သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
မဖြစ်မနေ သွားရတဲ့ခရီးဟာ လေးရက်ကြာပါတယ်။
အနားမရတာ ကြာလှပြီမို့ ခုလို ခရီးသွားလိုက်တာဟာ
နားရက်ခရီးရှည်ထွက်သလို ခံစားရပါတယ်။
စိတ်လည်း ပေါ့ပါးလန်းဆန်းသွားပါတယ်။
လုပ်ငန်းခွင်ပြန်ဝင်တော့
အတော်လေးပေါ့ပါးနေပါတယ်။
ထူးခြားတဲ့အချက်တစ်ခုက စတိုးမန်နေဂျာ
အပြောင်းအလဲဖြစ်နေပါတယ်။
စတိုးမန်နေဂျာအဟောင်းက
အရပ်ရှည်ရှည်၊ထောင်ထောင်မောင်းမောင်း၊
အခုရောက်လာတဲ့စတိုးမန်နေဂျာအသစ်က
အရပ်ပုပု၊ဂင်တိုတို။
တူညီတဲ့အချက်က နှစ်ယောက်စလုံး အသားဖြူတဲ့အမေရိကန်တွေဖြစ်ကြတယ်။
ပြီးတော့ ယောကျာ်းတွေဖြစ်ကြတယ်။
စတိုးမန်နေဂျာအဟောင်းက
စိတ်ကောင်းမရှိတဲ့ အပြုအမူတွေ အများကြီးကို တွေ့ကြုံခဲ့ရတယ်။
ပြောရရင်တော့
အများကြီးပါပဲ။
သူနဲ့အတူတူ အလုပ်လုပ်ခဲ့ရတဲ့ကာလဟာ မရှည်ကြာပေမယ့်
တော်တော်စိတ်အနှောင့်အယှက်
ဖြစ်ခဲ့ရပါတယ်။
သူ့ရဲ့စိတ်ဓာတ်က သူ့ကို
အကျိုးဖြစ်စေတယ်လို့ပြောရမလားပဲ။
အလုပ်ကပြောင်းသွားရတာ မဟုတ်ပဲ အလုပ်က
ပြုတ်သွားတယ်လေ။
ဖြစ်ပုံက ဒီလို။
သူလည်း
ဂျော်ဂျီယာပြည်နယ်ကနေ ပြောင်းလာခဲ့တာလို့ ကြားမိတယ်။
ဒီရောက်တော့ ထုံစံအတိုင်း နေစရာ
အခန်းရှာရတယ်။
ကျနော်တို့နေတဲ့ကွန်ဒိုကိုတောင်
လာပြီးစုံစမ်းတယ်။
ဈေးကြီးတယ်လို့ပြောကြောင်း အခန်းငှား
ဝန်ထမ်းအမျိုးသမီးတစ်ဦးကပြန်ပြောလို့ သိရတယ်။
နောက်တော့ အခြားတစ်နေရာမှာ
အခန်းငှားဖြစ်သွားတယ်။
အခန်းခဈေးကြီးတဲ့အတွက်
အခန်းတစ်ခန်းကို နှစ်ယောက်ငှားတယ်လို့ကြားရတယ်။
နောက်တစ်ယောက်ကတော့ ကျနော်တို့မတ်ကက်ထဲက
အပျိုမတစ်ယောက်နဲ့ပေါင်းငှားတယ်။
အသက်ငါးဆယ်ကျော် စတိုးမန်နေဂျာ
ယောကျာ်းနဲ့ အသက်အစိတ်လောက်ရှိတဲ့ဒုမန်နေဂျာ
အဆင့်ရှိတဲ့မိန်းမတို့ဟာ အခန်းခ သက်သာအောင် တစ်ခန်းထဲနေကြတယ်လို့ ကြားရ
တော့
အံသြမိတာပေါ့။
သူတို့တွေဟာ
လင်မယားလည်းမဟုတ်ဘူး။
သမီးရီးစားလည်း မဟုတ်ပဲနဲ့အတူတူနေကြတယ်ဆိုတော့ မအံသြပဲ
မနေနိုင်ဘူးလေ။
ကြာလာတော့ ဒါဟာ
သူတို့ရဲ့ယဉ်ကျေးမှုဖြစ်မှာပါလေလို့တွေးပြီးမေ့မေ့ပျောက်ပျောက်နေခဲ့တယ်။
ဒါနဲ့ပြောရဦးမယ်။ ကမ္ဘာကျော်ရုပ်ရှင်မင်းသားဖြစ်တဲ့ဘရပစ်(Brad Pitt)နဲ့
ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးဖြစ်တဲ့ အင်ဂျလီနာဂျိုလီ(Angelina Jolie)တို့ဟာ သားသမီးခြောက်ယောက်ရပြီးမှ မင်္ဂလာဆောင်ကြသတဲ့။
အဲဒီသားသမီးခြောက်ယောက်ထဲမှာ
သားသမီးအရင်းအချာတွေပါသလို
မွေးစားထားတဲ့ သားသမီးတွေလည်း ပါတယ်။
ဘာဘဲဖြစ်ဖြစ် ကျနော်တို့ယဉ်ကျေးမှုနဲ့ဆိုရင်
နားလည်ရခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပေမယ့်
ဒီမှာတော့
ဖြစ်လေ့ဖြစ်ထကိစ္စတစ်ခုဖြစ်နေပြီလေ။
အဖေမရှိပဲ ကလေးမွေးတာဟာ
ကျနော်တို့ဆီမှာ အတင်းပြောလို့ အလွန်ကောင်းတဲဖြစ်ရပ်တစ်ခုပေါ့။ဒီမှာတော့
ဖြစ်နေကျဖြစ်ရပ်တစ်ခုလိုမျိုး
ဘယ်သူမှ စိတ်မဝင်စားဘူး။ဘယ်သူမှ
အရေးအရာလုပ်ပြီးမပြောဘူး။
ယဉ်ကျေးမှုမတူတာတွေပေါ့။
အဲ…ဒါနဲ့ဆက်ပြောရရင် တစ်နေ့မှာ အဲဒီ
ဒု မန်နေဂျာမလေးနဲ့
အခြားဌာနက မန်နေဂျာတစ်ယောက်တို့ဟာ
အလုပ်ကိစ္စနဲ့ စကားများကြတယ်။
အမေရိကန်ယောကျာ်းတစ်ယောက်နဲ့ အမေရိကန်မိန်းမတစ်ယောက်တို့စကားများ၊
ရန်ဖြစ်နေတာကို ဒီတစ်ခါပဲ နီးနီးကပ်ကပ်မြင်ဖူးတယ်။ကိုယ် ထိလက်ရောက်တော့ မဖြစ်ကြပါဘူး။
အသံကျယ်ကျယ်နဲ့ပြောကြ၊ဆဲကြတာနဲ့ပြီးသွားတယ်။နောက်ဆက်တွဲကမပြီးဘူး။
သိပ်မကြာခင်မှာပဲ စစ်ဆေးရေးတွေ
ဝင်စစ်တယ်။
နောက်ဆက်တွဲက ဒုမန်နေဂျာမလေး
အလုပ်ပြောင်းသွားတာကို ကြားရတယ်။
နောက်မှသိရတာက အလုပ်ပြောင်းသွားတာဟာ
အခြားမတ်ကက်တစ်ခုကို ပြောင်းသွားတာလို့ သိရတယ်။ဒီအလုပ်ကတော့ ပြုတ်သွားတာ။
သိပ်မကြာခင်မှာပဲ
ကျနော်တို့လှိုဝှက်နာမည်ပေးထားတဲ့ဆင်ပေါက်ကြီးခေါ်တဲ့စတိုးမန်နေဂျာလည်း
အလုပ်ပြုတ်သွားကြောင်း
ထပ်မံကြားသိရတယ်။ကိုယ့်အပေါ် စိတ်စေတနာမကောင်းတဲ့သူ အလုပ်ပြုတ်သွားလို့ ဝမ်းသာသလားလို့
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတယ်။
ဝမ်းမသာမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
အလုပ်ပြုတ်တာဟာ
ဘယ်သူပဲဖြစ်ဖြစ် ဝမ်းသာစရာမှ မဟုတ်ပဲ။
ဘယ်သူပဲဖြစ်ဖြစ် ဝမ်းသာစရာမှ မဟုတ်ပဲ။
သူ့အတွက် ယာယီအခက်အခဲတော့ ဖြစ်မှာ
အမှန်ပဲ။အခန့်မသင့်ရင် ဘဝတစ်ဆစ်ချိုးတောင်
ပြောင်းသွားနိုင်တယ်။သူများအခက်အခဲဖြစ်တာဟာ
ဝမ်းသာစရာ မဟုတ်ဘူးလေ။
ဒါပေမယ့် ဝမ်းနည်းမိသလားလို့ဆိုရင်
ဝမ်းမနည်းမိတာ အမှန်ပဲ။
အသစ်ရောက်လာတဲ့စတိုးမန်နေဂျာက
ခေါင်းတစ်ခုလုံးဖြူနေတာမို့ ကျနော်တို့က
သူ့ကို လျှို့ဝှက်နာမည်ပေးလိုက်တယ်။ “ခေါင်းဖြူကြီး”
လို့။
ရောက်ရောက်ချင်းပဲ သူက သူ့ကိုယ်သူ
လာမိတ်ဆက်တယ်။
ပြီးတော့ မေးတယ်။
"ဆူရှီးက ဒီစတိုးကို ရာခိုင်နှုန်း ဘယ်လောက်ပေးရသလဲ"
တဲ့။
ယုံယုံက " နှစ်ဆယ့်ရှစ်ရာခိုင်နှုန်း" ပြန်ဖြေတယ်။
"ဟ…တော်တော်ပေးရတာပဲ" လို့ပြောသွားတယ်။
ဒီလိုအရေးတယူမေးဖေါ်၊ပြောဖေါ်တဲ့အတွက်
ကျေးဇူးတင်မိပါတယ်။
အရင်လူက အပြစ်ပဲ ရှာနေသလို
ခံစားရတယ်။အဆိုးမြင်စိတ် များနေတယ်။
သူ့ကိုဝန်ထမ်းတွေရဲ့အတင်းစကားကို
အများကြီးကြားရတယ်။
အခုစတိုးမန်နေဂျာအသစ်ကိုတော့
စောင့်ကြည့်ရဦးမယ်လေ။
စတိုးမန်နေဂျာအသစ်က ရှင်းလင်းရေး၊ပြောင်းရွေ့ရေးအလုပ်တွေကို
အရင်ဆုံးလုပ်တယ်။
အဲဒီတုန်းကတော့ ဗြောင်ဆန်နေတာပဲ။
အမေ့ရဲ့သားမက် ကိုမြသီ(စစ်မှုထမ်းဟောင်း)ပြောတဲ့စကားကို
သတိရမိတယ်။
“တပ်ရင်းမှူးအသစ်ပြောင်းတိုင်း
အရင်တပ်ရင်းမှူးလုပ်တဲ့အလုပ်တွေကို ပါ ပြောင်းပစ်တာ ထုံးစံဖြစ်နေပါပြီ။အရင်တပ်ရင်းမှူးက
သစ်ပင်စိုက်တယ်။ နောက်တပ်ရင်းမှူးက ရှုတ်တယ်ဆိုပြီး
အဲဒီသစ်ပင်တွေအားလုံးကို
ခုတ်ပစ်တယ်။
အရင်တပ်ရင်းမှူးက ရေကန်တူးတယ်။ နောက်တပ်ရင်းမှူးလာပြီဆိုရင်
အဲဒီရေကန်ကို ဖို့ပစ်တယ်။
တစ်ခါတစ်ရံကျတော့ သူတို့တွေလုပ်နေတာဟာက
အကျိုးအကြောင်းဆီလျှော်မှုမရှိတော့
ကလေးဆန်နေသလို ဖြစ်နေတယ်ဗျာ” တဲ့။
အခုလည်း အဲဒီလိုမျိုး ဖြစ်နေလေရော့သလား အောင်းမေ့ရတယ်။
အခုလည်း အဲဒီလိုမျိုး ဖြစ်နေလေရော့သလား အောင်းမေ့ရတယ်။
++++++++++++++++++++++++++++++
စတိုးမန်နေဂျာအသစ်က…
သိပ်မကြာပါဘူး။ ဆူရှီးတွေ
ရောင်းကောင်းတယ်ဆိုပြီး ဆူရှီးကုန်ကြမ်းတွေ တင်ရောင်းတာကို
တွေ့ရတယ်။ ဆူရှီးကုန်ကြမ်းတွေဆိုတာက
ဆူရှီးဆန်(Sushi Rice) ၊
ဗင်နီကာဆိုတဲ့အချဉ်ရည်(Vinegar)၊
ဆီးဝိ(Sea Weed) စတဲ့ ဆူရှီးကို
အိမ်မှာလုပ်စားလို့ရနိုင်တဲ့ကုန်ကြမ်းတွေ အားလုံးတင်ရောင်းတယ်။
လုပ်စားချင်သူတွေ
ဘယ်လိုလုပ်စားရသလဲလို့ လာမေးပါတယ်။
ရိုးရိုးသားသားပဲ ပြောပြပါတယ်။
ကျနော်တို့ကုမ္ပဏီက ဆူရှီးဘိုးလ်(Sushi
Bowl)လို့ခေါ်တဲ့အမျိုးအမည်အသစ်တစ်မျိုးကို ထုတ်တယ်။
ဈေးနှုန်းက တစ်ခုကို
တစ်သောင်းကျပ်ကျော်ကျော်ပေးရတယ်။
ပထမရက်မှာ နှစ်ဘူးထုတ်တယ်။
သူက ဆယ်မွန်ငါးနဲ့ တူနားငါး
နှစ်မျိုးနဲ့ထုတ်တယ်။
အဲဒီရက်မှာ နှစ်ဘူးစလုံးကျန်တယ်။ မသိကြလို့
ထင်တယ်။
ယုံယုံက နောက်ရက်မှာ လေးဘူး ထုတ်တယ်။
ကျနော်က သဘောမတူချင်ဘူး။စဉ်းစားကြည့်လေ။
မရောင်းရလို့ နှစ်ဆ ထုတ်တာဟာ
စွန့်စားလွန်းရာ ကျမနေဘူးလား။ ဒါပေမယ့်
ကျနော်ဘာမှမပြောပါဘူး။
စီးပွားရေးဆိုတာ တစ်ခါတစ်လေမှာ
စွန့်စားရတာပဲလေ။
အဲဒီနေ့မှာ လေးဘူးစလုံး ရောင်းရတယ်။
တတိယနေ့မှာ ဆယ့်တစ်ဘူးရောင်းရတယ်။
ဆူရှီးဘိုး(Sushi Bowl) တွေ
ရောင်းရတယ်ဆိုပြီး စတိုးမန်နေဂျာအသစ်က
Fresh Market Bowl အသစ် ထုတ်တယ်။
အသွင်မတူအောင်ဆိုပြီး
ဆန်နဲ့ပဲ (Black Bean) တွဲချက်တယ်။
ငါးအစား သူက ကြက်သား၊ အမဲသား၊ဝက်သားကို သုံးတယ်။
ဈေးနှုန်းက သက်သာတယ်။ ပါဝင်ပစ္စည်းက များတယ်။
ပြီးတော့ ကျနော်တို့ ရောင်းတဲ့
အရောင်းကောင်တာနားမှာ လာချရောင်းတယ်။
ဒီမှာတော့ ပြိုင်ဆိုင်မှုက
ပြင်းထန်လွန်းလှတယ်။
စိတ်ရှုတ်နေလို့လည်း မရဘူး။
သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ပဲ။
ဇွဲမကောင်းသူတွေ ထွက်သွားလိမ့်မယ်။
စိတ်ကူးကောင်းပြီး ဆန်းသစ်နိုင်သူ
ကျန်ခဲ့လိမ့်မယ်။
ဒီနေ့အဖို့တော့ ဒီလောက်ပါပဲ အမေရယ်။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့(Ash-burn)
ဗားဂျီးနီးယားပြည်နယ်(Virginia)
အမေရိကန်ပြည်ထောင်စု(USA)
No comments:
Post a Comment