သို့
ချစ်တဲ့အမေ
သား
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အခုစာရေးနေချိန်မှာတော့
ဗာဂျီးနီးယားသမုဒ္ဒရာကမ်းစပ်(Virginia
Beach)ကိုရောက်နေတယ်။
အတ္တလန်တိတ်သမုဒ္ဒရာ
(Atlantic Ocean)နဲ့ကပ်ရက်ဖြစ်နေတာကြောင့် သမုဒ္ဒရာ
ကမ်းစပ်လို့ပြောလိုက်တာပါ။
သာယာလိုက်တာ
အမေရယ်။
ဇင်ယော်ငှက်တွေလည်း
အများအပြား ပျံနေကြတယ်။
တောဘဲငန်းတွေလည်း
အုပ်စုဖွဲ့ပြီး တစ်နေရာကို ဦးတည်ပြီး ပျံနေကြတယ်။
လေယာဉ်ကွင်းနဲ့နီးလို့ထင်တယ်။
လေယာဉ်သံတွေလည်း
မကြာခဏကြားနေရတယ်။
နောက်တစ်ခုက
အမေရိကန်ရေတပ်စခန်းနဲ့နီးပုံရတယ်။
စစ်လေယာဉ်တွေ
တစ်ချိန်လုံး ပျံသန်းနေကြတယ်။
စစ်လေယာဉ်ရဲ့အင်ဂျင်သံက
ပိုပြီး ကျယ်လောင်တယ်။
ဒေါလ်ဖင်း(Dolphin)လို့ခေါ်တဲ့ငါးကြီးတွေလည်း
ခုန်ခုန်ပြီး သမုဒ္ဒရာကမ်းစပ်မှာ
အုပ်စုဖွဲ့ပြီးရေကူးနေတာကို
မြင်နေရတယ်။
လာပြီးအနားယူနေကြတဲ့လူတွေလည်း
ကမ်းစပ်မှာ အချို့က လမ်းလျှောက်နေကြတယ်။
အချို့က
စက်ဘီးစီးနေကြတယ်။
အချို့က
စကိတ်စီးနေကြတယ်။
အချို့က
သူတို့မွေးထားတဲ့ ခွေးတွေနဲ့ဆော့နေကြတယ်။
အချို့က
ကျန်းမာရေးအတွက် ပြေးနေကြတယ်။
တစ်ခါတစ်လေ
ပင်လယ်ကူးသဘောင်္ကြီးတွေကို အခန်းထဲက မြင်နေရတယ်။
တစ်ခါတစ်လေ
ကြန္တိန္နာ သေဘာၤေတြ၊
တစ်ခါတစ်လေ
လူစီးသေဘာၤေတြ၊
ညဖက်မှာတော့
အဲဒီလူစီးသဘောင်္တွေ မီးထိန်ထိန် လင်းလို့။
တစ်ခါတစ်လေလည်း
ရွက်လှေတွေကို တွေ့ရတတ်တယ်။
ပတ်ဝန်းကျင်ဟာ
သာယာသလို သမုဒ္ဒရာဖက်က တိုက်လာတဲ့လေနုအေးတွေကို ရှုရှိုက်ရတာကိုက
စိတ်ချမ်းသာစရာကောင်းလိုက်တာ
အမေရယ်။
တစ်နှစ်နီးပါးလောက်
ပင်ပန်းထားသမျှ ပျောက်ကွယ်သွားတယ်လို့ ခံစားရတယ်။တန်တယ်အမေ။
မအားမလပ်လောက်အောင်
အလုပ်များလှတဲ့အလုပ်ခွင်ထဲကနေ
ဘယ်လိုလုပ်ပြီး
ဗာဂျီးနီးယား သမုဒ္ဒရာကမ်းစပ်ကို ရောက်သွားသလဲ
လို့
အမေ သိချင်လိမ့်မယ်လို့ ထင်တယ်။
ဖြစ်ပုံက ဒီလို
အမေရေ့…။
တစ်နေ့မှာ
ကုမ္ပဏီက ဒု-မန်နေဂျာတစ်ယောက်က ဖုံးဆက်တယ်။
“ဗာဂျီးနီးယားမှာ
ဆိုင်သစ်ဖွင့်ဖို့ရှိတယ်။
နိုဝင်ဘာလ
ပထမပတ်မှာ ဖွင့်မှာ။
ဒီလုပ်ငန်းရဲ့အကြီးအကဲက
ဒီဆိုင်ဟာ သူတို့လင်မယားနဲ့သင့်တော်တယ်လို့
ထောက်ခံချက်ပေးတယ်။
စဉ်းစားပါ။
သုံးရက်အချိန်ပေးမယ်” တဲ့။
အဲဒီနေရာဟာ
ဝါရှင်တန်ဒီစီရဲ့အနောက်ဖက်မှာလို့လည်းပြောတယ်။
နော်ဖေါ့ခ်(Norfork)နဲ့လည်း
နီးတယ်လို့လည်း ပြောတယ်။
အဲဒီနော်ဖေါ့ခ်ဟာ
အတ္တလန်တိတ်သမုဒ္ဒရာကမ်းစပ်နဲ့နီးတယ်လို့လည်းပြောတယ်။
သူပြောတာကတော့
ဒီလောက်ပါပဲ။
ကျနော်တို့က
အတော့်ကို စဉ်းစားရတယ်။
ဘာကြောင့်ဆိုတော့
ကျနော်တို့အတွက် ဘဝအလှည့်အပြောင်းဖြစ်နိုင်တယ်လေ။
အခုလောလောဆယ်မှာ
ဒီဆိုင်က တစ်နေ့ထက်တစ်နေ့ အရောင်းတွေ တက်လာတယ်။
ကျနော်တို့ဝင်ငွေလည်း
ကောင်းလာတယ်။
မစ်ချီဂန်မှာ
လုပ်တာထက်တောင် ဝင်ငွေက နှစ်ဆကျော်ကျော် တက်လာတယ်။
စားသုံးသူတွေရဲ့သဘောသဘာဝတွေကိုလည်း
ပိုနားလည်လာတယ်။
စားသုံးသူအတော်များများနဲ့လည်း
ရင်းနှီးလာတယ်။
သူတို့တွေ
ဘာကြိုက်သလဲဆိုတာလည်း သိလာခဲ့တယ်။
ဝန်ထမ်းတွေအားလုံးနီးပါးနဲ့လည်း
ရင်းနှီးလာတယ်။
အများစုကလည်း
နာမူနာ(Sample)တွေ စားကြသလို
ကြိုက်လာလို့
ဝယ်စားသူတွေလည်း ဖြစ်လာတယ်။
အလုပ်နဲ့အိမ်နဲ့
နီးတယ်။
အိမ်လခကလည်း
သင့်တော်တယ်။
နေတဲ့နေရာက
ဘဏ်နှစ်ခုစလုံးနဲ့နီးတယ်။
စာတိုက်နဲ့လည်း
နီးတယ်။
ဈေးနဲ့နီးတယ်။
ဖုံးဘီလ်ပေးတဲ့နေရာနဲ့နီးတယ်။
ပြောရရင်
အစစအရာရာ အစဉ်ပြေနေတဲ့နေရာကို
ကျောခိုင်းပြီး
ဘာမှ မသေချာတဲ့နေရာတစ်ခုကို ရွေးချယ်ဖို့ဆိုတာ
တော်တော်ခက်ခဲတယ်လို့ပြောရမယ်ထင်တယ်။
နှစ်ရက်လောက်
ကြာတဲ့အထိ အတွေးကိုယ်စီနဲ့တစ်ယောက်နဲ့တစ်ယောက်
စကားမပြောဖြစ်ကြဘူး။
နှစ်ရက်မှာတော့
ယုံယုံကိုမေးဖြစ်တယ်။
ဘယ်လိုဆုံးဖြတ်သလဲ။
အလုပ်သစ်ကိုလက်ခံဖို့
ဆုံးဖြတ်တယ်။
ဘာကြောင့်လဲ။
တစ်နေရာထဲမှာ
အကြာကြီး မနေချင်ဘူး။
တိုးတက်ဖို့ဆိုတာ
ပြောင်းလဲမှဖြစ်မယ်ဆိုတာကိုလည်း သိထားတယ်။
အခုကိစ္စကလည်း
အခွင့်အရေးလို့မြင်တယ်။
တောမြို့လေးမှာတောင်
ဖြစ်အောင်လုပ်နိုင်ရင်
မြို့ကြီးမှာလည်း
ဖြစ်နိုင်မယ်လို့ယုံကြည်တယ်” လို့ပြောတယ်။
အမေပြောဖူးတဲ့စကား၊
မသေချာတာက
စိတ်ဝင်စားစရာကောင်းတယ်။
သေချာတဲ့အလုပ်ဟာ
ဘာမှ စိတ်မလှုပ်ရှားရဘူး။
ရှေ့တိုးရမလား၊
နောက်ဆုတ်ရမလားလို့ မဆုံးဖြတ်နိုင်တိုင်း
ရှေ့ကို
တိုးကြည့်လိုက်ပါ။
ရှေ့တိုးလို့
အောင်မြင်ရင် ကိုယ့်ကိုယ်ကို ပိုပိုပြီးယုံကြည်မှုတိုးစေတယ်။
မအောင်မြင်ရင်
အတွေ့အကြုံတွေ အများကြီးကို ရစေတယ်။
နောက်ဆုတ်တာဟာ
အရှုံးပေးတာနဲ့တူတယ်။
အရှုံးပေးတာဟာ
အကျင့်ပါတတ်တယ်။
ဘယ်ဖက်ကို
သွားရမလား၊
ညာဖက်ကို
သွားရမလားလို့ မဝေခွဲနိုင်တိုင်း
ခက်ခဲတဲ့လမ်းကို
ရွေး။
ခက်ခဲတဲ့လမ်းဟာ
လူတိုင်းမသွားတတ်တာမို့
အခွင့်အရေး
ပိုရနိုင်တယ်လို့ အမေပြောခဲ့ဖူးတယ်လေ။
အခုဟာလည်း
ရောက်တဲ့လှေခါးထစ်မှာ ရပ်မနေချင်တာကြောင့်
အခွင့်အရေးပေးတာကို
လက်ခံဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ဖြစ်တယ်။
နှစ်ရက်အကြာမှာပဲ
ဆုံးဖြတ်ချက်ကို ဒုမန်နေဂျာကို အကြောင်းပြန်လိုက်တယ်။
ဒုမန်နေဂျာက
ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်မယ်လို့သူမယူဆကြောင်းပြောပါတယ်။
မိတ်ဆွေတစ်ယောက်က
မေးလို့ပြောပြလိုက်မိတယ်။
နေရာသစ်ဟာ
အောင်မြင်ခဲတယ်။
ဒီဆုံးဖြတ်ချက်ဟာ
မှားတယ်လို့ပြောတယ်။
နောက်မိတ်ဆွေတစ်ယောက်ကိုပြောပြတော့
သူဟာ
ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်မယ်လို့ သူထင်ကြောင်းပြောပြတယ်။
အကြောင်းကတော့
ဒီမတ်ကတ်ကြီးဟာ သန်းပေါင်းများစွာရင်းနှီးမြှုပ်နှံပြီးမှ
ဆိုင်တစ်ဆိုင်ကိုဖွင့်တာဖြစ်တယ်။
သုတေသနအများကြီးလုပ်ပြီးမှ
ဖွင့်ဖို့ဆုံးဖြတ်တာဖြစ်တယ်။
ကိုယ့်ရဲ့ဆိုင်ဟာ
သူ့မတ်ကတ်ကြီးထဲက အစိတ်အပိုင်းသေးသေးလေးသာဖြစ်တယ်။
သူတောင်မှ
အောင်မြင်မယ်ထင်လို့ ဆိုင်သစ်ကို အကုန်အကျအများကြီးခံပြီး
ဖွင့်တာဖြစ်တဲ့အတွက်
ကိုယ်ဟာလည်း အောင်မြင်မယ်လို့ယူဆပါတယ်လို့ပြောပါတယ်။
ဘယ်စကားဟာ
မှန်သလဲဆိုတာတော့ စောင့်ကြည့်ဖို့လိုမယ်။
ကျနော်တို့တော့
ရှေ့တိုးဖို့ဆုံးဖြတ်လိုက်တာကြောင့်
အခုလောလောဆယ်မှာ
ဗာဂျီးနီးယားသမုဒ္ဒရာကမ်းခြေမှာ အေးအေးဆေးဆေး
အနားယူရောက်ရှိနေပါတယ်အမေ။
အမေရေ…ကျန်းမာရေးကို
ဂရုစိုက်ပါနော်။
အမေ့ကို
သတိရတဲ့သား
အောင်ဝင်းဟိန်း
ဗာဂျီးနီးယားကမ်းစပ်၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၁၀-၂၃-၂၀၁၃
၁၀-၂၃-၂၀၁၃
1 comment:
အမေ့ထံသို့ ပေးစာများ-၁ ထဲက ဖတ်လာတာ... အောင်မြင်လာတာ ဝမ်းသာပါတယ်။
ကောင်းသော အပြောင်းအလဲ ဖြစ်မှာပါ။
Post a Comment