သို့
ချစ်တဲ့အမေ
သတိရစွာဖြင့်
စာရေးလိုက်ပါတယ်။
ဒီမှာ
နံက် ၅း၅၁နာရီမှာ နေထွက်နေပြီ။
ဒီမှာတော့
နေထွက်ချိန်ကို တိတိကျကျသိနိုင်သလို
နေဝင်ချိန်ကိုလည်း
တိတိကျကျသိနိုင်တယ်။
ဒီနေ့မှာတော့
နေဝင်ချိန်က ညဖက် ၈း၃၈ နာရီ။
နေ့တာက
၁၄း၄၇ နာရီတောင် ရှိနေတာကြောင့်
နေ့တာ
ရှည်တဲ့သဘောလို့ပြောနိုင်တယ်။
အဲဒီလိုပဲ
လထွက်ချိန်က (ညနေ ၃း၄၀ နာရီ)ဖြစ်ပြီး
လဝင်ချိန်က
(နံနက် ၂း၂၁ နာရီ) ဖြစ်တာကြောင့်
စုစုပေါင်း
၁၀း၄၁နာရီသာရှိတယ်။
အဲဒီလိုပဲ
ရာသီဥတုကိုလည်း များသောအားဖြင့် တိတိကျကျ သိနိုင်တယ်။
ကျနော်နေတဲ့အိမ်က
အရှေ့ဖက်ကို မျက်နှာမူနေတာကြောင့်
နေထွက်တာနဲ့
နေရောင်ခြည်က အိမ်ထဲကို ရောက်နေပြီ။
နံနက်
၆း၀၀နာရီထိုးတာနဲ့
အလုပ်သွားဖို့
အိပ်ယာကထရပြီ။
မျက်နှာသစ်တာနဲ့ရေချိုးတာကို
တစ်ပြိုင်နက်ထဲလုပ်။
အိပ်ရှေ့က
လိုက်ကာကို ဖွင့်လိုက်ရင် ရေကန်ကိုတွေ့ရတယ်။
နေမင်းကိုလည်း
တွေ့ရတယ်။
ကျနော်တို့နေတဲ့နေရာနဲ့ရေကန်ကြားမှာ
ခြံစည်းရိုးကာထားတယ်။
ခြံစည်းရိုးရဲ့အတွင်းမှာ
စံနစ်တကျ စိုက်ပျိုးထားတဲ့သစ်ပင်တွေရှိတယ်။
အပြင်ဘက်မှာလည်း သစ်ပင်ကြီးငယ်တွေ ရှိနေတယ်။
သစ်ပင်တွေဟာ အရွယ်အစားတွေ
တူညီနေတာကြောင့် အလေ့ကျပေါက်တာမှ
ဟုတ်ပါလေစ လို့တွေးဖြစ်တယ်။
ဒီတော့ တောအုပ်လေးတစ်ခုလိုဖြစ်နေတယ်။
နံနက်ပိုင်းမှာ နံနက်ချိန်ခါ
တေးသံသာလို့ပြောနိုင်တဲ့ ငှက်မျိုးစုံရဲ့ သီချင်းဆိုသံကို ကြားရတယ်။
ငှက်တွေက အရောင်အသွေး မျိုးစုံသလို
အရွယ်အစားကလည်း မျိုးစုံရှိတယ်။
အိပ်ယာကနိုးတာနဲ့ ငှက်မျိုးစုံရဲ့အသံမျိုးစုံကို
ကြားရတာကိုက
စိတ်ချမ်းသာစရာကောင်းလှပါတယ်။
တစ်ခါတစ်လေ အိပ်ယာက စောစောနိုးပြီး
အိပ်ယာက မထသေးပဲ ငှက်သံတွေကို
နားထောင်ဖြစ်တယ်။
ကြည်နူးစရာကောင်းလှပါတယ်။
ဒါနဲ့ပြောရဦးမယ်။
ကျနော်တို့နေတဲ့နေရာက မကြာသေးတဲ့တစ်ချိန်က
တောအုပ်ဖြစ်ခဲ့ပုံရတယ်။
သမင်တွေ၊ ဒရယ်တွေ အများအပြားကို
ခုထိတွေ့နေရတုန်းပဲ။
တစ်ခါတစ်လေ တောခွေးလို အကောင်တွေလည်း
တွေ့ရတတ်တယ်။
ယုံတွေ၊ ရှဥ့်တွေကတော့ အမြဲလိုလို
တွေ့မြင်နေရတယ်။
လူတွေက သူတို့ကို အန္တရာယ်မပေးမှန်း
သိတော့
အိမ်တွေကြားမှာ ဒီလိုပဲ သွားလာနေနေကြတယ်။
သမင်တွေ၊ ဒရယ်တွေဟာ ကားလမ်းပေါ်တက်လာတဲ့အခါ
အရှိန်နဲ့လာတဲ့ကားတွေနဲ့တိုက်မိပြီး
သေနေတာကိုလည်း မကြာခဏတွေ့ရတယ်။
သေသွားတဲ့သမင်၊ဒရယ်တွေကို
လူတွေ ယူမစားကြဘူး။
ပုပ်သွားတဲ့အခါ လဒတွေ
လာစားတာကို သာတွေ့ရတယ်။
ဘာကြောင့် ပုပ်သွားတဲ့အထိ
လာမသိမ်းသလဲဆိုတာလည်း သဘောမပေါက်ဘူး။
အဲဒီမြင်ကွင်းတွေကို
တွေ့တဲ့အခါ သတိရမိတာတစ်ခုရှိတယ်။
တာချီလိတ်မှာ နေတုန်းကပေါ့။
တစ်နေ့ ဆေးခန်းမှာ
စာဖတ်နေတုန်း ဆူညံသံကြားလို့ အပြင်ထွက်ကြည့်မိတယ်။
လူအယောက် ၃၀ ကျော်
၄၀ နီးပါးလောက် ဟာ ဒုတ်တွေ၊ ဒါးတွေ၊ အုတ်ခဲတွေကိုင်ပြီး
လိုက်နေတာကို
တွေ့တော့
ဘာဖြစ်တာလဲလို့
မေးကြည့်မိတယ်။
လူတစ်ယောက်က
တောဝက်တစ်ကောင်ကို တွေ့လို့လိုက်နေကြတာလို့ဖြေတယ်။
အဲဒီအချိန်မှာပဲ
ဝက်တစ်ကောင်က ဆေးခန်းရဲ့နောက်ဖက်က အိမ်ခန်းတွေဆီကို
ကြောက်ကြောက်နဲ့ဝင်ပြေးလာတယ်။
လှမ်းမြင်လိုက်တာက
အိမ်မွေးဝက်တော့ မဟုတ်မှန်း သေချာတယ်။
တောဝက်က
ဘယ်လိုကြောင့် မြို့လယ်ခေါင်ကို ရောက်လာသလဲ စဉ်းစားလို့မရပါ။
ဘာဘဲဖြစ်ဖြစ်
တောဝက်တစ်ကောင်ကို လူလေးဆယ်လောက် လိုက်နေတာကတော့
အင်အားမမျှပါ။
ဝက်ဟာ
အဖုံးပိတ်ထားတဲ့မြောင်းထဲ ဝင်ပုန်းနေတယ်။
ဒုတ်တွေ၊ဒါးတွေနဲ့ထိုးနေတဲ့အတွက်
ကြာကြာ ဝင်မပုန်းနိုင်ပါ။
ကားလမ်းကို
ဖြတ်ပြီးအကြော်ဆိုင်တဲကို ဖြတ်ကျော်ကာ နောက်ဖက်ကို ဝင်ပြေးပါတယ်။
မကြာခင်မှာပင်
တောဝက်ကို ဝိုင်းဖမ်းမိကြတယ်။
အရှင်မဟုတ်ပါ။ အသေဖမ်းမိခြင်းဖြစ်တယ်။
မကြာခင်မှာပင် တစ်စစီခုတ်ထစ်လိုက်ကြပြီ။
တောဝက်သားဟင်းဖြစ်သွားလေပါရောလား။
တစ်နေ့မှာ
ကျနော်တို့လင်မယားတွေ ထိုင်းစားသောက်ဆိုင်တစ်ဆိုင်ကို သွားစားတယ်။
စားသောက်ဆိုင်ထဲမှာ
စားဖို့စောင့်နေတဲ့ဝိုင်းက နှစ်ဝိုင်းထဲ။
ကျနော်တို့ဝိုင်းနဲ့မျက်စောင်းထိုးမှာ
အသက်အရွယ်နည်းနည်းကြီးကြတဲ့အမျိုးသမီးနှစ်ဦးကိုသတိထားမိတယ်။
သူတို့နှစ်ယောက်ဟာ
စားဖို့စောင့်နေရင်း တူကိုအကိုင်လေ့ကျင့်နေတယ်။ သူတို့ဟာ တရုပ်နဲ့ဆင်ဆင်တူနေရက်နဲ့တူနဲ့မကိုင်တတ်တာကို
တွေ့တော့
ပြုံးမိတယ်။ ကျနော်ပြုံးနေတာကိုသူတို့တွေ့တော့ သူတို့ရီတယ်။
လွယ်လွယ်ကူကူနဲ့ပဲ
မိတ်ဆွေဖြစ်သွားကြတယ်။
ယုံယုံကမနေနိုင်တော့
သွားပြီး တူကိုင်နည်း သင်ပေးတယ်။
အဲဒီအထဲက
တစ်ယောက်က စိတ်ပါလက်ပါ သင်ယူတယ်။
မကြာခင်မှာပင် တူနဲ့စားနေတာကိုတွေ့ရတယ်။
ဝမ်းသာစရာပါ။
ဒီထိုင်းဆိုင်က စားလို့ကောင်းပေမယ့်
အကြာကြီးစောင့်ရတယ်။
အဲဒီအမျိုးသမီးနှစ်ဦးက
အရင်ရတယ်။ နောက်မှ ကျနော်တို့ဆီအစားတွေရောက်လာတယ်။
ကျနော်တို့စားနေရင်း
စားသောက်ဆိုင်ကဝန်ထမ်းက
ဒီဝိုင်းကို အဲဒီဝိုင်းကအမျိုးသမီးကြီးက
ငွေရှင်းသွားကြောင်းလာပြောပါတယ်။
အံသြသွားတယ်။
အမေရိကန်ကိုရောက်တာကြာပြီ။ဒီအဖြစ်မျိုးက
ဒီတစ်ခါပဲ ကြုံဖူးသေးတယ်။
မစ်ချီဂန်မှာတုန်းက
ကောင်တာမှာ ငွေကိုင်လုပ်ဖူးတယ်။
သူငယ်ချင်းနှစ်ယောက်လာတယ်။
ကိုယ့်အတွက်ကိုယ်ရှင်းတာကိုတွေ့ရတယ်။
လင်မယားနှစ်ယောက်လာတယ်။
ကိုယ့်အတွက်ကိုယ်ရှင်းတာကိုတွေ့ရတယ်။
သမီးရီးစားနှစ်ဦးလာတယ်။
ကိုယ့်အတွက်ကိုယ်ရှင်းတာကိုတွေ့ရတယ်။
သားအဖနှစ်ဦးလာတယ်။
ကိုယ့်အတွက်ကိုယ်ရှင်းတာကိုတွေ့ရတယ်။
သားအမိနှစ်ဦးလာတယ်။
ကိုယ့်အတွက်ကိုယ်ရှင်းတာကိုတွေ့ရတယ်။
အော်…အမေရိကန်ဆိုတာ
ကိုယ့်ကိုယ်ကို တာဝန်ယူရတဲ့နိုင်ငံတစ်နိုင်ငံပါလားလို့သိထားခဲ့တယ်။
အခုလို
ကိုယ့်စရိတ်ကို အခုမှသိရသူက ရှင်းတာကြုံရတော့ မအံသြပဲ မနေနိုင်ပါ။
ဖါးကန့်မှာနေခဲ့တုန်းက
ကိုယ်စားသောက်ထားတဲ့ကုန်ကျစရိတ်ကို
ဘယ်သူမှန်းမသိသူက ရှင်းသွားတာကို မကြာခဏ ကြုံဖူးပါတယ်။
ဘယ်သူမှန်းမသိပေမယ့်
အဲဒီလူဟာ ကျောက်အောင်တဲ့သူမှန်းတော့ သိပါတယ်။
ကျောက်အောင်သူက
အလှူလုပ်ချင်ရင် စားသောက်ဆိုင်ရဲ့တစ်နေ့တာကုန်ကျစရိတ်ကို သွားပေးထားတတ်တယ်။
အဲဒီနေ့ဘယ်သူသွားစားစား
အလကားစားရပါတယ်။
စားပြီးတော့မှ
ရှင်းပြီးကြောင်းသိရပါတယ်။
ဒီနေ့အဖြစ်အပျက်က
ချစ်စရာကောင်းတဲ့ဖါးကန့်ရဲ့အလေ့အထတစ်ခုကို သတိတရဖြစ်စေပါတယ်။
ကိုယ့်စရိတ်ကို
ရှင်းသူကိုတော့ သိထားသင့်တယ်။ဒါကြောင့် မိတ်ဆက်ဖြစ်တယ်။
ငွေရှင်းသူအမျိုးသမီးက
ထိုင်ဝမ်သူတစ်ယောက်ဖြစ်တယ်။
သူမရဲ့အမဖြစ်သူထံလာလယ်ရင်း
အမေရိကန်ကိုရောက်နေသူဖြစ်တယ်။
သူမပြောတာက
ထိုင်ဝမ်မှာတုန်းက တူကိုင်တတ်ချင်တဲ့အတွက် နှစ်ကြိမ်သင်ဖူးတယ်။
မတတ်ခဲ့ပါ။အခုမှ
စားတတ်တဲ့အတွက် ဝမ်းသာမိတယ်။
ဒါကြောင့်
တူကိုင်နည်းသင်ပေးတဲ့ဆရာမကို ကျွေးချင်တဲ့အတွက်
ငွေရှင်းပေးတာဖြစ်ကြောင်းပြောသွားပါတယ်။
ဒီလိုကြံဖန်ကျေးဇူးတင်တတ်သူမျိုးနဲ့မကြာခဏတွေ့ရရင်
သိပ်ကောင်းမယ်လို့တောင် တွေးမိသေးတယ်။
အမေကို
သတိရနေတဲ့
အမေရဲ့သား
အောင်ဝင်းဟိန်း၊
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
No comments:
Post a Comment