဟုတ်ပါ။)
စိတ်ချမ်းသာအောင် စိတ်ထားတတ်ဖို့ အဓိကပါ။
ပျော်စရာကောင်းတဲ့ အားကစားတစ်ခုခု လုပ်ပါ။
ရီစရာပြောပါ။
သစ်ပင်-ပန်းပင် စိုက်ပါ။
တရားအားထုတ်ပါ။
++++++++++++++++++++++
ဆရာဝန်အနေနဲ့ လူနာကို စိတ်ချမ်းသာအောင် အားတက်အောင် ပြောရင်
လူနာ မြန်မြန် နေကောင်းလာမယ်။
လူနာရဲ့ အားငယ်စိတ် ကြောက်စိတ် စိုးရိမ်စိတ်ကို သက်သာအောင် လုပ်ပေးပါ။
လူနာရဲ့ယုံကြည်မှုကို ရအောင် လုပ်ပါ။
+++++++++++++++++++++++++++++++++++
၅။ More likely to live longer.
ပျော်နေတဲ့သူဟာ အသက်ပိုရှည်တယ်။
ပျော်ပျော်နေ သေခဲ လို့ဆိုတာ ကြားဖူးတယ်။
ပျော်ပျော်နေတာက အကောင်းဆုံးပါပဲ။
ပျော်တဲ့သူ စိတ်ချမ်းသာတဲ့သူဟာ နုပျိုတယ်။
အကောင်းဆုံးဆေးကတော့ စိတ်ချမ်းသာအောင် နေတာပဲ။
စိတ်ချမ်းသာနေတာဟာ ကျက်သရေရှိတယ်။ ချစ်စရာ ခင်စရာကောင်းတယ်။
စိတ်ချမ်းသာနေတဲ့သူဟာ လှနေတယ်။
ဒါကြောင့် နုပျိုလှပပြီး ကျန်းကျန်းမာမာ အသက်ရှည်ချင်ရင်
စိတ်ချမ်းသာအောင် အမြဲ တရားအားထုတ်ပါ။
သတိနဲ့နေပါ။
စိတ်ထားကောင်းကောင်းနဲ့ နေပါ။
လူတွေကို ချစ်ချစ်ခင်ခင် လေးလေးစားစား ဆက်ဆံပါ။
+++++++++++++++++++++++++
တကယ်တော့ ဘယ်ဟာမှ သိပ်အရေးမကြီးဘူးဆိုတာကို နားလည်ပါ။
ဘာအတွက်မှ စိတ်ဆင်းရဲမခံပါနဲ့။
++++++++++++++++++++++++
၆။ More likely to enjoy larger social rewards.
More likely to marry.
ပျော်နေတဲ့သူဟာ အိမ်ထောင်ပြုဖို့ အလားအလာများတယ်။
စိတ်ဆင်းရဲနေတတ်တဲ့သူကို အိမ်ထောင်ဖက်အဖြစ်နဲ့ မရွေးချယ်ချင်ကြပါဘူး။
ပျော်ပျော်ရွှင်ရွှင်အတူနေချင်လို့ အိမ်ထောင်ပြုကြတာပါ။
စိတ်ဆင်းရဲနေရမယ်ဆိုရင် ဘာဖြစ်လို့ အိမ်ထောင်ပြုရမလဲ။
ဒါကြောင့် စိတ်ချမ်းချမ်းသာသာ နေတတ်တဲ့သူ ပျော်ပျော်နေတတ်တဲ့သူကို
အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ကြဖို့ အလားအလာ ပိုများတယ်။
+++++++++++++++++++++++++++++
Less likely to become divorced.
ပျော်နေတဲ့သူဟာ အိမ်ထောင်ကွဲဖို့ အလားအလာ နည်းတယ်။
မပျော်တဲ့သူချင်း အတူနေရင် လမ်းခွဲဖို့ အလားအလာ များတယ်။
ပျော်တဲ့သူချင်း အတူနေရင် လမ်းခွဲဖို့ အလားအလာ နည်းတယ်။
အိမ်ထောင်ဖက်တွေမှ မဟုတ်ပါဘူး။ ဘယ်သူနဲ့ဖြစ်ဖြစ် မပျော်ရင် အတူမနေချင်ဘူး။
အတူတူ အလုပ်မလုပ်ချင်ဘူး။ အပေါင်းအသင်း မလုပ်ချင်ဘူး။
မပျော်တဲ့သူဟာ အဖော်နည်းမယ်။
အဖော်လိုချင်ရင် ပျော်အောင် နေပါ။
+++++++++++++++++++++++++++++
(ဆရာတော်ဦးဇောတိက၏ စိတ်ချမ်းသာဖို့လိုရင်းပါ…စာအုပ်မှထုတ်နှုတ်ပါသည်)
Friday, February 17, 2012
" ကျနော်ကြိုက်တဲ့ကဗျာများ-၁၂..."

(ပုံစံပျက်စိတ်ဓာတ်နဲ့မှားယွင်းတဲ့တွေ့ရှိမှု)
မပြည့်စုံတဲ့ ဘဝမှာ၊ ဆန္ဒရဲ့စေ့ဆော်မှု
လောဘကိုရှေ့တန်းတင် ဥာဏ်မပါတဲ့အသိနဲ့
ခရီးတစ်ခုကို ကမူးရှုးဒိုးထွက်လာမိပေါ့။
ထင်တိုင်းမဖြစ် လုပ်တိုင်းမရ
အခြေအနေကျမှ သံဝေဂလိုလို
ဘာလိုလိုနဲ့အသိတစ်ခုဝင်လာတယ်။
ရှေးဆိုရိုးစကား
နီးလွန်းတော့ဝေးတဲ့အခွင့်အရေးတွေက
လက်တစ်ကမ်းမှာကို ဘလယ်ပုံကြီး ဒါကိုမယူတတ်ခဲ့ဘူး။
ဝေးဝေးသွားမှများများရမယ်လို့
အထင်ရှိခဲ့၊ဘာထူးလို့လဲ။
လူဟာလူပဲလေ။
ဘယ်မှာနေတယ်ဆိုတာထက်၊
ဘာလုပ်နေသလဲဆိုတာ အဓိကမှန်းသိခဲ့ရင်
အိတ်သွန်ဖာမှောက် ဒီလောက်မိုက်ပါ့မလား။
အလံမစိုက်နိုင်ပဲ ဖောင်ဖျက်ခဲ့တော့
ရှေးမတိုးနောက်မဆုတ်နဲ့ ၊ငုတ်တုတ်မိုးလင်းခဲ့ပေါင်းများပြီ။
လာလမ်းကိုပြန်လှည့်၊ တစ်ကပြန်စမယ်ဆိုတော့
ရှက်စိတ်ကဝင်လာ၊ မာနကလွန်ဆွဲ
ဒီဝဲဂယက်ထဲမှာ ဆက်နေဦးမှာလား။ ။
စိမ်းထိုက်လူ(မော်ကျွန်း)
+++++++++++++++++++++++++++++
စိမ်းထိုက်လူ(မော်ကျွန်း)
ဆိုသူဟာ ငယ်သူငယ်ချင်းတစ်ဦးဖြစ်ပါတယ်။
ငယ်သူငယ်ချင်းစာရင်းထဲမှာ လက်ကျန်ကိုရေတွက်ကြည့်တော့
လက်တစ်ဖက်တောင်မပြည့်ချင်တော့ဘူး။
နည်းတယ်ဆိုပေမယ့် မိတ်ဆွေကောင်းဆိုရင် လုံလောက်ပါတယ်။
ကျနော် အမေရိကားကို သွားရဖို့ဖြစ်တော့ သူ့ကိုအရင်ဆုံးအသိပေးဖြစ်ပါတယ်။
သူဟာ ကျနော်နဲ့ထပ်တူဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းကို
သူ့ရဲ့စကားနဲ့ သူ့ရဲ့အပြုအမူက ထင်ရှားစေပါတယ်။
တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားနဲ့ သူအားပေးပါတယ်။
သေချင်တဲ့ကျား တောပြောင်းဆိုတဲ့စကားပုံလည်း ရှိသေးတယ်နော်လို့
သူ့ကို သတိပေးတော့
အဲဒါ မင်းအတွက်မဟုတ်ဘူးလို့ သူက ထပ်ဆင့်ပြောပါတယ်။
အော်…ကျနော်ကိုကျနော်ထက် သူက ကျနော်ကို ပိုပြီးယုံကြည်နေပါလားလို့
တွေးမိပါတယ်။
ဒီရောက်ပြီးနောက်ပိုင်းမှာ အကောင်း၊အဆိုးမှန်သမျှ သူ့ကိုကျနော်အသိပေးဖြစ်ပါတယ်။
အကောင်းထက် အဆိုးတွေများကြောင်းကိုပြောပြတော့
သူက သူ့အတွေ့အကြုံပေါ်အခြေခံပြီး
ကျနော်ကို သတိပေးတဲ့အနေနဲ့
ဒီကဗျာကိုရေးလိုက်တယ်လို့ ထင်မိကြောင်းပါခင်ဗျာ။ ။







