Sunday, November 29, 2009

“ဝါသနာပါရာ...နားခိုပါ...”



ကျနော်ရဲ့အဖေနဲ့အမေဟာ မကြာခဏဆိုသလို ရန်ဖြစ်လေ့ရှိပါတယ်။

သူတို့ရန်ဖြစ်ကြတဲ့အခါတိုင်း ကျနော်စိတ်ဟာ တင်းကျပ်လာတတ်ပါတယ်။

အဖေနဲ့အမေကို ကျနော် မမုန်းပါ။

ဒါပေမယ့် သူတို့အသံကို မကြားချင်တော့ပါ။ သူတို့နဲ့ဝေးရာကို ပြေးချင်မိပါတယ်။

ဒါနဲ့ပဲ ကျနော်ဟာ မြေအောက်ခန်းကိုဆင်းခဲ့တယ်။

ဒီအခန်းလေးထဲမှာ ကျနော်ဝါသနာပါတဲ့ ဟော်ကီကစားဖို့ ပစ္စည်းတွေ အပြည့်အစုံရှိနေပါတယ်။

အဲဒီလို အချိန်မျိုးမှာဆိုရင် ဘောလုံးတစ်လုံးကို ဆွဲယူပြီး ရိုက်တံနဲ့ နံရံဆီကို ရိုက်ထည့်လိုက်ပါတယ်။

နံရံကြီးကို ကျနော်ရဲ့အထွေထွေမကျေနပ်မှု အဖြစ်သဘောထားပြီး တအားလွှဲရိုက်လိုက်ပါတယ်။

တစ်ချက်……......

နှစ်ချက်…………...

သုံးချက်…………...။

နာရီဝက်လောက်ကြာတော့မှ နေသာထိုင်သာရှိသွားတယ်။

လေးနေတဲ့ စိတ်တွေ ပေါ့ပါးလန်းဆန်းသွားတယ်။

ဒီမြေအောက်ခန်းလေးဟာ ကျနော်ရဲ့“နားခိုရာ”ဖြစ်ပါတယ်။

ဒီလိုနဲ့ ကျနော်ဟာ ဟော်ကီချန်ပီယံ ဖြစ်လာပါတယ်။

အခုဆိုရင် ကျနော်ရဲ့မိဘနှစ်ပါးလည်း အရင်ကလောက် ရန်မဖြစ်ကြတော့ပါ။

“နားခိုရာ”ရဲ့ ကျေးဇူးဖြစ်ပါတယ်။

ဒါဟာ ကနေဒါက ဟော်ကီချန်ပီယံ “သီအိုဒိုရဲ့ငယ်ဘဝ” အတွေ့အကြုံဖြစ်ပါတယ်။


ဘဝမှာ အစဉ်မပြေမှုဆိုတာ လူတိုင်းကြုံကြရမှာပါ။

အစဉ်မပြေမှုကြုံတိုင်း စိတ်ဓါတ်ကျပြီး ဘာမှမလုပ်ပဲနေရင်တော့

ဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူး။

ဒေါသဖြစ်ပြီးပေါက်ကွဲနေရင်လည်း မောရုံပဲအဖတ်တင်လိမ့်မယ်။

ကဲ……ဒီလိုဆို ဘာလုပ်မလဲ?

ဝါသနာပါတာ တစ်ခုခုကို စိတ်ပါလက်ပါ လုပ်နေဖို့လိုလိမ့်မယ်။

ဝါသနာဆိုလို့ ကိုယ်ကိုရော၊ အများကို ပါ မထိခိုက်နိုင်တဲ့အလုပ်မျိုးဖြစ်ဖို့တော့လိုသပေါ့လေ။

ဝါသနာကို ရွေးချယ်တာ မှန်ကန်ရင်တော့ အဆိုးဆုံးတွေဟာ

အကောင်းဆုံးဖြစ်လာမှာအမှန်ပါပဲ။

Saturday, November 28, 2009

ဒီအနမ်းကြောင့် ……...




ပန်းချီဆရာကြီး ဘင်ဂျမင် ဝက်စ်ဟာ ငယ်ငယ်တုန်းကထဲက ပန်းချီဆွဲဝါသနာပါခဲ့ပါတယ်။

သူ့အမေအပြင်ထွက်လေတိုင်းစုတ်တံနဲ့ဆေးတွေယူပြီး ပန်းချီရေးဆွဲပါတော့တယ်။

တစ်နေ့မှာ ပန်းချီရေးဆွဲဖို့ စုတ်တံတွေ၊ ဆေးတွေ၊ စာရွက်တွေ၊နဲ့ အခြားလိုတဲ့ပစ္စည်းကိရိယာတွေ ထုတ်ယူပြီး

ပန်းချီဆွဲတဲ့အခါ အားလုံးညစ်ပတ်ရှုတ်ပွနေပါတော့တယ်။

အမေကလည်းပြန်ရောက်တော့မယ်။

အမေမရောက်ခင်သေသေသပ်သပ်ပြန်လုပ်နေကျ။

ဒီနေ့တော့ ဘယ်လိုမှ မမီတော့ဘူး။

ညစ်ပတ်ရှုတ်ပွနေတာကို အမေမြင်ရင်တော့ ဆူပူကြိမ်းမောင်းခံရတော့မှာ ပဲလို့

ကျနော်ကအဆိုးဆုံးကိုမျှော်လင့်ထားပါတယ်။

အမေရဲ့လုပ်ရပ်က ကျနော်ကို အံ့အားသင့်စေပါတယ်။

ကျနော်ရေးဆွဲထားတဲ့ပုံတွေထဲက ပုံတစ်ပုံကို အမေကယူကြည့်ပြီး

“အို…..သားလေးရယ်….သားလေးရဲ့ညီမလေးပုံကိုရေးထားလိုက်တာ

လှလိုက်တာကွယ်….”လို့ပြောပါတယ်။

ပြီးတော့ မေမေက ပြောပြောဆိုဆိုနဲ့ ကျနော်ကို မွှေးမွှေးတစ်ချက်ပေးပြီး အပြင်ပြန်ထွက်သွားပါတယ်။

ကျနော်အံ့အားသင့်ပြီးကျန်ခဲ့ပါတယ်။

ပြီးတော့ ဝမ်းသာလိုက်တာလည်းမပြောပါနဲ့တော့ ။

“အဲဒီအနမ်းကြောင့် ……..ကျနော် ပန်းချီဆရာကြီးဖြစ်လာခဲ့တာပါ”လို့

ပန်းချီဆရာကြီး ဘင်ဂျမင်ဝက်စ်ကပြောပါတယ်။


ဒီလိုဖြစ်ရပ်မျိုးတွေဟာ ကြည်နူးစရာကောင်းလှပါတယ်။

မိဘနဲ့သားသမီးကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာကိုတွေ့ထိခံစားရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

မိဘတိုင်းဟာ သားသမီးတွေကို လူတော်၊လူကောင်းဖြစ်စေချင်ကြတာ အတူတူပါပဲ။

ဒါပေမယ့် သားသမီးတွေအပေါ် ဆက်ဆံပုံတွေကတော့မတူတော့ပါဘူး။

ကွဲပြားမှုတွေအများကြီးကို သတိပြုမိပါတယ်။

သားသမီးတွေကအပြစ်တစ်ခုခုလုပ်မိရင် ထိုက်သင့်တဲ့အပြစ်ပေးလိုက်ရမှ

သားသမီးတွေကကောင်းမယ်လို့ထင်နေကြပုံပေါ်တယ်။

အပြစ်လုပ်လိုက်ရင်လည်း အပြစ်ပေးလိုက်ရမှ နေသာထိုင်သာရှိသွားသလိုပါပဲ။

မိဘတိုင်းဟာ ငယ်ဘဝကိုဖြတ်သန်းခဲ့သူတွေချည်းပါပဲ။

ဒါပေမယ့် ကာလတွေကြာသွားတဲ့အတွက် ငယ်ဘဝကို မေ့တေ့တေ့ဖြစ်သွားကြပါတယ်။

ကိုယ့်မိဘကကိုယ့်ကိုအပြစ်ရှိလို့အပြစ်ပေးတဲ့အခါမကျေမနပ်ဖြစ်တတ်ကြပြီး

ကိုယ့်သားသမီးတွေကို ဒီလို မဆက်ဆံဘူးလို့တွေးခဲ့ဖူးကြပေမယ့် ကြာတော့ မေ့သွားရော။

မိဘတွေအနေနဲ့ စိတ်ရှည်ရှည်ထားလိုက်ရင် ပြေလည်သွားမယ့်ကိစ္စတွေချည်းပါပဲလို့

ကျနော်တော့ ယုံကြည်ပါတယ်။

ဒါကြောင့် သားသမီးတွေအပေါ် ဘယ်လိုအကြောင်းတွေပဲဖြစ်ဖြစ် ဒေါသနဲ့လွယ်လွယ်ကူကူ

မတုန့်ပြန်ဖို့မေတ္တာရပ်ခံလိုက်ချင်ပါရဲ့။

မေတ္တာက အရာရာကိုကောင်းအောင်စွမ်းဆောင်နိုင်ပါတယ်။

Friday, November 27, 2009

“ဆိတ်ကွယ်ရာအရပ်ဆိုတာ...မရှိပါ”


ရှေးရှေးတုန်းကပေါ့။
ဒိသာပါမောက္ခဆရာကြီးမှာပညာသင်နေတဲ့ တပည့်ပေါင်း (၅၀၀)ရှိနေပါတယ်။
တစ်နေ့မှာတော့ ဆရာကြီးက တပည့်တွေအားလုံးကိုခေါ်ပြီးပြောတာက
“တပည့်တို့.....ငါ့မှာအရွယ်ရောက်နေတဲ့သမီးပျိုတစ်ယောက်ရှိတယ်။
တပည့်တို့ သိတဲ့အတိုင်းပဲ ရုပ်ရည်လည်းလှပတယ်။
လိမ်မာရေခြားလည်းရှိတယ်။ ပညာလည်းတတ်တယ်။
အဲဒီသမီးချောလေးကို တပည့်တို့ထဲက သင့်တော်တဲ့ လူတစ်ယောက်နဲ့ ထိမ်းမြားလက်ထပ်ပေးချင်တယ်။ ဒါပေမယ့် ငါ့သမီးမှာ ဝတ်ဆင်ဖို့၊ သုံးစွဲဖို့၊ပစ္စည်းကလိုနေတယ်။
ဒါကြောင့် ငါ့သမီးကို အလိုကြတယ်ဆိုရင် မောင်တို့ရဲ့အိမ်က လက်ဝတ်ရတနာ၊အဆင်တန်ဆာပစ္စည်းတွေကို ဘယ်သူမှ မသိစေဘဲ တိတ်တဆိတ် ခိုးယူလာကြရမယ်”
လို့ပြောကြားလိုက်ပါတယ်။
အဲဒီတော့ ကျောင်းသားအများစုက သမီးပျိုလေးကို လိုချင်စိတ်ကြောင့် သူတို့အိမ်က ပစ္စည်းဥစ္စာတွေကို သူတစ်ပါးမသိအောင် တိတ်တဆိတ်ခိုးယူပြီး ဆရာကြီးဆီယူလာပေးကြတာပေါ့။ သမီးချောရင်ချောသလောက် သူတစ်ပါးထက်သာအောင်ဆိုပြီးခိုးကြမှာသေချာတယ်။
ဒါလည်း လူစွမ်းကောင်းရွေးပွဲတစ်ခုလို သူ့ထက်သူ လူစွမ်းကောင်းဖြစ်အောင်ဆိုပြီးခိုးယူကြတာပေါ့။
အားလုံးလိုလို ခိုးကြတဲ့အထဲမှာ ကျောင်းသားတစ်ယောက်ကတော့ ဘာတစ်ခုမှ မခိုးယူလာခဲ့ပါဘူး။
ထူးခြားနေတဲ့ကျောင်းသာကို ဆရာကြီးကစိတ်ဝင်စားသွားတာပေါ့။
ဒါကြောင့်အဲဒီကျောင်းသားကို အများရှေ့မှာ ခေါ်ပြီးမေးတယ်။
“ဘာကြောင့် ခိုးမယူလာခဲ့တာလဲ?”

အဲဒီကျောင်းသားက
ဆရာကြီးကဘယ်သူမှ မသိ၊မမြင်အောင်ခိုးလာခဲ့ရမယ်လို့ပြောတယ်။
တကယ်ခိုးမယ်ဆိုရင် ဘယ်သူမှ မသိ၊မမြင်နိုင်ဘူးဆိုပေမယ့် ကျနော်ခိုးရင် ကျနော်ကတော့ သိ၊မြင်နေမှာပဲ။
ဒါကြောင့် ဘယ်သူမှမသိ၊မမြင်အောင် ခိုးဖို့ဆိတ်ကွယ်ရာအရပ်ကို ရှာမတွေ့တဲ့အတွက်
ကျနော် မခိုးခဲ့တာဖြစ်ပါတယ်။”


အဲဒီတော့ ဆရာကြီးက ပညာဉာဏ်အမြော်အမြင်ရှိသူ၊ကိုယ်ကျင့်သီလကောင်းသူဖြစ်တဲ့အဲဒီကျောင်းသားနဲ့ သမီးပျိုလေးကိုပေးစားလိုက်ပါတယ်။
အခြားကျောင်းသားတွေ ခိုးလာတဲ့ ပစ္စည်းတွေကိုလည်း အသီးသီးပြန်ပေးလိုက်ပါသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။
ဒီပုံပြင်လေးဟာ နှစ်ပေါင်း(၂၅၀၀)ကျော်ကျော်ဖြတ်သန်းလာခဲ့ပြီးပြီ။ ထပ်ခါတလဲလဲပြောပေမယ့်မရိုးနိုင်အောင်ဖြစ်ရတဲ့အကြောင်းတွေထဲမှာ ကိုယ်ကျင့်သီလက အဓိက အကြောင်းဖြစ်မယ်ထင်ပါတယ်။
ဒါကြောင့်လည်း နှစ်ပေါင်းများစွာ ကို တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိုင်ခဲ့ခြင်းဖြစ်တယ်။ တကယ်လို့ဆရာကြီးသာငွေကို အဓိကတန်းဖိုးထားခဲ့မယ်ဆိုရင်တော့
အဖြေက ပြောင်းပြန်ဖြစ်သွားမှာသေချာတယ်။

အများဆုံးခိုးနိုင်သူက သမီးပျိုလေးကို ရသွားပါလိမ့်မယ်။
ဒီလိုပုံပြင်မျိုးဆိုရင်လည်း ကာလကြာရှည်မယ် မထင်မိပါ။
ခဏလေးနဲ့တိမ်ကောပျောက်ကွယ်သွားပါလိမ့်မယ်။
ခေတ်က ဘာကိုတန်ဖိုးထားသလဲ? ဆိုတာက အရေးမကြီးပါ။
လူသားတွေရဲ့နှလုံးသားက ဘာကိုတန်ဖိုးထားသလဲ?ဆိုတာကသာ
အရေးကြီးကြောင်းကို ဒီပုံပြင်ကထောက်ပြနေပါတယ်။





Thursday, November 26, 2009

ကြိုးစားနေသရွေ့...အောင်မြင်မယ်...



လူမည်းဆင်းရဲသားလေးဘဝမှ အမေရိကန်ပုံနှိပ်ထုတ်ဝေရေးလောကရဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်လာသူမှာ ဂျွန်ဟာရိုးလ် ဂျွန်ဆင်ဖြစ်တယ်။
သူကအမေ့စကားကို မြေဝယ်မကျ နားထောင်သူဖြစ်တယ်။
သူ့အမေရဲ့ သြဝါဒက“ဖြစ်ရမယ်လို့စွဲစွဲမြဲမြဲယုံကြည်မယ်။
ကိုယ်ရွေးချယ်ထားတဲ့ ပွဲကို ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်းရှိမယ်ဆိုရင် အောင်ပွဲဆိုတာ ပြေးမလွတ်ပါဘူး။ ”
အမေရှိစဉ်ကာလတစ်လျှောက်လုံး သူ့မှာ အခက်အခဲ၊ အကျပ်အတည်းကြုံတိုင်း အမေ့ထံမှာ အကြံတောင်းတယ်။
အဝေးရောက်နေရင်ဖုန်းဆက်တယ်။ တစ်ကြိမ်မှာတော့ ဖုန်းဆက်ရမလွယ်တဲ့ မောတီကျွန်းမှာရောက်နေချိန် အမေရိကရှိသူ့မိခင်ဆီ စကားပြောချင်တဲ့အခါ ကြေးနန်းတိုင်ပေါ်တက်ပြီး ဆက်သွယ်ခဲ့ဖူးပါတယ်။
သူ့တို့သားအမိ ပြောလေ့ရှိတဲ့ စကားတွေကတော့......
“အမေ...ဒီတစ်ခါတော့ ကျနော် သွားပြီထင်တယ်”
“မသွားပါဘူးသားရဲ့၊ အောင်မြင်မှာပါ”
“မဟုတ်ဘူးအမေ......အခုကျနော်ကြုံနေရတဲ့ အခက်အခဲတွေက.................................
.....................................................................................................................................
......................................................................................................................................”
“ဒီမှာသား၊ မင်းဒီကိစ္စအတွက် တကယ်ကြိုးစားပမ်းစားလုပ်ရဲ့လား?”
“လုပ်ပါတယ်အမေ”
“တကယ်သေသေချာချာကြိုးစားနေတာအမှန်ပဲနော်”
“အမှန်ပါပဲ......အမေ”
“ဒါဆို မပူနဲ့သား၊ မင်းတကယ်ကြိုးစားနေတာမှန်ရင် မအောင်မြင်စရာမရှိပါဘူး၊အောင်မြင်လိမ့်မယ်၊
မကြိုးစားတော့ဘူးဆိုတော့မှ တကယ် ရှုံးသွားတာပါ”

သူ့ရဲ့အမေက အဲဒီလိုမျိုးအမေပါ။
သူ့အမေက အလွန်စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးကြီးတစ်ယောက်ဖြစ်တယ်။
“မိမိရဲ့ ဘဝမှာ မိခင်ဆီက စိတ်ဓာတ်ခွန်အားတွေ မရတဲ့နေ့တစ်နေ့မှ မရှိခဲ့ကြောင်း ” ဂျွန်ဆင်ကပြောပါတယ်။

ကြီးကျယ်တဲ့အောင်မြင်မှုရနေသူတွေရဲ့နောက်မှာ စိတ်အားထက်သန်စွာ အားပေးနေတဲ့ မိဘတွေရှိနေတတ်ပါတယ်။
မိဘတွေရဲ့အားပေးကူညီမှုကြောင့်သာ သားသမီးတွေဟာမြင့်သထက်မြင့်မားလာကြတာပါ။
ဒါတွေကို နားလည်၊သဘောပေါက်ဖို့လိုသလို အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။
လုပ်လက်စအလုပ်ကို ခဏရပ်ပြီးမိဘရဲ့ကျေးဇူးကိုစဉ်းစားကြည့်ရအောင်။
ပြီတော့ ကျေးဇူးတင်တဲ့အနေနဲ့ တတ်နိုင်သလောက် အကြွေးဟောင်းကို ဆပ်ရအောင်လား။




Wednesday, November 25, 2009

သီလ၊သမာဓိကောင်းကြတော့......ဆရာဝန်ခင်ဗျာ......ဟီးးးးး



ကျနော်တို့ဆရာဝန်ဖြစ်လာပြီးနောက်မှာတော့ဘယ်နေရာမှာ ဆေးခန်းဖွင့်မလဲ?

ဆိုတဲ့ကိစ္စဟာ ခေါင်းစားရတဲ့ အလုပ်တစ်ခုဖြစ်လာပါတယ်။

ကိုယ်ဆေးခန်းဖွင့်မယ့်နေရာနဲ့ကိုယ်နဲ့အစဉ်မှပြေပါ့မလား?

ဘယ်လိုအခက်အခဲတွေများ တွေ့ရမလဲ?

အတွေးမျိုးစုံကို အမျိုးမျိုးတွေးခဲ့ရပါတယ်။

ဒါနဲ့ပဲသေချာအောင်ဆိုပြီး

တောရွာကလေးတစ်ခုကိုသွားပြီးစုံစမ်းရေးလုပ်ပါတယ်။

အဲဒီတောရွာကလေးကအတော် အေးချမ်းတဲ့နေရာတစ်ခုဆိုတာ

ရွာထဲဝင်တာနဲ့သိရပါတယ်။

ရွာသူရွာသားအများစုကလည်း တောင်ယာအလုပ်တွေကို လုပ်ကြပါတယ်။

ရတာနဲ့ ရောင့်ရဲတင်းတိမ်ကြတယ်။

စေတီပုထိုးတွေလည်း အတော်များများတွေ့ရတယ်။

ရသမျှကိုတတ်နိုင်သလောက် လှုဒါန်းကြပုံပေါ်တယ်။

အကြောင်းကတော့ ဘုန်းကြီးကျောင်းဟာ ရွာမှာတော့ အကြီးမားဆုံးနဲ့ အခမ်းနားဆုံးပါပဲ။

ရွာပြင်ထွက်ပြီး လေ့လာကြည့်တော့ သင်းချိုင်းကုန်းက သေးသေးလေးဖြစ်နေတယ်။

အဲဒီအထဲမှာမှ အုတ်ဂူလေးတစ်ခုကို သာတွေ့ရပြီး လွန်ခဲ့တဲ့

လေး-ငါးနှစ်လောက်ကြာပြီဟု ခန့်မှန်းမိတယ်။

ရွာထဲပြန်ဝင်လာတော့ ရွာထဲမှာ ဆေးခန်းမရှိဘူး။

ရွာမှာရှိတဲ့ လူဦးရေနဲ့ ဆိုရင် ဆေးခန်းဖွင့်ဖို့

အကောင်းဆုံး နေရာတစ်ခုလို့သတ်မှတ်လိုက်ပါတယ်။

ညနေစောင်း၊ တည်းခိုတဲ့အိမ်ရောက်တော့ ရေချိုး၊ထမင်းစားပြီးတော့

အဲဒီအိမ်မှာရှိတဲ့ အသက်အကြီးဆုံး ဖြစ်တဲ့ ဘကြီးတင်ကို

ဒီရွာမှာ ဆေးခန်းဖွင့်ချင်ကြောင်း ပြောလိုက်ပါတယ်။

ဘကြီးတင် ပြောတဲ့စကားကတော့


“ဆေးခန်းဖွင့်ချင်တာတော့ မောင်ရင်လေး သဘောပါပဲ။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဆရာဝန်လေးတစ်ယောက်လည်း ဆေးခန်းလာဖွင့်ဘူးပါတယ်။

ဒီရွာသူရွာသားတွေက သီလ၊သမာဓိကောင်းကြလေတော့

ကျန်းမာရေးလည်းကောင်းကြတယ်ကွဲ့။ဒါနဲ့ပဲ…….”


စကားမဆုံးခင် ကျနော်က ဖြတ်ပြီးမေးလိုက်တာက


“အဲဒီဆရာဝန်လေးရော အစဉ်ပြေလား?

အခုအဲဒီဆရာဝန်လေးဘယ်မှာလဲ?” လို့မေးလိုက်မိပါတယ်။


ဘကြီးတင်က

“အတန်တန်တားတဲ့ကြားက ဆေးခန်းဖွင့်တော့

အခုတော့ သေဆုံးသွားရှာပြီကွယ့်။ ”


” ဘာဖြစ်လို့သေတာလဲ? အဘ”


“ငတ်လို့သေတာပါကွယ်”


ကျနော် ထိုရွာကအပြီးအပိုင် ထွက်ခဲ့ပါတယ်။

ဆေးခန်းလည်းမဖွင့်ဖြစ်တော့ပါ..................။

“မပေးဘူး” ပြောရောပေါ့....



ကျနော်တို့လူမျိုးဟာ အားနာတတ်ကြတယ်။
အားနာတာကို စိတ်ကောင်း၊စေတနာကောင်းရှိတာလို့ထင်တတ်ပြန်တယ်။ မခက်ဘူးလား?
အလွန်ခက်ပါတယ်။ အဲဒီခက်တဲ့အထဲ ကျနော်လည်းပါနေပြန်တယ်။
သူငယ်ချင်းများငွေချေးတာကို အားနာတဲ့အတွက် မရှိတဲ့အထဲချေးပေါင်းလည်းများပြီ။ ပြန်မရပေါင်းလည်းများလှပြီ။
“အားနာတတ်တာဟာ ကြောက်လို့ဖြစ်တာပါ။
အားနာတတ်တာဟာ စိတ်ဓာတ်ပျော့ညံ့လို့ဖြစ်တာပါ။”
ဆိုတာကို သိထားသော်လည်း သူငယ်ချင်းများငွေချေးတိုင်း ချေးဖြစ်နေဆဲပင်။
ပြန်မရနေဆဲပင်။
တိုက်ရိုက်ငြင်းရမှာ ဘယ်လိုအားနာမှန်းမသိပါ။
ကျောင်းများတွင် အားမနာတတ်သော သင်ခန်းစာများထည့်သင်လျှင်ကောင်းမည်ဟု မကြာခဏတွေးမိပါတယ်။


တစ်နေ့မှာတော့ မိတ်ဆွေ တစ်ဦးနဲ့ စကားပြောရင်း အားနာတတ်မှုနဲ့ပက်သက်ပြီးစကားစပ်မိသွားပါတယ်။
သူကနည်းတစ်နည်းကို သင်ပေးသွားပါတယ်။
မကြာခင်မှာပင် သူ့နည်းက အသုံးတည့်သွားပါတယ်။



ကျနော်ရဲ့ငယ်သူငယ်ချင်း နေဝင်းက
“ ငါ့ကို ငွေတစ်သောင်းလောက်ချေးစမ်းပါ”
ကျနော်က “စင်္ကာပူကပြန်လာမှယူကွာ”
“ဘာလဲ မင်းစင်္ကာပူကို သွားမလို့လား?”
“စိတ်တောင်မကူးဘူး”
“ဟာကွာ...မင်းကလဲ....”
သူကရီရီမောမောပြောပြီး ထွက်သွားပါတော့တယ်။
အဲဒီတော့မှ ကျနော်လည်း သက်ပြင်းချနိုင်ပါတော့တယ်။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com