သို့
ချစ်တဲ့အမေ
သတိရစွာဖြင့်
စာရေးလိုက်ပါတယ်။
ခရီးရှည်
မထွက်ဖြစ်တာ ကြာပြီ။
နားရက်မရတာလည်း
ကြာလှပေါ့။
နားရက်မရှိတဲ့အလုပ်ကိုမှ
ရွေးလုပ်မိသလိုဖြစ်နေရော့သလားလို့ မကြာမကြာတွေးဖြစ်တယ်။
ဗာဂျီးနီးယားကိုရောက်တာကို
ရှစ်လတောင် ကျော်လာပြီ။
မထင်မှတ်ပဲ
အခက်အခဲ တစ်ခုဖြစ်ပေါ်လာတယ်။
ကားသက်တမ်းတိုးဖို့
အချိန်ရောက်လာတယ်။
DMV
ရုံးကိုသွားပြီးသက်တမ်းတိုးတော့ အရေးကြီးတဲ့စာရွက်စာတမ်းတစ်ခုလိုနေတယ်။
(DMV
ရုံးဆိုတာ ကားလိုင်စင်အပါအဝင် ကားကိစ္စမှန်သမျှကို ဆောင်ရွက်ပေးတဲ့ရုံးပါ။)
သေသေချာချာ
ပြန်ရှာကြည့်တယ်။ မတွေ့ပါ။
နောက်တော့မှ ဂျော်ဂျီယာ Tag Office က
မပေးလိုက်တာကို သိရတယ်။
(Tag Office ဆိုတာ ကားသက်တမ်းတိုးတာအပါအဝင်
ကားနဲ့ဆိုင်တဲ့ကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ရုံးကို
ခေါ်တာပါ)
ဒါက ဂျော်ဂျီယာကို သွားမှဖြစ်မယ့်အကြောင်းတစ်ခုဖြစ်လာတယ်။
နောက်တစ်ခုက
လစဉ်သွင်းနေတဲ့
ကားအကြွေးကျေသွားပြီ။ဒီတော့ ဘဏ်က သိမ်းထားတဲ့
Car
titleကို ဘဏ်က နောက်ဆုံး မှတ်ပုံတင်ထားတဲ့ပြည်နယ် ဂျော်ဂျီယာကို ပြန်ပို့လိုက်ကြောင်း
သိရတယ်။
ဒီကိစ္စက ကားပိုင်ဆိုင်မှု စာရွက်စာတမ်းတွေဖြစ်တာမို့ အရေးကြီးလှတယ်။
ဒီစာရွက်စာတမ်းတွေကို
ရဖို့အတွက် ဂျော်ဂျီယာ၊အေသင်မြို့ကို သွားဖို့
အကြောင်းဖြစ်လာပြန်တယ်။
ဂျော်ဂျီယာ၊အေသင်မြို့ကို သွားတာက ဟုတ်ပါပြီ။
အခုနေတဲ့နေရာကနေ သွားရင် မိုင် ငါးရာကျော်ရှိတယ်။
ကားမောင်းသွားရင် ဆယ်နာရီကျော်ကျော်မောင်းရမယ်။
အသွားတစ်ရက်၊ အပြန်တစ်ရက်၊
ဂျော်ဂျီယာ၊အေသင်မြို့မှာ ရုံးလုပ်ငန်းလုပ်ဖို့တစ်ရက်
ထည့်ပေါင်းလိုက်ရင်
အနည်းဆုံး သုံး ရက်တော့ သုံးရလိမ့်မယ်။
အဲဒီသုံးရက်အတွက် ကုမ္ပဏီကို
လှမ်းအကြောင်းကြားလိုက်မိတယ်။
ဆိုင်ကိုတော့ ပိတ်သွားလို့မရဘူး။
မဖြစ်မနေသွားရမယ့်ကိစ္စဖြစ်နေတာမို့
ကုမ္ပဏီက လူတစ်ယောက်ရှာပေးတယ်။
ခြောက်နှစ်လောက်
လုပ်ငန်းအတွေ့အကြုံရှိသူ၊ကချင်လူမျိုးအမျိုးသားတစ်ဦးဖြစ်တယ်။
တစ်နေ့ကို
ဒေါ်လာတစ်ရာပေးရမယ်။
နေဖို့ကို
စီစဉ်ပေးရမယ်။
ကျနော်တို့
ကံကောင်းတယ်လို့ပြောရမယ် အမေ။
ရိုးသား၊ကြိုးစားသူတစ်ယောက်ကို
ရလိုက်လို့ပါပဲ။
နေဖို့ကိစ္စကို
လာသူအတွက်
လွတ်လွတ်လပ်လပ်
နေဖို့ဆိုပြီး
ဆိုင်နဲ့အနီးဆုံးဟော်တယ်တစ်ခုကို သွားစုံစမ်းတယ်။
အဲဒီဟော်တယ်မှာ
ကျနော်တို့ ဒီမြို့ကို ရောက်စမှာ တည်းခိုဖူးတယ်။
ဈေးနှုန်းကို
စုံစမ်းကြည့်တော့ ခရီးသွားရာသီဖြစ်တာမို့
ကျနော်တို့
တည်းခိုတာထက် နှစ်ဆကျော်တက်သွားတယ်။
တစ်နေ့ကို
ဒေါ်လာနှစ်ရာနီးပါးဆိုတော့လည်း ချိန်ဆရတယ်။
နောက်ဆုံးတော့
ကျနော်တို့နေတဲ့အိမ်ကိုပဲရွေးချယ်လိုက်တယ်။
စကားတိုက်ဆိုင်တာနဲ့
ကျနော်တို့အိမ်လခအကြောင်းကိုပြောဖြစ်တယ်။
နယူးယောက်မြို့မှာထက်ဈေးကြီးတဲ့အိမ်ခန်းကို
သူက
စိတ်ဝင်စားသွားတယ်။ ဘယ်လိုအိမ်ခန်းမျိုးလဲဆိုတာ သိချင်တယ်လို့လည်းပြောတယ်။
ကျနော်တို့အိမ်ခန်းကိုရောက်တော့
သူသဘောကျသွားတယ်။
တကယ်တမ်းဆိုတော့
ကျနော်တို့ခရီးထွက်ရမယ့်နေ့မှာ စောစောထွက်ဖို့စီစဉ်ထားတယ်။
ကားမောင်းချိန်က ဆယ်နာရီကျော်ဆိုတော့ နံနက်ထွက်၊ ညနေရောက်၊
ကောင်းကောင်းနား၊ နောက်တစ်နေ့မှာ ရုံးလုပ်ငန်းအပြီးလုပ်ဖို့
လုပ်ထားပေမယ့်
ရောက်လာသူက လုပ်ငန်းကျွမ်းကျင်ပေမယ့်
နယ်မြေကို မကျွမ်းကျင်ဘူးလေ။
ကိုယ့်ကိုယ်ထမင်းကျွေးနေတဲ့အလုပ်ကို
ဖြစ်ချင်ရာဖြစ်ဆိုပြီး မထားရက်ဘူး။
ဒါကြောင့် နေ့တစ်ဝက်လောက်
သူနဲ့အတူတူ အလုပ်လုပ်ဖြစ်ခဲ့တယ်။
မထင်မှတ်ပဲ အကျိုးရှိသွားတယ်အမေ။
အဲဒါကတော့ သူဆီက ပညာတွေ အများကြီးရလိုက်တာပဲ။
မြန်ဆန်အောင် လုပ်ရမယ့်နည်းလမ်းတွေ၊
စရိတ်စက သက်သာအောင်လုပ်ရမယ့်နည်းလမ်းတွေ၊
လုပ်ငန်းဆိုင်ရာ ထူးခြားတဲ့နည်းစံနစ်တွေကို
သူက ဆရာစားမချန်ပဲ ပြောပြခဲ့တယ်။
နီးစပ်တဲ့မိတ်ဆွေ၊သူငယ်ချင်းတွေဆီကတောင်
မရနိုင်ခဲ့တဲ့အကြောင်းအရာတွေမို့
သူ့ကို အထူးကျေးဇူးတင်မိပါတယ်။
အဲဒီနေ့က နေ့လည် ၂း၀၀နာရီကျော်မှ
ခရီးထွက်ဖြစ်တယ်။
ကားမောင်းခဲ့ဖူးတဲ့ခရီးစဉ်မို့
စိုးရိမ်ကြောင့်ကြမှုမဖြစ်ပါဘူး။
ရှစ်လကျော်ကျော်နေခဲ့ဖူးမြို့လေးကို
ပြန်သွားရတဲ့ခရီးစဉ်မို့
စိတ်လှုပ်ရှားမိတယ်။
အော်…နှစ်ပေါင်းများစွာနေခဲ့ဖူးတဲ့မြန်မာပြည်ကိုသာ
ပြန်ရတဲ့ခရီးစဉ်သာဆိုရင်
ဘယ်လောက်များ
ပျော်စရာကောင်းလိုက်လေမလဲဆိုတာ
တွေးကြည့်ရုံနဲ့အပျော်တွေ
စီးဝင်လာသလို ခံစားမိတယ်။
မြန်မာပြည်နဲ့အမေ့ကို
လွမ်းတယ်။
ကားကို
မှန်မှန်ပဲ မောင်းခဲ့တယ်။မိုင်တစ်ရာဝန်ကျင်တိုင်းမှာ
Rest
Area လို့ခေါ်တဲ့နားနေစခမ်းတွေ ရှိတယ်။
လူရော၊ကားရော
ခဏနားကြတာပေါ့။
စားစရာတွေပါလာရင်
စားကြတာပေါ့။
အပေါ့၊အလေးလည်း
သွားလို့ရအောင် စီစဉ်ထားတယ်။
တော်တော်သန့်ရှင်းတယ်။စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။
ကားမောင်းသူတွေ လမ်းလျှောက်လို့ရတဲ့လျှောက်လမ်းတွေ ရှိသလို
ကားမှာ ပါလာတဲ့ခွေးတွေအတွက်လည်း
လျှောက်လမ်းတွေ စီစဉ်ထားပေးတယ်။
အမေရိကားမှာ လူကို မဆိုထားနဲ့ခွေးတွေတောင်
ခွေးအခွင့်အရေးအပြည့်အဝရှိတာကိုတွေ့ရတယ်။
ည ၁၀း၀၀နာရီကျော်လာတော့ မိုးအသဲအသန်ရွာလာတယ်။
ကားဆက်မမောင်းချင်တာနဲ့ရောက်တဲ့နေရာမှာ ညအိပ်ဖို့
ဟော်တယ်ရှာတယ်။
တော်တော်ရှာရတယ်။
ရောက်တဲ့နေရာက တောင်ပိုင်း ကာရိုလိုင်းနာပြည်နယ်။
ကျနော်တို့သွားမယ့်ဂျော်ဂျီယာပြည်နယ်နဲ့မဝေးတော့ဘူး။
ခရီးပန်းလာပေမယ့် အိပ်ယာအပြောင်းအလဲကြောင့်ထင်ပါရဲ့။
တော်တော်နဲ့အိပ်မရဘူး။
ညလယ်ကောင် ရေချိုးလိုက်တယ်။ရေနွေးနဲ့ချိုးတာပါ။
နံနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ်။
နေ့လည်လောက်မှ အိပ်ယာကနိုးတယ်။
အဲ…ဒီလို အပူအပင်ကင်းကင်းနဲ့ မအိပ်ဖြစ်တာတောင်
ကြာလှပြီလေ။
အိပ်လို့ကောင်းလိုက်တာ။
နေ့လည်ရောက်မှ အိပ်ယာထဖြစ်တယ်။
ခရီးဆက်ဖို့ပြင်ဆင်ရတယ်။
အခန်းသော့အပ်ပြီး ခရီးထွက်ခဲ့တယ်။
ဗိုက်ဆာနေပြီမို့အနီးဆုံးမြို့တွင်းဝင်ပြီးဗိုက်ဖြည့်ရတယ်။
များသောအားဖြင့်တော့ ခရီးသွားနေရင် မက်ဒေါနယ်မှာ
စားဖြစ်တာများပါတယ်။
အဲဒီဆိုင်မှာက စားပြီးရင် စိတ်တိုင်းကျတာများလှတယ်။
ဒီတစ်ခါတော့ KFC(ကင်တပ်ကီကကြက်ကျော်)ကဘူးဗေးမှာ
စားဖြစ်သွားတယ်။
ဆာနေလို့
စားကောင်းလှပါဘိ။
ခရီးဆက်ထွက်ဖြစ်တဲ့နေရာက
တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်။
ခရီးစထွက်ဖြစ်တဲ့အချိန်က
နေ့လည်၂း၀၀ကျော်နေပြီ။
ရုံးချိန်အမှီအေသင်မြို့ကိုရောက်ဖို့
ခရီးပြင်းနှင်ရတယ်။
ရုံးက
ညနေ ၅း၀၀နာရီပိတ်ပါတယ်။
Tag
Office ရောက်တော့ညနေ ၄း၀၀နာရီဖြစ်နေပြီ။
ကားမောင်းချိန်က
ဆယ်နာရီကျော်ကျော်ကြာအောင်မောင်းခဲ့ပေမယ့်
အဓိကဖြစ်တဲ့
ရုံးကိစ္စနှစ်ခုကို လုပ်တာ ဆယ်မိနစ်သာကြာခဲ့ပါတယ်။
ကားတိုင်တယ်
(car title)အတွက် စာပို့ခ ၈-ဒေါ်လာသာပေးဆောင်ရတယ်။
အခြားအပိုကြေးများမပေးရပါ။
အန်တာတေပယ်(Under
table)အတွက်လည်းမပေးရပါ။
လက်ဖက်ရည်ဖိုးလည်း
မပေးရပါ။
ကဲ…ဘယ်လောက်ကောင်းသလဲ။
အကျင့်ပါနေလို့
ပေးချင်တာတောင် ပေးလို့မရပါ။
ဒီကားတိုင်တယ်
(car title)ကိစ္စက
နောက်သုံးပတ်အတွင်း စာတိုက်ကရောက်လာမယ်လို့ပြောတယ်။
နောက်ကိစ္စတစ်ခုဖြစ်တဲ့
ကားမှတ်ပုံတင်အတွက် ထောက်ခံချက်လည်း ချက်ချင်းထုတ်ပေးလိုက်ပါတယ်။
ဝမ်းသာလိုက်တာ။
နောက်
စာတိုက်ကိုသွားပြီးအေသင်မြို့ကနေ အက်ရှ်ဗန်းမြို့သို့လိပ်စာပြောင်းလိုက်တယ်။
နောက်ပိုင်း
အေသင်မြို့ကိုလာတဲ့စာနဲ့အခြားစာရွက်စာတမ်းများ၊ပါဆယ်များအားလုံး
အက်ရှ်ဗန်းမြို့လိပ်စာအတိုင်း
ရောက်လာပါလိမ့်မယ်။
နောက်တစ်ခုက
နေခဲ့တဲ့အိမ်ကိုသွားပြီး စာများ၊
အခြားပစ္စည်းများ
ရောက်၊မရောက် စုံစမ်းကြည့်တယ်။
ကျနော်တို့နေခဲ့တဲ့အခန်းကလူတွေ
မရှိလို့ ဘာမှ မရခဲ့ပါ။
အခြားအလုပ်တစ်ခုက
စာအုပ်ဆိုင်ကြီးတစ်ခုမှာ အသင်းဝင်ကြေးအဖြစ် တစ်နှစ်ကို ငါးဆယ်ဒေါ်လာပေးဆောင်နေခဲ့တယ်။
နှစ်တိုင်း
အလိုလိုနှစ်စဉ်ကြေးကောက်ခံတဲ့စံနစ်ကို ကျင့်သုံးတာမို့
အသင်းဝင်အဖြစ်မှ
နူတ်ထွက်ခဲ့တယ်။
လုပ်ဆောင်စရာများ
ပြီးစီးသွားပြီမို့ တစ်ချိန်က အလုပ်လုပ်ခဲ့ဖူးတဲ့ လတ်ဆတ်တဲ့ဈေးကြီးသို့သွားလည်ပတ်ဖြစ်တယ်။
အသိမိတ်ဆွေများကို
နူတ်ဆက်ဖြစ်တယ်။
ရှစ်လဆိုတဲ့ကာလအတွင်းမှာပင် လူအပြောင်းအလဲများစွာဖြစ်နေတာကို တွေ့ရတယ်။
အချို့မိတ်ဆွေများကို မတွေ့ခဲ့ရပါ။
မေးကြည့်တော့ အချို့လူတွေကပြောင်းသွားကြောင်း သိရတယ်။
အော်...အရာရာပြောင်းလဲနေကြပါလား။
အော်...အရာရာပြောင်းလဲနေကြပါလား။
ညနေ
၆း၀၀နာရီကျော်ကျော်မှာပင် ကိစ္စအားလုံးလုပ်ပြီးနေပြီ။
ဆူရှီးမိတ်ဆွေတွေက
ဒီမြို့မှာအိပ်ရင် သူတို့အိမ်မှာလာအိပ်ဖို့ ဖိတ်ခေါ်ပါတယ်။
ညအိပ်ဖြစ်ရင်
လာမယ်လို့တော့ ပြောလိုက်တယ်။
ကိစ္စအားလုံးပြီးနေပြီမို့
အိပ်ဖို့၊မအိပ်ဖို့ကို ယုံယုံနဲ့တိုင်ပင်တယ်။
ရှစ်လကျော်ကျော်
အိပ်ခဲ့ပြီးတဲ့နေရာမို့ သူမက မအိပ်ချင်တော့ကြောင်းပြောတယ်။
ဒီလိုဆိုရင်
ဘယ်သွားမလဲ။
ဂျော်ဂျီယာပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့အတ္တလန်တာမြို့မှာ
အိပ်မလားလို့မေးတယ်။
ဒီနေရာက
ကားမောင်းသွားရင် တစ်နာရီအတွင်းရောက်နိုင်တဲ့နေရာဖြစ်တယ်။
အတ္တလန်တာမြို့ကိုလည်း
ရောက်ဖူးပြီမို့ မသွားချင်တော့ကြောင်း သိရပြန်တယ်။
ဒါနဲ့ပဲ
ရောက်တဲ့မြို့မှာ အိပ်မယ်ဆိုပြီး အေသင်မြို့က ပြန်လည်ထွက်ခွာလာခဲ့တယ်အမေ။
ဒီနေ့တော့
ဒီလောက်ပါပဲ။
နောက်မှ
ဆက်ရေးဦးမယ်နော်။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
No comments:
Post a Comment