သို့
ချစ်တဲ့အမေ
သား
သတိတရ စာရေးလိုက်ပါတယ်။
“တိုးတက်ချင်ရင်
ပြောင်းလဲရဲရမယ်” ဆိုတဲ့စကားကြောင့်
အခြေကျနေပြီဖြစ်တဲ့
ဂျော်ဂျီယာပြည်နယ်ကနေ
ဗားဂျီးနီးယားပြည်နယ်ကို
ပြောင်းဖို့ဆုံးဖြတ်ဖြစ်ခဲ့တယ်။
တစ်နေရာကနေ
နောက်တစ်နေရာကိုပြောင်းဖို့ဆိုတာ မလွယ်ကူမှန်း သိပါတယ်။
လုပ်ရမယ့်လုပ်ငန်းစဉ်တွေက
အများကြီး။
အရင်ဆုံးလုပ်ရမယ့်အလုပ်က
နောက်လာမယ့်လူကို အစဉ်ပြေပြေ၊
အလုပ်တွေ
ချောချောမွေ့မွေ့ဖြစ်ဖို့ အားလုံးပြင်ဆင်ပေးရတယ်။
လုပ်ငန်းအတွေ့အကြုံကြောင့်
ဒါကလည်း
ခက်လှတယ်လို့တော့ မဟုတ်ပါဘူး။
အောက်တိုဘာလ
လဝက်ထဲမှာပဲ လွှဲပြောင်းပေးလိုက်တယ်။
ကျနော်တို့ပြောင်းရွှေ့မယ်ဆိုတာကို
ဒီမတ်ကတ်(The
Fresh Market) မှာ အလုပ်လုပ်ကြတဲ့ဝန်ထမ်းတွေကို ကြိုတင်မပြောခဲ့ဘူး။
ဘာကြောင့်ဆိုတော့
အမေရိကန်တွေအဖို့ တစ်ယောက်နဲ့တစ်ယောက်
ခွဲခွာကြတာဟာ
သူတို့အတွက် ဘာမှလည်း မထူးဆန်းဘူးလို့ထင်လို့ပဲ။
ကျနော်တို့ရှေ့မှာပဲ
ဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားကြတယ်။
သိရင်
ဝမ်းနည်းပါတယ်(I’m sorry)ဆိုတဲ့စကားလုံးနဲ့ဝတ်ကျေတန်းကြေပြောပြီး
ပြီးသွားကြတာ
အများကြီးကိုတွေ့တော့ ကိုယ့်ကိုယ်လည်းဒီလိုပဲလို့ထင်မိတယ်။
လွှဲပြောင်းတဲ့နောက်ဆုံးနေ့မှာ
ပြောင်းမယ့်အကြောင်းကိုပြောပြတော့
ယုံယုံကို
ဖက်ပြီးငိုသူတွေကိုတွေ့တော့ အံသြသွားမိတယ်။
အော်…သူတို့မှာလည်း
ဒီလိုခံစားချက်ရှိသူတွေ ရှိသေးသကိုး။
တာဝန်ခံဂျပန်ကြီး(Supervisor)ကို
မေးကြတယ်။
“ဘာကြောင့်
သူတို့ကိုပြောင်းလွှဲလိုက်တာလဲ” တဲ့။
Supervisor
ကပြန်ပြောပါတယ်။
“သူတို့ဟာ
ရာထူးတိုး(promotion)နဲ့ပြောင်းရတာပါ” တဲ့။
ဒီစကားကို
လူအတော်များများကိုပြောပြနေတာကို ကြားခဲ့ရတယ်။
ရေခြားမြေခြားမှာ
မိသားစုပုံစံလေးကို ပြန်တွေ့တော့
ကျနော်တို့လည်း
ခံစားရပါတယ်။
ဘာကြောင့်
သူတို့က ကျနော်တို့ကို အလေးထားဆက်ဆံသလဲဆိုတာ
ပြန်စဉ်းစားတော့
အဖြေနှစ်ခုကိုတွေ့ရတယ်။
တစ်ခုက
ကျနော်တို့အလုပ်လုပ်တာကို သူတို့မကြာမကြာချီးကျူးတာကို ကြားရတယ်။
အလုပ်ချိန်များလွန်းပြီး
နားချိန်နည်းတာကို သိသူတိုင်းက
သူတို့တွေ
မလုပ်နိုင်ကြောင်းပြောတယ်။
(၉)လမှာ
ကျနော်တို့နားရက်က တစ်ရက်ထဲရှိတယ်။
အဲဒီရက်ကလည်း
အီစတာလို့ခေါ်တဲ့ဘာသာရေးပွဲတော်တွေ ကျင်းပတဲ့နေ့။
ဈေးကြီးပိတ်လို့ပိတ်တာ။
(အဲဒီရက်မှာ
အိပ်လို့ကောင်းလိုက်တာအမေရယ်။)
နိုင်ငံခြားသားတွေက
အလုပ်လုပ်ချိန်မှာတော့ အလုပ်ကို အားစိုက်ခွန်စိုက်လုပ်ပါတယ်။
ဒါပေမယ့်
သူတို့က တစ်ပတ်မှာ ငါးရက်ထက် ပိုမလုပ်ချင်ဘူး။
တစ်နေ့မှာ
ရှစ်နာရီထက်ပိုမလုပ်ချင်ဘူး။
အလုပ်လုပ်တဲ့
ရှစ်နာရီမှာလည်း နှစ်ရီလုပ်တိုင်း တစ်ခါနားတယ်။
ပထမ
နှစ်နာရီမှာတော့ (၁၀)မိနစ်နားချိန်ရတယ်။
အများစုကတော့
အဲဒီအချိန်မှာ ဆေးလိပ်သောက်တာကိုတွေ့ရတယ်။
အဲဒီအများစုထဲမှာ
အမျိုးသမီးတွေလေ။
အရွယ်ရောက်ပြီးတဲ့အမျိုးသမီးတိုင်း
ဆေးလိပ်သောက်နေကြတယ်လို့တောင် ထင်မိတယ်။
အခ်ျို့လည်း
အအေးသောက်၊အဆာပြေ စားကြတာကိုလည်း တွေ့ရတယ်။
နောက်နှစ်နာရီမှာတော့
နားချိန်တစ်နာရီရတယ်။
အဲဒီအချိန်ကတော့
ထမင်းစားချိန်လို့သတ်မှတ်တယ်။
နောက်နှစ်နာရီမှာတော့
(၁၀)မိနစ်ရပြန်တယ်။
အဲဒီလို
နားချိန်နဲ့နားရက်တွေနဲ့ကျင့်သားရနေတဲ့ နိုင်ငံခြားသားတွေဟာ
ကျနော်တို့လို
နားချိန်မရှိ၊ နားရက်မရှိတဲ့အလုပ်ကို
သူတို့တွေ
မလုပ်ကြတာကို အခုမှ သဘောပေါက်တယ်။
သူတို့တွေ
မလုပ်နိုင်ကြတာကိုက ကျနော်တို့လို
နိုင်ငံခြားသားတွေအတွက်
အခွင့်အရေးတစ်ခုလိုဖြစ်နေတယ်။
“ဆူရှီးလုပ်တတ်ရင်
အလုပ်မရှားဘူး” ဆိုတာကို
အခုတော့
ကောင်းကောင်း သဘောပေါက်မိပါတယ်။
အလုပ်လုပ်သူတွေကို
သူတို့က အထင်ကြီးတတ်တယ်။
အလေးထားဆက်ဆံကြတာကို
သတိပြုမိတယ်။
နောက်တစ်ခုက
ကျနော်တို့က လူတိုင်းကို စေတနာထားပြီးဆက်ဆံတယ်။
နမူနာ(sample)ကို
ဗန်းနဲ့ချထားတယ်။
ဘယ်သူမဆို
စားနိုင်တယ်။
ဆာလာတဲ့ဝန်ထမ်းတွေက
(sample)တွေကို တစ်ခုမကလာစားကြတယ်။
တစ်ကြိမ်မက
စားကြတယ်။
ကုန်သွားရင်
ထပ်ဖြည့်ပေးထားတယ်။
ဘယ်သူ့ကိုမှ
စားလို့မပြောဘူး။
စေတနာမပျက်ခဲ့ဖူးဖူး။
စေတနာမပျက်တော့
ဆက်ဆံရေးလည်း မပျက်ဘူးပေါ့။
ပြီးတော့
ကျနော်တို့ရဲ့ sample ဟာ စားလို့ကောင်းအောင်လုပ်ထားတယ်။
ပါဝင်ပစ္စည်းကို
မခိုထားဘူး။
စားလို့ကောင်းတော့
ထပ်စားတယ်။
ထပ်ခါတလဲလဲစားကြတယ်။
“သဒ္ဒါတရားက
မိတ်ဆွေကို တိုးစေတယ်” လို့အမေပြောခဲ့ဖူးတာကို မမေ့ဘူး။
ဒီလိုနဲ့မိတ်ဆွေတွေ
တိုးလာတယ်။
Sample
တွေကို လာစားကြတဲ့ဝန်ထမ်းတိုင်းလိုလို နောက်တော့လည်း
ဝယ်စားသူတွေ
ဖြစ်လာကြတယ်။ ခင်မင်လာကြတယ်။
ဒီလိုကြောင့်
မိသားစုပုံစံဖြစ်လာကြသလားလို့တွေးမိတယ်။
ဒီတော့
ကျနော်တို့အလုပ်က ကောင်းကောင်းမွန်မွန်လက်လွှဲပြီးတဲ့နောက်မှာတော့
ပေါ့ပါးသလို
ခံစားမိသွားတယ်။
လေးလံတဲ့တာဝန်ကနေ
သုံးပတ်လောက် ကင်းကွာသွားမှာဆိုတော့
ပျော်ရွှင်သလိုလည်း
ခံစားမိတယ်။
အရင်ဆုံးလုပ်ချင်မိတာက
အိပ်ရေးဝအောင် အိပ်ပစ်လိုက်ချင်တာပါပဲ။
တကယ်အိပ်တော့လည်း
အိပ်လို့မပျော်ဘူး။
ပျော်ရွှင်တဲ့စိတ်ကြောင့်
စောစောအိပ်လို့မရဘူး။
အိပ်ပြန်တော့လည်း
စောစောထနေတာက ကျင့်သားရနေပြီဆိုတော့ အဲဒီအချိန်မှာ နိုးနေတာပဲ။
ပထမရက်မှာ
နားချိန်တော့ များများရပါတယ်။
ဒီမှာ
ဆယ်နှစ်ကျော်ကျော်နေခဲ့တဲ့မြန်မာမိတ်ဆွေတွေကို မေးကြည့်တယ်။
“ဒီအေသင်မြို့မှာ
လည်ပတ်စရာနေရာတွေက ဘယ်နေရာတွေလဲ” ပေါ့။
အချို့က
မရှိဘူးလို့ဖြေတယ်။
အချို့က
မသိဘူးလို့ဖြေတယ်။
တကယ်ပဲ
မရှိတာလား၊
ဒါမှမဟုတ်
သူတို့တွေ အလုပ်ထဲမှာ နစ်နေကြလို့မသိတာလား။
GPS
ထဲမှာ ရှာကြည့်တော့ ပန်းခြံတစ်ခုကိုတွေ့တယ်။
အဲဒီပန်းခြံ(Sandy
Creek Park) ကို သွားလည်လိုက်တယ်။
ဝင်ကြေးပေးရတယ်။
အကျယ်ကြီးပဲ။လှေလှော်ရွက်တိုက်လည်း
ရှိတယ်။
ငါးမျှားနေကြသူတွေလည်း
တွေ့ရတယ်။
အားကစားလာလုပ်သူလည်း
တွေ့ရတယ်။
ခွေးပန်းခြံတဲ့အမေရယ်။
ဒီရောက်မှ
ကြားဖူးတယ်။
ဒီမှာ
သုံးခုတောင်ရှိတယ်။
နှစ်ခုက
ကြိုတင်ဘွတ်ကင်လုပ်ရတယ်။
ပိုက်ဆံပေးရတယ်။
ကိုယ်ပိုင်ခွေးတွေကို
လွတ်လွတ်လပ်လပ်လွှတ်ပြီးကစားနေတာကိုတွေ့ရတယ်။
ဒီမှာတော့
ခွေးတွေတောင် လွတ်လပ်မှုတွေနဲ့ရှင်သန်ဖို့အခွင့်အရေးရှိတယ်။
နောက်တစ်နေ့မှာတော့
ဂျော်ဂျီယာပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့အတ္တလန်တာမြို့တော်ကို
သွားလည်ဖြစ်တယ်။
တစ်နာရီကျော်ကျော်
ကားမောင်းရတယ်။
ဒီမှာတော့
လည်ပတ်စရာတွေ တော်တော်များတယ်။
အရင်ဆုံးသွားလည်ဖြစ်တာကတော့
အီမိုရီဆေးတက္ကသိုလ်ကို သွားလည်ဖြစ်တယ်။
အသိမိတ်ဆွေတစ်ယောက်က
ပြောလို့ပါ။
“ဒီဂျော်ဂျီယာပြည်နယ်မှာ
အရောင်းအကောင်းဆုံး ဆူရှီးဆိုင်တစ်ခု အဲဒီမှာ ရှိတယ်” ဆိုလို့ပါ။
စနေနေ့ကျောင်းပိတ်လို့ထင်တယ်။
အဲဒီဆိုင်ကို ရှာမတွေ့ခဲ့ဖူး။
ဒါပေမယ့်
နာမည်ကြီးဆေးတက္ကသိုလ်ကျောင်းထဲကိုတော့ လည်ပတ်ဖြစ်တယ်။
ကျောင်းသူကျောင်းသားတွေ
အများအပြားတော့တွေ့ခဲ့တယ်။
“ငါ
ပြန်ငယ်ချင်လိုက်တာ” လို့
အမေ
မကြာခဏပြောတာကို ပြန်သတိရမိတယ်။
“ပြန်ငယ်ရင်
အမေကဘာလုပ်မှာလဲ” လို့သားသမီးတွေက ပြန်မေးတော့
“မိုးကို
ဒူးနဲ့တိုက်နိုင်လောက်အောင် ပညာတွေကို သင်ပစ်လိုက်မှာပေါ့” လို့
အမေကပြန်ဖြေခဲ့တယ်။
အခုလည်း
ကျနော်လည်း အမေလို ပြန်ငယ်ချင်လိုက်တာအမေရယ်။
နောက်တစ်နေရာကတော့
ကမ္ဘာကျော်တဲ့သတင်းဌာနစီအင်န်အင်န်(CNN)ကို သွားလည်ဖြစ်တယ်။
အဆောက်အဦးကတော့
အကြီးကြီးပဲ။
လာရောက်လည်ပတ်သူတွေလည်း
အများကြီး။
လာရောက်လည်ပတ်သူတိုင်း
အဲဒီရှေ့မှာ ရှိတဲ့ CNN အမှတ်တံဆိပ်ရဲ့ရှေ့မှာ
အမှတ်တရ
ဓာတ်ပုံတွေ ရိုက်ကြတယ်။
အတွင်းမှာတော့
စားသောက်ဆိုင်တွေ၊ အမှတ်တရဆိုင်တွေ အများကြီးကိုတွေ့ရတယ်။
ဒီသတင်းဌာနဖြစ်တဲ့
CNN ကြီးဖြစ်လာအောင် အစပြုပေးခဲ့တဲ့ကားအစုတ်တစ်စီးကို
အောက်ဖက်မှာ
အမှတ်တရအဖြစ်ပြထားတာကိုတွေ့ရတယ်။
ဒီကားအစုတ်တစ်စီးကနေ
ကမ္ဘာကျော်ပြီး သန်းပေါင်းများစွာပိုင်ဆိုင်လာမယ်လို့
အစက
ဘယ်သူက ကြိုတင်သိခဲ့မလဲနော်။
အစပြုကာလကတော့
အရာရာ မထင်မရှားပါပဲ။
အခက်အခဲကလည်း
အမြောက်အများကျော်ဖြတ်ခဲ့ရမယ်လို့တွေးမိတယ်။
အခုတော့
CNNအဖို့ မိုးကို ထိလုခမန်းအဆောက်အဦးကြီးနဲ့
လူတိုင်းက
ဦးတိုက်နေတာကို တွေးမိတော့ အားတက်မိတယ်။
နောက်တစ်နေရာကတော့
အိုလံပစ်ပန်းခြံပါပဲ။ CNNနဲ့ကပ်ရက်နေရာမှာ တည်ရှိနေတယ်။
စနေနေ့ဖြစ်တာမို့လာရောက်လည်ပတ်သူ
အမြောက်အများကို တွေ့ရတယ်။
လာလည်သူတိုင်း
ပျော်ရွှင်နေကြလေရဲ့။
အဲဒီအလယ်မှာ
ရှိတဲ့ရေပန်းက တော်တော်လှတယ်။
လူငယ်တွေရော၊လူကြီးတွေရော
ပျော်ရွှင်အောင်လို့
ရေပန်းအမျိုးမျိုးလှုပ်ရှားတာကို
ပြထားတယ်။
ရေပန်းလှုပ်ရှားတာကို
ကြည့်ပြီးအတွင်းဖက်ကိုဝင်သူတွေ၊ အတွင်းကနေ အပြင်ဖက်ကို
ပြေးထွက်သူတွေကို
ကြည့်ပြီး ကျနော်တောင်ပျော်လာမိတယ်။
ကြိုတင်တွက်ချက်လို့မရတာမို့
အားလုံးလိုလို ရေစိုကုန်ကြတယ်။
ကလေးကစားကွင်းလည်း
ရှိတယ်။ ကစားစရာအမျိုးမျိုးကိုတည်ထွင်ထားတယ်။
ဒီမှာမွေးဖွားတဲ့ကလေးတွေ
ကံကောင်းတယ်။
ဒီပန်းခြံက
အမေရိကန်သမ္မတ ဂျင်မီကာတာလက်ထက်မှာ အိုလံပစ်ကို
ဒီအတ္တလန်တာမြို့မှာ
ကျင်းပခဲ့တယ်လို့ကြားရတယ်။
အိုလံပစ်ပွဲတော်
ပြီးခဲ့တာကြာပါပြီ။
ဒါပေမယ့်
အထိမ်းအမှတ်အနေနဲ့ ဒီပန်းခြံကြီး ကျန်ရစ်ခဲ့တယ်။
ဒီပန်းခြံကြီးထဲမှာ
ပြည်သူပြည်သားတွေ နေ့တိုင်းပျော်ရွှင်နေကြတယ်။
နောက်တစ်နေရာကတော့
ငါးပြတိုက်၊
ပန်းခြံနဲ့ကပ်နေတယ်။
ရောက်တာနောက်ကျသွားတဲ့အတွက်
အထဲကို မဝင်ဖြစ်ခဲ့ဘူး။
နောက်တစ်နေရာကတော့
ကိုကာကိုလာဖျော်ရည် အထိမ်းအမှတ်အဆောက်အဦး။
ဒီဖျော်ရည်ကို
စတင်ခဲ့သူ့ရဲ့ရုပ်ထုနဲ့တွဲပြီး ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။
“သူရဲ့ရည်မှန်းချက်ကတော့
လူတိုင်းလူတိုင်း သူ့ဖျော်ရည်ကို သောက်ဖူးစေရမယ်” တဲ့။
ခုတော့
သူ့ရဲ့ရည်မှန်းချက်အတိုင်း ဖြစ်နေပြီလို့ပြောနိုင်တယ်။
သူ့ရဲ့အဆောက်အဦးကလည်း
မိုးထိုးတိုက်ကြီးတစ်ခုပါပဲ။
မိုးချုပ်နေပြီဖြစ်လို့
အတွင်းဝင်ပြီးလေ့လာချိန်မရတော့ဘူး။
ဒါနဲ့ပဲ
အေသင်မြို့ကို ပြန်ခဲ့တယ်။
အေသင်မှာတော့
မိုးထိုးလောက်အောင် ကြီးမားတဲ့အဆောက်အဦးတွေကို မတွေ့ရပေမယ့်
အတ္တလန်တာမြို့မှာတော့
မိုးထိုးတဲ့အဆောက်အဦးတွေ အများကြီး။
စည်ကားလိုက်တာအမေရယ်။
ဒီနေ့တော့
ဒီလောက်ပါပဲ။
အမေ့ကို
ချစ်တဲ့သား
အောင်ဝင်းဟိန်း
စပရင်းဟီးလ်တည်ခိုးရိပ်သာ(Springhill
Suites by Marriott.)
အက်စပန်း
ဒါလတ် မြောက်ပိုင်း(Ashburn Dulles North)
အမေရိကန်ပြည်ထောင်စု(USA)
၁၂-၂၄-၂၀၁၃
၁၂-၂၄-၂၀၁၃
No comments:
Post a Comment