Tuesday, May 1, 2012

"တစ်ခါတုန်းက..."






တစ်ခါတုန်းက ရွာတစ်ရွာမှာတောရဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။
အဲဒီတောရကျောင်းမှာမကြာခဏဆိုသလို တရားစခမ်းတွေ ဖွင့်လေ့ရှိတယ်။
အဲဒီမှာ တရားစခမ်းဝင်သူတွေက“ဒုက္ခ…ဒုက္ခ..ဒုက္ခ” လို့ ပါးစပ်က ရွတ်ကြတယ်။
အဲဒီကျောင်းဝင်းထဲမှာရှိတဲ့သစ်ပင်တစ်ပင်မှာ မျောက်တွေထဲက မျောက်တစ်ကောင်က
“ဒုက္ခ” ဆိုတာကိုမကြာခဏကြားနေရတော့ “ဒုက္ခဆိုတာ ဘာလဲ”လို့သိချင်တယ်။
ဒါနဲ့ပဲ သစ်ပင်အောက်ကွပ်ပစ်မှာ ကပ္ပိယကြီး လာထိုင်ချိန်မှာ
မျောက်ကမေးတယ်။
“ဒုက္ခဆိုတာဘာလဲ” ပေါ့။
ကပ္ပိယကြီးကတော့ "မသိချင် စမ်းပါနဲ့"လို့ပြောလိုက်တယ်။
ဒါပေမယ့် မျောက်ကအလျော့မပေးပါဘူး။ ခဏခဏမေးပါတယ်။
ခဏခဏ မေးဖန်များတော့မျောက်ကိုပြောတယ်။
"မင်း ငါ ပြောတဲ့အတိုင်းလုပ်မလား"ပေါ့လေ။
မျောက်က "လုပ်မယ်"လို့ကတိပေးတယ်။
"ဒါဆိုရင် ဒုက္ခကို ငါပြမယ်"လို့ပြောလိုက်တယ်။
တစ်နေ့တော့ မျောက်ကိုကြိုးနဲ့ချီထားတဲ့
အထုပ်ကြီးတစ်ထုပ်ကပေးလိုက်တယ်။
ပြီးတော့ ကပ္ပိယကြီးပြောတာက
“ ဒီအထုပ်ကို သစ်ပင်နဲ့ဝေးတဲ့ကွင်းပြင်ရောက်တော့မှ ကြိုးကို ဖြေလိုက်ပါ၊
အဲဒါဆိုရင် မင်းသိချင်တဲ့ဒုက္ခကိုတွေ့လိမ့်မယ်”လို့ပြောလိုက်တယ်။
မျောက်ကလည်း သူသိချင်တဲ့ဒုက္ခကိုသိရတော့မှာမို့ ပျော်နေတာပေါ့။
ကပ္ပိယကြီးပြောတဲ့အတိုင်းသစ်ပင်နဲ့ဝေးရာ ကွင်းပြင်ကို အထုပ်ကို ထမ်းလာတယ်။
ပြီးတော့ အထုပ်ကိုဖြေလိုက်တော့ထွက်လာတာက ခွေးကြီးတစ်ကောင်ဖြစ်နေတယ်။
ခွေးကလည်း သူ့ကိုအထုပ်ထဲကြိုးချီပြီးထည့်ထားတော့ ဒေါသကထွက်နေတယ်။
အထုပ်ဖြေလိုက်တော့မျောက်ကိုတွေ့တော့ ဒေါသထွက်ထွက်နဲ့မျောက်ကို ခုန်ကိုက်တာပေါ့။
မျောက်ကလည်း ရှောင်တာမြန်ပေလို့ပေါ့။
ပြီးတော့ ခွေးမှန်းသိတော့ထွက်ပြေးတာပေါ့။
ခွေးကလည်း နောက်ကဟောင်ပြီးလိုက်တယ်။
ကွင်းပြင်ဆိုတော့သစ်ပင်ကမရှိဘူး။
မျောက်က အားကုန်ပြေးရတာပေါ့။
ခွေးကလည်း မှီလုမှီခင်လိုက်တယ်။
မျောက်နဲ့ခွေးရှေ့နောက် ပြေးနေတာ အကြာကြီးပါပဲ။
နောက်ဆုံးတော့မျောက်က အနီးဆုံးသစ်ပင်တစ်ပင်ကို ရောက်တော့ သစ်ပင်ပေါ်ခုန်တက်လိုက်တယ်။
မျောက်က သစ်ပင်ပေါ်ရောက်တော့မောလွန်းလို့ လျှာကိုထွက်နေတယ်။
အသက်ကို မနဲရှုရတယ်။
အမောပြေလောက်မှမျောက်ပြောလိုက်တာက
“အော်….ဒုက္ခ ဆိုတာဒါပါလား”တဲ့။


+++++++++++++++++++++++++++

ကျနော်တို့ ငယ်ငယ်တုန်းကအမေပြောခဲ့ဖူးတဲ့ပုံပြင်ပါ။
အထက်ကြီးစိတ် တစ်ခွဲသားနဲ့အမေရိကန်ကိုရောက်လာတယ်။
ကိုယ်အထင်ကြီးသလိုလည်းမဟုတ်မှန်းသိတော့ ခရီးကတော်တော်လွန်နေပြီ။
ကွင်းပြင်အလယ်လောက်ရောက်နေတဲ့မျောက်လိုဖြစ်နေတယ်။
ပြေးဖို့ကလွဲလို့ရွေးစရာ လမ်းမရှိဘူး။
ဒုက္ခကို သိချိန်မှာလျှာက တစ်လံလောက်ထွက်နေပြီ။
နောက်ဆုံးတော့"သိချင်အုန်းဟဲ့ ဒုက္ခ"လို့သာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။
သစ်ပင်ပေါ်ရောက်ရင်တော့အမောပြေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ရီမိမလားတော့ မသိဘူး။
ခုတော့ မရီနိုင်သေးဘူး။
ပြေးနေရတုန်း...။




Saturday, April 28, 2012

"စိတ်ချမ်းသာမယ်ဆိုရင်...(၂၁)..."





ကိုယ်ကိုယ်တိုင် ဖတ်ဖို့…(၂၁)

စိတ်ချမ်းသာတဲ့သူတွေမှာ  ရှိတတ်တဲ့ အချက် (၆)ချက်မှ အဆက်…

Happiness is loving what you do, and knowing it matters.
စိတ်ချမ်းသာမှုဆိုတာ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်တာ၊
ကိုယ်အလုပ်ဟာ အရေးပါတယ်။ အကျိုးပြုတယ်လို့ သိနေတာ။
ကိုယ့်အလုပ်ကို ကိုယ် ချစ်တဲ့သူဟာ  စိတ်ချမ်းသာတယ်။
ကိုယ့်အလုပ်ဟာ အရေးပါတယ်။ ထိရောက်တယ် အကျိုးပြုတယ်လို့ သိရတာ
စိတ်ချမ်းသာတယ်။

+++++++++++++++++++++++++++

ငွေရဖို့ပဲ လုပ်ရင် ကျွန်ခံနေရတာနဲ့တူတယ်။
ဥာဏ်ကို မသုံးရတဲ့အလုပ်၊
ပျင်းစရာကောင်းတဲ့အလုပ်ကို လုပ်ရင် စိတ်ဓာတ်ပျက်ဆီးတယ်။

 +++++++++++++++++++++++++++

Anything you like to do isn’t tiresome.
လုပ်ရတာ နှစ်သက်တဲ့အလုပ် ဘယ်အလုပ်မဆို ပင်ပန်းစရာ၊
ငြီးငွေ့စရာကောင်းတဲ့အလုပ် မဟုတ်ဘူး။

+++++++++++++++++++++++++++


လုပ်ချင်တာကို လုပ်ရရင် စိတ်မပင်ပန်းဘူး။
မငြီးငွေ့ဘူး။ လုပ်ရတာ ပျော်နေရင် အချိန်ကုန်မှန်းတောင် မသိဘူး။
အဲဒီအလုပ်မျိုးဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်။
အကျိုးပြုနိုင်တဲ့သူ ဖြစ်ရတာ သိပ်ကျေနပ်စရာကောင်းတယ်။

+++++++++++++++++++++++++++

People are happier and more productive when they are respected, cared about, and involved.
ကိုယ့်ကို လေးစားတယ်။ တန်ဖိုးထားတယ်။ ကိုယ့် နေရေး ထိုင်ရေး အဆင်ပြေဖို့ကို အထူး အလေးပေးတယ်။
ကိုယ့်ရဲ့အကြံဥာဏ်ကို လိုလိုလားလားတန်ဖိုးထားတယ် ဆိုရင် အလုပ်လုပ်ရတာ ပိုပျော်တယ်။
အလုပ်ကို ပိုလုပ်တယ်။
(ဒီအချက်ဟာ သုတေသနပြုလို့ တွေ့ရတဲ့အချက်ဖြစ်တယ်။)

+++++++++++++++++++++++++++

ကိုယ့်ကို မလေးစားဘူး။ ကိုယ့်အကြံဥာဏ်ကို တန်ဖိုးမထားဘူး။
ကိုယ့်စားဝတ်နေရေး အဆင်ပြေဖို့ကို အလေးမပေးဘူးဆိုရင်
ဘယ်သူက အလုပ်လုပ်ရတာ ပျော်မလဲ။
ကိုယ့်ကို ကျွန်လို သဘောထားပြီး ခိုင်းရင် မလုပ်ချင်ပဲ လုပ်မယ်။
ငွေရဖို့ပဲ အဓိကထားမယ်။
ပိုကောင်းအောင် မလုပ်ဘူး။

+++++++++++++++++++++++++++

ဒါကြောင့် တိုင်းသူပြည်သားတွေကို အလေးထားရင်…
တိုင်းသူပြည်သားတွေရဲ့ စား ဝတ်နေရေးကို အဆင်ပြေဖို့ကို အထူးအလေးပေးရင်…
တိုင်းသူပြည်သားတွေရဲ့ အကြံဥာဏ်ကို လိုလိုလားလား တန်ဖိုးထားရင်…
တိုင်းသူပြည်သားတွေ စိတ်ချမ်းသာမယ်။ အလုပ်ပိုလုပ်မယ်။
အဲဒီနိုင်ငံဟာ တိုးတက်မယ်။

+++++++++++++++++++++++++++


Affirm the work that others do.
သူတစ်ပါးလုပ်တဲ့အလုပ်ကို အသိအမှတ်ပြုပါ။
အသိအမှတ်ပြုတာခံရရင် စိတ်ချမ်းသာတယ်။
စိတ်ချမ်းသာရင် အလုပ်ကို ပိုကောင်းအောင် လုပ်တယ်။

+++++++++++++++++++++++++++

စက်တစ်ခုမှာ မူလီတိုင်းဟာ သူ့နေရာနဲ့သူ အရေးပါတယ်။
လူ့အသိုင်းအဝိုင်းထဲမှာ လူတိုင်းဟာ သူ့နေရာနဲ့သူ အရေးပါတယ်။
ငါတို့ပဲ အရေးပါတယ်။ မင်းတို့က ဘာအရေးပါလဲလို့ သဘောထားရင်
ပူးပေါင်း ဆောင်ရွက်မှုကို မရနိုင်တော့ဘူး။

+++++++++++++++++++++++++++

ကိုယ့်ကို လေးစားတာ လိုချင်ရင် လူတွေကို လေးလေးစားစား ဆက်ဆံပါ။
ကိုယ့်အလုပ်ကို အသိအမှတ်ပြုတာ လိုချင်ရင် သူများအလုပ်ကို အသိအမှတ်ပြုပါ။
စိတ်ချမ်းသာမှုကို လိုချင်ရင် လူတွေကို စိတ်ချမ်းသာအောင် တတ်နိုင်တဲ့နည်းနဲ့ လုပ်ပါ။

+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော် ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++





Friday, April 27, 2012

"တစ်နာရီ မိုင်လေးဆယ်တဲ့ ရှင်..."





တစ်ခါတုန်းက တာချီလိတ်မြို့တွင်  ရံပုံငွေရှာဖွေချိန်ရောက်လာတဲ့အတွက်
မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးပါတယ်။ 
တာချီလိတ်ကလည်း မော်တော်ဆိုင်ကယ်
အလွန်များပြားလှတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ 
တစ်ချိန်တုန်းကတော့ အကြောင်းအမျိုးမျိုးနဲ့ ရံပုံငွေ ရှာရပါတယ်။
(ယခုတော့ အဲဒီလို မဟုတ်တော့ဘူးလို့ထင်ပါတယ်)
မော်တော်ဆိုင်ကယ်ကလည်း အပြစ်ရှာရအလွန်လွယ်ကူတဲ့ပစ်မှတ်ဖြစ်နေပါတယ်။
တစ်နေ့မှာ တစ်နေရာတွင် မော်တော်ဆိုင်ကယ် စီးလာတဲ့အမျိုးသမီးကို
ယာဉ်ထိန်းရဲက တားလိုက်ပါတယ်။
ဆိုင်ကယ်ဦးထုတ်ဆောင်းလာတဲ့အတွက် အခြားအကြောင်းအရာကိုရွေးချယ်ပြီး
“ခင်ဗျား တစ်နာရီကို မိုင်လေးဆယ်နဲ့မောင်းတယ်” လို့ပြောလိုက်တယ်။
ပြီးတော့ ဒဏ်ရိုက်ဖို့အတွက်ေ ပြစာစာအုပ်ကို ထုတ်လိုက်တယ်။
“ တစ်နာရီ မိုင်လေးဆယ် ဟုတ်လား၊ 
ကျမ အိမ်က ထွက်လာတာ တစ်နာရီတောင် မပြည့်သေးဘူး”
လို့ပြန်ပြောလိုက်တယ်။
ဒီတော့ ယာဉ်ထိန်းရဲက ခေါင်းကို ကုတ်ပြီး ပြန်ပြောလိုက်တာက…
“ဆောရီးပဲ၊ 
အဲဒါကို ကျနော် မသိလို့ပါ။ 
ဆက်သွားနိုင်ပါတယ်”


Thursday, April 26, 2012

"ပေါ ချောင် ကောင်းဆိုတာ မရှိပါ..."



လှရင် ဈေးကြီးတာပဲ...


 တစ်ခါတုန်းက တာချီလိတ်၊ တာလော့ဈေးအတွင်းရှိ
ဖိနပ်ဆိုင်တွင်းသို့ ဝယ်သူအမျိုးသမီးတစ်ယောက်ဝင်လာပါတယ်။
ဆိုင်ရှင်ကိုမြင့်စန်းက 
"ဘာများလိုချင်ပါသလဲ" လို့မေးလိုက်ပါတယ်။

ဝယ်သူက ဟိုကြည့် ဒီကြည့်နဲ့လုပ်ပြီးမှ ဆိုင်ရှင်ကို လှမ်းပြောလိုက်တယ်။
“ လှလည်းလှ၊ ခိုင်လည်းခိုင်တဲ့ ဖိနပ်တစ်ရံဝယ်ချင်တယ်။
 ဒါပေမယ့် ဈေးနှုန်း ချိုသာရမယ်နော်”

ဆိုင်ရှင်ကိုမြင့်စန်း ပြန်ပြောလိုက်တာက…
“ကျနော်လည်း အဲဒီဖိနပ်မျိုးကို ရှာနေတာကြာပြီ။
 ခုထိတော့ မတွေ့သေးဘူးခင်ဗျ”


လှတာကြိုက်ရင် တန်ရာတန်ဖိုးက ကြီးတတ်တယ်...

Wednesday, April 25, 2012

" မေတ္တာထက် အစွမ်းထက်တဲ့တောင်ဝှေး..."


ဘာဘဲတွေ့တွေ့ ချိုနဲ့ဝှေ့လိုက်မယ်...
  တစ်ခါတုန်းက ရွာတစ်ရွာမှာ မေတ္တာ 

အမြဲပွားနေတဲ့ဆရာတော် တစ်ပါးရှိပါတယ်။
တစ်နေ့တော့ ထုံးစံအတိုင်း ဆရာတော်ရယ်၊ 

ကပ္ပိယဖိုးသူတော်ကြီးရယ် ရွာထဲကို 
ဆွမ်းခံကြွဖို့ ပြင်ပါတယ်။

ဆရာတော်က ကျောင်းက ထွက်ကတည်းက မေတ္တာပွားလာတာပါ။
ရွာမရောက်ခင် လယ်ကွင်းထဲရောက်တော့ ကျွဲတစ်ကောင်က

ဆရာတော်ဆီကို ခွေ့ဖို့ဒေါသတကြီး ပြေးလာပါတယ်။
ဆရာတော်ကတော့ သူ့ဆီပြေးလာနေတဲ့ ကျွဲကြီးကို အာရုံပြုပြီး 

“ကျွဲကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ”ဆိုပြီး မေတ္တာပဲ ပို့ပေးနေပါတယ်။
ကျွဲကြီးက နီးသထက် နီးလာပါပြီ။
ဆရာတော်က မေတ္တာပို့နေတုန်းပါ။
ရှေ့နှစ်လှမ်း သုံးလှမ်း အကွာလောက်လည်း ရောက်လာရော 

ကပ္ပိယဖိုးသူတော်ကြီးက ပါလာတဲ့တောင်ဝှေးနဲ့ပြေးပြီးတော့ 
ကျွဲကြီးရဲ့ခေါင်းကို အားရပါးရ ရိုက်ထည့်လိုက်ပါတယ်။
ဒီတော့မှ ကျွဲကြီးလည်း တစ်ခါတည်း နောက်ပြန်လှည့်ပြေးသွားပါတော့တယ်။
ဒီတော့ ဆရာတော်က ဖိုးသူတော်ကို ပြောလိုက်တာက…
“ ဖိုးသူတော်ကြီးရယ်… ငါ့မေတ္တာထက် 

နင့်တောင်ဝှေးက ပိုပြီး အစွမ်းထက်နေပါလား” လို့။

+++++++++++++++++++++++++++

ကျနော် မစ်ချီဂန် (အမေရိကန်) ရောက်တော့ ညရောက်လာမှာ
 ကြောက်တဲ့စိတ်ဖြစ်ပေါ်လာမိပါတယ်။
အကြောင်းက ကျနော်နေတဲ့အခန်း (အပတ်မန့်(apartment)က 
 ကြမ်းပိုးတွေ သောင်းကျန်းလွန်းလှတာပါပဲ။ 
သတ္တဝါကို မသတ်ချင်တာနဲ့ မေတ္တာပို့ကြည့်ပါတယ်။
 ကြမ်းပိုးက မေတ္တာပို့တာကို ဂရုမစိုက်ပါဘူး။ 
ညရောက်လာရင် အင်နဲ့အားနဲ့ လာပြီး ကိုက်တော့တာပါပဲ။ 
တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေ ရလာပါတယ်။
 ကြမ်းပိုးကိုက်ရင် အရင်ဆုံးက ယားပါတယ်။ 
ယားတာကို ကုတ်ရင် အနာဖြစ်ပါတယ်။
အဲဒီအနာက တစ်ရက် နှစ်ရက်အတွင်းမှာတော့ ရောင်ပြီး အဆံလိုအသီးကြီးဖြစ်နေတယ်။
နောက်တော့ အနာဖြစ်သွားပါတယ်။
 အနာပျောက်တော့ ဒဏ်ရာကျန်ခဲ့ပါတယ်။
အခုတော့ တစ်ကိုယ်လုံး အနာရွတ်ဖြစ်နေပါတယ်။ 
မခံနိုင်လွန်းတာကြောင့် ကြမ်းပိုးသတ်ဆေးတွေသုံးဖြစ်ပါတယ်။
အမေရိကန်နိုင်ငံထုတ် ကြမ်းပိုးဆေးတွေကို အမျိုးစုံအောင် သုံးပေမယ့်
 ကြမ်းပိုးက ပိုဆိုးလာပါတယ်။
အဲဒီလိုဆေးသုံးတဲ့ညမျိုးဆိုရင် မအိပ်နိုင်အောင် ကိုက်ပါတော့တယ်။
နောက်ဆုံးတော့ မခံနိုင်လွန်းတာကြောင့်
 မြန်မာဆန်ဆန် လက်နဲ့ဖမ်းရပါတော့တယ်။ 
တစ်ညထဲ အကောင်နှစ်ဆယ်လောက်မိတဲ့ ညမျိုးတောင် ရှိပါတယ်။
အဲဒီလိုလက်နဲ့ဖမ်းတော့မှ တဖြည်းဖြည်းနည်းလာပါတယ်။
အခုထိတော့ ညတိုင်း အကိုက်ခံရတုန်းပါပဲ။
ဒီတော့ ဒီပုံပြင်ထဲက ဖိုးသူတော်တောင်ဝှေးကို သတိရမိပါတယ်။
မေတ္တာကို နာလည်နိုင်စွမ်းမရှိတဲ့ တိရိစ္ဆာန်အတွက် အကြောင့်အားလျှော်စွာ
တောင်ဝှေးသုံးရပါလားလို့နားလည်လာမိပါတယ်။

အမေရိကန် ကြမ်းပိုးက ပိုဆိုးနေရော့သလား...

Tuesday, April 24, 2012

"မသေ သေးဘူးလေ…"






 တစ်ခါတုန်းက
ဆေးရုံလုပ်သားများက လူနာကို တွန်းလှည်းပေါ် တင်လာကြတယ်။
အဲဒီအချိန်မှာ လူနာက သတိပြန်ရလာပါတယ်။
လူနာက ဟိုကြည့် ဒီကြည့်နဲ့။
ပြီးတော့  လူနာက မေးတယ်။
“ခင်ဗျားတို့ ကျနော့်ကို ဘယ်ခေါ်သွားနေတာလဲဗျ”
“ရေခဲတိုက်ကို”
“ဒါပေမယ့် ကျနော်မှ မသေသေးပဲဟာ”

ဆေးရုံလုပ်သားပြန်ပြောလိုက်တာက...
“ကျနော်တို့ကလည်း ရေခဲတိုက်ကို မရောက်သေးပါဘူး”


Monday, April 23, 2012

"နောက်ဆုံးပေါ် ချစ်ခြင်းမေတ္တာ..."





 တစ်ခါတုန်းက
လူငယ်ဖြစ်တဲ့ကိုဝင်းချစ်ဟာ 
သူချစ်နေတဲ့ အမျိုးသမီးဖြစ်တဲ့ မဝတ်မှုန်ရွှေရီကို
လက်ထပ်ခွင့်တောင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။
ဒါပေမယ့် အကြိမ်တိုင်းလိုလို မဝံ့မရဲ ဖြစ်ပြီး
 နောက်ဆုတ်ပြန်ခဲ့တာချည်း ဖြစ်နေတယ်။
အခုအခေါက်မှာတော့ သူငယ်ချင်းလှမြင့်ဦးက မြှောက်ပေးတဲ့အတွက်
တယ်လီဖုန်းနဲ့ လက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
“ ဟဲလို…ဝတ်မှုန်ရွှေရီလား”
“ ဟုတ်ပါတယ် ရှင်…”
ကိုဝင်းချစ်က အရဲ့ကိုးပြီး ပြောချလိုက်ပါတယ်။
“ ဝတ်မှုန်ရွှေရီကို ကိုယ်လက်ထပ်ချင်တယ်။
ကိုယ့်ကို လက်ထပ်မလားဟင်”

ဝတ်မှုန်ရွှေရီ ပြန်ပြောလိုက်တာက…
“ လက်ထပ်မှာပေါ့၊
ဒါနဲ့ အခုစကားပြောနေတာ ဘယ်သူလဲဟင်…”


Sunday, April 22, 2012

"စိတ်ကျေနပ်မှုရတဲ့အလုပ်ကို လုပ်ပါ...(၂၀)..."




စိတ်ချမ်းသာတဲ့သူတွေမှာ ရှိတတ်တဲ့ အချက် (၆)ချက်မှ...အဆက်-

ကျေနပ်စရာကောင်းတဲ့အလုပ်ဆိုတာ ဘယ်လို အလုပ်လဲ။
ကိုယ့်အရည်အချင်းကို အစွမ်းကုန် သုံးရတဲ့အလုပ်ပါပဲ။
ဘယ်သူတွေက ကိုယ့်အလုပ်ကို ကျေနပ်မှုရသလဲ။
ရှိသမျှ ကိုယ်စွမ်း ဥာဏ်စွမ်းတွေကို အကုန်ထုတ်ပြီး လုပ်ရတဲ့အလုပ်ကို လုပ်တဲ့သူက ကျေနပ်မှုရတယ်။
အလုပ်ဟာ လုပ်ပြီးသားကိုပဲ ထပ်တလဲလဲ မလုပ်ရပဲ အပြောင်းအလဲရှိတဲ့ အလုပ်ဖြစ်ပြီး
အရေးပါတဲ့ ထိရောက်တဲ့ အလုပ်ကို လုပ်ရတဲ့သူက ကျေနပ်မှု ရတယ်။

++++++++++++++++++++

လွယ်လွန်းရင် ကျေနပ်မှုမရဘူး။
လုပ်ပြီးသားကိုပဲ ထပ်ခါထပ်ခါ လုပ်ရရင် ကျေနပ်မှု မရဘူး။
အရေးမပါတဲ့ အလုပ်ကို လုပ်ရရင် ကျေနပ်မှု သိပ်မရဘူး။
အဲဒီတော့ ကိုယ့်အလုပ်ကို ကိုယ် ကျေနပ်မှုရချင်ရင် ဘာလုပ်မလဲ။
ခက်တာကို ရှာလုပ်ပါ။
ခက်တဲ့အလုပ်က ကိုယ့်အရည်အချင်းကို မြှင့်ပေးတယ်။
အလုပ်လုပ်ရင်း အရည်အချင်းမြင့်လာတာ ကျေနပ်တယ်။ ပျော်တယ်။

+++++++++++++++++++++

မလုပ်ရသေးတာ မလုပ်ဖူးသေးတာကို ရှာလုပ်ပါ။
အပြောင်းအလဲရှိရင် စိတ်ဝင်စားစရာ ပိုကောင်းတယ်။
မသုံးရသေးတဲ့ အရည်အချင်းတွေကို သုံးရတယ်။
မရသေးတဲ့အရည်အချင်းအသစ်တွေကို ရတယ်။
အသိဥာဏ် တိုးတယ်။
အပေါင်းအသင်း မိတ်ဆွေသစ်တွေ တိုးတယ်။ 
အဲဒါကြောင့် ပျော်တယ်။

++++++++++++++++++++++++++++


အလုပ်လုပ်ရတာ ပျော်ချင်ရင် အရေးပါတဲ့အလုပ်ကို လုပ်ပါ။
ကိုယ်လုပ်တဲ့အလုပ်ဟာ လူအများကို အကျိုးပြုတယ်ဆိုရင် ငါ့အလုပ်ဟာ ထိရောက်တယ်။
အရေးပါတယ်။ ငါ မလုပ်ရင် လူအများမှာ အခက်အခဲရှိမယ်။ ငါ လုပ်လို့
လူအများ အဆင်ပြေတယ်။ ငါ့မိသားစုမှာ အရေးပါတယ်။
အသိုင်းအဝိုင်းမှာ အရေးပါတယ်။အဲဒီလိုခံစားရရင် ကျေနပ်တယ်။
စိတ်ချမ်းသာတယ်။ လူတိုင်းဟာ အရေးပါတဲ့သူ ဖြစ်ချင်တယ်။

+++++++++++++++++++++++++

လိုရင်းက စိတ်ချမ်းသာချင်ရင် အလွယ်လမ်းကို မလိုက်ပါနဲ့။
ရိုးရိုးသားသား လုပ်ရတဲ့အလုပ်ကို လုပ်ပါ။
လူအများကို အကျိုးပြုတဲ့ အလုပ်ကို လုပ်ပါ။
ကိုယ့်အရည်အချင်းကို မြှင့်ပေးတဲ့အလုပ်ကို လုပ်ပါ။

+++++++++++++++++++++++++++++++++++


Through our work we define ourselves,even leave a legacy
That adds meaning to our living.
ကိုယ့်အလုပ်နဲ့ ကိုယ်ဘယ်လိုလူဆိုတာကို ဖော်ပြတယ်။
အလုပ်ဟာ ကိုယ့်အရည်အချင်း၊ ကိုယ့်စေတနာကို ဖော်ပြတယ်။
အရည်အချင်းဆိုတာ အပြောသက်သက်နဲ့ ပြလို့မရပါဘူး။
အလုပ်နဲ့မှ ပြလို့ရတယ်။
စေတနာကိုလည်း အပြောသက်သက်နဲ့ပြလို့မရဘူး။
အလုပ်နဲ့ ပြရတယ်။

++++++++++++++++++++++++

ဒါထက် ကိုယ့်အလုပ်ဟာ ကိုယ်နေတဲ့လောကကို အမွေလည်းပေးခဲ့တယ်။
အဲဒါက ကိုယ့်ဘဝကို အဓိပ္ပာယ်ထပ်ဆောင်း ပေးတယ်။
“ငါ သေရင် ဘာကျန်ခဲ့မလဲ” ဆိုတဲ့မေးခွန်းကို မကြာခဏ ကိုယ့်ကိုယ်ကို ကိုယ်မေးပါ။
ကိုယ်လုပ်တဲ့အလုပ်နဲ့ ကိုယ့်လောက ကိုယ့်အသိုင်းအဝိုင်းကို အမွေပေးခဲ့ပါ။

++++++++++++++++++++++++++++

It’s better to have work than be idle, 
but it’s especially be better to do work that satisfies.
အလုပ်တစ်ခု ရှိတာက ဘာမှ မလုပ်ပဲ နေတာထက် ပိုကောင်းပါတယ်။
ဒါပေမယ့် အထူးပိုကောင်းတာက စိတ်ကျေနပ်မှုရတဲ့အလုပ်ကို လုပ်ပါ။

+++++++++++++++++++++++++

Through our work we also identify with a community.
ကိုယ့်အသိုင်းအဝိုင်းနဲ့ကိုယ်ကို ဆက်စပ်မှုရှိအောင်
ကိုယ့်အလုပ်က လုပ်ပေးတယ်။
ဒီအသိုင်းအဝိုင်းထဲမှာနေပြီး  ဒီအသိုင်းအဝိုင်းကောင်းဖို့လုပ်တဲ့သူဟာ
ဒါဟာ ငါ့အသိုင်းအဝိုင်း၊ ဒီအသိုင်းအဝိုင်းကောင်းဖို့ ငါ လုပ်နေတယ်။
ဒါဟာ ငါ့နေရာ။
ဒါကြောင့် ဒီအသိုင်းအဝိုင်းနဲ့ပတ်သက်တာ ငါ ပြောခွင့်၊ ဝေဖန်ခွင့်ရှိတယ်။

+++++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++


ကိုယ်ကိုယ်တိုင် ဖတ်ဖို့(၂၀)...
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com