Monday, January 4, 2016

"အမေ့ထံသို့ ပေးစာများ-၁၀၉..."




သို့
ချစ်တဲ့ အမေ
သတိရစွာဖြင့်စာရေးလိုက်ပါတယ်။
ရာသီတွေပြောင်းနေပြီအမေ။
သိသိသာသာ အေးလာတယ်။
သစ်ပင်တွေရဲ့ပြောင်းလဲမှုက ထင်သာမြင်သာရှိလှတယ်။
အစိမ်းရောင်သစ်ရွက်တွေက အချို့ဆိုရင် အနီရောင်ကိုပြောင်းသွားတယ်။
အချို့ဆိုရင် အဝါရောင်ကိုပြောင်းသွားတယ်။
အချို့ဆိုရင် ခရမ်းရောင်၊ သစ်ရွက်တွေက အရောင်စုံတော့ ပန်းပွင့်နေသလိုဖြစ်နေတယ်။
ပတ်ဝန်ကျင်တစ်ခုလုံး လှပတယ်လို့ခံစားမိတယ်။
နိုဝင်ဘာလအတွင်းမှာတော့ ပိတ်ရက်တစ်ရက်ရတယ်။
ကျေးဇူးတော်နေ့(Thanksgiving Day)။ခရစ်တော်ရဲ့ကျေးဇူးတော်ကိုအောင်မေ့တဲ့နေ့။
ပိတ်ရက်ရတဲ့အတွက် ခရစ်တော်ကိုကျေးဇူးတင်မိပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ပင်ပန်းလွန်းတာကြောင့် ဘယ်မှကို မသွားဖြစ်ဘူး။
အိပ်ရေးဝအောင်အိပ်လိုက်မယ်။ အိပ်ရေးဝတော့မှ ဝါရှင်တန်ဒီစီမြို့တော်ကို သွားလည်မယ်ပေါ့။
အားရအောင်အိပ်လိုက်တာ နေ့လည်တစ်နာရီကျော်မှ နိုးတယ်။
အိပ်ရေးဝတော့ အချိန်ကနည်းနေပြီမို့ သွားဖို့ပျင်းသွားတယ်။
မိန်းမကခေါင်းလျှော်တယ်။ ကျနော်က စက်နဲ့အဝတ်လျှော်တယ်။
စာဖတ်တယ်။ စာရေးတယ်။ အိမ်သန့်ရှင်းရေးလုပ်ဖြစ်တယ်။
ဘယ်မှမသွားဖြစ်ခဲ့ဘူး။
ပြန်စဉ်းစားကြည့်တော့ နေရာတစ်ခုကိုရောက်တုန်းရောက်ခိုက်မှာ တစ်နေရာရာကိုသွားလည်သင့်တယ်။ခရီးသွားတယ်ဆိုတာ စာဖတ်တာမျိုးနဲ့တူတယ်။
အသိတစ်ခုခုတော့ အမြဲရနိုင်တယ်။နောက်တစ်ခုက ခရီးသွားတာဟာ အမြင်သစ်နဲ့ထိတွေ့ရတာမို့
စိတ်ကို လန်းဆန်းစေတယ်။
ဒါကြောင့် ဒီနှစ်တော့ခရီးသွားဖို့ စီစဉ်လိုက်တယ်။
မေရီလန်းပြည်နယ်က Gaylord Hotel တစ်ခုမှာကြိုတင်စာရင်းသွင်းလိုက်တယ်။
ဒါဆိုရင် မသွားဖြစ်ရင် ဟော်တယ်ခ ဆုံးရှုံးတော့မှာမို့ မဖြစ်မနေ အပြင်ထွက်ဖြစ်တယ်။
ကျေးဇူးတော်နေ့မတိုင်မီတစ်ရက်၊ ညနေပိုင်းမှာ အလုပ်က စောစောထွက်ခဲ့တယ်။
တစ်နာရီပတ်ဝန်ကျင်တော့ ကားမောင်းရတယ်။
ဒီမှာက ကြိုတင်အခန်းယူထားတဲ့အတွက် အခက်အခဲမရှိပါ။
ကြိုတင်အခန်းမယူထားရင် အခန်းရဖို့မလွယ်တာကို အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးပြီ။
ဒီဟော်တယ်ရဲ့ထူးခြားချက်က မိသားစုအများစုဟာ ကလေးတွေ ပါနေခြင်းဖြစ်တယ်။
နောက်တော့မှ သိရတယ်။ ဒီဟော်တယ်မှာ ICE SHOW ရှိနေတဲ့အတွက်ဖြစ်တယ်။
ICE SHOW အတွက်ပါ ကြိုတင်လက်မှတ်လုပ်ထားဖြစ်တယ်။
ထင်ထားတာက ICE SHOW ဆိုတာ ရေခဲပြင်လျှောစီးတဲ့အတွက်က အကမျိုးစုံနဲ့ဖြေဖျော်တယ်လို့
တောသားအတွေးမျိုးတွေးထင်မိခဲ့တယ်။
တကယ်တန်းအထဲဝင်ကြည့်တော့ မဟုတ်ပါလေ။
ရေခဲတုံးကြီးကို အရုပ်မျိုးစုံ ပန်းပုထုထားတဲ့ပြပွဲဆိုတာကို သိရပါတယ်။
အဲဒီအခန်းထဲဝင်ဖို့အတွက် ရေခဲပြင်မှာဝတ်တဲ့ဝတ်စုံကို ဝတ်ရတယ်။
အဲဒီဝတ်စုံအပြာရောင်ကိုဝတ်ထားတာတောင် တော်တော်အေးနေတယ်။
မြောက်ဝင်ရိုးစွန်းကိုရောက်နေသလားအောက်မေ့ရတယ်။ အေးလိုက်တာ မပြောပါနဲ့တော့။
ရေခဲရုပ်ကလည်း မျိုးစုံနေတာကြောင့် ကလေးငယ်များစွာကို တွေ့ရတယ်။
သူတို့ကတော့ ပျော်နေကြလေရဲ့။အထူးသဖြင့် အရုပ်တွေက ဝေါ ဒစ်စနေ(Walt Disney အရုပ်တွေကိုတွေ့ရတယ်။
နောက်တစ်မျိုးကတော့ ဘုရားသခင်နဲ့ပတ်သက်တဲ့အရုပ်တွေဖြစ်တယ်။
ရေခဲတုံးကြီးနဲ့ထုလုပ်ထားတာတော့ အံသြစရာကောင်းပါတယ်။
ဟော်တယ်ရဲ့အခန်းတွင်းအခြေအနေက ပေးထားတဲ့ငွေကြေးလောက်မကောင်းတာကို သတိပြုမိတယ်။
အဓိကကတော့ မိသားစုနဲ့အတူပါလာတဲ့ကလေးနဲ့လူငယ်လေးတွေကို ဆွဲဆောင်ဖို့ကိုသာ
အလေးထားတာကို တွေ့ရတယ်။
တစ်ညတာဆိုပေမယ့် အမှတ်တရတော့ အများကြီးဖြစ်ပါတယ်။
နေ့လည်စာကို ဘူဖေးမှာ ဂဏန်းလက်မကြီးကို စိတ်တိုင်းကျစားပစ်လိုက်တယ်။
ပိတ်ရက်တစ်ရက်မှာ လူကတော့ မနားလိုက်ရပါဘူး။
ဒါပေမယ့် စိတ်ကတော့ လုပ်ချင်တာကိုလုပ်ခွင့်ရလိုက်တဲ့အတွက် 
စိတ်အနားရတယ်လို့ပြောမယ်ဆိုရင်
ပြောနိုင်ပါတယ်။

ဒါပါပဲအမေ။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။





Tuesday, October 6, 2015

"မအ,ချင်ရင်… သမိုင်းသင်..."





မအ,ချင်ရင်…

သမိုင်းသင်။


ဒေါက်တာ သန်းထွန်း

သမိုင်းပညာရှင်

+++++++++++++++++++++

သမိုင်းဟာ အတိတ်မှာ ကျန်ခဲ့ပြီဆိုပေမယ့်
သင်ခန်းစာယူတတ်မယ်ဆိုရင် အများကြီးရနိုင်တယ်။
အမှောင်ခေတ်ရဲ့သမိုင်းဆိုရင် သင်ခန်းစာ ယူလို့မကုန်နိုင်ဘူး။
အတိတ်သမိုင်းက သင်ခန်းစာယူတတ်မယ်ဆိုရင်…
အနာဂတ်ကာလအတွက် အမှားနည်းနည်းနဲ့ဆက်လျှောက်နိုင်တယ်။
မြန်မာနိုင်ငံသမိုင်းအကျဉ်း…
၁၉၄၈-ခုနှစ်မှာ လွတ်လပ်ရေးရတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဒီမိုကရေစီစံနစ်နဲ့ ဆက်လျှောက်တယ်။
တိုင်းပြည်ရဲ့စီးပွားရေးဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးအုပ်စုမှာ ပါဝင်လာတယ်။
အခု အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့စကာင်္ပူနိုင်ငံကတောင် အားကျအတုယူရတယ်။
၁၉၆၂-ခုနှစ်မှာ တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းတယ်။
အာဏာရှင်စံနစ်နဲ့အုပ်ချုပ်တယ်။
အဲဒီအချိန်ကထဲက တစ်နှစ်ထက်တစ်နှစ် ဆင်းရဲလာလိုက်တာ
ဒီနေ့အထိဆိုတာ ပြည်သူအားလုံးအသိ။
စစ်တပ် (ဒါမှမဟုတ်)တပ်မတော်က အသွင်အမျိုးမျိုးနဲ့အာဏာတွေသိမ်းခဲ့တာလည်း
အားလုံးအသိပါပဲ။
တစ်ဗိုလ်ကျ၊တစ်ဗိုလ်တက်ပြီး အာဏာကိုလက်လွှဲလက်ပြောင်းလုပ်ခဲ့။
ဘောင်ဘီဝတ်လိုက်၊ဘောင်ဘီချွတ်လိုက်နဲ့အလှည့်အပြောင်းလုပ်ခဲ့ရင်းနဲ့
အခုဆိုရင် အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပြီ။

နှစ်စဉ် အငတ်ဘေးဒဏ်ကြောင့် ပြည်သူတွေ၊ကလေးငယ်တွေ
သန်းနဲ့ချီပြီး သေကျေပျက်စီးခဲ့ဖူးတဲ့အီသီယိုပီးယားနိုင်ငံတောင်
မြန်မာနိုင်ငံထက် ပိုချမ်းသာနေပြီ။ ပိုတိုးတက်နေပြီ။
ဒီအတိုင်း စံနစ်မပြောင်း၊လူမပြောင်းပဲ ခရီးဆက်သွားရင်
တစ်ချိန်မှာ အီသီယိုပီးယားမှာ ဖြစ်ခဲ့ဖူးတဲ့အငတ်ဘေးမျိုး မကြုံနိုင်ပါဘူးလို့ ဘယ်သူပြောရဲလဲ။

++++++++++++++

ကမ္ဘာ့သမိုင်းပြန်ကြည့်၊
ချမ်းသာတဲ့နိုင်ငံတွေမှာ
စစ်တပ်က အုပ်ချုပ်လို့ချမ်းသာတာလား။
အရပ်သားအစိုးရအုပ်ချုပ်လို့ ချမ်းသာတာလား။
လေ့လာကြည့်မိသလောက်တော့
စစ်တပ်က အုပ်ချုပ်လို့ ချမ်းသာတဲ့နိုင်ငံမရှိဘူး။
အရပ်သားအစိုးရ အုပ်ချုပ်လို့ ချမ်းသာလာကြတာချည်းပဲ။

+++++++++++++++

အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံကို လေ့လာကြည့်။
စစ်အင်အားလည်း ကမ္ဘာမှာ အကြီးမားဆုံးရှိပေမယ့် အာဏာသိမ်းတာ မရှိဘူး။
အရပ်သားအစိုးရဟာ လွတ်လပ်ရေးရပြီးကထဲက တောက်လျှောက်အုပ်ချုပ်လာခဲ့တယ်။
တိုင်းပြည်က တိုးတက်သထက်တိုးတက်လာတယ်။ ချမ်းသာသထက်ချမ်းသာလာတယ်။
အခုလက်ရှိသမ္မတ အိုဘားမားဟာ စစ်ရေးအတွေ့အကြုံမရှိဘူး။
လူမျိုးကျတော့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား။လူမည်းသမ္မတ။
ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်ကို အကောင်းဆုံးစီမံခန့်ခွဲနိုင်တယ်။
အိုဘားမားဟာ ရပ်တန့်နေတဲ့စီးပွားရေးကို ဦးမော့လာအောင် လုပ်ပေးနိုင်တဲ့သမ္မတလည်းဖြစ်တယ်။

++++++++++

အခြားကမ္ဘာ့သမိုင်းကို လေ့လာကြည့်လိုက်ပါဦး။
ဘာသင်ခန်းစာ ရပါသလဲ။
သင်နဲ့သင့်သားသမီး၊သင့်မြေးမြစ်တွေ ဆင်းရဲပြီးဆင်းရဲ။
ကြတ်ပြီးကြတ်၊
ငတ်ပြီးငတ်၊
ပညာတွေလည်း မတတ်ပြီးမတတ်တာကို
သင်မကြောက်ရင်…
စစ်တပ်နဲ့ဆက်နွယ်နေတဲ့ပုဂ္ဂိုလ်တွေကို သင်က မဲပေးလိုက်ပါ။

Thursday, October 1, 2015

“ဥာဏ်တုံးလွန်းတဲ့ ခြင်္သေ့…”





တစ်ခါတုန်းက
တောတစ်တောမှာ ခြင်္သေ့တစ်ကောင် ကြီးစိုးနေတယ်။
အဲဒီခြင်္သေ့ဟာ ဆာလောင်လာတဲ့အခါ တောထဲမှာရှိတဲ့သားကောင်တွေကို
ဖမ်းစားတယ်။ သားကောင်မျိုးစုံဟာ သေမှာကြောက်တဲ့အတွက် လွတ်ရိုးလွတ်ငြား ထွက်ပြေးရင်း
တစ်ကောင်နဲ့တစ်ကောင် တိုက်ကြ၊ သစ်ပင်တွေနဲ့တိုက်ကြနဲ့အတော်များများဟာ သေကြတယ်။
ခြင်္သေ့စားတာက တစ်ကောင်ထဲ။ သေတာက အကောင်များစွာဖြစ်နေတာကြောင့်
တောမှာရှိတဲ့တိရိစ္ဆာန်တွေ အစည်းအဝေးလုပ်ကြတယ်။
နောက်ဆုံးယုန်တစ်ကောင်ပြောတာက “နေ့တိုင်း ခြင်္သေ့က သားကောင်တစ်ကောင်ကျ စားနေတယ်။
သေမှာကြောက်တော့ ထွက်ပြေးရင်း တိုက်ခိုက်မိတော့ ပိုသေကြတယ်။
အဲဒီလိုမဖြစ်အောင် မဲနှိုက်မယ်။ မဲပေါက်သူက ခြင်္သေ့ဆီကိုသွားပြီး အစားခံမယ်။
ဒီလိုဆိုရင် ကျန်တဲ့တိရိစ္ဆာန်တွေ မသေကြေကြတော့ဘူးပေါ့” လို့ပြောတယ်။
ယုန်ကြီးပြောတဲ့အတိုင်း တိရိစ္ဆာန်တွေက သဘောတူကြတယ်။
ဒါနဲ့ပဲ ယုန်ကြီးက ခြင်္သေ့ကို သွားပြောပြတယ်။
ခြင်္သေ့က သဘောတူတယ်။ အချိန်ကိုတော့ သတ်မှတ်ပေးလိုက်တယ် ။
နေ့လည် ၁၂-နာရီတိတိမှာ ရောက်အောင်လာရမယ်လို့ပြောလိုက်တယ်။
ဒီစံနစ်အတိုင်းပဲ ခြင်္သေ့ဆီကို မဲပေါက်သူက တစ်နေ့တစ်ကောင်ကျ သွားအစားခံတယ်။
ခြင်္သေ့ကလည်း သက်သက်သာသာနဲ့စားသောက်နေရတာကို သဘောတွေ့နေတယ်။
တစ်နေ့တော့ သမင်မလေးတစ်ကောင် မဲပေါက်တယ်။
သမင်မလေးက သူမမှာ ကိုယ်ဝန်ရှိနေတယ်။
 သားသမီးလေးမွေးပြီးမှ အစားခံချင်တယ်လို့ ယုံကိုငိုပြီးတောင်းဆိုတယ်။
သေတဲ့အလုပ်မျိုးဟာ ဘယ်သူမှ အစားဝင်ချင်မှာမဟုတ်ဘူး။
ဒါကြောင့် သူကိုယ်တိုင်ပဲ ခြင်္သေ့ရဲ့အစားခံဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ပဲ ခြင်္သေ့ဆီကို ယုံကသွားတယ်။
အစားခံနေကျ နေ့လည် ၁၂-နာရီလည်းရောက်မလာ။
နေ့လည် ၁-နာရီလည်း ယုံရောက်မလာ။
နေ့လည် ၂-နာရီထိုးတော့ ခြင်္သေ့က အတော်ဆာလောင်နေပြီ။
ဒေါသလည်း ဖြစ်နေပြီ။
နေ့လည် ၃-နာရီထိုးမှ ယုံရောက်လာတယ်။
ခြင်္သေ့က “ဘာဖြစ်လို့နောက်ကျတာလဲ” လို့မေးတယ်။
ယုံက “ခြင်္သေ့ကြီးဆီအစားခံဖို့အလာလမ်းမှာ အခြင်္သေ့တစ်ကောင်က
ဖမ်းထားပြီး စားမယ်လုပ်လို့မနည်းတောင်းပန်ပြီးမှ ထွက်လာရလို့
နောက်ကျသွားတာပါ” လို့ပြန်ဖြေတယ်။
အခြားခြင်္သေ့ဆိုတဲ့အသံကို ကြားတော့
“ငါ မင်းမူနေတဲ့တောထဲမှာ အခြားခြင်္သေ့တစ်ကောင်က ဘာဖြစ်လို့
ကျူးကျော်ဝင်ရောက်လာတာလဲ” ဆိုပြီး ဒေါသပိုထွက်လာတယ်။
အဲဒီခြင်္သေ့ရှိတဲ့နေရာကို “ငါ့ကို လိုက်ပြစမ်း” ဆိုပြီး ယုံလေးနဲ့အတူ
ထွက်လာကြတယ်။
တောနက်ထဲမှာ ရှိတဲ့ရေတွင်းတစ်ခုဆီရောက်တော့ အဲဒီထဲမှာ
အခြားခြင်္သေ့ ရှိတယ်လို့ ယုံက ညွှန်ပြလိုက်တယ်။
ခြင်္သေ့က ရေတွင်းထဲ ငုံ့ကြည့်လိုက်တော့ အခြားခြင်္သေ့တစ်ကောင်ကို တွေ့လိုက်ရတယ်။
ဒေါသထွက်လာတယ်။ ဟိန်းဟောက်လိုက်တယ်။ ရေတွင်းထဲက ခြင်္သေ့ကလည်း
ပြန်ဟိန်းဟောက်တာပေါ့။ အကြိမ်ကြိမ် အခါခါ ဟိန်းဟောက်တော့လည်း ရေတွင်းထဲက
ပိုကျယ်လောင်တဲ့အသံနဲ့ပြန်ဟိန်းဟောက်နေတာကြားရတော့
ရေတွင်းဘောင်ပေါ်က ခြင်္သေ့က ဒေါသထွက်သထက်ထွက်လာပြီး
ရေတွင်းထဲ ခုန်အုပ်လိုက်တယ်။
ရေပြင်ပေါ်ပေါနေတဲ့သူ့ရဲ့ပုံရိပ်ကို အခြားခြင်္သေ့လို့ထင်ပြီး ခုန်အုပ်လိုက်တဲ့အတွက်
ရေတွင်းထဲမှာပဲ ခြင်္သေ့ဟာ ရေနစ်ပြီး သေဆုံးသွားပါတယ်။
ခြင်္သေ့ သေသွားတော့မှ တစ်တောလုံး ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း
နေထိုင်သွားကြသတဲ့။

++++++++++++++++++++++++++++++
ကျနော်ငယ်စဉ်တုန်းက အဖေ ထပ်ခါတလဲလဲ ပြောပြတဲ့ပုံပြင်တစ်ပုဒ်ပါ။
အကြိမ်ကြိမ်ကြားခဲ့ဖူးတာမို့ အခုထိ မှတ်မိနေပါတယ်။
အဖေဟာ ဒီပုံပြင်ကို အခါခါပြောပြပေမယ့် ပုံပြင်ပြီးတိုင်း ပြန်မေးတတ်ပါတယ်။
ဒီပုံပြင်ကနေ ဘာသင်ခန်းစာ ရသလဲ။
ကျနော်က ပြီးတဲ့အကြိမ်တုန်းက အဖေပြောပြထားတဲ့သင်ခန်းစာကို ပြောပြရင်
အဖေက ပြုံးပြီးနားထောင်တယ်။
နောက် သင်ခန်းစာတစ်ခုကို ထပ်ပြောပြတယ်။
ပုံပြင်အကြောင်းအရာသာ တူပေမယ့် သင်ခန်းစာတစ်ခါနဲ့တစ်ခါ မတူတာကို
ကျနော်အံ့သြမိပါတယ်။

++++++++++++++++++++++++++++++

အဖေပြောပြတဲ့သင်ခန်းစာတစ်ခုကတော့…
“အင်အားကြီးတိုင်း အသိဥာဏ်ကြီးတာတော့ မဟုတ်ဘူး။
အင်အားကြီးပြီး ဥာဏ်နည်းတဲ့သတ္တဝါတွေ အများကြီးရှိတယ်။
အင်အားကြီပြီး   ဥာဏ်နည်းတဲ့သတ္တဝါထဲမှာ လူလည်း ပါတယ်နော်။
အင်အားကြီးတဲ့လူဟာ ခွန်အားကို အားကိုးလွန်းတာကြောင့် ဥာဏ်ကြီးအောင်လုပ်ချိန်မရတော့ဘူး။
ခွန်အားကို အားကိုးလွန်းရင် ဥာဏ်တုံးတတ်တယ်ဆိုတာ မမေ့နဲ့”
အဖေက ခဏနားပြီးမှ ပြန်မေးပါတယ်။
“တစ်ခုကိုသာ ရွေးချယ်ရမယ်ဆိုရင် သား ဘာကို ရွေးချယ်မလဲ” လို့လည်း အဖေက မေးပါတယ်။
ကျနော်က ရေနစ်ပြီး သေသွားတဲ့ခြင်္သေ့ကို အားမကျပါဘူး။
ဥာဏ်ကြီးတဲ့ယုံကို သာ အားကျမိပါတယ်။
ကျနော်ပြန်ဖြေတာက “ဥာဏ်ကြီးသူဖြစ်ချင်တယ်” လို့
အဖေက ပြန်ပြောတာက “ဥာဏ်ကြီးသူဖြစ်ချင်ရင်
စာ များများဖတ်၊
ဥာဏ်ကြီးသူရဲ့ပြောစကားကို များများနားထောင်၊
အခွင့်အရေးရရင် ခရီးများများ သွား”တဲ့။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com