ဘုရားရှင်လက်ထက်က အရှင်သာရိပုတ္တရာမထေရ်မြတ်
ဟောကြားထားတဲ့ တရားတော်ဖြစ်ပါတယ်။
တစ်နေ့သောအခါမှာ
ပံသကူ ဒုတင်ဆောင် ရဟန်းတစ်ပါးဟာ
လွယ်အိတ်တစ်လုံးကိုပုခုံးတွင်လွယ်၊
ဒုတ်ကောက်တစ်ချောင်းကိုကိုင်ပြီး
အမှိုက်ပုံတွေဆီကို ထွက်လာခဲ့ပါတယ်။
သူတစ်ပါးတွေ မလိုအပ်တော့တဲ့ အဝတ်အတို၊အစတွေကို
အမှိုက်ပုံတွေ၊ သင်္ချိုင်းတွေမှာလွှတ်ပစ်လေ့ရှိကြပါတယ်။
အဲဒီရဟန်းက သူတစ်ပါးမလိုတော့လို့ လွှတ်ပစ်ထားတဲ့
အဝတ်အပိုင်း၊အစတွေကို လိုက်ကောက်ပါတယ်။
ရဟန်းဟာ အဝတ်စတစ်စကို ကောက်၊
ဆွေးနေတဲ့ အပိုင်း၊
မစင်တွေပေနေတဲ့အပိုင်းကို စုတ်ပစ်ပါတယ်။
ပြီးတော့ အမှိုက်ပုံမှာ ပြန်ပစ်ခဲ့ပါတယ်။
ကောင်းတဲ့အပိုင်းအစတွေကို လွယ်အိတ်ထဲထည့်ပါတယ်။
ပြီးတော့ နောက်အမှိုက်ပုံတစ်ခုဆီကိုသွားပြန်ပါတယ်။
မကောင်းတဲ့အပိုင်းအစကို အမှိုက်ပုံမှာပြန်စွန့်ခဲ့ပြီး၊
ကောင်းတဲ့အပိုင်းအစကိုတော့ လွယ်အိတ်ထဲထည့်ပြန်ပါတယ်။
ဒီလိုနည်းနဲ့ အမှိုက်ပုံတကာကိုသွား၊
မကောင်းတာကို စွန့်ပစ်၊
ကောင်းတာကို ယူ၊
ကျောင်းပြန်ရောက်တော့ လွယ်အိတ်ကို သွန်ချ၊
ကောင်းတာတွေပဲ ရ။
အဲဒီကောင်းတဲ့ အဝတ်အပိုင်းအစကို စပ်ပြီး သင်္ကန်းချုပ်တော့
သင်္ကန်းကောင်းတစ်ထည် ရပါတယ်။
အဲဒီလို မျိုးပါပဲ။
အကောင်းဆိုတာမျိုးက နည်းနည်းချင်းစုမှ ရတတ်တာပါ။
ဒါကြောင့်
ကောင်းတာကို ကြည့်ပါ။
ကောင်းတာကို နားထောင်ပါ။
ကောင်းတာကို စဉ်းစားပါ။
ကောင်းတာကို ပြောပါ။
ကောင်းတာကို လုပ်ပါ။
လို့ မေတ္တာရှေ့ထားပြီး တိုက်တွန်းလိုက်ချင်ပါတယ်။
[ ဒေါက်တာ အရှင် ဉာဏိဿရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဟောကြားတော်မူသည့်တရားတော်
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ( ၉/၁၀ရက် )နေ့တွင်ဟောကြားသည့်တရားတော် မှ
ကောက်နူတ်ဖော်ပြပါသည်။ ]
1 comment:
Link ယူသွားပြီနော် ဆရာ
Post a Comment