ပန်းချီဆရာကြီး ဘင်ဂျမင် ဝက်စ်ဟာ ငယ်ငယ်တုန်းကထဲက ပန်းချီဆွဲဝါသနာပါခဲ့ပါတယ်။
သူ့အမေအပြင်ထွက်လေတိုင်းစုတ်တံနဲ့ဆေးတွေယူပြီး ပန်းချီရေးဆွဲပါတော့တယ်။
တစ်နေ့မှာ ပန်းချီရေးဆွဲဖို့ စုတ်တံတွေ၊ ဆေးတွေ၊ စာရွက်တွေ၊နဲ့ အခြားလိုတဲ့ပစ္စည်းကိရိယာတွေ ထုတ်ယူပြီး
ပန်းချီဆွဲတဲ့အခါ အားလုံးညစ်ပတ်ရှုတ်ပွနေပါတော့တယ်။
အမေကလည်းပြန်ရောက်တော့မယ်။
အမေမရောက်ခင်သေသေသပ်သပ်ပြန်လုပ်နေကျ။
ဒီနေ့တော့ ဘယ်လိုမှ မမီတော့ဘူး။
ညစ်ပတ်ရှုတ်ပွနေတာကို အမေမြင်ရင်တော့ ဆူပူကြိမ်းမောင်းခံရတော့မှာ ပဲလို့
ကျနော်ကအဆိုးဆုံးကိုမျှော်လင့်ထားပါတယ်။
အမေရဲ့လုပ်ရပ်က ကျနော်ကို အံ့အားသင့်စေပါတယ်။
ကျနော်ရေးဆွဲထားတဲ့ပုံတွေထဲက ပုံတစ်ပုံကို အမေကယူကြည့်ပြီး
“အို…..သားလေးရယ်….သားလေးရဲ့ညီမလေးပုံကိုရေးထားလိုက်တာ
လှလိုက်တာကွယ်….”လို့ပြောပါတယ်။
ပြီးတော့ မေမေက ပြောပြောဆိုဆိုနဲ့ ကျနော်ကို မွှေးမွှေးတစ်ချက်ပေးပြီး အပြင်ပြန်ထွက်သွားပါတယ်။
ကျနော်အံ့အားသင့်ပြီးကျန်ခဲ့ပါတယ်။
ပြီးတော့ ဝမ်းသာလိုက်တာလည်းမပြောပါနဲ့တော့ ။
“အဲဒီအနမ်းကြောင့် ……..ကျနော် ပန်းချီဆရာကြီးဖြစ်လာခဲ့တာပါ”လို့
ပန်းချီဆရာကြီး ဘင်ဂျမင်ဝက်စ်ကပြောပါတယ်။
မိဘနဲ့သားသမီးကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာကိုတွေ့ထိခံစားရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
မိဘတိုင်းဟာ သားသမီးတွေကို လူတော်၊လူကောင်းဖြစ်စေချင်ကြတာ အတူတူပါပဲ။
ဒါပေမယ့် သားသမီးတွေအပေါ် ဆက်ဆံပုံတွေကတော့မတူတော့ပါဘူး။
ကွဲပြားမှုတွေအများကြီးကို သတိပြုမိပါတယ်။
သားသမီးတွေကအပြစ်တစ်ခုခုလုပ်မိရင် ထိုက်သင့်တဲ့အပြစ်ပေးလိုက်ရမှ
သားသမီးတွေကကောင်းမယ်လို့ထင်နေကြပုံပေါ်တယ်။
အပြစ်လုပ်လိုက်ရင်လည်း အပြစ်ပေးလိုက်ရမှ နေသာထိုင်သာရှိသွားသလိုပါပဲ။
မိဘတိုင်းဟာ ငယ်ဘဝကိုဖြတ်သန်းခဲ့သူတွေချည်းပါပဲ။
ဒါပေမယ့် ကာလတွေကြာသွားတဲ့အတွက် ငယ်ဘဝကို မေ့တေ့တေ့ဖြစ်သွားကြပါတယ်။
ကိုယ့်မိဘကကိုယ့်ကိုအပြစ်ရှိလို့အပြစ်ပေးတဲ့အခါမကျေမနပ်ဖြစ်တတ်ကြပြီး
ကိုယ့်သားသမီးတွေကို ဒီလို မဆက်ဆံဘူးလို့တွေးခဲ့ဖူးကြပေမယ့် ကြာတော့ မေ့သွားရော။
မိဘတွေအနေနဲ့ စိတ်ရှည်ရှည်ထားလိုက်ရင် ပြေလည်သွားမယ့်ကိစ္စတွေချည်းပါပဲလို့
ကျနော်တော့ ယုံကြည်ပါတယ်။
ဒါကြောင့် သားသမီးတွေအပေါ် ဘယ်လိုအကြောင်းတွေပဲဖြစ်ဖြစ် ဒေါသနဲ့လွယ်လွယ်ကူကူ
မတုန့်ပြန်ဖို့မေတ္တာရပ်ခံလိုက်ချင်ပါရဲ့။
မေတ္တာက အရာရာကိုကောင်းအောင်စွမ်းဆောင်နိုင်ပါတယ်။
No comments:
Post a Comment