သို့
ချစ်တဲ့အမေ
သားသတိတရ
စာရေးလိုက်ပါတယ်။
အမေ
နေကောင်းလား။
ကျနော်တို့လည်း
နေကောင်းကြပါတယ်။
အဝေးက
မြက်က စိမ်းတယ်ထင်ပြီး အဝေးကို ထွက်လာခဲ့မိတယ်။
အဝေးကို
ရောက်လာတော့ အထင်ကြီးသလောက်လည်း မဟုတ်မှန်း သိလာရတယ်။
အချို့မြက်တွေက
စိမ်းပါတယ်။
အနည်းအကျဉ်းပေါ့။
အချို့မြက်တွေကလည်း
မြက်ခြောက်ပါပဲ။
အစိမ်းရောင်တွေ
ပျောက်လို့။
ဒီမှာက
ရုပ်ဝတ္ထုတွေ ပေါများလွန်းလှတယ်။
ဈေးလည်း
ပေါလှသလို အရည်အတွက်လည်း ပေါများလှတယ်။
လူတွေဟာ
အဲဒီရုပ်ဝတ္ထုနောက်ကို အသဲအသန်လိုက်ရင်းနဲ့
လျှာတွေ
ထွက်နေတာကို တွေ့ရတယ်။
ရောက်စတုန်းကတော့
အံသြမိတာပေါ့။
ဒီမှာ
အနေကြာလာတော့ အံသြစရာမဟုတ်မှန်းလည်း သိလာရတယ်။
ရုပ်ဝတ္ထုအတွက်
ငွေနောက်ကို လိုက်ရင်းလိုက်ရင်းနဲ့
လျှာထွက်သူတွေထဲမှာ
ကိုယ်များပါနေသလားလို့ မကြာခဏတွေးမိတယ်။
ဒါနဲ့ပြောရဦးမယ်။
မိုးရွာတဲ့နေ့တစ်နေ့အကြောင်းပါ။
ဒီမှာက
မိုးများလှတယ်လို့ပြောရမယ်ထင်တယ်။
နေ့တိုင်းမိုးရွာနေတာမဟုတ်ပေမယ့်
အပတ်စဉ်လိုလို မိုးရွာတယ်။
မိုးရွာရင်လည်း
ဖွဲဖွဲရွာတာများတယ်။
မိုးစွေနေတယ်လို့ပြောရမလားပဲ။
အဲဒီမိုးဖွဲဖွဲရွာတဲ့နံနက်ခင်းတစ်ခုမှာ
အိမ်ကထွက်ရင်
အလုပ်ခွင်ကိုရောက်ဖို့
မီးပွိုင့်နှစ်ခုသာ ဖြတ်ရတယ်။
တစ်မိုင်တောင်မရှိတဲ့ခရီးမှာ
မီးပွိုင့်တစ်ခုကို ဖြတ်အပြီး နောက်က ပုလိပ်ကားလိုက်လာတယ်။
ရပ်ခိုင်းလို့ရပ်လိုက်တယ်။
ဆင်းလာသူက မျက်နှာပေါက်ဆိုးတဲ့ပုလိပ်မ (ရဲမေ)ဖြစ်တယ်။
ကားလိုင်စင်တောင်းလို့ပေးလိုက်တယ်။
ဘာအပြစ်များလုပ်မိပါလိမ့်လို့စဉ်းစားပေမယ့်
စဉ်းစားလို့မရဘူး။
စာရွက်တစ်ရွက်လာပေးလို့
ဖတ်ကြည့်တော့မှ မိုးရွာချိန်မှာ ကားမီးကို မဖွင့်ပဲ
ကားမောင်းတဲ့အပြစ်တဲ့အမေရယ်။
ဒီပုလိပ်မ၊
ယောက်ျားနဲ့ရန်ဖြစ်လို့
တွေ့တဲ့ကားကို အပြစ်ရှာလေရော့သလားလို့
တွေးမိသေးတယ်။
မြန်မာပြည်ကရဲမှူးကြီးတစ်ယောက်ပြောတာကို
ပြန်တွေးမိတယ်။
“တို့ဆီမှာတော့
ယာဉ်ထိန်းရဲတစ်ယောက်ဟာ အနည်းဆုံး အမှု ဆယ်မှုတော့ ရှာပေးရတယ် တဲ့။
“မရှာပေးနိုင်ရင်ရော”
လို့မေးမိတော့ “အဲဒီယာဉ်ထိန်းရဲ နယ်ပြောင်းပေါ့” တဲ့။
ဒီမှာလည်း
အဲဒီလို စာအုပ်ထဲမှာ မပါတဲ့နည်းဥပဒေတွေနဲ့
အမှုကို
ရှာတာများ
ဖြစ်နေရော့သလားလို့လည်း
တွေးဖြစ်တယ်။
ကျနော်တို့မြန်မာနိုင်ငံမှာတော့
နေ့ခင်းကြောင်တောင်မှာ ကားတစ်စီးဟာ မီးထွန်းပြီး
မောင်းရင်
အပြစ်ဖြစ်နိုင်တယ်။ ဘာကြောင့်ဆိုတော့ V.I.Pလို့ခေါ်တဲ့အရေးကြီးတဲ့ပုဂ္ဂိုလ်သာ
အဲဒီလို
မောင်းခွင့်ရှိလို့ပါပဲ။
ကိုယ်က
V.I.P မဟုတ်ပဲ မီးထွန်းပြီး မောင်းရင် အဲဒါ ကြီးလေးတဲ့အပြစ်ပဲ။
ဒီမှာတော့
မိုးဖွဲဖွဲရွာချိန်မှာ မီးထွန်းပြီး မမောင်းတဲ့အတွက် အပြစ်တဲ့။
အမှန်ဝန်ခံရရင်
မိုးရွာချိန်မှာ ကားကို မီးထွန်းပြီး မောင်းရမယ်ဆိုတာ
ကျနော်မသိခဲ့ဘူး။
ကားမောင်းလိုင်စင်ရဖို့
မြောက်ပိုင်းကာရိုလိုင်းနားမှာ စာမေးပွဲဖြေရတယ်။
ရေးဖြေရော၊လက်တွေ့ရော
ဖြေရတယ်။
အဲဒီအချက်ကို
စာဖတ်တဲ့အချိန်တုန်းက မတွေ့ခဲ့ဘူး။
နောက်
ကယ်လီဖိုးနီးယားကို ပြောင်းသွားတော့ အဲဒီမှာ ကားလိုင်စင်ပြောင်းဖို့ဖြစ်လာတယ်။
ရေးဖြေစာမေးပွဲပြန်ဖြေရတယ်။
အဲဒီတုန်းကလည်း
စာကျက်ရပြန်တယ်။
အဲဒီအချက်ကို
မတွေ့မိဘူး။
ဒီဂျော်ဂျီယာပြည်နယ်ကိုရောက်တော့
လိုင်စင်ပြောင်းမှ ကားသက်တမ်းတိုးလို့ရမယ်ဆိုလို့
ကားလိုင်စင်ပြောင်းရပြန်တယ်။
ဒီမှာက
စာမေးပွဲဖြေဖို့မလိုဘူး။
ဒီတော့
စာမဖတ်ဖြစ်လိုက်ဘူး။
စာမဖတ်ဖြစ်လိုက်လို့
မသိလိုက်တာများလား။
မိတ်ဆွေတစ်ယောက်ကို
ဒီလို မိုးရွာချိန်မှာ မီးထွန်းမောင်းဖို့လိုသလားလို့ မေးကြည့်လိုက်တယ်။
သူ့အဖြေက
မလိုပါဘူးတဲ့။
သူလည်း
ကောင်းကောင်း သိမထားဘူး။
သူက
ဒီမှာ လိုင်စင်စာမေးပွဲဖြေပြီး အောင်လာတဲ့သူဖြစ်လို့မေးကြည့်တာပါ။
မိုးရွာချိန်မှာ
အခြားကားတွေ မီးထွန်းမောင်း ၊မမောင်း သတိထားကြည့်တော့
အချို့ကားက
မီးထွန်းတယ်။ အချို့ကားက မီးမထွန်းပဲ မောင်းနေတာကို တွေ့ရပြန်တယ်။
ဘာဘဲဖြစ်ဖြစ်
လက်ထဲကို စာရွက်တစ်ရွက်ရောက်လာတယ်။
ဒီနေ့
တွတ်ပီတို့ ကံမကောင်းဘူးလို့ပြောရမယ်ထင်တယ်။
အဲဒီစာရွက်ထဲမှာ
ချိန်းဆိုတဲ့အတိုင်း
တစ်လကျော်ကြာလို့
ရုံးကို သွားတော့ ဒါဏ်ငွေ တစ်သိန်းကျော်(မြန်မာငွေ)ပေးဆောင်
လိုက်ရတယ်။
အသိတစ်ခုကို
ငွေတစ်သိန်းကျော်နဲ့ဝယ်လိုက်ရတဲ့သဘောပါပဲ။
ငွေရှာဖွေရခက်ခဲချိန်မှာ
ငွေတစ်သိန်းကျော်ဟာ နည်းတဲ့ငွေ မဟုတ်မှန်း သိတော့
နှမြောမိတာ
အမှန်ပါပဲ။
ဒီမှာက
ကိုယ်မသိတာတွေ အများကြီး။
အသိတစ်ခုတိုင်းကို
တစ်သိန်းနဲ့သာ ဝယ်နေရရင်…
ဆိုတာလည်း
တွေးမိတော့ ကြက်သီးတောင် ထမိပါရဲ့။
အခုတော့
နေ့နေ့ညည မီးလုံးကို ဖွင့်ပြီး မောင်းနေတယ်။
အမှားတစ်ခုကို
နောက်တစ်ကြိမ် မလုပ်ချင်တာလည်း ပါတယ်။
ပြီးတော့
ငွေမဖြုန်းချင်တာလည်း ပါတယ်။
အမေပြောတဲ့စကား၊
အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ။
ဒီစကားကြောင့် အားတက်ရတာလည်း အခါခါပါ။
ဒီစကားနဲ့တစ်ဆက်တည်း အမေပြောခဲ့တဲ့ ပုံပြင်ကိုလည်း သားမှတ်မိနေတုန်းပါပဲ။
တစ်ခါတုန်းကပေါ့။
ရွာတစ်ရွာမှာ သူဌေးကြီးတစ်ယောက်ရှိတယ်။
သူ့မှာ သူသိပ်ချစ်ရတဲ့သားတစ်ယောက်လည်း ရှိတယ်။
တစ်နေ့တော့ သားက လိုချင်တယ်ဆိုတာနဲ့မြင်းတစ်ကောင်ကို
ဈေးကြီးကြီးနဲ့ပေးဝယ်ဖြစ်လိုက်တယ်။
အဲဒီမြင်းဟာ ဝယ်ပြီးသိပ်မကြာခင်မှာပဲ ပျောက်သွားပါတယ်။
မြင်းပျောက်ကို ရှာရင်းဘုန်းကြီးကျောင်းကို ရောက်သွားတယ်။
ဆရာတော်နဲ့တွေ့တော့ မြင်းပျောက်သွားတဲ့အကြောင်းကို ပြောပြပြီး
သူဟာ သိပ်ကို ကံဆိုးတဲ့အကြောင်းကို လျှောက်ထားလိုက်တယ်။
ဆရာတော်က ဒါဟာ ကံဆိုးတာမဟုတ်ပါဘူး။
ကောင်းဖို့ဖြစ်လာတာပါလို့ပြန်ပြောလိုက်တယ်။
သူဌေးကြီးဟာ ဆရာတော်ပြောတာကို နားမလည်ပါဘူး။
ဆရာတော်ကိုလည်း ကြောက်တာနဲ့ ဘာမှ ပြန်မလျှောက်တော့ဘဲ ပြန်လာခဲ့တယ်။
တစ်ပတ်လောက်ကြာတော့ပျောက်သွားတဲ့ မြင်းဟာ မြင်းမလေးတစ်ကောင်နဲ့
အတူပြန်ရောက်လာတယ်။
ဒီတော့ ဆရာတော်ဆီသွားပြီး ဆရာတော်ပြောတာမှန်တဲ့ အကြောင်း
ဝမ်းသာအားရ သွားပြောပါတယ်။
နောက်သုံးလအကြာမှာ သူ့ရဲ့သားဟာ မြင်းဆီပြီး မြင်းပေါ်က
ပြုတ်ကျပြီး ခြေထောက်ရော၊လက်ရော ကျိုးသွားပါတယ်။
ဆေးရုံမှာ အကြာကြီးတင်ပြီးကုသရပါတယ်။
မသေပေမယ့် ခြေနဲ့လက်ကျိုးသွားတဲ့အတွက် ဒုက္ခိတ ဖြစ်သွားပါတယ်။
ဒီအကြောင်းကို ဆရာတော်ကို ပြောပြဖြစ်ပါတယ်။
ဆရာတော်က ဒါဟာလည်း ကောင်းဖို့ဖြစ်လာတာပါလို့ပြန်ပြောတော့
ပိုပြီးနားမလည်နိုင်အောင်ဖြစ်ရပြန်ပါတယ်။
ဆရာတော်ကို ကြောက်လို့ပြန်မပြောခဲ့ပေမယ့်
ဘဝင်မကျဖြစ်ရပါတယ်။
ဒါနဲ့ပဲ သိပ်မကြာခင်ကာလမှာပဲ စစ်ကြီးဖြစ်ပါလေရော။
စစ်သားစုဆောင်းတဲ့အဖွဲ့ဟာ သူ့တို့ရွာကိုရောက်လာပါတယ်။
အရွယ်ရောက်တဲ့လူတိုင်းကို စစ်သားအဖြစ်ခေါ်ဆောင်သွားတယ်။
ဒုက္ခိတဖြစ်တဲ့သူဌေးကြီးရဲ့သားကတော့ ရွာမှာ ကျန်ခဲ့တယ်။
စစ်ကြီးပြီးတော့ စစ်သားအဖြစ်ခေါ်ဆောင်သွားတဲ့ရွာသားတွေ
အားလုံးဟာ တိုက်ပွဲတွေမှာ ကျဆုံးသွားကြတယ်။
ဒီတော့ သူဌေးကြီးကတွေးတယ်။
"ဆရာတော်ပြောတာဟုတ်တယ်။
အရာရာဟာ ကောင်းဖို့ဖြစ်လာတယ်ဆိုတာ မှန်တယ်။
ငါ့သားဟာ ခြေလက်မကျိုးခဲ့ရင်
ခုချိန်မှာ ငါတွေ့ရတော့မှာ မဟုတ်ဘူး။
ခုတော့ ခြေလက်ကျိုးတာဟာလည်း ကောင်းဖို့ဖြစ်လာတာပါလား"
ကဲ...စာလည်း ရှည်သွားပြီး။
အမေလည်း ကျန်းမာရေးကို ဂရုစိုက်ပါနော်။
သားအတွက် စိတ်မပူပါနဲ့။
အမေပို့သတဲ့မေတ္တာကြောင့် အစစအရာရာ
အစဉ်ပြေနေပါတယ်။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊
ဂျော်ဂျီယာပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
No comments:
Post a Comment