လက်ဖက်ရည်လည်းကောင်းတယ်... |
သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့်
စာရေးလိုက်ပါတယ်။
သောကြာနေ့၊
ရောက်ပြီးတစ်ပတ်ကြာတော့မှ ဆောက်လုပ်ရေးက မပြီးသေးပေမယ့်
လတ်ဆတ်တဲ့ဈေးကြီး
(The Fresh Market)ထဲကို ဝင်ခွင့်ရတယ်။
ဖွင့်ပွဲအတွက်
ပြင်ဆင်နေကြတဲ့ဝန်ထမ်းတွေအများအပြားကိုလည်းတွေ့ရတယ်။
တာဝန်ခံ
စတိုးမန်နေဂျာကို တွေ့ပြီး မိတ်ဆက်ရတယ်။
ပြီးတော့
ဆူရှီးပစ္စည်းတွေထားသိုဖို့အတွက် နေရာတောင်းရတယ်။
နေရာက
အရေးကြီးလှတယ်။
အအေးခဲခန်း(Frozen)မှာ
တစ်နေရာ၊
အအေးခန်း(Walk-in)မှာ
တစ်နေရာ၊
အဲဒီနေရာတွေမှာအစဉ်ပြေပေမယ့်
ဆန်နဲ့ကုန်ခြောက်တွေထားမယ့်နေရာ
(Dry-Desk) ကျတော့ ကျဉ်းနေတယ်။
အခြားဌာနနဲ့တွဲထားတာကိုတွေ့ရတယ်။
အဲဒီကိစ္စအတွက်
စကားတွေ အများကြီးပြောနေရတယ်။
နောက်ဆုံးကျမှ
အစဉ်ပြေသွားတယ်။
ဒီနေ့မှာပဲ
supervisor လည်းရောက်လာတယ်။ဂျပန်လူမျိုးဟုယူဆရတယ်။
ကုမ္ပဏီက
ပစ္စည်းတွေကိုလာပို့ရင်းနဲ့ထားသိုရမယ့်စံနစ်ကို အသေးစိတ်ပြသသွားပါတယ်။
အရောင်းကောင်တာက
ကျယ်ဝန်းတဲ့အတွက် ကျေနပ်စရာကောင်းလှပါတယ်။
သို့သော်
နောက်ဖက် ဆူရှီးလိတ်ရမယ့်နေရာက ကျဉ်းနေသလိုဖြစ်နေတယ်။
မထင်မှတ်ပဲ
ဆန်နဲ့ဟင်းသီးဟင်းရွက်ဆေးကြောရမယ့်ဗေဆင်(Basin) တစ်ခုက
ဆူရှီးလိတ်ရမယ့်နေရာနဲ့ဘူးပိတ်ရမယ့်နေရာကြားထဲရောက်လာတယ်။
ဆန်ကိုအဝေးမှာ
သွားဆေးစရာမလိုတာက ကောင်းပါတယ်။
ဒါပေမယ့် side job လုပ်ရမယ့်နေရာကတော့
အတော်ကျဉ်းနေတာကို တွေ့ရတယ်။
အလုပ်လုပ်ရမယ့်နေရာကျဉ်းတဲ့အတွက်ကြောင့်
ဘယ်လိုလုပ်ရပါ့မလဲဆိုတာ
စဉ်းစားရတဲ့အတွက် အတော်ခေါင်းစားလှတယ်။
အဖွား(အမေကြီး)ပြောတဲ့စကားကို
သတိရမိတယ်။
အဖွားနဲ့အတူ
မော်လမြိုင်မြို့ကနေ ရန်ကုန်ကို မီးရထားနဲ့ခရီးထွက်ခဲ့တယ်။
အဖွားကလည်း
သူမရဲ့ခြံထွက်ပစ္စည်းတွေအားလုံးသယ်လာတယ်။
ရထားတွဲမှာလည်းလူတွေက
ကြိတ်ကြိတ်တိုးနေတယ်။
အဖွားပစ္စည်းတွေကို
ရထားရဲ့ပြူတင်းပေါက်ကနေ တင်ရတဲ့အထိ ဖြစ်လာတယ်။
ကျနော်တို့က
လူငယ်တွေဖြစ်တော့ အဖွားနဲ့ပစ္စည်းတွေကို ကြည့်ပြီး စိတ်ရှုတ်ရတယ်။
ကျနော်တို့
ဘာလုပ်၊ဘာကိုင်ရမသိအောင် ဖြစ်နေတာကို အဖွားကကြည့်ပြီးပြောလိုက်တာက
“ဟဲ့….ဘာမှစိတ်ရှုတ်မနေနဲ့၊
ရထားထွက်သွားရင်
သူ့ဟာသူ အားလုံးနေရာကျသွားလိမ့်မယ်။
ငါ
ခရီးသွားတာများလှပြီ။
နေရာမကျတဲ့အကြိမ်တစ်ခါမှ
မရှိခဲ့ဘူး”တဲ့။
အဖွားပြောတဲ့အတိုင်း
အစစအရာရာ အစဉ်ပြေစွာနဲ့
ရန်ကုန်မြို့ကို
ရောက်ခဲ့ပါတယ်။
အခုလည်းဒီအတိုင်းဖြစ်မယ်ထင်ပါတယ်။
ဆိုင်သစ်ကို
တစ်ခါမှ မလုပ်ခဲ့ဖူးပါ။
အတွေ့အကြုံလည်း
မရှိပါ။
မိတ်ဆွေတွေကို
မေးကြည့်တော့ ပထမနေ့မှာ လူတွေဘယ်လောက်များကြောင်း၊
ထင်မှတ်မထားတဲ့အတွက်
တော်တော်ကို ပင်ပန်းကြောင်း၊
ရသင့်ရထိုက်တာကို
မလုပ်နိုင်တဲ့အတွက် မရလိုက်ကြောင်း၊
လူတွေကြိုတင်ခေါ်ထားဖို့လိုကြောင်း၊စတဲ့စကားလုံးတွေကြောင့်
အလိုလိုနေရင်းနဲ့ဆိုင်သစ်ဖွင့်ပွဲရောက်လာမှာကို
ကြောက်တဲ့စိတ်တောင် ဖြစ်မိပါတယ်။
ဆိုင်သစ်ဖြစ်တာကြောင့်
နေရာမကျမှာ စိုးရိမ်တယ်။
လာတဲ့ဧည့်သည်တွေကို
မနိုင်မနင်းဖြစ်မှာ စိုးရိမ်တယ်။
ဟိုတွေးဒီတွေးနဲ့စိုးရိမ်မှုဒီဂရီတိုးသထက်တိုးလာတယ်။
စိတ်အေးအေးထားပြီးတွေးတော့
ဒီလိုမျိုးဖြစ်သင့်ပါသလား။
ဘယ်သူမဆို
တစ်နေ့ကို ၂၄-နာရီထက်ပိုမလုပ်နိုင်ပါ။
လုပ်နိုင်တာထက်လည်း
ပိုမလုပ်သင့်ပါ။
စိတ်အေးအေးထား၊
လုပ်သင့်တာကို လုပ်၊
“ပြီးတော့လည်း ပြီးသွားတာပါပဲ”
ဆိုတဲ့စကားကို ယုံယုံရဲ့အဖေက မကြာခဏပြောတတ်တယ်။
အဲဒီစကားကို ယုံယုံခဏခဏပြောပြတတ်တယ်။
ဒီစကားဟာ မှန်တာကို မကြာခဏတွေ့ကြုံရပါတယ်။
အခုလည်း အဲဒီစကားကို တွေးမိပြီး စိတ်အလိုလို
အေးသွားပါတယ်။
အမေရိကန်မှာ စားရတဲ့ငပိဖျော်ရည်... |
ဖွင့်ပွဲကိုတာဝန်ယူထားတဲ့
ဂျပန်တာဝန်ခံက လူနှစ်ယောက်နဲ့လုပ်တာထက်
နောက်တစ်ယောက်အကူရခဲ့ရင်
ပိုကောင်းနိုင်တယ်လို့ပြောတယ်။
အတွေ့အကြုံရှိသူရဲ့စကားဆိုတော့
လိုက်နာဖို့လိုအပ်မှန်းသိပါတယ်။
ဒါကြောင့်လည်း
အနီးဆုံးဖြစ်တဲ့စနေ၊တနင်္ဂနွေနေ့ကို အလုပ်အတွက်မပြင်ဆင်ဖြစ်ပဲ
လူရှာဖြစ်ခဲ့တယ်။
အဓိက
ရှာဖြစ်တဲ့နေရာက မြန်မာထမင်းဆိုင်၊
ကျနော်တို့နေတဲ့နေရာနဲ့မနီး၊မဝေးနေရာမှာ
မြန်မာထမင်းဆိုင်နှစ်ဆိုင်ရှိတယ်။
မြန်မာထမင်းဆိုင်ဆိုတော့
မြန်မာတွေ အများစုလာကြမယ့်နေရာ၊
ဒီအလုပ်ကလည်း
မြန်မာတွေ အများစုလုပ်တဲ့အလုပ်ဆိုတော့
မြန်မာတွေအများစုလာတဲ့နေရာမှာ
ရှာတာမှန်မယ်ထင်တယ်။
ရှာတဲ့နေရာမှန်ပေမယ့်
အချိန်ရတာနည်းလွန်းတဲ့အတွက်
လူမရခဲ့ဘူး။
လူမရခဲ့ပေမယ့်
မြန်မာထမင်းဟင်းကို ကောင်းကောင်းစားရတဲ့အတွက်
ကျေနပ်စရာပါ။
မြန်မာထမင်းဟင်းကောင်းကောင်းမစားရတာတောင်
တော်တော်ကြာခဲ့ပြီ။
ကြာတော့
လွမ်းမိတယ်။
အခုစားတော့လည်း
စားလို့ကောင်းလိုက်တာ၊
မြိန်လိုက်တာလို့ပြောရင်
ပိုမှန်မယ်ထင်တယ်။
မြိန်တော့
ဈေးနှုန်းများပေမယ့် များတယ်လို့မထင်မိဘူး။
ငပိ၊တို့စရာတစ်ပွဲကို
မြန်မာငွေ ငါးထောင်ကျော်ပေးရတယ်။
ယုံယုံကစားချင်လွန်းလို့
ဝယ်စားဖြစ်တယ်။
ကျနော်က
မြန်မာပြည်မှာတုန်းက ငပိဖျော်ရည်ကို မစားဖြစ်ဘူး။
ကျနော်အလုပ်က
လူတွေနဲ့စကားပြောရတဲ့အလုပ်ဖြစ်တော့ ငပိဖျော်ရည်က အနံ့စွဲတာကြောင့်
မစားဖြစ်ခဲ့ဘူး။
မစားတာကြာတော့လည်း
မစားချင်တော့ဘူး။
ဒါနဲ့ပဲ
နှစ်ပေါင်းများစွာ မစားပဲနေလာခဲ့တယ်။
ဒီရောက်တော့
လူတွေနဲ့ဆက်ဆံတဲ့အလုပ်မဟုတ်တော့ဘူး။
လက်နဲ့လုပ်ရတဲ့အလုပ်ကိုလုပ်တော့
စားလည်း အရေးမကြီးဘူးလေ။
နောက်တစ်ခုက
ယုံယုံက အားရပါးရစားနေတာတွေ့တော့ စားချင်စိတ်ဖြစ်လာတယ်။
ဒါနဲ့ပဲ
ငပိကို စားဖြစ်တယ်။ စားလို့ကောင်းလိုက်တာအမေရယ်။
တို့စရာကလည်း
တို့လို့ကောင်းလိုက်တာ။
မြန်မာပြည်မှာတုန်းက
ဒီလိုစားလို့ကောင်းတာမျိုးမရှိခဲ့ဘူးလို့တောင် ထင်မိတယ်။
ဒီမြန်မာထမင်းဆိုင်က
မြန်မာတွေရဲ့အကြောင်းကို တော်တော်သိပုံရတယ်။
မြန်မာပြည်ထုတ်
မဂ္ဂဇင်းစာအုပ်တွေလည်း ဝယ်ထားပေးတယ်။
မြန်မာပြည်ထုတ်
မဂ္ဂဇင်းကို ဖတ်ပြီး မြန်မာအစားအစာကို စားရတဲ့အရသာဟာ
ပြောရင်
တော်တော်ကို အရသာရှိတာပါပဲလား။
ပြောမယုံ၊
ကြုံဖူးမှသိ ဆိုတာမျိုး။
ငါးမြင်းဟင်း... |
လူရှာလို့မရပေမယ့် ဖွင့်ပွဲနေ့ဟာ
ရောက်လာခဲ့တယ်။
ယုံယုံက
စိတ်ပူတတ်သူမို့ နံနက်၃း၀၀ကထဲကနိုးနေပြီ။ သွားဖို့ပြင်ဆင်နေပြီ။
သူမက
လှုပ်ရှားနေပြီမို့ ကျနော်အိပ်နေလို့ မရတော့ပါ။
သူမနဲ့အတူ
အလုပ်ကိုသွားဖို့ပြင်ဆင်ရတော့တယ်။
စောလှချည်လားလို့
စောဒကမတက်ချင်တော့ပါ။
အလုပ်ရှိတုန်း
လုပ်ရတာပဲလေ။
အလုပ်မရှိတော့မှ
လုပ်ချင်လှချည်ရဲ့လို့ ပြောနေလို့လည်း
အကျိုးမထူးတာကို
ကြုံခဲ့ဖူးပြီ။
ကျန်းမာရေးကောင်းနေလို့
လုပ်နိုင်တာ။
မကျန်းမာတဲ့အခါ
လုပ်ချင်စိတ် ဘယ်လောက်ပြင်းပြင်း
ဘာကိုမှ
လုပ်နိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့အတွေးစိတ်နဲ့
အိပ်ယာက
ကုန်းရုန်းထခဲ့ရတယ်။
လူတကာတွေ
အိပ်ကောင်းနေချိန်မှာ ကိုယ်က အိပ်ယာကထဖို့်ဆိုတာ
ထင်သလောက်
မလွယ်ကူလှပါ။
ရာသီဥတုကအေးစိမ့်နေတော့
ပိုဆိုးတာပေါ့။
ရေနွေးနဲ့ရေချိုး၊
ဘုရားရှိခိုးပြီး
အလုပ်ကိုထွက်ခဲ့တယ်။
အလုပ်က
မဝေးလှပါ။
တစ်မိုင်ခွဲလောက်သာ
ရှိတယ်။ ကြားမှာ မီးပွိုင့်မရှိပါ။
မီးပွိုင့်ရောက်ခါနီးမှာ
လတ်ဆတ်တဲ့ဈေးကိုရောက်ပြီ။
ဂျော်ဂျီယာပြည်နယ်၊အေသင်မြို့တုန်းကလည်း
အလုပ်နဲ့အိမ်က နီးလှတယ်။
ခရီးက
တစ်မိုင်ပင် မပြည့်ပါ။
အဲဒီတုန်းက
ကြားမှာ မီးပွိုင့်နှစ်ခုကို ဖြတ်ပြီးမှ အလုပ်လုပ်တဲ့ဈေးကို ရောက်တယ်။
ကြာတဲ့ကာလက
အတူတူလောက်နီးပါးရှိမယ်ထင်တယ်။
အလုပ်နဲ့အိမ်နဲ့နီးတဲ့အတွက်
ကောင်းတဲ့အချက်က
အချိန်ကုန်သက်သာတယ်။
ဓာတ်ဆီကုန်
သက်သာတယ်။
စောစောထွက်ခဲ့တဲ့အတွက်
ပြင်ဆင်ချိန်ရတယ်။
ဒီနေ့ဆိုင်ဖွင့်ပွဲရှိတယ်ဆိုတာကို
ဘယ်လိုက ဘယ်လို သိကြတယ်မသိပါဘူး။
လာလိုက်ကြတဲ့လူတွေ။
များလိုက်တာ။
တွေ့တာကို
ဝယ်နေတော့တာပဲ။
အလကားရနေသလိုမျိုး
ဝယ်နေတာ။
တစ်နှစ်မှာ
တစ်ခါသာ လုပ်လေ့ရှိတဲ့တောဘုရားပွဲနဲ့တူတယ်။
ကြက်ပျံမကျ
စည်းကားဆိုတာမျိုး။
ဆူရှီးလည်း
လိတ်မလောက်ပါပဲ။
လိတ်လိုက်၊
ကောင်တာထဲချလိုက်၊
ဆွဲသွားလိုက်၊
ပြန်လိတ်လိုက်၊
ဒီလိုရောင်းကောင်းတာမျိုး
တစ်ခါမှ မကြုံဖူးပါဘူး။
နေ့လည်စာ
မစားဖြစ်လိုက်ဘူး။
ညစာကို
ည ၁၀း၀၀ ကျော်မှ စားဖြစ်တယ်။
မဆာဘူးလားဆိုတော့
ဆာတာပေါ့။
ဆာတိုင်း
လိတ်နေတဲ့ဆူရှီး ပါစပ်ထဲကောက်ထည့်။
လောဘရဲ့သဘောက
အံ့သြစရာကောင်းတယ်။
အလွန်အကဲ
ပင်ပန်းပေမယ့် ပျော်နေတယ်။
အိမ်ရောက်သွားရင်
အဝစားလိုက်မယ်၊ပြီးတော့ အိပ်ပစ်လိုက်မယ်လို့ အားခဲထားပေမယ့်
မစားနိုင်ဘူး။
အိပ်ရေးပျက်တော့ အစားလည်း ပျက်သွားတဲ့သဘော။
နောက်တစ်ခုက
ဆိုဒ်ဂျော့(Side Job)လို့ခေါ်တဲ့ဘေးထွက်အလုပ်၊
တစ်နည်းအားဖြင့်
ပြင်ဆင်ရတဲ့အလုပ်တွေက
အများကြီးလုပ်ဖို့လိုလာတယ်။
ဟင်းကောင်းတစ်ခွက်ဖြစ်ဖို့
ကြက်သွန်နွှာရ၊
ငရုတ်သီးထောင်းရတဲ့အလုပ်မျိုးနဲ့တူတယ်။
ဒီလိုလူစည်ကားတာဟာ
တစ်ပတ်၊ဆယ်ရက်လောက်ကြာမယ်လို့
ကုမ္ပဏီကလူကြီး
တွေကပြောတယ်။
အဲဒီရက်ပိုင်းတွေမှာတော့
တစ်ညကို သုံးလေးနာရီလောက်ပဲ အိပ်ရတယ်။
လောဘက
သံပတ်တင်းတော့လည်း အမောဆို့လောက်အောင်
ပြင်းပြင်းပြေးခဲ့ရတဲ့အချိန်ကာလတစ်ခုလို့ပြောရမယ်ထင်ပါရဲ့။
ပုဇွန်ကွက်ကြော်... |
တော်သေးပြီအမေ။
အမေ့ကို
ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊(Ashburn)
ဗာဂျီးနီးယားပြည်နယ်၊(Virginia)
အမေရိကန်ပြည်ထောင်စု။(USA)
၁-၄-၂၀၁၄
၁-၄-၂၀၁၄
သီးစုံဟင်းလို့ခေါ်တဲ့ပဲကုလားဟင်း |
No comments:
Post a Comment