Friday, June 29, 2012
"selectivity of consciousness..."
စိတ်ချမ်းသာအောင် နေတတ်ဖို့ သင်ပေးသင့်တယ်လို့ ပညာရှင်များက ပြောကြတယ်။
စိတ်ချမ်းသာအောင် နေနည်း သင်တန်းပေးတဲ့အခါ တစ်လလောက်အတွင်းမှာ လူများစုဟာ
အရင်ကထက် စိတ်ချမ်းသာတဲ့အချိန် ၂၅%တိုးလာတယ်လို့ ဆိုတယ်။
စိတ်ချမ်းသာအောင် နေနည်း သင်တန်းရှိသင့်တယ်။
+++++++++++++++++++++++++++
ကျောင်းနေစ အရွယ်ကတည်းက ကျောင်းမှာ စိတ်ချမ်းသာအောင် ဘယ်လို သဘောထားသင့်တယ်။
ဘယ်လို ဆက်ဆံသင့်တယ်။ ဘာတွေ လုပ်သင့်တယ်ဆိုတာကို
ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားသင့်တယ်လို့ စိတ်ပညာရှင်ကြီးများက အကြံပေးကြတယ်။
လူကြီးတွေအတွက်လည်း ဆွေးနွေးပွဲတွေ လုပ်ပေးသင့်တယ်။
စာအုပ်၊ စာတမ်းတွေလည်း ထုတ်ဝေသင့်တယ်လို့ ဆိုတယ်။
အမေရိကန်မှာ စိတ်ချမ်းသာရေးအသင်း ရှိတယ်။
မြန်မာပြည်မှာလည်း စိတ်ချမ်းသာရေးအသင်း ဖွဲ့သင့်တယ်။
+++++++++++++++++++++++++++++++
လူတိုင်း ကိုယ့်အခြေအနေအရ လက်ရှိထက် စိတ်ပိုချမ်းသာအောင် လုပ်လို့ရပါတယ်။
စိတ်ချမ်းသာဖို့ဟာ ငွေကြေး အကုန်အကျ များဖို့ မလိုပါဘူး။
+++++++++++++++++++++++++++++++++++
စိတ်ချမ်းသာချင်ရင် ဖြစ်နိုင်တာ ဖြစ်ချင်တာ တစ်ခုကို ရည်မှန်းပြီးလုပ်ပါ။
နေ့စဉ်လုပ်ပါ။
စိတ်ပါလက်ပါ လုပ်ပါ။
ဖြစ်နိုင်တာကို လုပ်တဲ့အတွက် ဖြစ်လာမယ်။
ဖြစ်ဖို့နီးလေ စိတ်အားတက်လေ ဖြစ်မယ်။
ကလေးတွေကို ဒီနည်းများများ လေ့ကျင့်ပေးသင့်တယ်။
ဖြစ်နိုင်တာကို လုပ်လို့ ဖြစ်လာတိုင်း အားတက်တယ်။
ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုတိုးတယ်။
ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတာဟာ စိတ်ချမ်းသာဖို့ အရေးအကြီးဆုံးအချက်ပဲ။
+++++++++++++++++++++++++++++++++
စိတ်ချမ်းသာစရာကို အာရုံပြုရင် စိတ်ချမ်းသာတယ်။
ဒါ လူတိုင်း သိလောက်ပါတယ်။
ဒါဖြင့်ရင် အချိန်ပြည့် စိတ်ချမ်းသာစရာကိုပဲ အာရုံပြုပါလား။
မရဘူး။
ဘာကြောင့် မရတာလဲ။
တခြားအကြောင်းအရာတွေ တခြားကိစ္စတွေက စိတ်ထဲကို ရောက်ရောက်လာတယ်။
မရောက်လာအောင် လုပ်လို့ မရဘူးလား။
ရပါတယ်။
ဘယ်လို လုပ်မလဲ။
သတိ၊သမာဓိ ကောင်းအောင် လုပ်ရမယ်။
သမာဓိ ကောင်းတဲ့သူတွေဟာ သူတို့အာရုံပြုချင်တာတစ်ခုကို အချိန်ကြာကြာ
စိတ်ထဲမှာ ထားနိုင်အောင် လေ့ကျင့်ထားတယ်။
လေ့ကျင့်မှ ရမယ်။
အင်္ဂလိပ်လိုတော့ selectivity of consciousness လို့ခေါ်တယ်။
‘ရွေးချယ်ပြီး အာရုံပြုခြင်း’ လို့ မြန်မာလို ခေါ်နိုင်တယ်။
ကိုယ်အာရုံပြုချင်တာကို ရွေးပြီး ကြာကြာအာရုံပြုနိုင်အောင် လေ့ကျင့်ယူတာကို ခေါ်တယ်။
+++++++++++++++++++++++++++++++
ပတ်ဝန်ကျင်မှာ အာရုံတွေ အမျိုးမျိုး ရှိနေတယ်။
ကြုံရာအာရုံက စိတ်ထဲကို ရောက်လာပြီး နေရာဦးထားလိုက်တယ်။
တော်တော်နဲ့ မဖယ်တော့ဘူး။
အထူးသဖြင့် စိတ်အနှောက်အယှက်ဖြစ်စရာ အာရုံက စိတ်ထဲမှာ နေရာဦးထားတတ်တယ်။
အဲဒီအာရုံကို မဖယ်နိုင်သရွေ့ စိတ်ချမ်းသာမှာ မဟုတ်တော့ဘူး။
အဲဒီလို ဖြစ်ရင် စိတ်ချမ်းသာမှု နည်းမယ်။
++++++++++++++++++++++++++++++++++
စိတ်ချမ်းသာတာ များချင်ရင် စိတ်ချမ်းသာစရာကို စိတ်ထဲမှာ ကြာကြာထားနိုင်အောင်
လေ့ကျင့်ရမယ်။
တရားအားထုတ်တာကို သေသေချာချာ လေ့ကျင့်ထားရင် ကိုယ် အာရုံပြုချင်တာကို
ကြာကြာ အာရုံပြုတတ်မယ်။
ဒါကြောင့် အာရုံတစ်ခုမှာ စိတ်ကို ကြာကြာထားနိုင်အောင် ငယ်ငယ်ကတည်းက
လေ့ကျင့်ထားဖို့ လိုတယ်။
သားသမီးတွေကို ချစ်တယ်ဆိုရင် ငယ်ငယ်ကတည်းက စိတ်တည်ငြိမ်အောင် လေ့ကျင့်ပေးပါ။
+++++++++++++++++++++++++++++++
ပထမတော့ အသက်ရှုတာမှာ ထားတာကို လေ့ကျင့်ပါ။
ဘာမှစဉ်းစားနေစရာ မလိုဘူး။
သိနေရင် တော်ပြီ။
တခြားကို စိတ်ရောက်သွားရင် ရောက်မှန်းသိပါ။
ပြန်ထားပါ။
ကြာကြာလေ့ကျင့်ရင် ရလာမှာပဲ။
ပတ်ဝန်ကျင်မှာ စိတ်အနှောက်အယှက်ဖြစ်စရာတွေ အများကြီးရှိနေတယ်။
စိတ်အနှောက်အယှက်ဖြစ်စရာကို ဖျောက်လို့ရရင် ဖျောက်လိုက်ပါ။
တော်တော်များများဟာ ကိုယ့်စိတ်ကြိုက်ဖြစ်အောင် လုပ်လို့ မရဘူး။
မေ့ထားလို့ရရင် ကောင်းပါတယ်။
အာရုံပြောင်းလို့ရရင် ပြောင်းပါ။
စိတ်မချမ်းသာစရာတွေကို စိတ်ထဲမှာ ကြာကြာထားတာဟာ တွက်ခြေမကိုက်ဘူး။
စိတ်မကြည်မလင်ဖြစ်လာရင် အမြန်ဆုံးစိတ်ကို ကြည်လင်တဲ့ဖက်ကို ရောက်အောင်
ပို့နိုင်ရင် စိတ်ပိုချမ်းသာမယ်။
ဒါပြောပြရင် လူတိုင်း သိတယ်။
မလုပ်နိုင်တာပဲ ရှိတယ်။
+++++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုကို တကယ် တန်ဖိုးထားတဲ့သူဆိုရင် ရတဲ့နည်းနဲ့ လုပ်မယ်။
မချမ်းသာတဲ့စိတ်နဲ့ မနေချင်ရင် လုပ်ရမှာပဲ။
စိတ်ချမ်းသာချင်ရင် ကိုယ့်စိတ်ကို ကိုယ်ပိုသိပြီး ချမ်းသာအောင် ထားရမှာပဲ။
++++++++++++++++++++++++++++++++++++
စိတ်အနှောက်အယှက်ဖြစ်စရာ အာရုံကို သတိထားပြီးရှောင်တဲ့ အကျင့်ကို လုပ်ပါ။
သတင်းနားထောင်တဲ့အခါ သတိထားပါ။
သတင်း တော်တော်များများဟာ သတင်းဆိုးတွေပဲ။
ကောလာဟလ တော်တော်များများဟာ အဆိုးတွေပဲ။
အတင်းတော်တော်များများဟာ အဆိုးတွေပဲ။
ကောင်းတာကို အတင်းလို့မခေါ်ဘူး။
မကောင်းတာကိုပြောမှ အတင်းလို့ခေါ်တယ်။
အတင်းဆိုတာလည်း သတင်းတစ်မျိုးပါပဲ။
ရှေးက သတင်းစာမရှိခင်က အတင်းဟာ သတင်းပဲ။
ဒါကြောင့် စိတ်ချမ်းသာချင်ရင် အတင်းတွေကို နားမထောင်ပါနဲ့။
အတင်းပြောတတ်တဲ့သူကို ရှောင်ပါ။
မရှောင်နိုင်ရင် ကိုယ်ကစပြီး ကောင်းတာကို ပြောပါ။
စကားဝိုင်းကို အတင်းဖက်ကို မရောက်အောင် ထိန်းပါ။
+++++++++++++++++++++++++++++++++
စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့ (၂၉)…
Sunday, June 24, 2012
"အမေ့ထံသို့ ပေးစာများ-၄၅..."
သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
ဒီမှာတော့ နွေဦးရာသီ
ကုန်ဆုံးသွားပြီ။
ဇွန်လ (၂၀)နေ့ဟာ နွေရာသီအစပြုပါတယ်။
နွေရာသီကို မသိမသာ
ချဉ်းနင်းဝင်ရောက်လာပါတယ်။
ကျနော်တို့ရောက်နေတဲ့ မစ်ချီဂန်ဟာ
အပူအအေးပြင်းထန်တဲ့နေရာဖြစ်တယ်လို့ ကြားထားရတယ်။
နွေရာသီမှာ ဘယ်လောက်ပူသလဲဆိုတာ
သိရတာပေါ့လေ။
အခုလောလောဆယ်တော့ ပြင်းပြင်းထန်ထန်
မပူသေးပါဘူး။
တစ်ခါတစ်ရမှာ မိုးရွာတော့
အအေးကပိုလာတတ်တယ်။
ဒီမှာက မိုးရာသီ သီးခြားမရှိတော့
ရာသီတိုင်းမှာ မိုးရွာသလားတော့ မသိဘူး။
အခုဆိုရင် နွေဦးလည်း မိုးရွာတာပါပဲ။
ဒီနေရာကိုရောက်နေတာ နှစ်လတောင်
ကျော်ပြီ။
စာကြည့်တိုက်ကိုမေးကြည့်တာ သိတဲ့လူ မရှိဘူး။
ကျနော်သိတဲ့လူတွေထဲမှာ
စာကြည့်တိုက်ကို
စိတ်ဝင်စားတဲ့လူ
မရှိလို့လားတော့ မသိဘူး။
အားချိန်က နည်းတော့ စာကြည့်တိုက်ကို
မရှာဖြစ်ဘူး။
တစ်ပတ်မှာတော့ တစ်ရက်ပိတ်ရက်
တစ်ရက်ရပါတယ်။
ရောက်စမှာတော့ ပိတ်ရက်က စနေနေ့။
သိပ်မကြာလိုက်ပါဘူး။
ပိတ်ရက်က ဗုဒ္ဓဟူးနေ့ဖြစ်သွားပြန်တယ်။
နောက်မကြာခင်မှာပဲ ပိတ်ရက်က
သောကြာနေ့ နေ့တစ်ဝက်နဲ့
စနေနေ့ တစ်ရက်လုံးဖြစ်သွားပြန်တယ်။
အေးအေးဆေးဆေး နေတတ်သူဆိုတော့
ပိတ်ရက်များလာတာလည်း
တစ်မျိုးတော့ ကောင်းတာပါပဲ။
စာဖတ်ချိန်၊ စာရေးချိန် ပိုရတာပေါ့။
နောက်မကြာခင်မှာပဲ
ပိတ်ရက်ပြောင်းသွားပြန်တယ်။
သောကြာနေ့တစ်နေ့လုံးဖြစ်သွားတယ်။
တစ်ပတ် တစ်ရက်
ပြန်ဖြစ်သွားပြန်ပါတယ်။
ဘာဘဲဖြစ်ဖြစ်
ကောင်းဖို့ဖြစ်လာတယ်လို့ အမေပြောဖူးသလိုပါပဲ။
ကောင်းတယ်လို့ မှတ်ယူပါတယ်။
ပိတ်ရက်မှာတော့ အခုထိတော့ ဟိုဟိုဒီဒီ
မသွားဖြစ်သေးပါဘူး။
မသွားတတ်တာလည်းပါတယ်။
အဖေါ်မရှိတာလည်း ပါတယ်။
လျှောက်လည်တယ်ဆိုတာ အဖေါ်ပါမှ
ပျော်စရာကောင်းတာမျိုးလေ။
မိန်းမနဲ့က ပိတ်ရက် မတူဘူး။
သူ့ရဲ့ပိတ်ရက်က အင်္ဂါနေ့။
ကျနော်ရဲ့ပိတ်ရက်သောကြာမှာတော့
မိန်းမနဲ့အတူ အိပ်ယာထရပါတယ်။
အလုပ်သွားသလို ရေချိုးတယ်။
ပြီးတော နံနက်စာ စားပြီး သူမကို
အလုပ်လိုက်ပို့ပေးရပါတယ်။
သူမက ကားမောင်းတတ်ပေမယ့် ကျနော့်ကို
လိုက်ပို့စေချင်တော့
အလုပ်ကို လိုက်ပို့ပေးရပါတယ်။
ကျန်တဲ့ပိတ်ရက်မှာတော့ အိမ်ပြန်၊
စာရေး၊စာဖတ်လုပ်တယ်။
အိမ်ခန်းက ကြီးပါတယ်။
လူငါးယောက်နေကြတယ်။
သူဋ္ဌေးက ငှားပေးထားတာပါ။
တစ်လကို ဒေါ်လာ ၇၅၀
ပေးရတယ်လို့သိရတယ်။
ရေချိုးခန်းအိမ်သာတွဲပါတဲ့ အိပ်ခန်းက
တစ်ခန်း။
အဲဒီအခန်းကိုတော့
ကျနော်တို့လင်မယားနှစ်ယောက်ရတယ်။
အခန်းက ကျယ်တယ်။ တော်တော်လည်း
ကောင်းပါတယ်။
ကြမ်းပိုးကိုက်တာ တစ်ခုပဲပြောစရာ
ရှိတယ်။
အခုတော့လည်း သန့်ရှင်းရေးလုပ်၊
ကြမ်းပိုးဆေးတွေ ဖျန်းတာနဲ့ နည်းသွားပါပြီ။
နေလို့ကောင်းလာတယ်လို့ပြောရမယ်ထင်တယ်။
ကျန်အိပ်ခန်းကိုတော့ မန်နေဂျာနေတယ်။
မန်နေဂျာက မြန်မာလူမျိုးပါ။
ဒီကိုရောက်နေတာ
နှစ်နှစ်ဆယ်ကျော်ပြီတဲ့။
အမေရိကန်မှာက
အမေရိကန်စတိုင်လ်နဲ့နေရင်
နေလို့အလွန်ပျော်စရာကောင်းတဲ့နေရာလို့
သူပြောခဲ့ဖူးပါတယ်။
သူကတော့ လူပျိုကြီးပါ။
သဘောကောင်းတယ်လို့ပြောရမလား
နားလည်မှုရှိတယ်လို့ပြောရမလားမပြောတတ်ပါဘူး။
မြန်မာအချင်းချင်းမှာတော့ အတော်
ရိုင်းပင်းမှု ရှိတာကိုတွေ့ရတယ်။
"နှစ်နှစ်ဆယ်အတွင်း
မြန်မာပြည်ကို ဘယ်နှစ်ကြိမ် ပြန်ဖြစ်သလဲ"
လို့မေးကြည့်တော့
"တစ်ခါမှ မပြန်ဖူးဖူး"
တဲ့။
အံသြသွားတယ်။
"ပြန်ဖို့အစီအစဉ်မရှိဘူးလား"
လို့မေးကြည့်တော့ သူကပြန်ပြောတယ်။
"သွားလိုက်၊ပြန်လိုက်တော့
မလုပ်ချင်ဘူး" တဲ့။
" ပြန်ရင်လည်း
ပြန်မလာတော့ဘူး" တဲ့။
ပြတ်သားလိုက်တာ။
ကျနော်ကတော့ သူ့လောက်
မပြတ်သားနိုင်ဘူးအမေ။
သွားလိုက်၊ပြန်လိုက် လုပ်ချင်နေတယ်။
နောက် မက်စီကန်လူမျိုးနှစ်ယောက်ကတော့
တစ်ခန်းနေကြတယ်။
သူတို့ကတော့ လခထုတ်တိုင်း
မိသားစုတွေဆီကို ငွေပို့ကြတယ်။
မိသားစုတွေကိုတော့
အတော်ခင်တွယ်တဲ့လူတွေလို့ပြောရမယ်ထင်တယ်။
နေ့တိုင်းလိုလို ဖုန်းဆက်နေတာ
တွေ့ရတယ်။
ကျနော်တို့လည်း မြန်မာပြည်ကို
နေ့တိုင်းမဟုတ်တာတောင်
နေ့တိုင်းနီးပါးဖုန်းဆက်ချင်တယ်။
ဖုန်းဆက်တိုင်း ဖုန်းလိုင်းတွေ
မကောင်းရတာနဲ့။
ဒီမှာက နေ့အချိန်ဆိုရင်
မြန်မာပြည်မှာက ညဆိုတော့
အချိန်အစဉ်မပြေတာနဲ့။
မြန်မာပြည်နဲ့ ဖုန်းဆက်သွယ်ခ
ဈေးကြီးလွန်းတာနဲ့။
အဲဒီအကြောင်းကြောင်းတွေကြောင့်
ဖုန်းမဆက်သွယ်ဖြစ်တာတောင် ကြာပြီ။
ဒါကြောင့် စာရေးနေတာပေါ့ အမေ။
ကျနော်တို့နေတဲ့အိမ်ရဲ့ ဧည့်ခန်းက
တော်တော်ကျယ်တယ်။
အလုပ်ပိတ်ရက်မှာတော့
ဘယ်မှမသွားတော့ပဲ
စာရေး၊စာဖတ်တဲ့အလုပ်ကို လုပ်ဖြစ်တယ်။
ကျန်တဲ့သူတွေက အလုပ်သွားနေကြတော့
အိမ်ဟာလည်
ဆိတ်ငြိမ်အေးချမ်းတဲ့နေရာတစ်ခုဖြစ်နေတယ်။
ဒီအပတ် ပိတ်ရက်မှာတော့
စာကြည့်တိုက်ကို လိုက်ရှာဖြစ်တယ်။
မေးလို့က မရတော့ အဝါရောင်စာအုပ် (yellowbook)
ထဲလိုက်ရှာကြည့်တယ်။
အနီးဆုံးစာကြည့်တိုက်ကို GPS
ထဲရိုက်ထည့်ပြီး
ကားမောင်းသွားတော့ အိမ်နားမှာ
ဖြစ်နေတာကိုတွေ့ရတယ်။
လှမ်းကြည့်ရင်တောင် မြင်ရတဲ့နေရာမှာ
စာကြည့်တိုက်ရှိနေတာကို နှစ်လကျော်မှ သိရတယ်အမေ။
တစ်ခါတစ်လေတော့လည်း
နီးရက်နဲ့ဝေးနေရတာမျိုးပါလား။
မြန်မာဂဏန်း ၃နဲ့၎ လိုဖြစ်နေတယ်။
စာကြည့်တိုက်ကိုတွေ့တော့
ပျော်လိုက်တာ အမေရယ်။
ဒီမှာက ရပ်ကွက်တိုင်းမှာ
စာကြည့်တိုက်ရှိတယ်။ ဘုန်းကြီးကျောင်းက မရှိဘူး။
ဘုန်းကြီးကျောင်းက ဝေးလွန်းတော့
အခုထိ ဘယ်ကျောင်းမှ မရောက်ဖြစ်သေးဘူး။
စာကြည့်တိုက်နဲ့ဘုန်းကြီးကျောင်း
တူတဲ့အချက်က အသိပညာတိုးတက်နေတာပါပဲ။
ဒါကြောင့် စာကြည့်တိုက်ကို
အချိန်ရတိုင်းသွားချင်တယ်။
သွားတိုင်းလည်း စိတ်ကျေနပ်စရာ
တစ်ခုမဟုတ်တစ်ခုတော့ အနည်းဆုံးရတတ်တယ်။
စာကြည့်တိုက် အိမ်နားမှာ
ရှိပြီဆိုတော့ ဒီနေရာဟာ ပျော်အောင်နေလို့ရသွာပြီလို့ပြောချင်ပါတယ်။
အခက်အခဲတွေ ရှိလာတဲ့အခါ
ပျော်အောင်နေတတ်ဖို့ လိုအပ်တယ်။
ပျော်အောင်မနေတတ်ရင် နေစရာကို
မရှိသလို ခံစားရတယ်။
“ပျော်တဲ့နေရာမှာတော့ သူတစ်ပါးကို
မထိခိုက်အောင် ပျော်တတ်ဖို့လိုတယ်။
ကိုယ့်ကိုယ်ကို ကိုယ်လည်း
မထိခိုက်အောင် ပျော်တတ်ဖို့လိုပါတယ်” လို့ အမေ
မှာထားတာကိုလည်း သား မမေ့ပါဘူးအမေ။
သားတို့မိသားစု နေကောင်းကြပါတယ်။
အမေတို့မိသားစုရော နေကောင်းကြလား။
ဒီနေ့တော့
ဒါလောက်နဲ့နားလိုက်ပါဦးမယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၆-၂၄-၂၀၁၂
Subscribe to:
Posts (Atom)