သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့်
စာရေးလိုက်ပါတယ်။
လတ်ဆတ်တဲ့ဈေးကြီးရဲ့ဖွင့်ပွဲဟာ
အောင်မြင်စွာနဲ့ပြီးစီးသွားတယ်လို့ပြောရမယ်ထင်တယ်။
အောင်မြင်တယ်ဆိုတာ ကျနော်တို့ဖက်ကပြောလိုက်တာပါ။
ဖွင့်ပွဲနေ့မှာ ကျနော်တို့
တစ်ခါမှ မရဖူးသေးတဲ့ဝင်ငွေမျိုးရတယ်။
ကုမ္ပဏီရဲ့အကြီးအကဲဟာဖွင့်ပွဲနေ့မှာ
လာပြီးအားပေးတယ်။
လေးရက်အထိနေသွားတယ်။
လုပ်ငန်းနဲ့ပတ်သက်တာတွေ တော်တော်များများပြောသွားတယ်။
သူပြောသွားတဲ့အထဲမှာ အခုဆိုင်က
လူနှစ်ယောက်ထဲလုပ်ရမယ့်ဆိုင်မဟုတ်ဘူး။
လူသုံးယောက်လုပ်မှ ပိုအစဉ်ပြေမယ်။
ဒါကြောင့် အကူတစ်ယောက်ကို
အမြန်ဆုံးရှာသင့်တယ်လို့ပြောသွားလေရဲ့။
နှစ်ယောက်လုပ်နေတဲ့ဆိုင်ကနေ
သုံးယောက်လုပ်ရတဲ့ဆိုင်ကိုပြောင်းရတာလည်း
အောင်မြင်မှုတစ်ခုလို့မှတ်ယူပါတယ်။
အချိန်မရတဲ့ကြားထဲက လူရှာတဲ့အလုပ်ကို
လုပ်ရတယ်။
မြန်မာထမင်းဆိုင်ကတစ်ဆင့်
ဘုန်းတော်ကြီးကျောင်းတွေ ကိုသွားရတယ်။
အနီးဆုံးဘုန်းတော်ကြီးကျောင်းကို
သွားပြန်တော့ ဆရာတော်ဘုရားက ခရီးထွက်နေတာနဲ့
ကြုံနေတယ်။ ဆရာတော်ကို မတွေ့ခဲ့ဘူး။
ဆရာတော်ကို ကိုယ်ရေးကိစ္စ
အပူကပ်ရတာ မကောင်းမှန်းသိပေမယ့်
ကျန်တဲ့နည်းလမ်းတွေက အစဉ်မပြေတော့လည်း
ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲလိုက်တဲ့သဘောပါပဲ။
အဝေးရောက်နေတဲ့မိတ်ဆွေတွေကို
ဖုန်းနဲ့ဆက်သွယ်ပြီးအကြံတောင်းကြည့်တယ်။
သူတို့တွေ ပေးတဲ့အကြံဥာဏ်တွေက
ကိုယ်နဲ့အံဝင်ဂွင်ကျ မဖြစ်ဘူး။
ဒါနဲ့ပဲ
သုံးပတ်ကျော်လာတော့ ကျေးဇူးတော်နေ့ကိုရောက်လာတယ်။
သူတို့ရဲ့ဘုရားသခင်ကို
ကျေးဇူးတော်ကို အောင်းမေ့သတိရတဲ့နေ့ထူးနေ့မြတ်တစ်နေ့ပေါ့။
အဲဒီနေ့မှာ
ရုံးတွေပိတ်တယ်။ ကျနော်တို့ဈေးလည်း ပိတ်တယ်။
ရှေ့ပိုင်းတောက်လျှောက် ပင်ပန်းခဲ့လေတော့
အဲဒီနေ့မှာ အိပ်လို့ကောင်းလိုက်တာ
အမေရယ်။
အများသူငါတွေကတော့ တစ်ပတ်မှာ
နှစ်ရက် ပိတ်ရက်ရကြတယ်။
မရနိုင်မှန်းသိနေတာမို့ အဲဒီလိုမျိုးအပတ်စဉ်ပိတ်ရက်ရတာမျိုးကို
မတောင်းတချင်တော့ပါဘူး။
ဒါပေမယ့် တစ်လတစ်ရက် ပိတ်ရက်ရရင်
သိပ်ကောင်းမှာပဲ လို့တော့ တောင်းတမိပါတယ်။
ဒါလည်း လက်တွေ့မှာတော့ မဖြစ်နိုင်ပါဘူး။
နိုဝင်ဘာလမှာ ကျေးဇူးတော်နေ့၊
ဈေးပိတ်တယ်။
ကျနော်တို့ပိတ်တယ်။
ဈေးပိတ်တဲ့ရက်တွေမှ ပိတ်ရက်ရတာမျိုးပါ။
အလုပ်က မပင်ပန်းပါဘူး။
ဒီထက်လည်း ပင်ပန်းတဲ့အလုပ်တွေကို
လုပ်ခဲ့ဖူးတော့ ဒီအလုပ်ကို
ပင်ပန်းတဲ့အလုပ်လို့ မသတ်မှတ်ပါဘူး။
ဒါပေမယ့် လုပ်ရတဲ့အလုပ်က
အချိန်များလွန်းလှတယ်။
တစ်နေ့ကို အနည်းဆုံး ၁၂-နာရီ
ကျော်နေတယ်။
အဲဒီအချိန်တွေမှာ တောက်လျှောက်မတ်တတ်ရပ်ရတာကတော့
မမိုက်ပါဘူးအမေရယ်။
အခြားဘယ်သူကမှ ရပ်ခိုင်းတာတော့
မဟုတ်ပါဘူး။
ကိုယ့်လောဘက ကိုယ့်ကိုယ်
ရပ်ခိုင်းတာ အမေရေ့။
အမေ သင်ပေးတဲ့ပညာနဲ့ လုပ်စားတုန်းက
ဒီဒုက္ခတွေ မရှိခဲ့ဖူး။
အေးအေးချမ်းချမ်း ထိုင်
စားနိုင်ပါရက်နဲ့
အမေကျော်ပြီးဒွေးတော်ကို
လွမ်းခဲ့မိတဲ့ဒုက္ခလား မသိဘူးနော်။
အခုတော့
ရပ်မှ စားရတဲ့ဘဝကို ရောက်နေလေရဲ့။
နိုဝင်ဘာလ
အကုန်လောက်မှ ရာသီဥတုက သိသိသာသာ အေးလာတယ်။
ကောင်ကင်က
အဖြူဖတ်ကလေးတွေ လွင့်ပြီးတဖြည်းဖြည်း ကျဆင်းလာတာကို
အစဦးဆိုတော့
ကြည့်ကြည့်ကောင်းကောင်းနဲ့ ကြည့်ဖြစ်တယ်။
ကြည့်ရင်းနဲ့ပျော်လာတယ်။
ဘာနဲ့တူသလဲဆိုတော့
ရွာမှာတုန်းက ခရေပင်ကြီးဆီက
ခရေပွင့်လေးတွေ
ကြွေကျနေသလိုပဲ။
ဒီမှာတော့
မိုးကောင်ကင်ပေါ်က ကျဆင်းလာတာ။
ကျကာစမှာတော့
မြေပြင်ပေါ်ရောက်ရင် အရည်ပျော်သွားတယ်။
ကျလာတာများတဲ့အခါမှာတော့
အရည်မပျော်နိုင်တော့ဘူးထင်တယ်။
ဆွတ်ဆွတ်ဖြူနေတဲ့
မြေပြင်ဖြစ်လာတယ်။
တစ်ခါတစ်လေဆိုရင်
ငါးလက္မအထိတောင် မြင့်တက်လာတယ်။
ရပ်ထားတဲ့ကားတိုင်းဟာ
ဖွေးဖွေးဖြူနေတယ်။
ကားရပ်ထားတဲ့နေရာကို
မမှတ်မိရင် ကိုယ့်ကားကို ကိုယ်မှတ်မိဖို့တောင်
မလွယ်ဘူး။
ကားတိုင်းက
အတူတူလိုဖြစ်သွားတယ်။
သိပ်မကြာပါဘူး။
ကားလမ်းတွေကို လမ်းရှင်းတဲ့
ကားတွေ
ရောက်လာပြီး နှင်းတွေကို ကားရှေ့ကဂေါ်ပြားနဲ့ထိုးပြီး
လမ်းရှင်းကြတာကို
တွေ့ရတယ်။
ကိုယ်ကလည်း
ကိုယ့်ကားကို ဂေါ်ပြားအသေးနဲ့ထိုးပြီးနှင်းတွေကို ရှင်း။
ဒါမှမြင်ကွင်းရှင်းပြီး
ကားကို မောင်းလို့ရမှာလေ။
ဒီအချိန်မှာ
ကားကို သတိထားမောင်းရတယ်။
စလစ်တွေ
ဖြစ်တတ်လို့လေ။
မစ်ချီဂန်မှာတုန်းကလည်း
နှင်းကျတာ ကြုံဖူးခဲ့ပါတယ်။
ဒီမှာက
ပိုအေးနေသလိုပဲ။
ဘာကြောင့်ဆိုတော့
ဒီမှာကလေအေးတွေ ပိုတိုက်နေတယ်လို့ထင်မိတာပဲ။
တိုက်လိုက်တဲ့လေကလည်း
အေးလိုက်တာ။
အပြင်ထွက်တော့
မျက်နှာကို ဖုံးလို့ မရဘူးလေ။
လေအေးက
တိုက်လိုက်တဲ့အခါ ဖုံးလို့မရ မျက်နှာကို ရေခဲရေနဲ့ လာပက်လိုက်တဲ့အတိုင်းပဲ။
အေးစိမ့်သွားတာပဲ။
ရေခဲအမှတ်ကို
ကျော်ပြီး အနုတ်ဒီဂရီတွေ ရောက်တဲ့နေ့ပေါင်းများစွာကိုလည်း
ဒီရောက်မှ
ကြုံဖူးတော့တယ်။
မိတ်ဆွေတွေက
ပြောကြတယ်။
ဆူရှီးဆိုတာ
အအေးစာဖြစ်တော့ ရာသီဥတု အေးတဲ့အချိန်မှာ ရောင်းမကောင်းဘူးတဲ့။
သူတို့တွေ
ညည်းကြတယ်။
ဆန်ကို
ချက်ပြီးထမင်းဖြစ်လာတဲ့ဆူရှီးက ဘယ်လိုအအေးစာ ဖြစ်ရသလဲဆိုရင်
ဒီမှာက
အအေးစာဆိုရင် ၄၁ံ F (ဖါရင်ဟိုက်)အောက်ကိုရောက်နေရမယ်။
အပူစာဆိုရင်လည်း
၁၃၅ံ F ပေါ်ကို ကျော်နေရမယ်လို့
ကျန်းမာရေးဌာနက
သတ်မှတ်ထားတယ်။
၄၁ံ
Fနဲ့ ၁၃၅ံ F ကြားမှာဆိုရင် လူကို အန္တာရာယ်ဖြစ်စေတဲ့ ပိုးမွှားတွေ
ပေါက်ပွားမှု
အမြင့်ဆုံး ဖြစ်တယ်လို့ဆိုတယ်။
ဒီတော့
ဆူရှီးကိုလိတ်ပြီးရင် ၄၁ံ F အောက်ရောက်စေတဲ့အအေးခန်းအရောင်းကောင်တာ
ထဲထည့်လိုက်ရတယ်။
ဒီလိုနဲ့
ဆူရှီးဟာ အအေးစာ ဖြစ်သွားရတယ်။
အပြင်မှာ
ရာသီဥတုက အရမ်းအေးနေချိန်မှာ အအေးခန်းထဲက အစားအစာကို
စားဖို့ဆိုတာ
သူသူငါငါ ဝန်လေးမယ်ဆိုတာ သဘောပေါက်ပါတယ်။
သူတို့တွေ
စားမှာမဟုတ်ဘူးဆိုပြီးမလုပ်လို့လည်း မရဘူး။
ဆိုင်တစ်ဆိုင်ကို
ယူထားပြီးပြီ။
နောက်ဆုတ်လို့မရတော့ဘူး။
ရှေ့တိုးဖို့ပဲ
ရှိတော့တယ်။
ဒီတော့
ရောင်းကောင်းအောင် ဘယ်လိုလုပ်မလဲ။
ကျဉ်းထဲကြတ်ထဲရောက်တဲ့အခါ
ယုံယုံက အကြံဥာဏ်ကောင်းထွက်လာတယ်။
ရာသီဥတုကို
ကိုယ်က ပြင်လို့မရဘူး။
ပြင်လို့ရတာကတော့
အအေးစာကို အပူစာဖြစ်အောင်
အပူအစပ်နဲနဲကဲလိုက်တယ်။
ပြီးတော့
စားသုံးသူတွေကို ဝန်ဆောင်မှုပေးတဲ့အခါ
အပြင်မှာ
အေးနေချိန်မှာ အစပ်စားလိုက်ရင် နွေးစေတယ်လို့ ပြောပြီးရောင်းတော့
ရောင်းကောင်းလာတယ်။
ဒီကလူတွေလည်း
အစပ်ကြိုက်လာကြတယ်။
The
Fresh Market(လတ်ဆတ်တဲ့ဈေး)ဟာ နာမည်နဲ့လိုက်အောင် လတ်ဆတ်တဲ့ကုန်ပစ္စည်းအမျိုးမျိုးကို
ရောင်းတယ်။
ကျန်တဲ့ဆိုင်တွေထက်
ဈေးအနည်းငယ်မြှင့်ပြီး ရောင်းတယ်။
ဒီမှာတော့
အော်ဂင်နစ်လို့ခေါ်တဲ့စားသောက်ကုန်ပစ္စည်းဟာ နာမည်ကြီးပြီး လူကြိုက်များလာတယ်။
အော်ဂင်နစ်ဆိုတာ
လွယ်လွယ်ပြောရရင် အဆိပ်အတောက်နည်းတဲ့စားသောက်ကုန်ပစ္စည်းကို
ပြောရမယ်ထင်တယ်။
ပိုနားလည်အောင်
ပြောရရင် အော်ဂင်နစ်သီးနှံဆိုပါတော့ အဲဒီသီးနှံကို ဓာတ်မြေသြဇာ
ကို
အသုံးမပြုဘဲ သဘာဝနွားချေးကို အသုံးပြုတာမျိုး။
ဒီမှာတော့
အော်ဂင်နစ် ကြက်ဥ၊ဘဲဥတဲ့အမေရယ်။
ဟိုတုန်းက
မကြားခဲ့ဖူးဘူး။
ကျနော်တော့
သိပ်နားမလည်ဘူး။
ဘာကြောင့်
အဲဒီိလိုခေါ်သလဲဆိုတာ မသိသေးဘူး။
မဟုတ်ပဲနဲ့
လိမ်ညာပြီးရောင်းလို့ တော့ မရဘူး။
အမေရိကန်လူမျိုးတွေက
တရားစွဲတာကို အလွန်ဝါသနာပါတဲ့လူမျိုးတွေ၊
မဟုတ်ပဲ
လိမ်ညာလို့ကတော့ ရတာထက် လျော်ရဖို့ ပိုများတယ်။
နောက်ပြီးတော့
အစားအစာတိုင်းကို ကျန်းမာရေးဌာနက စစ်ဆေးပြီးမှ
ရောင်းခွင့်ရှိတော့
မဟုတ်ပဲနဲ့ကြော်ငြာလို့မရဘူး။
ပြီးတော့
All Natural Chicken (သဘာဝကြက်သား)တဲ့။
ကြော်ငြာဆိုင်ပုဒ်အကြီးကြီးနဲ့ကြော်ငြာ ပြီးရောင်းနေတာ။
စိတ်ဝင်စားလို့
မေးကြည့်တော့ ပိုးသတ်ဆေးလုံးဝမသုံးထားတဲ့ကြက်မျိုးလို့ပြောတယ်။
ကျန်းမာရေးကို
အလေးထားသူတွေကတော့ ဈေးနှုန်းကြီးပေမယ့်လည်း
ဝယ်စားနေကြတာကို
တွေ့ရတယ်။
အဲဒီအော်ဂင်နစ်ရောင်းကုန်တွေရဲ့
အလယ်မှာ ကျနော်တို့ ဆူရှီးကို
ရောင်းနေရတာလေ။
ဒီနေ့အဖို့
ဒါလောက်ပါပဲ။
ချစ်တဲ့အမေရဲ့သား
အောင်ဝင်းဟိန်း
အက်ဗန်းမြို့၊(Ashburn)
ဗာဂျီးနီးယားပြည်နယ်၊(Virginia)
အမေရိကန်ပြည်ထောင်စု။(USA)
၁-၂၇-၂၀၁၄
၁-၂၇-၂၀၁၄
No comments:
Post a Comment