Saturday, November 28, 2009

ဒီအနမ်းကြောင့် ……...




ပန်းချီဆရာကြီး ဘင်ဂျမင် ဝက်စ်ဟာ ငယ်ငယ်တုန်းကထဲက ပန်းချီဆွဲဝါသနာပါခဲ့ပါတယ်။

သူ့အမေအပြင်ထွက်လေတိုင်းစုတ်တံနဲ့ဆေးတွေယူပြီး ပန်းချီရေးဆွဲပါတော့တယ်။

တစ်နေ့မှာ ပန်းချီရေးဆွဲဖို့ စုတ်တံတွေ၊ ဆေးတွေ၊ စာရွက်တွေ၊နဲ့ အခြားလိုတဲ့ပစ္စည်းကိရိယာတွေ ထုတ်ယူပြီး

ပန်းချီဆွဲတဲ့အခါ အားလုံးညစ်ပတ်ရှုတ်ပွနေပါတော့တယ်။

အမေကလည်းပြန်ရောက်တော့မယ်။

အမေမရောက်ခင်သေသေသပ်သပ်ပြန်လုပ်နေကျ။

ဒီနေ့တော့ ဘယ်လိုမှ မမီတော့ဘူး။

ညစ်ပတ်ရှုတ်ပွနေတာကို အမေမြင်ရင်တော့ ဆူပူကြိမ်းမောင်းခံရတော့မှာ ပဲလို့

ကျနော်ကအဆိုးဆုံးကိုမျှော်လင့်ထားပါတယ်။

အမေရဲ့လုပ်ရပ်က ကျနော်ကို အံ့အားသင့်စေပါတယ်။

ကျနော်ရေးဆွဲထားတဲ့ပုံတွေထဲက ပုံတစ်ပုံကို အမေကယူကြည့်ပြီး

“အို…..သားလေးရယ်….သားလေးရဲ့ညီမလေးပုံကိုရေးထားလိုက်တာ

လှလိုက်တာကွယ်….”လို့ပြောပါတယ်။

ပြီးတော့ မေမေက ပြောပြောဆိုဆိုနဲ့ ကျနော်ကို မွှေးမွှေးတစ်ချက်ပေးပြီး အပြင်ပြန်ထွက်သွားပါတယ်။

ကျနော်အံ့အားသင့်ပြီးကျန်ခဲ့ပါတယ်။

ပြီးတော့ ဝမ်းသာလိုက်တာလည်းမပြောပါနဲ့တော့ ။

“အဲဒီအနမ်းကြောင့် ……..ကျနော် ပန်းချီဆရာကြီးဖြစ်လာခဲ့တာပါ”လို့

ပန်းချီဆရာကြီး ဘင်ဂျမင်ဝက်စ်ကပြောပါတယ်။


ဒီလိုဖြစ်ရပ်မျိုးတွေဟာ ကြည်နူးစရာကောင်းလှပါတယ်။

မိဘနဲ့သားသမီးကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာကိုတွေ့ထိခံစားရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

မိဘတိုင်းဟာ သားသမီးတွေကို လူတော်၊လူကောင်းဖြစ်စေချင်ကြတာ အတူတူပါပဲ။

ဒါပေမယ့် သားသမီးတွေအပေါ် ဆက်ဆံပုံတွေကတော့မတူတော့ပါဘူး။

ကွဲပြားမှုတွေအများကြီးကို သတိပြုမိပါတယ်။

သားသမီးတွေကအပြစ်တစ်ခုခုလုပ်မိရင် ထိုက်သင့်တဲ့အပြစ်ပေးလိုက်ရမှ

သားသမီးတွေကကောင်းမယ်လို့ထင်နေကြပုံပေါ်တယ်။

အပြစ်လုပ်လိုက်ရင်လည်း အပြစ်ပေးလိုက်ရမှ နေသာထိုင်သာရှိသွားသလိုပါပဲ။

မိဘတိုင်းဟာ ငယ်ဘဝကိုဖြတ်သန်းခဲ့သူတွေချည်းပါပဲ။

ဒါပေမယ့် ကာလတွေကြာသွားတဲ့အတွက် ငယ်ဘဝကို မေ့တေ့တေ့ဖြစ်သွားကြပါတယ်။

ကိုယ့်မိဘကကိုယ့်ကိုအပြစ်ရှိလို့အပြစ်ပေးတဲ့အခါမကျေမနပ်ဖြစ်တတ်ကြပြီး

ကိုယ့်သားသမီးတွေကို ဒီလို မဆက်ဆံဘူးလို့တွေးခဲ့ဖူးကြပေမယ့် ကြာတော့ မေ့သွားရော။

မိဘတွေအနေနဲ့ စိတ်ရှည်ရှည်ထားလိုက်ရင် ပြေလည်သွားမယ့်ကိစ္စတွေချည်းပါပဲလို့

ကျနော်တော့ ယုံကြည်ပါတယ်။

ဒါကြောင့် သားသမီးတွေအပေါ် ဘယ်လိုအကြောင်းတွေပဲဖြစ်ဖြစ် ဒေါသနဲ့လွယ်လွယ်ကူကူ

မတုန့်ပြန်ဖို့မေတ္တာရပ်ခံလိုက်ချင်ပါရဲ့။

မေတ္တာက အရာရာကိုကောင်းအောင်စွမ်းဆောင်နိုင်ပါတယ်။

Friday, November 27, 2009

“ဆိတ်ကွယ်ရာအရပ်ဆိုတာ...မရှိပါ”


ရှေးရှေးတုန်းကပေါ့။
ဒိသာပါမောက္ခဆရာကြီးမှာပညာသင်နေတဲ့ တပည့်ပေါင်း (၅၀၀)ရှိနေပါတယ်။
တစ်နေ့မှာတော့ ဆရာကြီးက တပည့်တွေအားလုံးကိုခေါ်ပြီးပြောတာက
“တပည့်တို့.....ငါ့မှာအရွယ်ရောက်နေတဲ့သမီးပျိုတစ်ယောက်ရှိတယ်။
တပည့်တို့ သိတဲ့အတိုင်းပဲ ရုပ်ရည်လည်းလှပတယ်။
လိမ်မာရေခြားလည်းရှိတယ်။ ပညာလည်းတတ်တယ်။
အဲဒီသမီးချောလေးကို တပည့်တို့ထဲက သင့်တော်တဲ့ လူတစ်ယောက်နဲ့ ထိမ်းမြားလက်ထပ်ပေးချင်တယ်။ ဒါပေမယ့် ငါ့သမီးမှာ ဝတ်ဆင်ဖို့၊ သုံးစွဲဖို့၊ပစ္စည်းကလိုနေတယ်။
ဒါကြောင့် ငါ့သမီးကို အလိုကြတယ်ဆိုရင် မောင်တို့ရဲ့အိမ်က လက်ဝတ်ရတနာ၊အဆင်တန်ဆာပစ္စည်းတွေကို ဘယ်သူမှ မသိစေဘဲ တိတ်တဆိတ် ခိုးယူလာကြရမယ်”
လို့ပြောကြားလိုက်ပါတယ်။
အဲဒီတော့ ကျောင်းသားအများစုက သမီးပျိုလေးကို လိုချင်စိတ်ကြောင့် သူတို့အိမ်က ပစ္စည်းဥစ္စာတွေကို သူတစ်ပါးမသိအောင် တိတ်တဆိတ်ခိုးယူပြီး ဆရာကြီးဆီယူလာပေးကြတာပေါ့။ သမီးချောရင်ချောသလောက် သူတစ်ပါးထက်သာအောင်ဆိုပြီးခိုးကြမှာသေချာတယ်။
ဒါလည်း လူစွမ်းကောင်းရွေးပွဲတစ်ခုလို သူ့ထက်သူ လူစွမ်းကောင်းဖြစ်အောင်ဆိုပြီးခိုးယူကြတာပေါ့။
အားလုံးလိုလို ခိုးကြတဲ့အထဲမှာ ကျောင်းသားတစ်ယောက်ကတော့ ဘာတစ်ခုမှ မခိုးယူလာခဲ့ပါဘူး။
ထူးခြားနေတဲ့ကျောင်းသာကို ဆရာကြီးကစိတ်ဝင်စားသွားတာပေါ့။
ဒါကြောင့်အဲဒီကျောင်းသားကို အများရှေ့မှာ ခေါ်ပြီးမေးတယ်။
“ဘာကြောင့် ခိုးမယူလာခဲ့တာလဲ?”

အဲဒီကျောင်းသားက
ဆရာကြီးကဘယ်သူမှ မသိ၊မမြင်အောင်ခိုးလာခဲ့ရမယ်လို့ပြောတယ်။
တကယ်ခိုးမယ်ဆိုရင် ဘယ်သူမှ မသိ၊မမြင်နိုင်ဘူးဆိုပေမယ့် ကျနော်ခိုးရင် ကျနော်ကတော့ သိ၊မြင်နေမှာပဲ။
ဒါကြောင့် ဘယ်သူမှမသိ၊မမြင်အောင် ခိုးဖို့ဆိတ်ကွယ်ရာအရပ်ကို ရှာမတွေ့တဲ့အတွက်
ကျနော် မခိုးခဲ့တာဖြစ်ပါတယ်။”


အဲဒီတော့ ဆရာကြီးက ပညာဉာဏ်အမြော်အမြင်ရှိသူ၊ကိုယ်ကျင့်သီလကောင်းသူဖြစ်တဲ့အဲဒီကျောင်းသားနဲ့ သမီးပျိုလေးကိုပေးစားလိုက်ပါတယ်။
အခြားကျောင်းသားတွေ ခိုးလာတဲ့ ပစ္စည်းတွေကိုလည်း အသီးသီးပြန်ပေးလိုက်ပါသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။
ဒီပုံပြင်လေးဟာ နှစ်ပေါင်း(၂၅၀၀)ကျော်ကျော်ဖြတ်သန်းလာခဲ့ပြီးပြီ။ ထပ်ခါတလဲလဲပြောပေမယ့်မရိုးနိုင်အောင်ဖြစ်ရတဲ့အကြောင်းတွေထဲမှာ ကိုယ်ကျင့်သီလက အဓိက အကြောင်းဖြစ်မယ်ထင်ပါတယ်။
ဒါကြောင့်လည်း နှစ်ပေါင်းများစွာ ကို တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိုင်ခဲ့ခြင်းဖြစ်တယ်။ တကယ်လို့ဆရာကြီးသာငွေကို အဓိကတန်းဖိုးထားခဲ့မယ်ဆိုရင်တော့
အဖြေက ပြောင်းပြန်ဖြစ်သွားမှာသေချာတယ်။

အများဆုံးခိုးနိုင်သူက သမီးပျိုလေးကို ရသွားပါလိမ့်မယ်။
ဒီလိုပုံပြင်မျိုးဆိုရင်လည်း ကာလကြာရှည်မယ် မထင်မိပါ။
ခဏလေးနဲ့တိမ်ကောပျောက်ကွယ်သွားပါလိမ့်မယ်။
ခေတ်က ဘာကိုတန်ဖိုးထားသလဲ? ဆိုတာက အရေးမကြီးပါ။
လူသားတွေရဲ့နှလုံးသားက ဘာကိုတန်ဖိုးထားသလဲ?ဆိုတာကသာ
အရေးကြီးကြောင်းကို ဒီပုံပြင်ကထောက်ပြနေပါတယ်။





Thursday, November 26, 2009

ကြိုးစားနေသရွေ့...အောင်မြင်မယ်...



လူမည်းဆင်းရဲသားလေးဘဝမှ အမေရိကန်ပုံနှိပ်ထုတ်ဝေရေးလောကရဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်လာသူမှာ ဂျွန်ဟာရိုးလ် ဂျွန်ဆင်ဖြစ်တယ်။
သူကအမေ့စကားကို မြေဝယ်မကျ နားထောင်သူဖြစ်တယ်။
သူ့အမေရဲ့ သြဝါဒက“ဖြစ်ရမယ်လို့စွဲစွဲမြဲမြဲယုံကြည်မယ်။
ကိုယ်ရွေးချယ်ထားတဲ့ ပွဲကို ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်းရှိမယ်ဆိုရင် အောင်ပွဲဆိုတာ ပြေးမလွတ်ပါဘူး။ ”
အမေရှိစဉ်ကာလတစ်လျှောက်လုံး သူ့မှာ အခက်အခဲ၊ အကျပ်အတည်းကြုံတိုင်း အမေ့ထံမှာ အကြံတောင်းတယ်။
အဝေးရောက်နေရင်ဖုန်းဆက်တယ်။ တစ်ကြိမ်မှာတော့ ဖုန်းဆက်ရမလွယ်တဲ့ မောတီကျွန်းမှာရောက်နေချိန် အမေရိကရှိသူ့မိခင်ဆီ စကားပြောချင်တဲ့အခါ ကြေးနန်းတိုင်ပေါ်တက်ပြီး ဆက်သွယ်ခဲ့ဖူးပါတယ်။
သူ့တို့သားအမိ ပြောလေ့ရှိတဲ့ စကားတွေကတော့......
“အမေ...ဒီတစ်ခါတော့ ကျနော် သွားပြီထင်တယ်”
“မသွားပါဘူးသားရဲ့၊ အောင်မြင်မှာပါ”
“မဟုတ်ဘူးအမေ......အခုကျနော်ကြုံနေရတဲ့ အခက်အခဲတွေက.................................
.....................................................................................................................................
......................................................................................................................................”
“ဒီမှာသား၊ မင်းဒီကိစ္စအတွက် တကယ်ကြိုးစားပမ်းစားလုပ်ရဲ့လား?”
“လုပ်ပါတယ်အမေ”
“တကယ်သေသေချာချာကြိုးစားနေတာအမှန်ပဲနော်”
“အမှန်ပါပဲ......အမေ”
“ဒါဆို မပူနဲ့သား၊ မင်းတကယ်ကြိုးစားနေတာမှန်ရင် မအောင်မြင်စရာမရှိပါဘူး၊အောင်မြင်လိမ့်မယ်၊
မကြိုးစားတော့ဘူးဆိုတော့မှ တကယ် ရှုံးသွားတာပါ”

သူ့ရဲ့အမေက အဲဒီလိုမျိုးအမေပါ။
သူ့အမေက အလွန်စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးကြီးတစ်ယောက်ဖြစ်တယ်။
“မိမိရဲ့ ဘဝမှာ မိခင်ဆီက စိတ်ဓာတ်ခွန်အားတွေ မရတဲ့နေ့တစ်နေ့မှ မရှိခဲ့ကြောင်း ” ဂျွန်ဆင်ကပြောပါတယ်။

ကြီးကျယ်တဲ့အောင်မြင်မှုရနေသူတွေရဲ့နောက်မှာ စိတ်အားထက်သန်စွာ အားပေးနေတဲ့ မိဘတွေရှိနေတတ်ပါတယ်။
မိဘတွေရဲ့အားပေးကူညီမှုကြောင့်သာ သားသမီးတွေဟာမြင့်သထက်မြင့်မားလာကြတာပါ။
ဒါတွေကို နားလည်၊သဘောပေါက်ဖို့လိုသလို အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။
လုပ်လက်စအလုပ်ကို ခဏရပ်ပြီးမိဘရဲ့ကျေးဇူးကိုစဉ်းစားကြည့်ရအောင်။
ပြီတော့ ကျေးဇူးတင်တဲ့အနေနဲ့ တတ်နိုင်သလောက် အကြွေးဟောင်းကို ဆပ်ရအောင်လား။




Wednesday, November 25, 2009

သီလ၊သမာဓိကောင်းကြတော့......ဆရာဝန်ခင်ဗျာ......ဟီးးးးး



ကျနော်တို့ဆရာဝန်ဖြစ်လာပြီးနောက်မှာတော့ဘယ်နေရာမှာ ဆေးခန်းဖွင့်မလဲ?

ဆိုတဲ့ကိစ္စဟာ ခေါင်းစားရတဲ့ အလုပ်တစ်ခုဖြစ်လာပါတယ်။

ကိုယ်ဆေးခန်းဖွင့်မယ့်နေရာနဲ့ကိုယ်နဲ့အစဉ်မှပြေပါ့မလား?

ဘယ်လိုအခက်အခဲတွေများ တွေ့ရမလဲ?

အတွေးမျိုးစုံကို အမျိုးမျိုးတွေးခဲ့ရပါတယ်။

ဒါနဲ့ပဲသေချာအောင်ဆိုပြီး

တောရွာကလေးတစ်ခုကိုသွားပြီးစုံစမ်းရေးလုပ်ပါတယ်။

အဲဒီတောရွာကလေးကအတော် အေးချမ်းတဲ့နေရာတစ်ခုဆိုတာ

ရွာထဲဝင်တာနဲ့သိရပါတယ်။

ရွာသူရွာသားအများစုကလည်း တောင်ယာအလုပ်တွေကို လုပ်ကြပါတယ်။

ရတာနဲ့ ရောင့်ရဲတင်းတိမ်ကြတယ်။

စေတီပုထိုးတွေလည်း အတော်များများတွေ့ရတယ်။

ရသမျှကိုတတ်နိုင်သလောက် လှုဒါန်းကြပုံပေါ်တယ်။

အကြောင်းကတော့ ဘုန်းကြီးကျောင်းဟာ ရွာမှာတော့ အကြီးမားဆုံးနဲ့ အခမ်းနားဆုံးပါပဲ။

ရွာပြင်ထွက်ပြီး လေ့လာကြည့်တော့ သင်းချိုင်းကုန်းက သေးသေးလေးဖြစ်နေတယ်။

အဲဒီအထဲမှာမှ အုတ်ဂူလေးတစ်ခုကို သာတွေ့ရပြီး လွန်ခဲ့တဲ့

လေး-ငါးနှစ်လောက်ကြာပြီဟု ခန့်မှန်းမိတယ်။

ရွာထဲပြန်ဝင်လာတော့ ရွာထဲမှာ ဆေးခန်းမရှိဘူး။

ရွာမှာရှိတဲ့ လူဦးရေနဲ့ ဆိုရင် ဆေးခန်းဖွင့်ဖို့

အကောင်းဆုံး နေရာတစ်ခုလို့သတ်မှတ်လိုက်ပါတယ်။

ညနေစောင်း၊ တည်းခိုတဲ့အိမ်ရောက်တော့ ရေချိုး၊ထမင်းစားပြီးတော့

အဲဒီအိမ်မှာရှိတဲ့ အသက်အကြီးဆုံး ဖြစ်တဲ့ ဘကြီးတင်ကို

ဒီရွာမှာ ဆေးခန်းဖွင့်ချင်ကြောင်း ပြောလိုက်ပါတယ်။

ဘကြီးတင် ပြောတဲ့စကားကတော့


“ဆေးခန်းဖွင့်ချင်တာတော့ မောင်ရင်လေး သဘောပါပဲ။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဆရာဝန်လေးတစ်ယောက်လည်း ဆေးခန်းလာဖွင့်ဘူးပါတယ်။

ဒီရွာသူရွာသားတွေက သီလ၊သမာဓိကောင်းကြလေတော့

ကျန်းမာရေးလည်းကောင်းကြတယ်ကွဲ့။ဒါနဲ့ပဲ…….”


စကားမဆုံးခင် ကျနော်က ဖြတ်ပြီးမေးလိုက်တာက


“အဲဒီဆရာဝန်လေးရော အစဉ်ပြေလား?

အခုအဲဒီဆရာဝန်လေးဘယ်မှာလဲ?” လို့မေးလိုက်မိပါတယ်။


ဘကြီးတင်က

“အတန်တန်တားတဲ့ကြားက ဆေးခန်းဖွင့်တော့

အခုတော့ သေဆုံးသွားရှာပြီကွယ့်။ ”


” ဘာဖြစ်လို့သေတာလဲ? အဘ”


“ငတ်လို့သေတာပါကွယ်”


ကျနော် ထိုရွာကအပြီးအပိုင် ထွက်ခဲ့ပါတယ်။

ဆေးခန်းလည်းမဖွင့်ဖြစ်တော့ပါ..................။

“မပေးဘူး” ပြောရောပေါ့....



ကျနော်တို့လူမျိုးဟာ အားနာတတ်ကြတယ်။
အားနာတာကို စိတ်ကောင်း၊စေတနာကောင်းရှိတာလို့ထင်တတ်ပြန်တယ်။ မခက်ဘူးလား?
အလွန်ခက်ပါတယ်။ အဲဒီခက်တဲ့အထဲ ကျနော်လည်းပါနေပြန်တယ်။
သူငယ်ချင်းများငွေချေးတာကို အားနာတဲ့အတွက် မရှိတဲ့အထဲချေးပေါင်းလည်းများပြီ။ ပြန်မရပေါင်းလည်းများလှပြီ။
“အားနာတတ်တာဟာ ကြောက်လို့ဖြစ်တာပါ။
အားနာတတ်တာဟာ စိတ်ဓာတ်ပျော့ညံ့လို့ဖြစ်တာပါ။”
ဆိုတာကို သိထားသော်လည်း သူငယ်ချင်းများငွေချေးတိုင်း ချေးဖြစ်နေဆဲပင်။
ပြန်မရနေဆဲပင်။
တိုက်ရိုက်ငြင်းရမှာ ဘယ်လိုအားနာမှန်းမသိပါ။
ကျောင်းများတွင် အားမနာတတ်သော သင်ခန်းစာများထည့်သင်လျှင်ကောင်းမည်ဟု မကြာခဏတွေးမိပါတယ်။


တစ်နေ့မှာတော့ မိတ်ဆွေ တစ်ဦးနဲ့ စကားပြောရင်း အားနာတတ်မှုနဲ့ပက်သက်ပြီးစကားစပ်မိသွားပါတယ်။
သူကနည်းတစ်နည်းကို သင်ပေးသွားပါတယ်။
မကြာခင်မှာပင် သူ့နည်းက အသုံးတည့်သွားပါတယ်။



ကျနော်ရဲ့ငယ်သူငယ်ချင်း နေဝင်းက
“ ငါ့ကို ငွေတစ်သောင်းလောက်ချေးစမ်းပါ”
ကျနော်က “စင်္ကာပူကပြန်လာမှယူကွာ”
“ဘာလဲ မင်းစင်္ကာပူကို သွားမလို့လား?”
“စိတ်တောင်မကူးဘူး”
“ဟာကွာ...မင်းကလဲ....”
သူကရီရီမောမောပြောပြီး ထွက်သွားပါတော့တယ်။
အဲဒီတော့မှ ကျနော်လည်း သက်ပြင်းချနိုင်ပါတော့တယ်။



"လူသားဆိုတဲ့တန်ဖိုး..."



တစ်ခါတုန်းက တနင်္ဂနွေရက် တစ်ရက်တွင်ကျနော်က အားလပ်နေတယ်။
ဘာလုပ်ရမလဲဟု တွေးနေစဉ်
မိတ်ဆွေတစ်ဦးက ဟောပြောပွဲတစ်ခု သွားနားထောင်ဖို့အဖေါ်ညှိပါတယ်။
အပြောင်းအလဲသဘောနဲ့လိုက်သွားဖြစ်ပါတယ်။
ဟောပြောသူအများထဲက တစ်ဦးကိုတော့ မှတ်မှတ်ရရ ဖြစ်နေပါတယ်။
နားထောင်နေသော ပရိသတ်ကတော်တော် များပါတယ်။
ပရိသတ်အရေအတွက် အတိအကျတော့ မသိပါဘူး။
ပရိသတ်အများအပြားရှေ့တွင် ဟောပြောသူ ဦးတင်မောင်အေး က
စိတ်အားထက်သန်စွာ ပြောနေပါတယ်။
သူ့ရဲ့ထူးခြားချက်ကတော့ ရိုးသားခြင်း ဟုထင်မိပါတယ်။
ဟောပြောနေရင်း သူ့ရဲ့လက်က ငွေ တစ်ထောင်ကျပ်တန်ကိုထုတ်ပြီး ကိုင်ထားပါတယ်။
ထိုငွေစက္ကူကို ကိုင်မြှောက်ပြပြီး…
“ ဒီငွေ တစ်ထောင်ကျပ်ကို ဘယ်သူလိုချင်သလဲ?
လိုချင်တဲ့သူ လက်မြှောက်ပြပါ ”လို့ပြောလိုက်ပါတယ်။
ပရိသတ်ထဲက နေရာတိုင်းမှာလက်တွေမြှောက်လာတာတွေ့ရပါတယ်။
“ကျနော် ဒီငွေကို တစ်ယောက်ယောက်ကိုပေးပါ့မယ်။
ဒါပေမယ့် ကျနော်ကို ပထမ ဒါတော့လုပ်ခွင့်ပေးပါ။”
လို့ပြောရင်း ငွေစက္ကူကို လက်နဲ့ခြေမွပစ်လိုက်ပါတယ်။ ပြီးတော့
“ကဲ…..အခုဆိုရင်ရော…ဘယ်သူလိုချင်ကြသေးလဲ?”လို့ထပ်မေးပါတယ်။
မကြာခင်မှာပင် ထောင်ခဲ့တဲ့ လက်တွေလေထဲပြန်ထောင်လာပါတယ်။
“ကောင်းပြီ၊ ကျနော် ဒီလိုလုပ်ရင်ကော! လို့ပြောပြောဆိုဆို
ငွေစက္ကူကို မြေကြီးပေါ်ချပြီးဖိနပ်နဲ့နင်းခြေပါတယ်။
ပြီးတော့ ကောက်ယူလိုက်ပါတယ်။
အားလုံးညစ်ပတ်စုတ်ကြေသွားပါတယ်။
အဲဒီနောက် “ကဲ……အခုရော…ဘယ်သူလိုချင်သေးလဲ?လို့ ထပ်မေးပြန်ပါတယ်။
ထောင်ခဲ့တဲ့လက်တွေ လေထဲမြှောက်လာပြန်ပါတယ်။
“ကျနော် ဘာဘဲလုပ်လုပ် ခင်ဗျားတို့ကလိုချင်နေတာပဲ။
ဘာကြောင့်ဆိုတော့ဒီငွေ တစ်ထောင်ကျပ်ရဲ့ တန်ဖိုးကလျော့မသွားလို့ပေါ့။
ညစ်ပတ်စုတ်ကြေသွားလည်းပဲ ငွေတစ်ထောင်ဟာ တစ်ထောင်တန်ဖိုး ရှိနေဆဲပဲမဟုတ်လား?
ကဲ.....ကျနော်တို့ရဲ့ဘဝမှာလည်း ဒီလိုပါပဲ။
တန်ဖိုး အလျှော့ချခံရတာတို့၊
တွန့်ကြေဒဏ်ခံရတာတို့၊
မြေမှာလူးပြီးညစ်ပတ်တဲ့အဖြစ်နဲ့ကြုံရတာတို့၊
ပြီးတော့…………………………………ခံရတာတို့၊
ပြီးတော့…………………………………ခံရတာတို့၊
ပြီးတော့…………………………………ခံရတာတို့၊
ရှိခဲ့ပါတယ်။

လုပ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေ၊
တွေ့ကြုံရတဲ့အခြေအနေတွေကြောင့်
ဒုက္ခအမျိုးမျိုးကြုံရတတ်ပါတယ်။
အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတော့ဘူးလို့ မိမိဘာသာမြင်လာတတ်ပါတယ်။
အခြားလူတွေရဲ့အမြင်မှာလည်း အလားတူအမြင်မျိုး ဖြစ်လာတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊
လူသားဆိုတဲ့တန်ဖိုးကတော့ ဆုံးရှုံးသွားမှာမဟုတ်သလို
အဲဒီတန်ဖိုးကို ဘယ်သူကမှ လျော့ချလို့မရပါဘူး။
“ကိုယ့်ရဲ့တန်ဖိုးအစစ်အမှန်ကို ဘယ်တော့မှ မမေ့ဖို့ သတိပေးလိုက်ချင်ပါရဲ့”..............။

Tuesday, November 24, 2009

စေတနာကောင်းရင်…ဉာဏ်ကောင်းပါတယ်…


တစ်ခါတုန်းကပေါ့ အဖိုးနဲ့မြေးနှစ်ယောက်ဟာ တောင်ပေါ်အိမ်မှာ နေကြတယ်။
အဖိုးရဲ့နာမည်က“ ဘကြီးထွန်း”ပါ။
လယ်သမားကြီးပေါ့။
ဘကြီးထွန်းဟာစေတနာကောင်းပြီး ဉာဏ်အမြော်အမြင်လည်း ရှိပါတယ်။
အဖိုးရဲ့မြေးလေးကတော့ “အဲမိုး”လို့ခေါ်ပါတယ်။
အဖိုးတို့ရဲ့အိမ်ပတ်ပတ်လည်မှာတော့ လယ်ကွင်းတွေ ဝိုင်းနေပါတယ်။
စပါးခင်းတွေကလည်း ဝင်းမှည့်နေပြီ။
မကြာခင်မှာဘဲ စပါးတွေရိတ်သိမ်းရတော့မယ်။
လယ်သမားတွေကတော့ ပျော်ကြတာပေါ့။ဒီနှစ် အလှူတွေ လုပ်ရတော့မယ်။
လယ်သမားတွေကတော့ တစ်နေ့လုံး လယ်ယာလုပ်ငန်းတွေလုပ်ကိုင်ပြီး
ညနေဆိုရင် တောင်ခြေမှာရှိတဲ့ရွာကိုပြန်ပါတယ်။
တောင်ခြေရွာက ပင်လယ်ကမ်းစပ်နားမှာရှိတယ်။
တစ်နေ့တော့ အဖိုးနဲ့မြေးလေးဟာ
အလုပ်သိမ်းပြီမို့
တောင်ပေါ်က နေဝင်ဆည်းဆာကို ကြည့်ဖို့အိမ်ကထွက်လာတယ်။
ပင်လယ်ပြင်ပေါ်က တိမ်ညိုမည်းကိုတွေ့ရတော့ ဇဝေဇဝါဖြစ်သွားတယ်။
မြင့်မြင့်မားမား တက်လာတဲ့ တိမ်တိုက်မည်းတွေဟာ ပင်လယ်ပြင်ကိုဖြတ်ပြီး သူတို့ဆီကိုအလျှင်အမြန် ရွေ့ရှားနေတာကိုတွေ့ရတယ်။
ဒါနဲ့ပဲ အဖိုးက “အဲမိုး အိမ်ကမီးစွဲနေတဲ့ထင်းချောင်းနှစ်ချောင်းကို အမြန်သွားယူစမ်းပါ။ မြန်မြန်နော်။”
မြေးလေးအဲမိုးကလည်း အဖိုးပြောတဲ့အတိုင်း အမြန်ပြေးပြီးယူလာပါတယ်။ မီးစွဲနေတဲ့ထင်းချောင်းနှစ်ချောင်းကိုရတော့
အဖိုးက ဝင်းမှည့်နေတဲ့ စပါးခင်းကိုမီးရှို့ပါတော့တယ်။
မြေးလေးအဲမိုးကိုလည်း ထင်းချောင်းတစ်ချောင်းပေးပြီး မီးရှို့ခိုင်းပါတယ်။
အဲမိုးလေးက ဘာမှနားမလည်ပေမယ့် အဖိုးခိုင်းတဲ့အတိုင်း လုပ်ပါတယ်။
စပါးခင်းတွေ မီးလောင်တာကို တွေ့တော့
တောင်ခြေရွာကရှိသမျှလူတွေဟာ တောင်ပေါ်ပြေးတက်လာပြီး မီးငြိမ်းကြတာပေါ့။
ရွာထဲကအမျိုးသမီးတွေအားလုံးလည်း
ရေပုံးတွေနဲ့မီးငြိမ်းဖို့တောင်ပေါ်ပြေးတက်လာကြသလို
ကလေးတွေလည်း မိဘတွေနဲ့အတူ တောင်ပေါ်ကိုပြေးတက်လာကြတယ်။
ရွာထဲမှာ ဘယ်သူမှမကျန်တဲ့အထိပါပဲ။
ဘကြီးထွန်း မီးရှို့တာတွေ့တော့ ရွာသူရွာသားတွေက ဒေါသထွက်ကြတယ်။ ပါစပ်ကလည်းပြောသူကပြောတာပေါ့။
“ဘကြီးထွန်းရူးနေလား”
“ ဘာကြောင့်မီးရှို့ရတာလဲ?”

“အဖိုးကြီးတော့ ပေါက်သွားပြီ”
တစ်ယောက်တစ်ပေါက်အော်ကြတယ်။
ဆဲသူကဆဲကြတယ်။ အပြစ်တင်သူက အပြစ်တင်ကြတယ်။
ရွာထဲမှာတစ်ယောက်မကျန်တက်လာတာကို ဘကြီးထွန်းတွေ့တော့မှ
မီးရှို့တာရပ်ပြီး ပင်လယ်ပြင်ဘက်ကို လက်ညှိုးထိုးပြီးပြလိုက်တယ်။
လာနေပြီ လှိုင်းလုံးကြီးတွေ။လာနေပြီမုန်းတိုင်း။
လာနေပြီ ဆူနာမီ။

မကြာခင်မှာပင် တောင်ခြေမှာရှိတဲ့ ရွာလေးဟာ
ရေလှိုင်းတွေကြားထဲမှာပဲပျောက်ကွယ်သွားပါတော့တယ်။
အားလုံးကမြင်နေရတယ်။ ကြောက်ခမန်းလိလိမြင်ကွင်းပါ။
ဒီတော့မှ လူတွေက ဘကြီးထွန်းရဲ့စေတနာကို နားလည်ပါတော့တယ်။
စပါးခင်းတွေကို မီးရှို့တယ်ဆိုတာ တောင်ခြေမှာနေတဲ့ ရွာသူရွာသားတွေကို
တောင်ပေါ်ကိုအမြန်ဆုံးရောက်ဖို့အကောင်းဆုံးနည်းလမ်းပဲဆိုတာကိုလည်း
သဘောပေါက်လာပါတယ်။
ခုတော့ လူတိုင်းဟာ စပါးခင်းတွေ မီးလောင်သွားတာကိုလည်း ဂရုမစိုက်ကြတော့ဘူး။ တောင်ခြေကသူတို့အိုးအိမ်တွေ ဆုံးရှုံးသွားတာကိုလည်း ဂရုမစိုက်ကြတော့ပါဘူး။
သူတို့ဂရုစိုက်တာက သူတို့ရဲ့အသက်တွေကို ကယ်ခဲ့တဲ့
ပညာရှိကြီး ဘကြီးထွန်းနဲ့မြေးလေး အဲမိုးတို့ကိုပါပဲ။

“ ကြည့်တော့...မြင်တာပေါ့...”



တစ်ခါတုန်းက ကြယ်လေးပွင့်ဟော်တယ်တစ်ခုမှာ

ဂုဏ်သရေရှိတဲ့ ကတော်ကြီး ဒေါ်စိန်ကြိုင်ဟာတည်းခိုနေတယ်။

တစ်နေ့မှာတော့ သူမနဲ့မျက်နှာချင်းဆိုင်အခန်းက မြင်ကွင်းတစ်ခုကြောင့်

စိတ်ဆိုးဆိုးနဲ့ ဟော်တယ်မန်နေဂျာဆီ တယ်လီဖုန်း ကောက်ဆက်လိုက်ပါတယ်။

“ကျမ အခန်းနံပါတ် ၇၂၂ ကပြောနေတာပါ။

ရှင်တို့ဟော်တယ်က အင်မတန် စည်းကမ်းမဲ့လှပါလား၊

ကျမအခန်းရဲ့ ပြတင်းပေါက်နဲ့တည့်တည့်အခန်းမှာ

ယောက်ျား တစ်ယောက် ကိုယ်လုံးတီး လမ်းလျှောက်နေတယ်။

ဒီလို အရုပ်ဆိုး၊အကျည်းတန်တဲ့လုပ်ရပ်ကို အမြန်ဆုံး ရပ်တန့်ပေးပါလို့ကျမတောင်းဆိုတယ်။

လုပ်မပေးဘူးဆိုရင် ဟော်တယ်ပြောင်းဖို့အမြန်ဆုံးစီစဉ်ပေးပါ။”

“ဟုတ်ကဲ့ခင်ဗျာ…၊

ကျနော် အခုပဲ အစ်မကြီးရဲ့အထပ်မှာ တာဝန်ကျတဲ့ ဝန်ထမ်းကို အမြန်ဆုံးလွှတ်လိုက်ပါ့မယ်။”

ဒေါ်စိန်ကြိုင်ရဲ့ အခန်းကို တာဝန်ကျသူ အမြန်ရောက်လာပါတယ်။

ပြတင်းပေါက်ဘက်သွားကာ ရှေ့တည့်တည့်က အခန်းကို ကြည့်တယ်။

ဟုတ်ပါရဲ့၊ ယောက်ျားတစ်ယောက်ဟာ အပေါ်ပိုင်းအဝတ်အစားမပါဘဲ

အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေလေရဲ့။

ဒီတော့ တာဝန်ကျ ဝန်ထမ်းက

“ မမပြောတဲ့အတိုင်းပဲ သူ့ရဲ့အပေါ်ပိုင်းမှာ ဘာအဝတ်အစားမှ မပါဘူးဆိုတာမှန်ပါတယ်။

ဒါပေမယ့် သူဘယ်နေရာပဲလျှောက်သွား၊လျှောက်သွား သူရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို မမြင်ရပါဘူးခင်ဗျာ…”

“မမြင်ရဘူးဟုတ်လား၊

လာစမ်းပါ၊ ကျမရဲ့ ကုတင်ပေါ်ကနေ တက်ကြည့်စမ်းပါ၊

အားလုံးအတိုင်းသားပဲ၊

မမြင်ရဘူးတဲ့၊

ဟင်း မပြောလိုက်ချင်ဘူး”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com