Thursday, March 3, 2011

"အစားတစ်လုတ်အတွက်..."


နာဂစ် မုန်တိုင်းကြောင့် မိသားစုအများအပြား သေကွဲကွဲသွားကြတယ်။
အဲဒီအထဲမှာ ကိုမောင်အေးရဲ့မိန်းမဖြစ်သူမဝင်းဝင်းလည်း သေဆုံးခဲ့တယ်။
အချိန်တွေ ဘယ်လောက်ပဲကြာကြာ ကြေကွဲမှုက အသစ်ဖြစ်နေမြဲပါ။
ဒီနေ့က နှစ်နှစ်ပြည့်တဲ့နေ့ဖြစ်တယ်။
ကိုမောင်အေးက သူ့ဇနီး ကွယ်လွန်သူ
မဝင်းဝင်းအတွက် နှစ်ပတ်လည် အလှူလုပ်ချင်မိတယ်။
နာဂစ်ကြောင့် လူအပြင် ပိုင်ဆိုင်မှုတွေ အားလုံးလည်း ပါသွားခဲ့တယ်။
မရှိသော်လည်းမဝင်းဝင်းအတွက် အလှူလုပ်ချင်တဲ့အတွက် ဈေးဘက်ထွက်ခဲ့တယ်။
အစဉ်ပြေချင်တော့ မယ်ညို ငှက်တစ်ကောင်ကို ဖမ်းမိလာကြောင်း
ကိုတင်ဝင်းက သတင်းပေးတယ်။
အပြေးအလွှားသွားဝယ်လိုက်တယ်။ အရှင်ဖြစ်နေတဲ့အတွက် မသတ်ရက်ပါ။
မယ်ညိုငှက်ကို လွှတ်ပေးချင်သော်လည်း ငွေကြေးက မဖူလုံခဲ့ပါ။
ဘာလုပ်ရမှန်းမသိအောင်ဖြစ်နေချိန်မှာ
မောင်အေးရဲ့အခက်အခဲကို သဘောပေါက်တဲ့ ငှက်မုဆိုးကိုရွှေသန်းက
မျက်စိရှေ့မှာပင် ရက်ရက်စက်စက် သတ်လိုက်ပါတယ်။
စိတ်မကောင်းပါ။ ဘာမှလည်း မတတ်နိုင်ခဲ့ပါ။
အဲဒီမယ်ညိုကိုပင် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ကိုယ်တိုင်ချက်ပြီး
နေ့ဆွမ်းအတွက် ရွာဦးဘုန်းတော်ကြီး
ကျောင်းကို ဆွမ်းဂျိုင့် သွားပို့ပါတယ်။
အဲဒီအချိန်မှာ ရပ်ကွက်လူကြီးကိုသိန်းရွှေရဲ့ဇနီးမသန်းကြိုင်ကလည်း
ဆွမ်းဂျိုင့်လာပို့တာကို တွေ့ရပါတယ်။
ဆရာတော်ကို ဆွမ်းကပ်လိုက်ပါတယ်။
ပြီးတော့ ကိုမောင်အေးရဲ့ဆွမ်းဂျိုင့်ကို ဆရာတော်က လဲလှယ်ပေးဖို့
မသန်းကြိုင်ကို လှမ်းပြောလိုက်ပါတယ်။
မသန်းကြိုင်က ဆွမ်းဂျိုင့်ကို လာယူသွားပြီး လဲလှယ်နေချိန်တွင် ကိုမောင်အေးက ဆရာတော်နဲ့စကားပြောနေပါတယ်။
တောရွာဆိုတော့ ဆွမ်းများများစားစားမရှိလှပါ။
ရှားရှားပါးပါးဆွမ်းတွေထဲတွင်လည်း ဟင်းကောင်းက တစ်ခွက်၊နှစ်ခွက်ထက်မပိုတတ်ပါ။
မယ်ညိုဟင်းက သိသာထင်ရှားလှပါတယ်။
ဆရာတော်ကို ဆွမ်းကပ်ချင်လွန်းတဲ့အတွက် ကုသိုလ်လား၊ အကုသိုလ်လားပင်
မခွဲခြားနိုင်တော့ဘဲ မယ်ညို ငှက်သားကို မရအရဝယ်ခဲ့မိပါတယ်။
ကွယ်လွန်သူဇနီးအတွက် ကုသိုလ်စိတ်နဲ့ ဆွမ်းချက်လာခဲ့မိပါတယ်။
ဆရာတော်များဆွမ်းစားချိန်အထိ စကားပြောနေခဲ့မိပါတယ်။
ဆရာတော်နဲ့သံဃာများကို ဆွမ်းကပ်ချိန်ရောက်တော့ ဟင်းများကို သတိထားကြည့်မိတော့
မယ်ညိုဟင်းကို မတွေ့ရပါ။
မစဉ်းစားတတ်အောင်ဖြစ်ရပါတယ်။ ဘယ်လိုဖြစ်တာပါလိမ့်။
ရပ်ကွက်လူကြီးရဲ့ဇနီးမသန်းကြိုင်လည်း ပြန်သွားပြီ။
ဘယ်သူကိုမေးရမှန်းလည်း မသိပါ။
ဆရာတော်များက အေးအေးချမ်းချမ်းဆွမ်းဘုန်းပေးနေပါတယ်။
စိတ်ထဲမှာ မအေးချမ်းသူကတော့ ကိုမောင်အေးဖြစ်ပါတယ်။
စိတ်ထဲတွင် ဘလောင်ဆူနေမိပါတယ်။
စိတ်ထဲသံသယဖြစ်လာတဲ့အတွက် ဆွမ်းဂျိုင့်အလွတ်ကို ဆွဲပြီး
ရွာထဲရှိ မသန်းကြိုင်တို့အိမ်ဖက်ကို ထွက်လာမိပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် မသန်းကြိုင်တို့မိသားစုများက ထမင်းစားနေကြတယ်။
မသန်းကြိုင်က မျက်နှာပျက်နေလေရဲ့။
ကိုမောင်အေး ဟင်းပွဲကို လှမ်းကြည့်တော့ မယ်ညိုသားဟင်းကို
ရပ်ကွက်လူကြီးဖြစ်တဲ့ကိုသိန်းရွှေက အားရပါးရစားနေတာကို တွေ့ရပါတော့တယ်။
ကိုမောင်အေး တအံ့တသြဖြစ်သွားပါတယ်။
ဘာပြောရမှန်းပင် မသိ။

Wednesday, March 2, 2011

" လုပ်ရပ်ကသာ သက်သေပါ..."




တစ်ခါတုန်းက တောင်သူတစ်ဦးရှိပါတယ်။

အဲဒီတောင်သူကြီးဟာ ကွယ်လွန်သွားတော့
ကောင်ကင်ဘုံကို ရောက်လာပါတယ်။
ပထမဆုံး သူတွေ့ရတာကတော့
စာအုပ်တင်စင်အရှည်ကြီးတစ်ခုကို တွေ့လိုက်ရတယ်။
အဲဒီစင်ပေါ်မှာ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုလည်း တွေ့ပါတယ်။
တောင်သူကြီးက သိချင်တာနဲ့မေးပါတယ်။
" အဲဒါ ဘာလဲဟင်... "

" အဲဒါက နားရွက်တွေပါ။
အဲဒီနားရွက်တွေက လူတွေရဲ့နားတွေပါ။
အဲဒီနားရွက်ပိုင်ရှင်ဖြစ်တဲ့လူတွေဟာ လူလောကမှာတုန်းက ကောင်းတဲ့လူဖြစ်ဖို့
ဘာတွေလုပ်သင့်တယ်ဆိုတာကို ကြားတော့ ကြားခဲ့ပါတယ်။
ဒါပေမယ့် ဂရုစိုက်နားမထောင်မိခဲ့ပါဘူး။
ပြီးတော့ သိတဲ့အတိုင်း မလုပ်ခဲ့ကြဘူး။
ဒါကြောင့် အဲဒီလူတွေ သေတဲ့အခါ
သူ့တို့နားရွက်တွေကသာ ကောင်ကင်ဘုံရောက်လာပါတယ်။
ဒါပေမယ့် သူတို့တွေရဲ့ ကိုယ်ခန္ဓာကတော့ ကောင်ကင်ဘုံရောက်မလာပါဘူး။


ဒါနဲ့ပဲ လျှောက်ကြည့်ရင်းနဲ့ တောင်သူကြီးက
ထူးဆန်းတဲ့ပစ္စည်းတစ်မျိုးကို အခြားစင်တစ်ခုပေါ်မှာ ထပ်တွေ့ရပြန်ပါတယ်။

" အဲဒါကကော ဘာလဲ..."

" အဲဒါတွေက လျှာတွေပါ။
အဲဒီလျှာတွေက လူတွေပိုင်ခဲ့ပါတယ်။
သူတို့တွေက လူ့လောကမှာနေတုန်းက
ကောင်းတာ ဘယ်လိုလုပ်ရမယ်။
ကောင်းအောင်ဘယ်လိုနေရမယ်ဆိုတာကို ပြောပြကြတဲ့လူတွေရဲ့လျှာတွေဖြစ်ပါတယ်။
အဲဒီလူတွေက ပြောသာပြောတယ်။
သူတို့ကိုယ်တိုင်ကတော့ မကျင့်ကြံ မလိုက်နာကြဘူး။
ဒါကြောင့် အဲဒီလူတွေသေတဲ့အခါ သူတို့ရဲ့လျှာကသာ ကောင်ကင်ဘုံရောက်လာပြီး သူတို့ရဲ့ကိုယ်ခန္ဓာကတော့ ကောင်ကင်ဘုံ
ရောက်မလာကြပါဘူး "

လို့ ရှင်းပြလိုက်ပါတယ်။


ကျနော် ငယ်ငယ်တုန်းက ကျနော်တို့နေတဲ့ လမ်းမှာ အရက်ဆိုင်တစ်ဆိုင်ရှိတယ်။
အဲဒီဆိုင်မှာ အမြဲတမ်း အရက်လာသောက်တတ်တဲ့အရက်သမားတစ်ဦးရှိတယ်။
သူဟာ အမြဲတမ်းလိုလို အရက်မူးနေတတ်တယ်။
ကျနော်တို့လူငယ်လေးတွေကိုတွေ့တဲ့အခါ

သူပြောတတ်တဲ့စကားကတော့
" မင်းတို့လေးတွေ အရက်မသောက်ကြနဲ့၊
အရက်ဆိုတာ မကောင်းဘူး၊
မမူးရင်လည်း မူးအောင်သောက်ချင်တယ်။
သောက်လို့မူးပြန်ရင်လည်း ဘာမှမသိတော့ဘူး။
ဘာကောင်းတာရှိလဲ။
မကောင်းဘူး။
ကဲ...ငါပြောသလိုလုပ်၊
ငါလုပ်သလို မလုပ်နဲ့။ "တဲ့။

မကြာခင်မှာပင် သူသေဆုံးသွားတယ်။
သူဘယ်ရောက်သွားသလဲဆိုတာတော့ မသိပါ။


Tuesday, March 1, 2011

သူများယောင်တိုင်း မလိုက်တဲ့အခါ...



တစ်ခါတုန်းက ငှက်ပျောပင်များကြားမှာ စီးဆောတစ်ခုရှိနေပါတယ်။
မျောက်သုံးကောင်က
စီးဆောတစ်ဖက်မှာ စုထိုင်လိုက်တဲ့အခါမှာ စီးဆောရဲ့အခြားတစ်ဖက်က
အထက်ကို မြောက်တက်သွားပါတယ်။
မြောက်တက်သွားတဲ့စီးဆောရဲ့တစ်ဖက်ထိပ်နဲ့ကပ်လျက်နေရာမှာ
ငှက်ပျောသီးတစ်ခိုင်ရှိနေပါတယ်။
မျောက်သုံးကောင်က ငှက်ပျောသီးကို စားချင်တော့
အခြားတစ်ဖက်ကို သုံးကောင်စလုံး စုပြုံပြီး ပြေးသွားတော့
စီးဆောရဲ့သဘောသဘာဝအတိုင်း လေးတဲ့ဘက်က နိမ့်ဆင်းသွားပါတော့တယ်။
မျောက်သုံးကောင်စလုံးနဲ့ငှက်ပျောသီးနဲ့ဝေးသွားပါတော့တယ်။
အခြားတစ်ဖက်က နီးသွားပြန်တာမို့ မျောက်သုံးကောင်စလုံးက ငှက်ပျောသီးစားချင်ဇောနဲ့ ပြေးသွားပြန်ပါတယ်။
ငှက်ပျောသီးနဲ့ဝေးသွားပြန်ပါတယ်။
ဒီလိုနဲ့ အချိန်တွေလည်းကုန်၊
မျောက်တွေလည်း မောလာပါတော့တယ်။
ငှက်ပျောသီးကိုလည်း မစားရပါ။
မောမောနဲ့ဘာလုပ်ရမှန်းမသိချိန်မှာ
မျောက်သုံးကောင်အနက် တစ်ကောင်က စဉ်းစားပါတယ်။
စားချင်ဇောနဲ့လိုက်လေ ဝေးလေဖြစ်နေတယ်။
ပြီးတော့ ဘာမှလည်း မစားရပါလား၊
မလိုက်ဘဲနေကြည့်ရင် ကောင်းမလားမသိဘူးလို့ တွေးမိတယ်။
ဒါနဲ့ မျောက်သုံးကောင်အနက်
ကျန်နှစ်ကောင်က ငှက်ပျောသီးရှိရာကို ပြေးသွားတဲ့အခါမှာ
ကျန်တဲ့မျောက်တစ်ကောင်က မပြေးတော့ဘဲ စီးဆောရဲ့တစ်ဖက်ထိပ်မှာ ထိုင်နေလိုက်တယ်။
ကျန်မျောက်နှစ်ကောင်ရဲ့အလေးချိန်ကြောင့် စီးဆောက တစ်ဖက်ကို နိမ့်ဆင်းသွားချိန်မှာ
ကျန်တစ်ဖက်မှာကျန်ခဲ့တဲ့မျောက်တစ်ကောင်က စီးဆောရဲ့တစ်ဖက်ထိပ်မှာ ကျန်ခဲ့ပြီး
ငှက်ပျောသီးကိုလက်လှမ်းမီသွားပြီး
ငှက်ပျောသီးကို စားလိုက်ရပါတော့တယ်။


ဒီလိုပါပဲ အသိဥာဏ်ရှိသူဟာ သူများထက်တော့ သာစမြဲပါပဲ။
သူများယောင်တိုင်းလိုက်ပြီးမယောင်နေသူအဖို့တော့
အသိဥာဏ်ရှိသလောက် အကျိုးခံစားရတတ်ပါတယ်။

ကဲ...လူကြီးမင်ုး့ရော
ဒီမျောက်သုံးကောင်ပုံပြင်ဆီက
ဘာသင်ခန်းစာရလိုက်ပါသလဲ။


Monday, February 28, 2011

“ မရက မထတော့ပြီ…”




ချစ်သားရဟန်းတို့

သင်တို့ထင်တိုင်းလဲ ကောင်းလှပေ၏။

ငါ ဘုရား၏ အလိုကား

အကြင်ရဟန်းသည် ဆွမ်းစားပြီးသောအခါ

တစ်နေရာရာတွင် တင်ပျဉ်ဖွဲ့ခွေနေပြီးနောက်


ငါသည် တရားကို အားထုတ်အံ့၊

အာသဝေါ မကုန်လျှင် ဤနေရာမှ မထပြီ


ဟူ၍ ဝိပဿနာ ဘာဝနာကို အားထုတ်ကာ

နေကြခြင်းသည် ဤပင်လုံးကျွတ်ပွင့်လျက်ရှိသော

အင်ကြင်းတောကြီးကို ပို၍ လှပတင့်တယ်မွေ့လျော်ဖွယ်

ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေမည်

ဟူ၍ မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။



Sunday, February 27, 2011

“ စိတ်ချမ်းသာမှုနဲ့ငွေကြေးဥစ္စာ…”



တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်ဟာ
သူပိုင်ပစ္စည်းဥစ္စာတွေ အတွက် တွေးပူပြီး
ညညဆို အိပ်မရဖြစ်နေတယ်။

သူအိမ်နဲ့ မလှမ်းမကမ်းမှာ
ဆင်းရဲသား နွားကျောင်းသားတစ်ယောက်ရဲ့ အိမ်တစ်အိမ်ရှိတယ်။
ဆင်းရဲသား နွားကျောင်းသားဟာ ဘာအပူမှ မရှိတော့
ညညဆိုရင် ပုလွေကို သာယာနာပျော်ဖွယ်ရာ မှုတ်ပြီးမှ အိပ်လေ့ရှိတယ်။

အိပ်မရဘဲ ပူပင်သောကရောက်နေတဲ့ သူဌေးကြီးဟာ
ဆင်းရဲသားရဲ့ပုလွေသံကို နားထောင်လိုက်ရရင်
ခေတ္တခဏတော့ စိတ်ချမ်းသာသလို ဖြစ်သွားပါတယ်။
ဒါကြောင့်တစ်နေ့မှာ ကျေးဇူးတင်တဲ့အနေနဲ့ ဆင်းရဲသားကိုခေါ်ပြီး
ငွေတစ်ထောင် ဆုချလိုက်ပါတယ်။

အဲဒီနေ့ကစပြီး ဆင်းရဲသားအိမ်ဆီက ပုလွေသံကို မကြားရတော့ပါ။
သူဌေးကြီးလည်း တွေးမရအောင်ဖြစ်နေပါတယ်။
ရက်အတန်ကြာတော့ ဆင်းရဲသားဟာ ငွေတစ်ထောင်ထုတ်ကိုယူလာပြီး
သူဌေးကြီးကိုလာပြန်ပေးပါတယ်။

သူဌေးကြီးက
ဘာကြောင့်လာပြန်ပေးတာလဲ
လို့မေးတော့
ဆင်းရဲသားက
ဒီငွေတစ်ထောင်ရောက်လာကတည်းက သူ့ရဲ့ပျော်ရွှင်မှုအားလုံးဟာ
သူ့ဆီက ထွက်ပြေးသွားကြတယ်၊
ငွေတစ်ထောင်ကို သူများခိုးမှာ ကြောက်တာနဲ့ ညဆိုရင် အိပ်မရ၊
စားမရဖြစ်နေတာ ငွေတစ်ထောင်ရကတည်းကပါပဲ၊
ဒီသောကကြောင့် ပုလွေမမှုတ်နိုင်တာပါ၊
လို့ ပြန်ဖြေပါတယ်။
အဲဒီငွေတစ်ထောင်ကိုပြန်ပေးပြီးတဲ့နောက်မှာတော့
ဆင်းရဲသားဟာ ပုံမှန်ပုလွေပြန်မှုတ်နိုင်ပါတော့တယ်။

Saturday, February 26, 2011

“အာမခံ…”


လျှပ်စစ်ပစ္စည်းများ အရောင်းဆိုင်တွင်ဖြစ်တယ်။

ဝယ်သူက ရောင်းသူကို မေးတယ်။


ဒီရေခဲသေတ္တာနဲ့ ပတ်သက်ပြီး ရက်ပေါင်း-၉၀

အာမခံပေးတယ်လို့ဆိုထားတယ်၊

ဘယ်လို နားလည်ရမှာလဲ


အဓိပ္ပာယ်က ဒီရေခဲသေတ္တာပျက်သွားရင်

ပြင်မယ့်လူဟာ ရက်ပေါင်း-၉၀ အတွင်း

ရောက်လာမှာ ဖြစ်ပါတယ် ခင်ဗျား

Friday, February 25, 2011

“ ကျေးဇူးတင်ပါတယ်…”


အသက် (၉)နှစ်သာရှိသေးတဲ့ မြင့်မိုရ်က

ပေးတဲ့လက်ဆောင်အတွက်

အန်တီ့ကို ကျေးဇူးတင်ပါတယ်


ဒါလေးနဲ့များ ကျေးဇူးတင်စရာမလိုပါဘူး

ငါ့တူရယ်


ဟုတ်တော့ ဟုတ်ပါတယ်၊

ဒါပေမယ့် မေမေက ပြောခိုင်းလို့ပါ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com