သို့
ချစ်တဲ့ အမေ
သတိရစွာဖြင့်စာရေးလိုက်ပါတယ်။
အင်္ဂလိပ်နှစ်သစ်ကူးနေ့(၀၁-၀၁-၂၀၁၆)မှာ
နေ့ဝက်သာ အလုပ်သွားရတယ်။
နံနက် ၁၁-နာရီကနေ ည ၇-နာရီအထိ
အလုပ်လုပ်ရတယ်။
ဒါကြောင့် အိပ်ရေးဝအောင် အိပ်ခွင့်
ရတဲ့နေ့တစ်နေ့လို့ပြောနိုင်တယ်။
တစ်နေလုံး အလုပ်နားရရင်
သိပ်ကောင်းမှာပဲလို့ငယ်ငယ်တုန်းကလိုတွေးမိပါသေးတယ်။
ရုံးဝန်ထမ်းတွေတော့ အလုပ်ပိတ်ရက်
သတ်မှတ်ပေးတယ်။
ဒီနေ့မှာတော့ မိသားစုတွေ စုပြီးတော့
နှစ်သစ်ကို ကြိုဆိုကြ၊ စားကြသောက်ကြ၊
တစ်ညလုံးပျော်ပျော်ရွှင်ရွှင်
ကကြ၊ခုန်ကြ။
သူတို့တွေကို ကြည့်ပြီး ကိုယ်တောင်
အပျော်တွေကူးပါတယ်။
ဒီမှာတော့
အရွယ်ရောက်လာကြတဲ့ယောကျာ်း၊မိန်းမတွေအားလုံးလိုလို အရက်ကို အနည်းအကျဉ်းတော့
သောက်တတ်ကြတာကို တွေ့ရတယ်။ ဒီလိုရက်မျိုးဆိုရင် သောက်ကြတာပါပဲ။
မူးပြီးရမ်းကားတာတော့
မတွေ့ရဘူး။ရမ်းလို့လည်းမရဘူး။ ပုလိပ်တွေက ကားတွေနဲ့တစ်ချိန်လုံးကင်းလှည့်နေကြတာ။
ဖုံးဆက်ခေါ်လိုက်တာနဲ့ချက်ချင်းရောက်လာတာပဲ။
ပြီးရင် အချုပ်ခန်းရောက်ရော။ ဒီမှာက
ဥပဒေစိုးမိုးတယ်။
လူတိုင်းဥပဒေရဲ့အောက်မှာ ရှိတော့
မဟုတ်တာ သိပ်မလုပ်ရဲဘူး။
တရားရုံးရောက်ပြီးဆိုရင်
နောက်ဆက်တွဲအကျိုးဆက်တွေက ရှင်းလို့ကို
မပြီးနိုင်တော့ဘူးဆိုတော့လည်း ဘယ်သူမှ ပြဿာနာမဖြစ်ချင်ကြဘူး။
ဒီမှာက အရက်နဲ့ဆေးလိပ်ဝယ်ရင်
မှတ်ပုံတင်(ကားလိုင်စင်)ကို ပြရတယ်။
အသက်ပြည့်၊မပြည့် စိစစ်တယ်။
ဝယ်တဲ့လူတိုင်းကို စစ်တာနော်။
အရက်ဆိုင်၊ဘားဆိုင်မှာ အရက်သောက်ရင်လည်း မှတ်ပုံတင်ပြရတယ်။ဘယ်သူမဆို စစ်တာနော်။
ငါလာနေကျမို့လို့
ရောင်းပေးပါဆိုတာမျိုးမရှိဘူး။
မှတ်ပုံတင်မပါလာလို့
ရောင်းပေးပါဆိုတာမျိုးမရဘူး။
ဒါဟာ ဥပဒေပဲ။ မျက်နှာမလိုက်ဘူး။
လျှော့ပေးတာမရှိဘူး။
ဒီမှာက အလုပ်နဲ့ပတ်သက်ရင် ဘယ်သူမှ
အားမနာတတ်ဘူး။
သိတာက သိတာပဲ။ ခင်တာက ခင်တာပဲ။
အလုပ်ကအလုပ်ပဲ။
ရောနှောတာ မရှိဘူး။
ကောင်းတဲ့အချက်ကတော့ လူတိုင်းက
ဥပဒေအောက်မှာ ရှိကြတော့
ကိုယ်ကမှန်နေရင် ဘယ်သူကိုမှ
ကြောက်စရာမလိုဘူး။
++++++++++++++++++++
အမေရေ ပြောရဦးမယ်။
ရုပ်ရှင်ကားတစ်ကား။ ၁၂-ရက်အတွင်းမှာ
ဒေါ်လာ သန်းပေါင်း (၁၀၀၀)ကျော်သွားသတဲ့။
အဲဒီကားဟာ ဝင်ငွေစံချိန်တင်သွားတယ်။
စိတ်ထဲမှာ
မြန်မာငွေနဲ့တွက်ချက်နေမိတယ်။ အခုပေါက်ဈေးကို တစ်ဒေါ်လာကို ၁၂၀၀-ကျပ်ပဲထားပါ။
မြန်မာငွေ ကျပ် (၁၀၀၀*၁၂၀၀=၁၂၀၀
၀၀၀)သန်းပေါင်း တစ်သန်းနှစ်သိန်းကျော်တယ်။
အားပါ့…များလိုက်တဲ့ငွေတွေ။
တော်တဲ့လူတွေကျတော့လည်း ငွေရှာလို့လွယ်လိုက်တာ။
တရားတဲ့နည်းလမ်းနဲ့ရှာတာကိုပြောတာပါ။
နောက်ဘဝကျရင် အမေရိကန်နိုင်ငံမှာ
ရုပ်ရှင်မင်းသား ဒါမှမဟုတ် ဒါရိုက်တာ
ဒါမှမဟုတ် ရုပ်ရှင်ထုတ်လုပ်သူ ဖြစ်ပါစေလို့
ဆုတောင်းရမလိုဖြစ်နေတယ်။
အဲဒီရုပ်ရှင်ကားကတော့ စတားဝေါလ်(Star
War)
ကြယ်တာရာ စစ်ပွဲ။
ဒီနေ့အတွက် ကြိုတင်လက်မှတ်ဝယ်ထားတဲ့အတွက်
နှစ်သစ်ကူးညဖက်မှာ
ရုပ်ရှင်သွားကြည့်ဖြစ်တယ်။လက်မှတ်တစ်စောင်ကို
ဒေါ်လာ-၁၂ ပေးရတယ်။
ကြိုတင်လက်မှတ်မဝယ်တဲ့မိတ်ဆွေတွေ
ကြည့်မယ်ဆိုပြီးလာတာ လက်မှတ်မရလို့ပြန်သွားရတယ်။
ထူးခြားတာက ရုပ်ရှင်ရုံထဲမှာ
ကြိုက်နှစ်သက်တဲ့အစားအစာ၊ အဖျော်ယမကာကို မှာစားနိုင်တယ်။မှာသောက်နိုင်တယ်။စားသောက်ဆိုင်နဲ့တွဲထားတဲ့သဘောပဲ။
ရုပ်ရှင်ရုံကလည်း အထဲမှာ
ရှစ်ရုံတောင်ရှိတယ်။ကြိုက်နှစ်သက်တဲ့ကားကို စိတ်ကြိုက်ကြည့်နိုင်တယ်။
ဆိုနီ(SONY)ပိုင်ရုပ်ရှင်ရုံလို့သိရတယ်။
4Kစံနစ်နဲ့ပြသတာဆိုတော့ ကြည့်လို့အရမ်းကောင်းတယ်။
အသံစံနစ်လည်း အလွန်ကောင်းတယ်။
အိမ်မှာ ကြည့်တာနဲ့တော်တော်ကွာခြားတယ်။
ရသပေါ့အမေ။ အမြင်အာရုံကောင်းလှတယ်။
အကြားအာရုံကောင်းလှတယ်။ေ
အော်…ဒါကြောင့် ဒီကလူတွေ
သောကြာ၊စနေ၊တနင်္ဂနွေနေ့ဆိုရင် ကားပါကင်မှာ ကားထားစရာမရှိလောက်အောင်
လာကြည့်နေကြတာကိုးလို့ သဘောပေါက်မိတယ်။
ကျနော်တို့အလုပ်လုပ်တဲ့နေရာနဲ့ရုပ်ရှင်ရုံက
ဝန်းတစ်ဝန်းထဲဆိုတော့ လမ်းလျှောက်သွားလို့
တစ်မိနစ်၊နှစ်မိနစ်နဲ့ရောက်တယ်။ရုပ်ရှင်ရုံကို
ဝိုင်းရံပြီး စားသောက်ဆိုင်တွေကလည်း အများကြီး။
သောကြာ၊စနေ၊တနင်္ဂနွေနေ့မှာဆိုရင်
စားသောက်ဆိုင်တိုင်း အပြည့်ပဲ။
ဒီအမေရိကန်ကလူတွေဟာ အလုပ်ကို
ကောင်းကောင်းလုပ်တယ်။ကောင်းကောင်းစားတယ်။
ကောင်းကောင်းနားတယ်။အလုပ်လုပ်တဲ့လူတိုင်းလိုလို
အနည်းဆုံး တစ်ပတ်တစ်ရက်တော့ စားသောက်ဆိုင်မှာ မိသားစုလိုက် လာစားသောက်တာတွေ့ရတယ်။
သူတို့တိုင်းပြည်နဲ့သူတို့အစိုးရကို
သူတို့ယုံကြည်ကြတယ်။
နေ့ဖို့ညစာ ချန်ထားတာကို မတွေ့ရဘူး။
ကောင်းကောင်းလုပ်၊
ကောင်းကောင်းဇိမ်ခံ။
အတိတ်ကို မတွေးဘူး။
အနာဂတ်ကို မတွေးဘူး။
ပစ္စုပ္ပန်တည့်တည့်မှာပဲနေကြတာကို
တွေ့ရတယ်။
သူတို့တွေဟာ ဗုဒ္ဓဘာသာတရားကို
နားမလည်ပေမယ့် ဘုရားတရားတော်အတိုင်းနေကြတာကို အံသြမိတယ်။
ကြယ်တာရာစစ်ပွဲကတော့
တော်တော်ကြည့်လို့ကောင်းပါတယ်။
ပေးလိုက်ရတဲ့အချိန်၊ပေးလိုက်ရတဲ့ငွေနဲ့တန်အောင်
ဘာကျန်ခဲ့သလဲလို့ပြန်စဉ်းစားကြည့်တော့ ကြည့်ကောင်းတာပဲရှိတယ်။ဘာမှ မကျန်ခဲ့သလိုပဲ။
တရုပ်သိုင်းကားကို
ကြည့်ရသလိုမျိုးပေါ့။
နှစ်သစ်ကူးနေ့မှာ လုပ်ချင်ရာရာကို
လုပ်ရတဲ့အတွက်တော့ ကျေနပ်မိပါတယ်။
ဒီနေ့တော့ ဒါပါပဲအမေ။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
No comments:
Post a Comment