Tuesday, February 7, 2012

" အမေ့ထံသို့ပေးစာများ-၃၀..."



သို့
ချစ်တဲ့အမေ
သားသတိတရစာရေးလိုက်ပြန်ပါပြီ။
အမေနေကောင်းလား။
ကျနော်တို့လည်းနေကောင်းကြပါတယ်။
ကျနော်အလုပ်ရတဲ့အကြောင်းအမေကိုပြောပြခဲ့တယ်နော်။
အလုပ်က အိမ်လိုက်ပြီး လူနာစောင့်ရှောက်ရတဲ့အလုပ်။
ကျနော်က လူနာတွေနဲ့နှစ်ပေါင်းများစွာ နပမ်းလုံးနေခဲ့ဖူးတော့
ဒီအလုပ်က ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်လို့မှတ်ယူခဲ့ပါတယ်။
လူနာက အိုနာပါအမေရယ်။
အိုလာပြီးနာတဲ့အနာမျိုးပါ။
အိုလာတော့ သူငယ်ပြန်လာပြီး ဒီရောဂါ ဖြစ်တာပါ။
သတိတွေမေ့လာတယ်။
ဘယ်လောက်အထိမေ့သလဲဆိုရင်
သားသမီးတွေရဲ့နာမည်တွေမေ့နေတယ်။
သားသမီးတွေကလည်းဆယ့်နှစ်ယောက်တောင် ဆိုတော့လည်း မမှတ်နိုင်တော့ဘူးပေါ့။
အချို့သားသမီးတွေရဲ့မျက်နှာတွေကို သူမမှတ်မိတော့ဘူး။
သူပြောတဲ့သူ့စကားတွေကို သူမေ့နေတယ်။
ရှေ့စကား၊နောက်စကား မကိုက်ညီတော့ဘူး။
မေးရင်လည်း ပြန်မဖြေနိုင်တော့ဘူး။
နိုးနေတဲ့အချိန်ဆိုရင် လက်တွေတုန်နေတယ်။
(Tremor) လို့ပြောရမယ်။
ကျန်တဲ့အင်္ဂါအစိတ်အပိုင်းတွေတော့ လှုပ်ရှားလို့မရတော့ဘူး။
ထားတဲ့အတိုင်း ငြိမ်နေတော့တယ်။
ဒါကြောင့် နှစ်နာရီတစ်ကြိမ်လှည့်ပေးနေရတယ်။
အဲဒီလိုမလုပ်ရင် (Bedsore)လို့ခေါ်တဲ့ အပူလောင်တဲ့အနာတွေဖြစ်လာနိုင်တယ်လေ။
ဒါတောင် ကျနော်မရောက်ခင်တုန်းက ကြောဖက်မှာ အနာတွေဖြစ်သေးတယ်။
အခုတော့ဆေးတွေလိမ်းပေးလို့ သက်သာသွားပါပြီ။
အစာကိုလည်း ကိုယ်တိုင်မစားနိုင်၊မဝါးနိုင်တော့ဘူး။
ပိုက်နဲ့တစ်ဆင့်အစာကျွေးပေးနေရတယ်။
ဒါလည်း နှစ်နာရီတစ်ကြိမ်လောက်လုပ်ပေးနေရတယ်။
အဲဒီလိုလုပ်ဖို့အတွက် လူလိုတယ်လေ။
သူတို့မိသားစုဝင်တွေက အလုပ်ကိုယ်စီနဲ့ဆိုတော့ အဖေကို မပြုစုနိုင်ကြတော့ဘူး။
ဒါကြောင့် ကျနော်အလုပ်တစ်ခုရသွားတယ်။
ဖြစ်ချင်တော့ ၈-ရက်မြောက်နေ့မှာ အဖိုးက သွေးဝမ်းတွေသွားတယ်။
ဒါနဲ့ပဲ ဆေးရုံတင်ဖို့ဖြစ်လာတယ်။
အလုပ်တွေသွားနေတဲ့သူ့သားသမီးတွေကို အကြောင်းကြားရတယ်။
သူ့သားသမီးတွေက အရေးပေါ် (911)နံပါတ်ကိုဖုံးဆက်လိုက်တယ်။
အရင်ဆုံး ရဲကားနဲ့မီးသတ်ကားရောက်လာတယ်။
ရောက်လာတာနဲ့ အဲဒီထဲက တစ်ယောက်က လူနာရာဇာဝင်( History of Patient )ကိုယူတယ်။
အခြားတစ်ယောက်က လူနာကိုအောက်ဆီဂျင်ဘူးနဲ့အသက်ရှုပိုက်ကိုတပ်တယ်။
အခြားတစ်ယောက်က ဆေး(Drip) သွင်းတယ်။
နောက်တစ်ယောက်က သွေးပေါင်ချိန်တိုင်းတယ်။ နှလုံးခုန်စက်တွေတပ်ဆင်တယ်။
သူတို့တွေကိုကြည့်ရတာ ဆရာဝန်တွေတော့ ဟုတ်ဟန်မတူဘူး။
အရေးပေါ်ကုသမှုပေးနိုင်အောင် လေ့ကျင့်ပေးထားတဲ့လူတွေလို့ထင်တယ်။
ဒါပေမယ့် သူတို့လုပ်ရတဲ့အလုပ်တွေမှာတော့ ကျွမ်းကျင်ကြတယ်။
သူနာပြုယာဉ်ရောက်လာတော့မှ ရှေ့ကလူတွေက သူနာပြုယာဉ်က ဆေးဝန်ထမ်းတွေ
ကို လွှဲပြောင်းပေးနေတာကို တွေ့ရတယ်။
ပစ္စည်းကိရိယာတွေက ပြည့်စုံလှပါတယ်။
လူတွေကိုလည်း စံနစ်တကျလေ့ကျင့်ပေးထားတော့ အရေးပေါ်ဆိုရင်
လူနာအတွက် တော်တော်ကို အကျိုးရှိလှပါတယ်။
ကျနော်လည်း ဆေးရုံအထိလိုက်ပို့လိုက်ပါတယ်။
ဆေးရုံကလည်း ဆေးရုံနဲ့ကို မတူဘူး။ ဟော်တယ်နဲ့တောင်တူနေတယ်အမေ။
ခန်းနားလိုက်တာ။ စက်ကိရိယာတွေကလည်း စုံလင်လွန်းလှတယ်။
လူနာက စက်တွေဆီသွားစရာမလိုတော့ဘူး။
စက်ကိရိယာတွေက လူနာဆီလာပြီးလိုအပ်တာတွေ တစ်ခုပြီးတစ်ခုလုပ်သွားတော့တာပဲ။
အများအားဖြင့်တော့ ကွန်ပျူတာနဲ့လုပ်နေတာတွေ့ရတယ်။
သူတို့လုပ်တာကို ကြည့်တဲ့အခါ အားလုံးကို လုပ်ခဲ့ဖူးတယ်။
တကယ်လို့လုပ်ရရင် မလုပ်နိုင်စရာ ဘာမှမရှိပါဘူး။
စက်ကိရိယာနဲ့ကွန်ပျူတာနဲ့လုပ်ရတာမို့ ပိုတောင် သက်သာသေးတယ်။
ပိုပြီးတောင် လွယ်သေးတယ်။
အခက်အခဲကတော့ ကိုယ့်ဆီမှာ သူတို့သတ်မှတ်ထားတဲ့လက်မှတ်(Certificate )မရှိဘူး။
နောက်တစ်ခုက ဘာသာစကားအခက်အခဲ။
လောလောဆယ်တော့ အဲဒီအခက်အခဲတွေအတွက်
အချိန်နဲ့ငွေကြေး ပေးနိုင်ဖို့တော့လိုမယ်။
နောက်ဆုံးတော့ ဆေးရုံကညွှန်ကြားတဲ့အတိုင်း
သက်ကြီးကုသဆောင်ကိုပြောင်းပြီးကုသဖို့ဖြစ်လာတယ်။
ဒီတော့ ကျနော်အလိုလိုနေရင်း အလုပ်တစ်ခုပြုတ်ပြန်တယ်။
ဒါဟာ လေးကြိမ်မြောက် အလုပ်ပြုတ်ခြင်းပါပဲ။
ကြာလာတော့ အလုပ်ပြုတ်တာ မဆန်းတော့သလိုတောင်ဖြစ်လာတယ်။
ကျနော့်ကိုလခပေးဖို့ဖြစ်လာတော့ သားသမီးဆယ့်နှစ်ယောက်က
သူလိုလို ငါလိုလိုလုပ်နေကြတယ်။
ဒါကြောင့်စကားပုံတွေဖြစ်လာတာထင်တယ်။
“မိဘနှစ်ယောက်က သားသမီးဆယ်ယောက်ကို လုပ်ကျွေးနိုင်ပေမယ့်
သားသမီးဆယ်ယောက်က မိဘနှစ်ယောက်ကို လုပ်မကျွေးနိုင်ဘူး” ဆိုတဲ့စကား။
တကယ်မှန်တာပါလား။
အဲဒါကို ကျနော်က မနေနိုင်၊မထိုင်နိုင် သူ့သမီးအကြီးတစ်ယောက်ကို
ပြောပြလိုက်မိတယ်။ လစာကိစ္စနဲ့ပတ်သက်ပြီး ရွှဲ့ပြောလိုက်တာပါ။
သူမကပြန်ပြောတယ်။ “ဒီစကားပုံက အမေရိကန်မှာ ပိုမှန်တယ်”တဲ့။
အော်…ချမ်းသာတဲ့နိုင်ငံမှာ ကျေးဇူးတရားသိတတ်စိတ်တွေ ဆင်းရဲလှပါလား။
ဂျပန်ပုံပြင်တစ်ခုလို ခြင်းကြားထဲကို အဖေကိုထည့်ပြီး မြစ်ရေထဲမမျှောတာကိုပဲ
တော်သေးတာပေါ့လို့ပြောရမယ့်ကိန်းဆိုက်နေတယ်။
ဒီအကြောင်းတွေပြောပြလို့ အမေလည်းလန့်သွားလား။
“အော် ငါ့သား အမေရိကန်ရောက်လို့ အမေရိကန်စိတ်ပေါက်သွားရင် အခက် …”
ဆိုတဲ့စိုးရိမ်ကြောင့်ကြစိတ်လည်းဖြစ်မနေပါနဲ့။
တွေ့ကြုံရတဲ့အတွေ့အကြုံကို အရင်းအတိုင်းဖောက်သည်ချလိုက်တာပါ။
ကျနော်အလုပ်အကိုင် အစဉ်ပြေတာနဲ့အမေ့ဆီကို ငွေပို့ပေးလိုက်ပ့ါမယ်။
ကျနော့်အတွက် ဆုတောင်းမေတ္တာပို့ပေးပါ။
အမေ့ရဲ့မေတ္တာကိုခံယူပါတယ်။
ကျနော်အခုထိတော့ ငွေကြေးနဲ့ပတ်သက်ပြီးတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်
ကြိုးစားပေမယ့် မဖြစ်သေးပါဘူး။
ဇွဲကိုတော့ မလျှော့ပါဘူး။
ကျနော်ကြိုးစားနေမြဲ၊ ကြိုးစားနေဆဲပါအမေ။
ကျနော့်ကြောင့်တော့ အမေမျက်နှာမပျက်စေရပါဘူး။
ကတိပေးပါတယ်။
ဆိုခဲစေ၊မြဲစေပါအမေ။
ဒါပါပဲ။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေး(San Jose)
ကယ်လီဖိုးနီးယား(California)
အမေရိကန်ပြည်ထောင်စု(USA)
၂-၇-၂၀၁၂


Monday, February 6, 2012

"ကုသိုလ်နဲ့ အကုသိုလ်..."


"စိတ်ချမ်းသာချင်ရင်.......မပေါင်းနဲ့..."



စိတ်ချမ်းသာမှုဆိုတာ
စိတ်မှာဖြစ်တဲ့ တာရှည်ခံတဲ့ ကောင်းတဲ့ ခံစားမှုဖြစ်တယ်။
ရေရှည် စိတ်မှာဖြစ်တဲ့ ကောင်းတဲ့ခံစားမှုဖြစ်တယ်။
စိတ်တည်ငြိမ်အေးချမ်းမှုဟာလည်း စိတ်ချမ်းသာမှုပဲ။
ပီတိဟာလည်း စိတ်ချမ်းသာမှုပဲ။
ကျေနပ်နေတာ၊ ရောင့်ရဲနေတာလည်း စိတ်ချမ်းသာမှုပဲ။
ကိုယ့်ဘဝကို ကိုယ်ခြုံပြီးတော့ ကျေနပ်တာဟာလည်း
စိတ်ချမ်းသာမှုဖြစ်ပါတယ်။
++++++++++++++++++++++++++++++
လူတွေလုပ်တာ မှန်သမျှ စိတ်ချမ်းသာချင်လို့ လုပ်ကြတာလို့
ပညာရှင်တွေကပြောတယ်။
စိတ်ဆင်းရဲချင်လို့ လုပ်တာ ရှိသလား။
မရှိပါဘူးနော်...။
++++++++++++++++++++++++++++++
မိမိအတွက်ကော၊
အများအတွက်ပါ စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုကို ဖြစ်စေတာ…
ကုသိုလ်။
မိမိအတွက်ကော၊
အများအတွက်ပါ စိတ်ဆင်းရဲမှု၊ ကိုယ်ဆင်းရဲမှုကို ဖြစ်စေတာ….
အကုသိုလ်။
+++++++++++++++++++++++++++
တကယ် စိတ်ချမ်းသာနေတဲ့အချိန်ဟာ ကုသိုလ်ဖြစ်နေတဲ့အချိန်ပဲ။
တကယ် စိတ်ဆင်းရဲနေရင် အကုသိုလ် ဖြစ်နေတယ်လို့ ဆိုရမယ်။
+++++++++++++++++++++++++++
ပစ္စည်းဥစ္စာဆိုတာ စိတ်ချမ်းသာမှုကို ဖြစ်နေနိုင်မှ တန်ဖိုးရှိတယ်။
ပညာသင်တာလည်း စိတ်ချမ်းသာမှုကို ဖြစ်စေနိုင်မှ တန်ဖိုးရှိတယ်။
ဘာသာရေးဟာလည်း စိတ်ချမ်းသာမှုကို ပေးနိုင်မှ အဓိပ္ပာယ်ရှိတယ်။
တန်ဖိုးရှိတယ်။
အလုပ်လုပ်တာလည်း စိတ်ချမ်းသာမှသာ တန်ဖိုးရှိတယ်။
အိမ်ထောင်ပြုတာကော…..။
အဲဒါလည်း စိတ်ချမ်းသာမှုအတွက်ပဲ။
ဘာကိုလုပ်လုပ်၊ စိတ်ချမ်းသာမှုကို တိုးစေမှ တန်ဖိုးရှိတယ်။
လုပ်တော့ လုပ်နေတယ်…။
စိတ်ချမ်းသာမှုအတွက် ဘာမှ မထူးဘူးဆိုရင် လုပ်ရကျိုးမနပ်ဘူး။
+++++++++++++++++++++++++++
ပျော်ပျော်နေပါ။ ပျော်တာကိုလုပ်ပါ။
ဒါပေမယ့်…..
" လုပ်သင့်တာကို မလုပ်ရင် စိတ်ဆင်းရဲရမယ်။
မလုပ်သင့်တာကို လုပ်ရင်လည်း စိတ်ဆင်းရဲရမယ်”
ဆိုတာကို မမေ့ပါနဲ့။
ကောင်းတာကို လုပ်ပြီးပျော်တာ၊
လုပ်သင့်တာကိုလုပ်ပြီးပျော်တာက
စိတ်မှာလွတ်လပ်မှု ပိုရှိပါတယ်။
+++++++++++++++++++++++++++
ရာထူးနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေဟာ
“တို့ လုပ်နေတဲ့ရည်ရွယ်ချက်က
တိုင်းသူပြည်သားတွေအားလုံး စိတ်ချမ်းသာ၊
ကိုယ်ချမ်းသာမှုရှိဖို့ လုပ်နေတာ”
ဆိုတာကို မမေ့ဖို့ သိပ်အရေးကြီးပါတယ်။
အဲဒါကို မေ့သွားရင် ကိုယ့်ရာထူးက ကိုယ်ဂုဏ်ရှိဖို့၊
အထက်ဆီးကနေရဖို့၊
အများကို အနိုင်ရဖို့၊
အများကို ဒုက္ခပေးဖို့ဖြစ်သွားမယ်။
+++++++++++++++++++++++++++
လောကကြီးကို ပိုကောင်းအောင် လုပ်ချင်တယ်ဆိုရင်
လူတွေကို စိတ်ချမ်းသာအောင်
နေနည်း သင်ပေးတာဟာ အကောင်းဆုံးပဲ။
ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေကို
စိတ်ချမ်းသာအောင် အထောက်အကူပေးတာထက်
ပိုကောင်းတဲ့လက်ဆောင် ဘာရှိသလဲ။
+++++++++++++++++++++++++++
သားသမီးတွေကို ချစ်တယ်ဆိုရင် ကိုယ်ကျင့်တရားကောင်းအောင် သင်ပါ။
ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ ကောင်းတာတွေ လုပ်ဖို့ သင်ပါ။
ပညာတတ်အောင် သင်ပါ။ အားပေးပါ။
အရေးအကြီးဆုံးက သူတို့ကို စိတ်ချမ်းချမ်းသာသာနေတတ်ဖို့လည်း သင်ပါ။
+++++++++++++++++++++++++++
ဘာသာရေးဟာ စိတ်ချမ်းသာဖို့လုပ်တာ၊
ပညာရေးဟာလည်း စိတ်ချမ်းသာဖို့ လုပ်တာ၊
စီးပွားရေးဟာလည်း စိတ်ချမ်းသာဖို့လုပ်တာ၊
နိုင်ငံရေးဟာလည်း စိတ်ချမ်းသာဖို့လုပ်တာ၊
လူမှုရေးဟာလည်း စိတ်ချမ်းသာဖို့ လုပ်တာ၊
ကျန်းမာရေးဟာလည်း စိတ်ချမ်းသာဖို့ လုပ်တာ၊
ဘာဘဲလုပ်လုပ် စိတ်ချမ်းသာဖို့ လုပ်တာပါပဲ။
စိတ်ချမ်းချမ်းသာသာ နေရမှ ဘဝဟာ အဓိပ္ပာယ်ရှိတယ်။
+++++++++++++++++++++++++++
စိတ်ချမ်းသာဖို့ လိုရင်းပါ။
ကျန်တာတွေက စိတ်ချမ်းသာဖို့လုပ်ရတာ။
+++++++++++++++++++++++++++
ကိုယ့်စိတ်ကိုကိုယ် တည့်တည့်ကြည့်တတ်မှ
ကိုယ့်စိတ်အကြောင်းကို ကိုယ်နားလည်မယ်။
အဲဒီလိုကြည့်နိုင်ဖို့ စိတ္တာနုပဿနာကို အားထုတ်ပါ။
+++++++++++++++++++++++++++
လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့သူမှသာ စစ်မှန်တဲ့စိတ်ချမ်းသာမှုကို ရနိုင်တယ်။
ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ စိတ်ပိုချမ်းသာတယ်။
ကိုယ်ချင်းစာတတ်တဲ့သူ၊
ကူညီတတ်တဲ့သူ၊
ရိုးသားတဲ့သူဟာ စိတ်ပိုချမ်းသာတယ်။
နောင်တရစရာ မရှိတဲ့သူဟာ စိတ်ပိုချမ်းသာတယ်။
+++++++++++++++++++++++++++
စိတ်ချမ်းသာချင်ရင် မရိုးသားတဲ့သူနဲ့ မပေါင်းနဲ့။
လိမ်ညာ လှည့်စားတတ်တဲ့သူနဲ့ ပေါင်းရင် စိတ်ချမ်းသာမှု မရနိုင်ဘူး။
စိတ်ချမ်းသာချင်ရင် ကိုယ့်ကို အထက်ဆီးကနေ ဆက်ဆံတဲ့သူနဲ့မပေါင်းနဲ့။
အမြဲတန်း အောက်ကြို့ပြီး ပေါင်းရတဲ့သူနဲ့ မပေါင်းနဲ့။
ကိုယ့်ဂုဏ်သိက္ခာကို မလေးစားတဲ့သူနဲ့ ပေါင်းရင် စိတ်ချမ်းသာမှု မရနိုင်ဘူး။
+++++++++++++++++++++++++++
စိတ်ချမ်းသာချင်ရင် ဆက်ဆံရေးမှာ အပြန်အလှန် လေးစားမှု၊
အသိအမှတ်ပြုမှု ရှိတဲ့ ဆက်ဆံရေးကို ဖန်တီးပါ။
လူတိုင်းကို အသိအမှတ်ပြုပါ။
တန်ဖိုးထားပါ။
အဲဒါ စိတ်ချမ်းသာမှု ပေးလိုက်တာပဲ။
+++++++++++++++++++++++++++
ဒီနေ့ကို မနေ့ကထက် ပိုပြီး စိတ်ချမ်းသာအောင် နေလိုက်ပါ။
+++++++++++++++++++++++++++
(ဆရာတော်ဦးဇောတိက)
စိတ်ချမ်းသာဖို့ လိုရင်းပါ…စာအုပ်မှထုတ်နှုတ်ပါတယ်။

Sunday, February 5, 2012

"လူကြီးကောင်းမှ အားလုံးကောင်းတာ..."


ကလေး၊ ကလေး အထင်မသေးနဲ့၊

ကလေးကြီးမှ လူကြီးဖြစ်တာ၊

ကလေးကောင်းမှ လူကြီးကောင်းတာ၊

လူကြီးကောင်းမှ အားလုံးကောင်းတာ၊


(ရွှေဥမင်ဆရာတော်ဘုရားကြီး)


++++++++++++++++++



ကျနော်ရန်ကုန်မှာ တာဝန်တစ်ခုကို ယူပြီးလုပ်ဆောင်လုပ်တုန်းက

ကလေးတရားစခမ်းတစ်ခုကို မကြာခဏရောက်ပါတယ်။

မှော်ဘီ၊ ဝါးနက်ချောင်းမှာဖွင့်လှစ်တဲ့ကလေးတရားစခမ်းဖြစ်ပါတယ်။

အဲဒီကျောင်းမှာ ကလေးတွေကို အထက်က ကဗျာလေးကို

ဆရာမတွေက အသေအချာရှင်းပြတတ်ကြတယ်။

ပြီးတော့ ဆရာမတွေက ကလေးလေးတွေနဲ့အတူတူ

အဲဒီကဗျာကို ရွတ်ဆိုနေကြဖြစ်တယ်။

နောက်နေ့တွေမှာတော့ ကလေးလေးတွေက

နေ့စဉ်နေ့တိုင်းရွတ်ဆိုရပါတယ်။

အဲဒီကဗျာလေးကို နှလုံးသားမှာ အမြဲအလိုလို

စွဲသွားစေချင်တယ်လို့ ယူဆမိပါတယ်။

သေသေချာချာ တွေးလေလေ၊

ကောင်းကောင်း သဘောပေါက်လေလေပါပဲ။

အမြဲတန်းမှန်တဲ့သဘောတရားတစ်ခုလည်းဖြစ်ပါတယ်။


Saturday, February 4, 2012

"ဆုပ်ထားတဲ့လက်ကိုဖြန့်လိုက်ပါ…"



တစ်ခါတုန်းက ကျနော်ထိုင်းနိုင်ငံကိုရောက်သွားခဲ့တယ်။
ထိုင်းနိုင်ငံမှာ အုန်းသီးလည်းအလွန်ပေါများလှပါတယ်။
ထိုင်းအစားအစာတွေ အများစုမှာ အုန်းနို့ကိုထည့်ထားတတ်တယ်။ အစပ်လည်းအလွန်ကြိုက်တဲ့လူမျိုးဟုပြောရမယ်။
အုန့်နို့ပါတဲ့ဟင်းများကို ကျနော်ကြိုက်ပေမယ့် အစပ်များတဲ့ဟင်းများကိုတော့မကြိုက်ပါ။
အုန်းနို့များကို စားတိုင်းလည်း ကျနော်ခေါင်းကိုက်တတ်တာကို သတိပြုမိပါတယ်။ ကျနော့်မှာ သွေးတိုးရောဂါမရှိပါ။ ဒါကြောင့် အုန်းနို့နဲ့မတည့်ဟုထင်ပါတယ်။
ဒါကြောင့် အုန်းနို့ပါတဲ့အစားများကို ကြိုက်ပေမယ့် နောက်ပိုင်းမှာ မစားဖြစ်တော့ပါ။ ထိုင်းနိုင်ငံမှာ မျောက်တွေအလွန်ပေါများလှပါတယ်။
ထိုင်းမှာ မျောက် ဖမ်းတာကို မထင်မှတ်ပဲတွေ့ခဲ့ရပါတယ်။
အုန်းသီးကို လက်တစ်နှိုက်စာအရွယ် အလောတော် ဖေါက်လိုက်တယ်။ အုန်းရည်ကိုတော့လူကသောက်လိုက်တယ်။
ပြီးတော့ အုန်းသီးထဲကို မျောက်ကြိုက်တတ်တဲ့အစာကိုထည့်လိုက်တယ်။
ထန်းညက်ခဲလေးတွေလို့ထင်မိတယ်။
ပြီးတော့ လူက အထဲက အစာကို နှိုက်စားပြလိုက်တယ်။
ပြီးတော့ အဲဒီအပေါက်ဖေါက်ထားတဲ့အုန်းသီးကို သစ်ပင်အောက်တစ်ခုမှာထားလိုက်တယ်။ မကြာခင် မျောက်တွေဆင်းလာတယ်။
လူလုပ်သလိုပဲ အုန်းသီးထဲက အစာကိုနှိုက်တယ်။ လက်ဝင်သွားပါတယ်။
အထဲက အစာကို လက်သီးဆုပ်တစ်ဆုပ်စာ ဆုပ်လိုက်တယ်။
လက်သီးဆုပ်လိုက်တဲ့အတွက် လက်ကပြန်ထုတ်လို့မရတော့ဘူး။
အဲဒီ မျောက်ဟာ ပြေးလို့လည်းမရတော့ဘူး။
သစ်ပင်ပေါ်လည်းမတက်နိုင်တော့ဘူး။
အဲဒီ မျောက်ကို အလွယ်တကူဖမ်းလိုက်ရုံပါပဲ။
မျောက်ကလည်း လက်သီးဆုပ်ကို မလွှတ်ဘူး။
အစာပေါ်ထားတဲ့လောဘစိတ်က လက်သီးကိုတင်းတင်းဆုပ်ထားစေတယ်။
လောဘစိတ်က လက်ကိုဖြန့်ရကောင်းမှန်းလည်းမသိဘူး။
ဒါနဲ့ပဲ လောဘကြီးလှတဲ့ မျောက်တွေတစ်ကောင်ပြီးတစ်ကောင် ဖမ်းဆီးခြင်းခံရပါတယ်။

++++++++++++++++++++++++++++++

လူကြီးမင်းက
ဒါတွေဟာ မျောက်တွေမှာသာ ဖြစ်နိုင်တယ်လို့မထင်ပါနဲ့။
လောဘစိတ်ဟာ လူတွေမှာလည်း ရှိနေပါတယ်။
မျောက်တွေမှာရှိတဲ့လောဘစိတ်ထက် ပိုမယ်ထင်ပါတယ်။
လောဘစိတ်နဲ့လူတွေက ပစ္စည်း၊ဥစ္စာကို ရှာတယ်။ ရတယ်။ ဆုပ်ထားတယ်။
မျောက်နဲ့ဘာထူးသေးလဲ။
သူဋ္ဌေးဆိုတာ ပိုက်ဆံကလွဲပြီးဘာမှမရှိသူကိုခေါ်ပါတယ်။
ဘာကြောင့်ဆိုတော့ အဲဒီသူဋ္ဌေးကလက်ကို
တင်းတင်းဆုပ်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။


Friday, February 3, 2012

"အကောင်းဆုံးလူသားတစ်ယောက် ဖြစ်လာဖို့..."


"အကောင်းဆုံးလူသားတစ်ယောက် ဖြစ်လာဖို့..."


ဘဝဟာ တိုတောင်းတာ ဝမ်းနည်းစရာမဟုတ်ပါဘူး။
ဘဝကို မနေရသေးပဲနဲ့ သေတာက ဝမ်းနည်းစရာကောင်းတာပါ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဖြစ်မယ်လို့ မသေချာတဲ့ကိစ္စအတွက် သောကများနေတာဟာ
မချေးရသေးတဲ့ငွေအတွက် အတိုးပေးနေတာနဲ့တူတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သောကငှက်တွေ ကိုယ့်ခေါင်းပေါ်ကဖြတ်ပြီးမပျံအောင် တားလို့မရပါဘူး။
ဒါပေမယ့် ကိုယ့်ဆံပင်ထဲမှာ အသိုက် မလုပ်အောင်တော့ တားလို့ရပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သင့် စိတ်ချမ်းသာမှုဟာ တစ်စုံတစ်ယောက် တစ်ခုခု လုပ်တာ မလုပ်တာပေါ်မှာ
မူတည်နေတယ်ဆိုရင် သင့်မှာ ကြီးမားတဲ့ပြဿနာရှိနေပြီ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကြီးမားတဲ့အခွင့်အရေးဆိုတာ တစ်ခါတရံမှ တွေ့ရပါတယ်။
အငယ်စားအခွင့်အရေးတွေကတော့ နေ့တိုင်းတွေ့ရပါတယ်။
အငယ်စားအခွင့်အရေးတွေကို လက်မလွတ်အောင် ဖမ်းယူနိုင်ရင် အောင်မြင်တဲ့ဘဝကို ရမယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စိတ်ချမ်းသာချင်ရင် ကိုယ်တကယ် စိတ်ဝင်စားတာကို လုပ်နေပါ။
ဘာမှ မလုပ်ပဲ ရေရည် စိတ်ချမ်းသာအောင်နေဖို့ မလွယ်ဘူး။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

တကယ်စိတ်ချမ်းသာနေတဲ့သူကို ကြည့်ရင် သူဟာ စိတ်ချမ်းသာမှု
ဘယ်မှာရမလဲဆိုပြီး လိုက်ရှာမနေဘူး။
သူတန်ဖိုးထားတာကို လုပ်နေတယ်။
စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာစရာကို လိုက်ရှာမနေနဲ့။
စိတ်ချမ်းသာမှုပေးပါလို့ မတောင်းပါနဲ့။
ကိုယ်လုပ်ချင်တာကို စိတ်ပါလက်ပါ လုပ်နေပါ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကျန်းမာရွှင်လန်းတဲ့စိတ်နဲ့ အကောင်းဆုံးကို ရွေးချယ်ပြီးလုပ်နိုင်စွမ်းရှိတာဟာ
အရည်အသွေးပြည့်ဝတဲ့စိတ်လို့ခေါ်နိုင်တယ်။
စိတ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်ဝမှုကို စိတ်ချမ်းသာမှုလို့ခေါ်တယ်။
စိတ်ချမ်းချမ်းသာသာနဲ့ လုပ်နိုင်တာဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်ဝတဲ့လက္ခဏာဖြစ်ပါတယ်။
စိတ်ချမ်းသာနေတဲ့သူဟာ စိတ်နေမြင့်လို့သေးသိမ်တဲ့စိတ်ထားနဲ့
လုပ်ရတဲ့ အလုပ်မျိုးကို မလုပ်နိုင်ဘူး။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကိုယ့်ကိုယ်ကို ကိုယ် လေးစားမှုတိုးဖို့ အခွင့်အလမ်းများတဲ့ဘဝဟာ
စိတ်ချမ်းသာစရာကောင်းတယ်။
တန်ဖိုးရှိတာ ကောင်းတာကို လုပ်ရင် ကိုယ့်ကိုယ်ကိုယ် လေးစားမှုတိုးပါတယ်။
လူတိုင်း နေ့တိုင်း တန်ဖိုးရှိတာကို လုပ်ဖို့ အခွင့်အရေးတွေ ရနေပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

လူ့ဘဝဆိုတာ ကိုယ့်ကိုယ်ကို ကိုယ် ဖန်တီးဖို့ အခွင့်အရေးပဲ။
ကိုယ့်ကြမ္မာကိုယ် ဖန်တီးဖို့အခွင့်အရေးပဲ။
ဖြစ်လာသမျှကို ငုံ့ခံနေဖို့ မဟုတ်ဘူး။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကံကောင်းတယ်ဆိုတာ အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး။
ကိုယ်က ဖြစ်အောင်လုပ်လို့ ဖြစ်တာပါ။
စောင့်နေဖို့ မလိုဘူး။
ဖြစ်အောင်လုပ်ဖို့ပဲ လိုတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်ပါ။
ကိုယ့်အရည်အချင်းကို ကိုယ်ယုံကြည်ပါ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အခြေအနေ မကောင်းတာကို မကောင်းမှန်းသိတာဟာ ဥာဏ်ရှိလို့။
စိတ်အေးအေးထားပြီး လုပ်နိုင်တာကို လုပ်တာ ပညာရှိလို့၊
စိတ်ဓာတ်အင်အားကြီးလို့။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ငါ မှန်တယ်ဆိုပြီး အနိုင်ယူတိုင်းလည်း စိတ်မချမ်းသာဘူး။
တကယ်တော့ စိတ်ချမ်းသာအောင်နေလိုက်တာက အနိုင်ရတာ။
အနိုင်ယူချင်သလား၊
စိတ်ချမ်းသာချင်သလား၊
စိတ်ချမ်းသာချင်ရင် အနိုင်အရှုံး မရှိအောင် နေပါ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

မကျေနပ်တာတွေ နည်းသွားတာဟာ စိတ်ဓာတ် ရင့်ကျက်လာတဲ့
လက္ခဏာတစ်ခုဖြစ်တယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အရေးကြီးတာက အကောင်းဆုံးလူသားတစ်ယောက် ဖြစ်လာဖို့ပဲ။
အကောင်းအဆိုး ဘာပဲ ကြုံရကြုံရ ပိုကောင်းတဲ့သူ ဖြစ်လာဖို့ဟာ လိုရင်းပဲ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၂…
 




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com