သို့
ချစ်တဲ့အမေ
သားသတိတရစာရေးလိုက်ပြန်ပါပြီ။
အမေနေကောင်းလား။
ကျနော်တို့လည်းနေကောင်းကြပါတယ်။
ကျနော်အလုပ်ရတဲ့အကြောင်းအမေကိုပြောပြခဲ့တယ်နော်။
အလုပ်က အိမ်လိုက်ပြီး လူနာစောင့်ရှောက်ရတဲ့အလုပ်။
ကျနော်က လူနာတွေနဲ့နှစ်ပေါင်းများစွာ နပမ်းလုံးနေခဲ့ဖူးတော့
ဒီအလုပ်က ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်လို့မှတ်ယူခဲ့ပါတယ်။
လူနာက အိုနာပါအမေရယ်။
အိုလာပြီးနာတဲ့အနာမျိုးပါ။
အိုလာတော့ သူငယ်ပြန်လာပြီး ဒီရောဂါ ဖြစ်တာပါ။
သတိတွေမေ့လာတယ်။
ဘယ်လောက်အထိမေ့သလဲဆိုရင်
သားသမီးတွေရဲ့နာမည်တွေမေ့နေတယ်။
သားသမီးတွေကလည်းဆယ့်နှစ်ယောက်တောင် ဆိုတော့လည်း
မမှတ်နိုင်တော့ဘူးပေါ့။
အချို့သားသမီးတွေရဲ့မျက်နှာတွေကို သူမမှတ်မိတော့ဘူး။
သူပြောတဲ့သူ့စကားတွေကို သူမေ့နေတယ်။
ရှေ့စကား၊နောက်စကား မကိုက်ညီတော့ဘူး။
မေးရင်လည်း ပြန်မဖြေနိုင်တော့ဘူး။
နိုးနေတဲ့အချိန်ဆိုရင် လက်တွေတုန်နေတယ်။
(Tremor) လို့ပြောရမယ်။
ကျန်တဲ့အင်္ဂါအစိတ်အပိုင်းတွေတော့ လှုပ်ရှားလို့မရတော့ဘူး။
ထားတဲ့အတိုင်း ငြိမ်နေတော့တယ်။
ဒါကြောင့်
နှစ်နာရီတစ်ကြိမ်လှည့်ပေးနေရတယ်။
အဲဒီလိုမလုပ်ရင် (Bedsore)လို့ခေါ်တဲ့
အပူလောင်တဲ့အနာတွေဖြစ်လာနိုင်တယ်လေ။
ဒါတောင် ကျနော်မရောက်ခင်တုန်းက ကြောဖက်မှာ အနာတွေဖြစ်သေးတယ်။
အခုတော့ဆေးတွေလိမ်းပေးလို့ သက်သာသွားပါပြီ။
အစာကိုလည်း ကိုယ်တိုင်မစားနိုင်၊မဝါးနိုင်တော့ဘူး။
ပိုက်နဲ့တစ်ဆင့်အစာကျွေးပေးနေရတယ်။
ဒါလည်း နှစ်နာရီတစ်ကြိမ်လောက်လုပ်ပေးနေရတယ်။
အဲဒီလိုလုပ်ဖို့အတွက် လူလိုတယ်လေ။
သူတို့မိသားစုဝင်တွေက အလုပ်ကိုယ်စီနဲ့ဆိုတော့ အဖေကို
မပြုစုနိုင်ကြတော့ဘူး။
ဒါကြောင့် ကျနော်အလုပ်တစ်ခုရသွားတယ်။
ဖြစ်ချင်တော့ ၈-ရက်မြောက်နေ့မှာ အဖိုးက သွေးဝမ်းတွေသွားတယ်။
ဒါနဲ့ပဲ ဆေးရုံတင်ဖို့ဖြစ်လာတယ်။
အလုပ်တွေသွားနေတဲ့သူ့သားသမီးတွေကို အကြောင်းကြားရတယ်။
သူ့သားသမီးတွေက အရေးပေါ် (911)နံပါတ်ကိုဖုံးဆက်လိုက်တယ်။
အရင်ဆုံး ရဲကားနဲ့မီးသတ်ကားရောက်လာတယ်။
ရောက်လာတာနဲ့ အဲဒီထဲက တစ်ယောက်က လူနာရာဇာဝင်( History of
Patient )ကိုယူတယ်။
အခြားတစ်ယောက်က လူနာကိုအောက်ဆီဂျင်ဘူးနဲ့အသက်ရှုပိုက်ကိုတပ်တယ်။
အခြားတစ်ယောက်က ဆေး(Drip) သွင်းတယ်။
နောက်တစ်ယောက်က သွေးပေါင်ချိန်တိုင်းတယ်။
နှလုံးခုန်စက်တွေတပ်ဆင်တယ်။
သူတို့တွေကိုကြည့်ရတာ ဆရာဝန်တွေတော့ ဟုတ်ဟန်မတူဘူး။
အရေးပေါ်ကုသမှုပေးနိုင်အောင် လေ့ကျင့်ပေးထားတဲ့လူတွေလို့ထင်တယ်။
ဒါပေမယ့် သူတို့လုပ်ရတဲ့အလုပ်တွေမှာတော့ ကျွမ်းကျင်ကြတယ်။
သူနာပြုယာဉ်ရောက်လာတော့မှ ရှေ့ကလူတွေက သူနာပြုယာဉ်က
ဆေးဝန်ထမ်းတွေ
ကို လွှဲပြောင်းပေးနေတာကို တွေ့ရတယ်။
ပစ္စည်းကိရိယာတွေက ပြည့်စုံလှပါတယ်။
လူတွေကိုလည်း စံနစ်တကျလေ့ကျင့်ပေးထားတော့ အရေးပေါ်ဆိုရင်
လူနာအတွက် တော်တော်ကို အကျိုးရှိလှပါတယ်။
ကျနော်လည်း ဆေးရုံအထိလိုက်ပို့လိုက်ပါတယ်။
ဆေးရုံကလည်း ဆေးရုံနဲ့ကို မတူဘူး။ ဟော်တယ်နဲ့တောင်တူနေတယ်အမေ။
ခန်းနားလိုက်တာ။ စက်ကိရိယာတွေကလည်း စုံလင်လွန်းလှတယ်။
လူနာက စက်တွေဆီသွားစရာမလိုတော့ဘူး။
စက်ကိရိယာတွေက လူနာဆီလာပြီးလိုအပ်တာတွေ
တစ်ခုပြီးတစ်ခုလုပ်သွားတော့တာပဲ။
အများအားဖြင့်တော့ ကွန်ပျူတာနဲ့လုပ်နေတာတွေ့ရတယ်။
သူတို့လုပ်တာကို ကြည့်တဲ့အခါ အားလုံးကို လုပ်ခဲ့ဖူးတယ်။
တကယ်လို့လုပ်ရရင် မလုပ်နိုင်စရာ ဘာမှမရှိပါဘူး။
စက်ကိရိယာနဲ့ကွန်ပျူတာနဲ့လုပ်ရတာမို့ ပိုတောင် သက်သာသေးတယ်။
ပိုပြီးတောင် လွယ်သေးတယ်။
အခက်အခဲကတော့ ကိုယ့်ဆီမှာ
သူတို့သတ်မှတ်ထားတဲ့လက်မှတ်(Certificate )မရှိဘူး။
နောက်တစ်ခုက ဘာသာစကားအခက်အခဲ။
လောလောဆယ်တော့ အဲဒီအခက်အခဲတွေအတွက်
အချိန်နဲ့ငွေကြေး ပေးနိုင်ဖို့တော့လိုမယ်။
နောက်ဆုံးတော့ ဆေးရုံကညွှန်ကြားတဲ့အတိုင်း
သက်ကြီးကုသဆောင်ကိုပြောင်းပြီးကုသဖို့ဖြစ်လာတယ်။
ဒီတော့ ကျနော်အလိုလိုနေရင်း အလုပ်တစ်ခုပြုတ်ပြန်တယ်။
ဒါဟာ လေးကြိမ်မြောက် အလုပ်ပြုတ်ခြင်းပါပဲ။
ကြာလာတော့ အလုပ်ပြုတ်တာ မဆန်းတော့သလိုတောင်ဖြစ်လာတယ်။
ကျနော့်ကိုလခပေးဖို့ဖြစ်လာတော့ သားသမီးဆယ့်နှစ်ယောက်က
သူလိုလို ငါလိုလိုလုပ်နေကြတယ်။
ဒါကြောင့်စကားပုံတွေဖြစ်လာတာထင်တယ်။
“မိဘနှစ်ယောက်က သားသမီးဆယ်ယောက်ကို လုပ်ကျွေးနိုင်ပေမယ့်
သားသမီးဆယ်ယောက်က မိဘနှစ်ယောက်ကို လုပ်မကျွေးနိုင်ဘူး”
ဆိုတဲ့စကား။
တကယ်မှန်တာပါလား။
အဲဒါကို ကျနော်က မနေနိုင်၊မထိုင်နိုင် သူ့သမီးအကြီးတစ်ယောက်ကို
ပြောပြလိုက်မိတယ်။ လစာကိစ္စနဲ့ပတ်သက်ပြီး ရွှဲ့ပြောလိုက်တာပါ။
သူမကပြန်ပြောတယ်။ “ဒီစကားပုံက အမေရိကန်မှာ ပိုမှန်တယ်”တဲ့။
အော်…ချမ်းသာတဲ့နိုင်ငံမှာ ကျေးဇူးတရားသိတတ်စိတ်တွေ
ဆင်းရဲလှပါလား။
ဂျပန်ပုံပြင်တစ်ခုလို ခြင်းကြားထဲကို အဖေကိုထည့်ပြီး မြစ်ရေထဲမမျှောတာကိုပဲ
တော်သေးတာပေါ့လို့ပြောရမယ့်ကိန်းဆိုက်နေတယ်။
ဒီအကြောင်းတွေပြောပြလို့ အမေလည်းလန့်သွားလား။
“အော် ငါ့သား အမေရိကန်ရောက်လို့ အမေရိကန်စိတ်ပေါက်သွားရင် အခက်
…”
ဆိုတဲ့စိုးရိမ်ကြောင့်ကြစိတ်လည်းဖြစ်မနေပါနဲ့။
တွေ့ကြုံရတဲ့အတွေ့အကြုံကို အရင်းအတိုင်းဖောက်သည်ချလိုက်တာပါ။
ကျနော်အလုပ်အကိုင် အစဉ်ပြေတာနဲ့အမေ့ဆီကို ငွေပို့ပေးလိုက်ပ့ါမယ်။
ကျနော့်အတွက် ဆုတောင်းမေတ္တာပို့ပေးပါ။
အမေ့ရဲ့မေတ္တာကိုခံယူပါတယ်။
ကျနော်အခုထိတော့
ငွေကြေးနဲ့ပတ်သက်ပြီးတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်
ကြိုးစားပေမယ့် မဖြစ်သေးပါဘူး။
ဇွဲကိုတော့ မလျှော့ပါဘူး။
ကျနော်ကြိုးစားနေမြဲ၊ ကြိုးစားနေဆဲပါအမေ။
ကျနော့်ကြောင့်တော့ အမေမျက်နှာမပျက်စေရပါဘူး။
ကတိပေးပါတယ်။
ဆိုခဲစေ၊မြဲစေပါအမေ။
ဒါပါပဲ။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေး(San
Jose)
ကယ်လီဖိုးနီးယား(California)
အမေရိကန်ပြည်ထောင်စု(USA)
၂-၇-၂၀၁၂
No comments:
Post a Comment