တစ်ခါတုန်းက
ရွာတစ်ရွာမှာ ကိုစိန်ဆိုသူလူရွယ်တစ်ဦးဟာ
အလွန်ကြီးမားတဲ့ပုတ်တောင်းကြီးတစ်တောင်းကို ယက်လုပ်နေပါတယ်။
ကိုစိန်ရဲ့အလုပ်လုပ်တဲ့အနားမှာလည်း
ကိုစိန်ရဲ့သားဖြစ်သူ အသက်၉-နှစ်အရွယ်မောင်ဖိုးထောင်က
ကစားနေပါတယ်။
အဖေကတောင်းကြီးကို အားကျိုးမာန်တက် ယက်နေတာကို
သားဖြစ်သူကတွေ့တော့ စပ်စပ်စုစုမေးပါတယ်။
“ အဖေ၊
ဒီလောက်ကြီးတဲ့တောင်းကို ဘာလုပ်ဖို့ယက်လုပ်နေတာလဲဟင်”
အဖေဖြစ်သူကိုစိန်က
“ သားရဲ့အဖိုးကအိုပြီလေကွာ၊
ပြီးတော့ ဘာမှလည်းမလုပ်နိုင်တော့ဘူး။
အိမ်မှာက ဘာမှသုံးလို့မရတော့ဘူး၊
အဖေလည်း မင်းရဲ့အဖိုးကို ရှာမကျွေးနိုင်တော့ဘူး။
အခုယက်တဲ့တောင်းကြီးနဲ့မင်းအဖိုးကို ထည့်ပြီးမြစ်ထဲမျှောမလို့ကွ၊
ဟိုး ပင်လယ်ဝမှာ မပြန်ကျွန်း ဆိုတဲ့ ကျွန်းကြီးတစ်ကျွန်းရှိတယ်။
အဲဒီရောက်တဲ့အခါ တတ်နိုင်တဲ့လူတွေက မင်းအဖိုးကို
ဆယ်ယူပြီး ကျွေးမွေးကြမှာပေါ့”
လို့ပြန်ပြောလိုက်ပါတယ်။
ဒီတော့ သားလေးဖိုးထောင်က ငြိမ်ပြီး စဉ်းစားပါတယ်။
ပြီးတော့မှ
“ ဒီလိုဆိုရင် သားအတွက်လည်းနောက်တစ်လုံးပိုယက်ပေးပါ။
သားက ဒီလောက်ကြီးတဲ့တောင်းကိုမယက်တတ်လို့ပါ”
ကိုစိန်က
“ မင်းက ဘာလုပ်မလို့လဲ ”
လို့မေးတာပေါ့။
ဖိုးထောင်ပြန်ဖြေလိုက်တာက
“ အဖေ အိုတဲ့အခါ
အဖိုးလို သားက အဖေကိုမြစ်ထဲမျှောဖို့လေ”
တဲ့။
No comments:
Post a Comment