
Thursday, March 22, 2012
" အမေ့ထံသို့ပေးစာများ-၃၅..."

Wednesday, March 21, 2012
"တစ်ယောက်ထဲ ဒါပေမယ့် မွေးကင်းစ…"

Tuesday, March 20, 2012
"စိတ်တိုတတ်တဲ့ စိတ်အထူးကုဆရာဝန်..."

စိတ်အထူးကုဆရာဝန် ဒေါက်တာ ခင်မောင်ဝင်းဟာ
လူနာများတဲ့ဆရာဝန် မဟုတ်ပါဘူး။
လူနာပါးတဲ့ဆရာဝန်ဖြစ်တယ်။
အကြောင်းကတော့ အလွန်စိတ်တိုတဲ့ဆရာဝန်ဖြစ်တဲ့အတွက်ဖြစ်တယ်။
သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင် ထိုင်တုန်း
ဆေးခန်းအတွေ့အကြုံတွေကို ရီစရာအဖြစ်ပြောပြတတ်ကြတယ်။
ဒေါက်တာခင်မောင်ဝင်း ပြောပြတဲ့အကြောင်းအရာတစ်ခုကတော့
“တစ်နေ့တုန်းကပေါ့။
ရှားရှားပါးပါး လူနာတစ်ယောက်လာတယ်။
စိတ်တိုတိုနဲ့ ငါ နှင်ထုတ်လိုက်တယ်”
“ဟ…ဘာဖြစ်လို့လဲ” လို့ သူငယ်ချင်းဆရာဝန်တွေကမေးတယ်။
ဒေါက်တာခင်မောင်ဝင်းဆက် ပြောတယ်။
“လူနာကလည်း ပါးနေချိန်ဆိုတော့ လူနာလာတော့ ဝမ်းသာတာပေါ့။
“ဒါနဲ့ပဲ ငါက မေးလိုက်ပါတယ်။
ကိုင်း…ပြော၊ ဘာဖြစ်သလဲ” ပေါ့။
လူနာကပြောတယ်။
“ကျနော့်ကို တစ်ယောက်ယောက်က
အမြဲတမ်း နောက်ယောင်ခံ လိုက်နေတယ်လို့ ခံစားနေရတယ်ခင်ဗျ”
“ဘယ်တုန်းကလဲ" လို့ ငါက ဆက်မေးတာပေါ့။
လူနာ ပြန်ဖြေတာက…
“ထောင်ထဲက ထွက်ပြေးကတည်းက…တဲ့ကွာ၊
ကဲ…ငါ စိတ်တိုတာ အပြစ်လား။
အချို့လူနာတွေကိုက အချိုးမကျတာတော့ မပြောဘူး”တဲ့။
Monday, March 19, 2012
"ဘယ်လို လုပ်ရင် စိတ်ချမ်းသာမလဲ...(၁၃)..."

ကိုယ်ကိုယ်တိုင် ဖတ်ဖို့(၁၃)
ဘယ်လိုလုပ်ရင် စိတ်ချမ်းသာမလဲ…
စိတ်ချမ်းသာမှုနဲ့ပတ်သက်ပြီး ရှေးပညာရှိများ ပြောတာတွေ ရှိပါတယ်။
အခုခေတ် သုတေသနလုပ်လို့ တွေ့ရတဲ့အချက်တွေဟာ
ရှေးပညာရှိများ ပြောတာနဲ့ တူနေပါတယ်။
ရှေးပညာရှိများပြောတာ မှန်တယ်လို့ သိရတာပေါ့။
ဘယ်လိုလုပ်ရင် စိတ်ချမ်းသာမလဲ။
အဖြေအမျိုးမျိုး ပေးကြပါတယ်။
++++++++++++++++++
တချို့က ကောင်းမှုကုသိုလ်လုပ်ရင် စိတ်ချမ်းသာမယ်တဲ့။
မှန်ပါတယ်။
ကောင်းတာကို လုပ်မယ်လို့ စိတ်ကူးလိုက်တာနဲ့ပဲ စိတ်ချမ်းသာပါတယ်။
++++++++++++++++++
စေတနာမှန်ရင် စိတ်ချမ်းသာမယ်တဲ့။
မှန်ပါတယ်။
++++++++++++++++++
ဒုက္ခကင်းအောင် နေနိုင်ရင် စိတ်ချမ်းသာမယ်တဲ့။
မှန်ပါတယ်။
ဒုက္ခနည်းအောင်တော့ ရပါတယ်။
ကင်းအောင်တော့ မရသေးဘူး။
ဒုက္ခ တော်တော်များများကို ကိုယ့်စိတ်ကပဲ ဖန်တီးတာပါ။
ကိုယ့်စိတ်ကို ကိုယ်သိပြီး ဥာဏ်နဲ့နေတတ်ရင် ဒုက္ခနည်းပြီး အဆင်ပြေပါတယ်။
++++++++++++++++++
အမှန်တရားကို သိရင် စိတ်ချမ်းသာမယ်တဲ့။
မှန်ပါတယ်။
အမှန်တရားကို သိရင် စွဲလန်းမှုနည်းသွားလို့ စိတ်ချမ်းသာတယ်။
အနတ္တကို မြင်ရင် စိတ်ချမ်းသာတယ်။
အတ္တစွဲကြီးရင် စိတ်ဆင်းရဲတယ်။
The truth shall make you free.
(အမှန်တရားက သင့်ကို လွတ်လပ်စေတယ်)
++++++++++++++++++
တစ်ချို့ကပြောတယ်။
"မသိအောင်နေတာက စိတ်ချမ်းသာတယ် သိရင် စိတ်ဆင်းရဲမယ်" တဲ့။
"ဘာမှ မသိသေးတဲ့ကလေးတွေဟာ စိတ်ချမ်းသာတယ်။
လူကြီးတွေက သိတာများလာလို့ စိတ်မချမ်းသာတော့ဘူး။
အဲဒီတော့ လူကြီးတွေလည်း ကလေးတွေလို ဘာမှ သိပ်မသိအောင် နေလိုက်"တဲ့။
အဲဒါဖြစ်နိုင်သလား။
မဖြစ်နိုင်ဘူးနော်။
မသိတာကို ကောင်းတယ်လို့ မယူဆနိုင်ဘူး။
လောကကြီးတိုးတက်လာတာဟာ သိတဲ့သူတွေကြောင့်ပါ။
အမှန်ကို သိဖို့ စွန့်စွန့်စားစား လုပ်တဲ့သူတွေကြောင့်။
မသိလို့ အယူသည်းမှုတွေ အမျိုးမျိုးနဲ့ ဘဝကို နေကြတယ်။
မသိလို့ မယုံသင့်တာတွေကို ယုံတယ်။
မသိလို့ မကြောက်သင့်တာတွေကို ကြောက်တယ်။
အားမကိုးသင့်တာတွေကို အားကိုးတယ်။
မသိတဲ့သူကို လိမ်ဖို့ လွယ်တယ်။
အလိမ်ခံနေရတာဟာ မသိလို့ပါ။
သိတဲ့သူဟာ ယုံတာနည်းတယ်။
သိတာများလေ ယုံတာနည်းလေပဲ။
သိတာက ယုံတာထက် အဆင့်မြင့်တယ်။
ဥပမာ……
မြတ်စွာဘုရား ဘာကို ယုံသလဲလို့မေးရင် ဘယ်လိုဖြေမလဲ…။
ဘုန်းကြီးကတော့" မြတ်စွာဘုရား ဘာကိုမှ မယုံဘူး"လို့ပဲ ဖြေမယ်။
ဘုန်းကြီးဖြေတာ မှားနေရင် ပြင်ပေးပါ။
သိတာနည်းလေလေ ယုံတာတွေ များလေလေပဲ။
သိတာ များလာရင် ကိုယ့်ကိုယ်ကို ကိုယ်ပိုပြီး အားကိုးလေလေပဲ။
မြတ်စွာဘုရားက အတ္တာဟိ အတ္တနော နာထော
(မိမိသည် သာလျှင် မိမိ၏ အားကိုးရာ)……
ကောဟိနာထော၊ ပရောသိယာ
(သူတစ်ပါးသည် မိမိ၏အားကိုးရာ အဘယ်မှာဖြစ်နိုင်အံ့နည်း)
လို့ဟောခဲ့တာ။
မသိသူတွေက သူများကို အားကိုးကြတယ်။
သိတဲ့သူက ကိုယ့်ကိုယ်ကိုပဲ အားကိုးတယ်။
သိတဲ့သူက အားမငယ်ဘူး။
မသိတဲ့သူက အားငယ်တယ်။
အားငယ်နေတာဟာ စိတ်ဆင်းရဲနေတာ။
အားမငယ်တဲ့သူဟာ စိတ်ချမ်းသာတယ်။
မှားနေတာကို အမှန်လို့ထင်ပြီး စိတ်ချမ်းသာနေတာကို ကောင်းတယ်လို့မယူဆဘူး။
မှန်တာကို သိရင် စိတ်ဆင်းရဲမယ်။
သိချင်သလား ဆိုရင်...
ဘုန်းကြီးကတော့ စိတ်ဆင်းရဲရင် ဆင်းရဲပါစေ မှန်တာကို သိချင်ပါတယ်။
ဘာမှ မသိပဲ ပျော်နေတဲ့ ကလေးလိုတော့ မနေချင်ဘူး။
အမှန်ကို သိပြီး လက်ခံပြီး ရင့်ကျက်တဲ့ စိတ်နဲ့ပျော်တာကို ၊
စိတ်ချမ်းသာတာကိုပဲ လိုချင်တယ်။
အသိဥာဏ် ရင့်ကျက်လို့ စိတ်ချမ်းသာတဲ့ ခိုင်မာတဲ့ စိတ်ချမ်းသာမှုမျိုးကိုပဲ လိုချင်တယ်။
++++++++++++++++++
စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။





