သို့
ချစ်တဲ့အမေ
သားသတိတရ
စာရေးလိုက်ပါတယ်။
အလုပ်ကတော့
လုပ်နေကျဖြစ်လာလို့ သိပ်ပင်ပန်းတာ မရှိသလောက်ပါပဲ။
အရမ်းပင်ပန်းတဲ့အလုပ်တွေကို
လုပ်ခဲ့ဖူးတာမို့
အဲဒီအလုပ်တွေနဲ့
နှိုင်းယှဉ်ပြီး မပင်ပန်းတာလည်း ဖြစ်နိုင်ပါတယ်။
ဘာဘဲဖြစ်ဖြစ်
အလုပ်က အစဉ်ပြေပါတယ်။
ပြောစရာ
တစ်ခုတော့ ရှိတယ်။
အလုပ်ချိန်က
များလှတယ်။
တစ်နေ့ကို
၁၂-နာရီကျော်ကျော် အလုပ်ခွင်ထဲမှာ ရှိနေတယ်။
ဝါသနာပါရာ
အလုပ်ကို လုပ်ဖို့ အချိန်က မရှိသလောက် နည်းသွားတယ်။
စာဖတ်ဝါသနာပါတယ်။
စာ မဖတ်နိုင်ဘူး။
စာရေးချင်တယ်။
စာရေးချိန်လည်း မရှိသလောက်ဖြစ်နေတယ်။
စာကြည့်တိုက်က
နီးနီးလေး။
စာကြည့်တိုက်ကို
တစ်ပတ်တစ်ကြိမ်လောက် သွားရဖို့ကိုတောင် မနည်းအားထုတ်နေရတယ်။
မဖြစ်မနေတော့
တစ်ပတ်တစ်ကြိမ်တော့ စာကြည့်တိုက်ကို သွားဖြစ်အောင် ကြိုးစားရတယ်။
စာကြည့်တိုက်ထဲရောက်ရင်ပျော်တယ်။
ငယ်ငယ်တုန်းက
ကစားကွင်းထဲရောက်တဲ့ပျော်ရွှင်မှုမျိုးနဲ့အတူတူပဲ။
အရာရာကို
မေ့သွားသလိုပဲ။
ငယ်စဉ်တုန်းက
အမေဝယ်ခိုင်းတဲ့ ဆီနဲ့ကြက်သွန်ကို ဝယ်ဖို့မေ့သွားလို့
အိမ်ပြန်ရောက်တော့
ရေလုံပြုတ်ဟင်းချို သောက်ခဲ့ရဖူးတာကိုလည်း သတိရမိပါသေးတယ်။
အမေက
ဒီလိုဖြစ်ရကောင်းလားဆိုပြီး ရိုက်တာမျိုး၊ ဆူတာမျိုးလည်း မလုပ်ဘူး။
နောက်တစ်ခါမဖြစ်အောင်တော့
သတိပေးတယ်။
ဒီမြို့က
သေးသေးလေးပါ။
ဒါပေမယ့်
စာကြည့်တိုက်က မြို့နဲ့ယှဉ်ရင် ကြီးလွန်းနေသလိုပဲ။
အထပ်နှစ်ထပ်။ စာအုပ်တွေက အများကြီး။
ကွန်ပျူတာတွေကလည်း
များလွန်းလှတယ်။
ရောက်လေတိုင်း
ကွန်ပျူတာနေရာတွေက လူတွေအများအပြားဖြစ်နေတာကို တွေ့ရတတ်တယ်။
အောက်ထပ်မှာ
ကလေးစာကြည့်တိုက် သီးခြားရှိတယ်။
အဲဒီမှာလည်း
ကွန်ပျူတာတွေကို ကြိုက်သလို ကစားခွင့်ပြုထားတယ်။
ကလေးတွေအတွက်
သီးခြား ကစားကွင်းလည်း လုပ်ထားတာကို တွေ့ရတယ်။
ဒီက
ကလေးတွေ သိပ်ကံကောင်းတယ်လို့ပြောနိုင်တယ်။
နေရာတကာမှာ
လွတ်လွတ်လပ်လပ် ကစားခွင့်ရှိတယ်။ကစားရင်းနဲ့ပညာတွေ သင်ကြားနိုင်တယ်။
ပညာသင်ကြားရင်းနဲ့လွတ်လွတ်လပ်လပ်
ကစားနိုင်တယ်။
စာကြည့်တိုက်မှာ
ကလေးတစ်ယောက် ကစားနေလို့၊အော်နေလို့
လာပြီးတားဆီးတဲ့လူကြီးတွေ
မရှိဘူး။
တာဝန်ရှိသူတွေလည်း
မတားဘူး။
မိဘတွေလည်း
မတားဘူး။
ကဲ…ဘယ်လောက်
ကံကောင်းလိုက်သလဲ။
ကျနော်တို့
ငယ်ငယ်တုန်းကတော့ လူကြီးတိုင်းကို ကြောက်ခဲ့တာမျိုး သူတို့တွေမှာ မရှိဘူး။
ဒါဟာလည်း
သူ့ကံနဲ့သူဖြစ်လာတယ်လို့ပြောရမယ်ထင်ပါတယ်။
စာကြည့်တိုက်မှာ
အချိန်တွေ အများကြီးမပေးနိုင်တာမို့ စာကြည့်တိုက်ကစာအုပ်တွေ၊သီချင်းခွေတွေ၊
ဗွီဒီယိုခွေတွေကို
ငှားလာရတယ်။
အိမ်ရောက်မှ
အချိန်ရရင် ရသလို စာဖတ်ရတယ်။ သီချင်းနားထောင်ရတယ်။
ရုပ်ရှင်ကားတွေကို
ကြည့်ရတယ်။
ဒီမှာက
အေးအေးဆေးဆေး လုပ်တာမျိုးတော့ မရှိသလောက် နည်းသွားတယ်။
အားလုံးလိုလို
အမြန်လုပ်ချည်းပဲ ဖြစ်နေတယ်။
စားလည်း
မြန်မြန်၊
သွားလည်း
မြန်မြန်၊
လုပ်လည်း
မြန်မြန်၊
အိပ်တာလည်း
မြန်မြန်ပါပဲ။
စောစောအိပ်၊
စောစောထ။
ကျောင်းသားဘဝကလို
အိပ်ချင်တဲ့အချိန်အိပ်ပြီး ထချင်တဲ့အချိန်ထတာမျိုးလုပ်လို့မရဘူး။
အချိန်နဲ့လုပ်မှ
အစဉ်ပြေတဲ့အလုပ်မျိုးဖြစ်တာမို့ စောစောသွား၊ အလုပ်ပြီးအောင်လုပ်။
သူတို့တွေ
စားချိန်မှာ ကိုယ့်ရဲ့စားစရာကို ဈေးကွက်တင်နိုင်မှ။
အချိန်မှီ
ဈေးကွက်မတင်နိုင်ရင် အားလုံးအမှိုက်ပုံးထဲရောက်ပြီးသာမှတ်။
ဒီတော့
နောက်ကျလို့မရဘူး။
နှေးနှေးလုပ်နေလို့လည်း
မရဘူး။
ဒါကြောင့်
လက် ဆယ်ဖက်လောက် ရှိရင်ကောင်းမယ်လို့ ပြောတာပေါ့။
တစ်ခါတုန်းက
ယုံယုံကို မေးကြည့်ဖူးတယ်။
“အခု
အမေရိကားကိုရောက်လာတာ သုံးနှစ်နီးပါးရှိတော့မယ်။
နေရာတွေကလည်း
တော်တော်စုံအောင်ရောက်ခဲ့ဖူးတယ်။
ပြည်နယ်တွေချည်းပြောရင်တောင်
မြောက်ပိုင်းကာရိုလိုင်းနား။
ကယ်လီဖိုးနီးယား၊
အင်ဒီယားနား၊
မစ်ချီဂန်၊
တောင်ပိုင်း
ကာရိုလိုင်းနား၊
အခု
ဂျော်ဂျီယာပြည်နယ်တွေမှာ ရောက်နေတယ်။
အဲဒီထဲမှာ
ဘယ်နေရာမှာ အပျော်ဆုံးလဲ” လို့မေးကြည့်တဲ့အခါ
သူမ
ဖြေတာက “အခု ဂျော်ဂျီယာ(အေသင်မြို့)လေးမှာ အပျော်ဆုံးပဲ” တဲ့။
ဘာကြောင့်လဲလို့
ဆက်မေးတဲ့အခါ သူမ က
“ကျန်တဲ့နေရာတွေက
သူများဝန်ထမ်းဘဝနဲ့နေထိုင်ခဲ့ရတယ်။
သူများမျက်နှာကို
ကြည့်ရတယ်။
ကိုယ်လုပ်ရင်
လုပ်သလောက်လည်း အကျိုးမခံစားရဘူး။
ပြီးတော့
နေထိုင်တဲ့နေရာတွေမှာလည်း ချုပ်ချယ်မှုတွေ များလှတယ်။
လွတ်လပ်မှု
မရှိဘူး။
ဒီနေရာက
ကိုယ်ပိုင်အလုပ်တစ်ခုလိုလုပ်ရတယ်။
ကိုယ်လုပ်ရင်
လုပ်သလောက် ခံစားခွင့်ရှိတယ်။
ကိုယ့်ကိုယ်ချုပ်ချယ်သူ
မရှိဘူး။
ဒါကြောင့်
ဒီနေရာမှာ နေရတာကို ပျော်တယ်လို့ပြောတာ”
သူပြောတာကို
ကျနော် သဘောတူတယ်။
အေသင်မြို့လေးဟာ
တောမြို့လေးဆိုပေမယ့် လွတ်လပ်ပျော်ရွှင်မှုကို အပြည့်အဝခံစားနိုင်တယ်။
ကောင်းကောင်းစားပြီး
လှောင်အိမ်ထဲမှာ နေရတာနဲ့ယှဉ်ရင်
သင့်တာကို
စားပြီး လွတ်လွတ်လပ်လပ် နေရတာကို ပိုကြိုက်နှစ်သက်မိတယ်။
နမူနာ(Sample)ပေးတာနဲ့ပတ်သက်ပြီး
ပျော်စရာကောင်းတဲ့အကြောင်းကို ပြောရဦးမယ်။
နမူနာ(Sample)ပေးတာကိုတော့
ယုံယုံကတာဝန်ယူတယ်။
ရောက်စတုန်းက တစ်ဈေးလုံးကို
ပတ်ပြီး နမူနာ(Sample)ကို လိုက်ပေးတယ်။
ဆူရှီး လိတ်တာကိုတော့ ကျနော်က
တာဝန်ယူရတယ်။
တစ်နေ့ကို အလိတ် ၂၀အထိလိတ်ရတဲ့ရက်တွေတောင်
ရှိတယ်။
အလှူကြီးမဟုတ်ပေမယ့် အလှူလေးတော့
နေ့တိုင်းဖြစ်နေတယ်။
ကိုယ်လိတ်တာကို စားသုံးသူတွေက
အားရပါးရစားတာကိုတွေ့ရတော့ ပျော်စရာကောင်းလှပါတယ်။
အသက်ငယ်ရွယ်သူတွေက နမူနာ(Sample)ပေးလိုက်ရင်
အားပါးတရပါးရ စားကြတယ်။
တစ်နေရာရာမှာ စားသုံးခဲ့ဖူးပုံပေါက်ပါတယ်။
အသက်ကြီးသူတွေက တွန့်ဆုတ်တွန့်ဆုတ်နဲ့စားတယ်။
ယုံယုံက စိတ်ရှည်လက်ရှည်
ရှင်းပြတယ်။
သူတို့ကြိုက်သွားရင်လည်း
ချက်ချင်းဝယ်သွားတတ်တယ်။
အသက်ငယ်သူတွေက စားပြီး ထွက်သွားတတ်တယ်။
အခြားဝယ်စရာတွေကို စိတ်တိုင်းမကျတော့မှ
လာဝယ်တတ်တယ်။
ဘာဘဲဖြစ်ဖြစ် နမူနာ(Sample)ပေးတဲ့အတွက်
မိတ်ဆွေသစ်တွေ နေ့တိုင်း တိုးတက်လာတယ်။
ဝန်ထမ်းတိုင်းလည်း နမူနာ(Sample)ကို
စားရင်းနဲ့ ဝယ်စားကြတဲ့အတွက် ဈေးကွက်အသစ်တိုးလာတယ်။
တစ်နေ့မှာ အမေရိကန်သူတစ်ယောက်ဟာ
သူ့မရဲ့ဈေးဝယ်တဲ့တွန်းလှည်းပေါ်မှာ
၁၁-လအရွယ်ကလေးတစ်ယောက်ပါလာတယ်။
နမူနာ(Sample) ပေးတာကိုတွေ့ပြီး
တောင်းစားတယ်။
နမူနာ(Sample)ကို အများအားဖြင့်
စပ်တဲ့အရည်တစ်မျိုးနဲ့ရောထားတာ များတော့
ကလေးတွေကို မပေးတတ်ဘူး။
ကလေးတွေကို မပေးတတ်ဘူး။
သူတောင်းစားတော့ သူ့အမေကိုပြောပြလိုက်တယ်။
စပ်တဲ့အကြောင်း၊ကလေးတွေနဲ့မသင့်တော်တဲ့အကြောင်း။
သူ့အမေက ဒီသားငယ်က စပ်တာကို
ကြိုက်တဲ့အကြောင်းပြောပြီး
သူ့မရဲ့သားကို နမူနာ(Sample)တစ်ခုပေးလိုက်တယ်။
ကလေးငယ်က စားပြီးထပ်တောင်းတယ်။
အစပ်ကို စားနိုင်တဲ့အတွက်
အံသြသွားတယ်။
တောင်းစားရင်း ပေးရင်းနဲ့
နမူနာ(Sample)တွေ ဆယ်ခုမကကျော်သွားတယ်။
တစ်ဘူးနီးပါးလောက် ရှိလာတယ်။
ကလေးက လက်ညှိုးထိုးပြီးတောင်းနေတုန်းပဲ။
သူမရဲ့အမေက အားနာလာပုံရတယ်။
တစ်ဘူးဝယ်တယ်။
ပြီးတော့ ကလေးအကြောင်းပြောပြတယ်။
ကလေးနာမည်က အလိုင်ဂျာ။
ကလေးကို တရုပ်ပြည် ဘီးကျင်းမှာ
မွေးတယ်။
အခု ၁၁-လပဲ ရှိသေးတယ်။
သူ့ရဲ့အဖေက တရုပ်ဖြစ်လို့
အစပ်ကြိုက်တာ ထင်တဲ့အကြောင်းပြောပြတယ်။
ကလေးရဲ့ရုပ်ကတော့ တရုပ်နဲ့အမေရိကန်စပ်ထားတဲ့ပုံပါပဲ။
၁၁-လအရွယ်က ဒီလောက်အစပ်ကိုစားတာကိုတော့
တစ်ခါမှ မတွေ့ဖူးတော့
အံသြမိတာ အမှန်ပါပဲ။
သူ့အမေနဲ့မိတ်ဆွေဖြစ်သွားတယ်။
လာတိုင်း သူ့သားအတွက် ဝယ်စားတဲ့ဖေါက်သည်တွေ
ဖြစ်လာတယ်။
အဲဒီလိုမျိုးမိတ်ဆွေဖြစ်လာတဲ့သူတွေလည်း
အများကြီးပါပဲ။
ဟော…စာလည်းရှည်သွားပြီး။
အမေလည်း ညောင်းရော့မယ်။
ဒီနေ့တော့ ဒီလောက်ပါပဲ။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊
ဂျော်ဂျီယာပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၁၀-၂၁-၂၀၁၃
၁၀-၂၁-၂၀၁၃
No comments:
Post a Comment