ဘုရားအလောင်းနုစဉ်အခါက
ဗာရာဏသီပြည်တွင်
ပုရောဟိတ်ပုဏ္ဏားဘဝတွင် မင်းနှင့်တကွ
ပြည်သူပြည်သား အားလုံးတို့က
ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ လေးစားကိုးကွယ်ကြသည်။
ထိုသို့ ကိုးကွယ်ခြင်း၏ အကြောင်းရင်းကို
ပုရောဟိတ်ပုဏ္ဏားက သေချာသိချင်သည်။
တတ်ထားတဲ့ ဗေဒင်ပညာကြောင့်လား၊
မြင့်မြတ်တဲ့ အမျိုးဇာတ်ကြောင့်လား၊
တောင့်တင်းတဲ့မိတ်ဆွေခင်ပွန်းကြောင့်လား၊
ထိန်းသိမ်းစောင့်ရှောက်လာတဲ့ငါးပါးသီလကြောင့်လား၊
စသော လားပေါင်းများစွာ၏
အဖြေကိုသိရန်အတွက်
နန်းတွင်းရွှေပန်းတိမ်သည်၏ သေတ္တာမှ
ငွေသားလက်တစ်ဆုပ်ကို
နှိုက်ယူလေသည်။
ပထမတစ်ခါတွင်တော့
ရွှေပန်းတိမ်သည်သည်
တစ်ပြည်လုံးက ကိုးကွယ်နေသော
ပုဏ္ဏားကြီးဖြစ်သောကြောင့်
ဘာမျှမပြောတတ်အောင် ဖြစ်နေရှာသည်။
ဒုတိယအကြိမ်ယူသောအခါတွင်လည်း
ထိုနည်းတူ ဘာမျှမပြောမိသော်လည်း
စိတ်ထဲ၌ကား
တော်တော်အကြည်ညို ပျက်သွားလေပြီ။
တတိယအကြိမ်ယူသောအခါတွင်ကား
ပုဏ္ဏားကြီး၏ဂုတ်ကို ဖမ်း၍ မြေတွင်နှိမ်ချကာ
ဘုရင့်အာဏာသားတို့၏ လက်သို့
ခိုးသူအဖြစ် အပ်နှံလိုက်လေတော့သည်။
ဘုရင့်ရှေ့တော်မှောက်ရောက်သောအခါတွင်လည်း
ခိုးမှုက ထင်ရှားပြီဖြစ်သောကြောင့်
သေဒဏ်အမိန့်ပေးလိုက်လေသည်။
ထိုအခါကျမှ ပုရောဟိတ်ပုဏ္ဏားကြီးက
မင်းနဲ့တကွ
ပရိသတ်အားလုံးအား ဖြစ်ရပ်မှန်ကို ရှင်းပြလေသည်။
*********************************************************
ဗေဒင်သုံးပုံတို့သည်လည်း သံသရာ၌ ချမ်းသာကို မဆောင်နိုင်ပါ။
မြင့်မြတ်သော အမျိုးဇာတ်သည်လည်း သံသရာ၌ ချမ်းသာကို မဆောင်နိုင်ပါ။
ဆွေမျိုးမိတ်ဆွေအပေါင်းသည်လည်း သံသရာ၌ ချမ်းသာကို မဆောင်နိုင်ပါ။
စင်ကြယ်သန့်ရှင်းအပြစ်ကင်းသော၊
မိမိစောင့်ထိန်းအပ်သော
ငါးပါးသီလသည်သာလျှင်
သံသရာ၌ချမ်းသာကိုဆောင်နိုင်သည်။
“ မင်းကြီး…အကျွန်ုပ်သည်
ရွှေပန်းတိမ်ထံမှ
ငွေကိုရယူလို၍ ခိုးယူခြင်းမဟုတ်ပါ။
ကျွန်ုပ်အား မင်းနှင့်တကွ
တိုင်းသူပြည်သားအားလုံးတို့က
လေးစားကိုးကွယ်ကြခြင်း၏အကြောင်းကို
သိလို၍ ယူခြင်းဖြစ်ပါသည်။
ယခုကား သိရပါပြီ။
ကျွန်ုပ်တတ်ထားသော ဗေဒင်ပညာ၊
အမျိုးဇာတ်၊
ဆွေမျိုးမိတ်ဆွေတို့ကြောင့်
ကျွန်ုပ်ကို လေးစားကိုးကွယ်ခြင်းမဟုတ်ပဲ
ကျွန်ုပ်စောင့်ရှောက်ထိန်းသိမ်းထားသော ငါးပါးသီလကြောင့်သာလျှင်
ကျွန်ုပ်ကို လေးစားကိုးကွယ်ကြခြင်းဖြစ်ပါသည်။
ယနေ့မှစ၍
မင်းနှင့်တကွ ပြည်သူအပေါင်းလည်း ငါးပါးသီလကို
လုံခြုံအောင်စောင့်ကြပါ ”
“ အသင်မင်းကြီး ခွင့်ပြုမည်ဆိုလျှင်
ကျွန်ုပ်သည်လည်းတောထွက်၍
ရသေ့ရဟန်းပြုလိုပါသည်။
နောက်ဆုံးတွင်
ဘုရင်၏ခွင့်ပြုချက်ဖြင့်
တောထဲတွင် ရသေ့ဝတ်ကာ ဈာန်အဘိညာန်တို့ဖြင့်
တစ်သက်ပတ်လုံးနေသွားခဲ့ပါသည်။
No comments:
Post a Comment