တစ်ခါတုန်းက ပန်းနာရောဂါဖြစ်နေသူတစ်ဦးဟာ
ဆရာပေါင်းစုံနဲ့ကုသပေမယ့် မပျောက်ကင်းနိုင်လို့
စိတ်ပျက်နေတဲ့အခိုက်မှာ သေချင်လည်းသေစေတော့လို့သဘောထားပြီး
ကျိုက်ထီးရိုးဘုရားဖူးရင်း သေတာက မြတ်သေးတယ်လို့ ယူဆပြီး ဘုရားဖူးထွက်ခဲ့ပါတယ်။
ဘုရားဖူးသွားရင်နဲ့ လမ်းမှာတွေ့တဲ့အဖော်တွေနဲ့
စကားစပ်မိရင်းက မပျောက်နိုင်တဲ့ ပန်းနာအကြောင်း ရောက်သွားပါတယ်။
ဘုရားဖူးမိတ်ဆွေတစ်ဦးက
“ အမယ်လေး ပန်းနာများဗျာ၊ စောစောကသာသိရင်
တောင်ပေါ်တောင်မရောက်ဘူး၊
တောင်အောက်မှာပဲပျောက်ပါရဲ့” လို့ပြောသတဲ့။
ဒါပေမယ့် လည်း ဆရာပေါင်းစုံကု လာခဲ့တဲ့ ရောဂါသည်မှာ
မယုံနိုင်ဘဲရှိနေလို့ ခပ်အင်အင်လုပ်နေသတဲ့။
ဒီတော့ ဆေးမြီးတိုဆရာက
“ မယုံမရှိနဲ့မိတ်ဆွေ၊ ကျုပ်က ဘုရားမှာ အဓိဌာန်ပြီးကယ်မ,ဖို့ပြောတာ၊
ခင်ဗျားဆီက ဆေးဖိုးဝါးခ တစ်ပြားမှ ရလိုလို့မဟုတ်ဘူး၊
အလကားရလို့ တန်းဖိုးမထား မရှိလေနဲ့၊
ကျုပ်က ကုသိုလ်ဖြစ်ကုသမှာ ငရဲကြီးတော့ မခံပါဘူး၊
စေတနာနဲ့ပြောတာပါ”
လို့အပြောကောင်းတာနဲ့ ရောဂါသည်လည်းယုံကြည်ပြီး ဆေးကုသဖို့
သဘောတူလိုက်ပါတယ်။
ဆေးကုမယ့် လူကလည်း တစ်နေရာမှာသွားပြီး သူ့ဆေးကို စီရင်ပြီး လူနာကို ကျွေးသတဲ့။
ပန်းနာရောဂါသည်ဟာလည်း စေတနာနဲ့ပေးတဲ့ဆေးမို့လို့စားရပေမယ့်
ညှီစို့စို့အနံ့နံသတဲ့။
ဒါပေမယ့်လည်း မပြောသာဘဲ ကြိတ်ပြီးတော့ ဝါးနေရသတဲ့။
ဒီအခါမှာ ဆေးပေးတဲ့သူမေးပုံက
“ ဘယ့်နှယ်လဲ…မိတ်ဆွေ ကျုပ်ဆေးဝါးနေရတဲ့အခိုက်မှာ သက်သာရဲ့လား?”
လို့မေးတော့“ ဟာ ဝါးတုန်းပါပဲဗျာ၊ တယ်မသက်သာဘူး”လို့ပြောသတဲ့။
ဒီတော့ ”ဒါလောက်နဲ့မရသေးရင် ဒီရောဂါတယ်မငယ်လှဘူး၊
ဝါးနေတဲ့ဆေးကို မျိုသာချလိုက်”လို့ပြောသတဲ့။
ဒါနဲ့ပန်းနာသည်ဟာလည်း ဆေးရှင်ပြောတဲ့အတိုင်း မျိုချလိုက်သတဲ့။
ဆေးရှင်ကလည်း
“ဘယ့်နှယ်လဲ မျိုချလိုက်တာ သက်သာရောမဟုတ်လား”လို့မေးပေမယ့်
ရောဂါသည်ကတော့ “မသက်သာသေးပါဘူးဗျာ”လို့ပြောသတဲ့။
ဆေးရှင်ကလည်း ဆေးမစွမ်းကောင်းလားလို့
“ ဟင်း…ခင်ဗျားမညာနဲ့၊ ခင်ဗျားသာ မပျောက်ရှိရမယ်၊
ပျောက်တဲ့လူတွေအပုံ၊
မယုံရင်ကြည့်ဗျာ၊
ဟောဒီဖိနပ် ဖနောင့်တိုနေတာပဲ ကြည့်ပေတော့”
ဆိုပြီး သူ့ဖိနပ်ကို ပြတော့မှ ရောဂါသည်ဟာ
ဆေးရှင်ရဲ့ဖိနပ်ရဲ့ ဖနောင့်စာကို စားမိလျက်သား ဖြစ်နေမှန်းသိလို့
ရွံရှာပြီးတဝေါ့ဝေါ့နဲ့ အန်တော့တာပဲတဲ့။
ဒီလိုအန်လိုက်တော့မှပဲ ရောဂါပျောက်သွားသတဲ့။
No comments:
Post a Comment