Monday, May 4, 2015

"အမေ့ထံသို့ ပေးစာများ-၁၀၆..."



သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
ဒီလမှာ အမေတို့ဆီမှာ သင်္ကြန်ကျပြီလေ။
သင်္ကြန်ဆိုရင် ဘာဘဲဖြစ်ဖြစ် မြန်မာပြည်ကို လွမ်းတယ်။
သင်္ကြန်ရက်အတွက် အမေတို့ဆီမှာ ငုနဲ့ပိတောက်တွေ ပွင့်တတ်တယ်။
အဝါရောင်ပန်းတွေ။
ဒီမှာတော့ ချယ်ရီပန်းတွေ ပွင့်တယ်။
အရောင်အသွေးကို မျိုးစုံ။
အချို့က အဖြူရောင်၊
အချို့က ခရမ်းရောင်၊
အချို့ကပန်းနုရောင်။
ကားလမ်းတစ်ဖက်တစ်ချက်မှာကို ပွင့်နေတယ်။
တော်တော်လှတယ်။
ကားမောင်းသွားရင်ကို စိတ်ချမ်းသာစရာကောင်းလှတယ်။
ဝါရှင်တန်မြို့တော်မှာတော့ ဒီအချိန်ဆိုရင် ချယ်ရီပန်းပွဲတော်လုပ်တယ်။
ကမ္ဘာ့နိုင်ငံအတော်များများက လူတွေလာကြတာကို တွေ့ရတယ်။
ပိုတေမက်မြစ်ရဲ့တစ်ဖက်တစ်ချက်မှာ ချယ်ရီပန်းတွေပွင့်နေတာ။
ချယ်ရီပန်းဟာလည်း တာရှည်ခံတဲ့ပန်းတွေတော့ မဟုတ်ပါဘူး။
တစ်ပတ်အတွင်းမှာပဲ အပွင့်တွေကြွေကုန်တယ်။
အပွင့်ကြွေပြီးတော့မှ ရွက်နုတွေ ဝေလာတယ်။
ဒီလမှာတော့ နှင်းတွေပျောက်ကုန်ပြီ။ နှင်းပျောက်တဲ့နွေဖြစ်နေပြီလေ။
နွေဦးဖြစ်တာမို့ ရာသီဥတုကတော့ တော်တော်သာယာတယ်။
နံနက်ပိုင်းဆိုရင် ငှက်မျိုးစုံရဲ့သီချင်းသံမျိုးစုံကို ကြားနေရတယ်။
ရာသီပြောင်းတော့ ငှက်တွေလည်း ပျော်နေပုံရတယ်။
ရှဥ့်တွေလည်း သစ်ပင်တစ်ပင်က တစ်ပင်ကို ခုန်ပေါက်ပြေးလွှားနေကြတယ်။
ဆောင်းတွင်းတစ်တွင်းလုံး ဆောင်းခိုနေကြတဲ့တိရိစ္ဆာန်တွေ ခုတော့ ပျော်ရွှင်မြူးတူးနေကြတယ်။
သူတို့ကို ကြည့်မိရင် သူတို့လေးဆီက အပျော်တွေကူးလာတယ်။
ရာသီအပြောင်းက စိတ်ကိုလည်းပြောင်းစေပါလား။
ဆောင်းတွင်းမှာ ရေတွေခဲနေတာကြောင့် ရေပြင်ကမြေပြင်ဖြစ်နေတာကြာပြီ။
လှိုင်းကြက်ခွပ်တွေလည်းပျောက်နေတာ ကြာပြီပေါ့။
အခုလိုရာသီသာယာလာတော့မှ
အိမ်ဘေးနားက ရေကန်မှာ လှိုင်းကြက်ခွပ် မြင်ရတော့တယ်။
ရေကန်ဆိုတာ လှိုင်းကြက်ခွပ် ရှိမှ ကြည့်လို့ကောင်းတာမျိုးလေ။
တောဘဲငန်းတွေလည်း အခုမှ အသံပေးပြီးရေကူးနေလေရဲ့။

+++++++++++++++++++++

မြန်မာပြည်မှာ နေတုန်းက မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။
“မင်းက အမေရိကန်နိုင်ငံကို သွားမယ်ဆိုတော့ အဲဒီနိုင်ငံမှာ
အရွယ်ရောက်တဲ့လူတိုင်း ရေကူးတတ်ကြတယ်။
ကားမောင်းတတ်ကြတယ်။
သေနတ်ပစ်တတ်ကြတယ်လို့ ငါကြားဖူးတယ်။
အဲဒါ ဟုတ်၊မဟုတ် သေသေခြာခြာလေ့လာခဲ့ပြီး
ငါ့ကို ပြန်ပြောပြဖို့ မေတ္တာရပ်ခံချင်ပါတယ်” တဲ့။
သူပြောတော့မှ သေသေခြာခြာ သတိထားလေ့လာမိတယ်။
ဟုတ်တယ်။ အမေရိကန်နိုင်ငံမှာ အရွယ်ရောက်သူတိုင်း ရေကူးတတ်ကြတယ်။
အိမ်အတော်တော်များများမှာ ရေကူးကန်တွေရှိတယ်။
သူတို့အနားယူချိန်မှာ ရေကူးပြီးအနားယူတတ်ကြတယ်။
ကျနော်ငှားနေတဲ့အပတ်မန့်တိုင်းလိုလိုမှာ ရေကူးကန်ရှိတတ်တယ်။
ကျောင်းသူကျောင်းသားတွေဟာ ကျောင်းကပြန်လာတာနဲ့ရေကူးဝတ်စုံကို
ဝတ်ပြီး ရေကူးကန်ထဲဆင်းတော့တာပဲ။
စနေ၊တနင်္ဂနွေနေ့ဆိုရင် ရေကူးကန်မှာ မိသားစုအားလုံး ရေကူးနေတာကို တွေ့ရတယ်။
ဒါကြောင့် အရွယ်ရောက်လူတိုင်း ရေကူးနေတာကို တွေ့ရတယ်။ဒါ့အပြင်
မိန်းကလေး၊ယောကျာ်းလေးအားလုံးတို့ဟာ ရေကူးဝတ်စုံနဲ့နေတဲ့အလေ့အကျင့်ရှိနေတာ
ကိုလည်း တွေ့ရတယ်။
ပူပြင်းတဲ့နွေရာသီကိုရောက်ရင် ယောကျာ်းတွေထက် 
မိန်းမတွေက အတိုအပြတ်ဝတ်တာများတာကိုလည်း သတိထားမိတယ်။
သူတို့တွေ ဘယ်လိုဝတ်ဝတ်၊ဘယ်လိုနေနေ၊ ပညာရေးကိုတော့ ဦးစားပေးကြတာတွေ့ရတယ်။
ကျောင်းမပြီးခင်ယောကျာ်းယူချင်ယူမယ်။ကလေးမွေးချင်မွေးမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းဆက်တက်တယ်။ဘွဲ့ယူဖြစ်အောင်ယူတယ်။
ဘွဲ့ရနိုင်တဲ့လမ်းကြောင်းတွေကလည်း များကများပါဘိသနဲ့။

++++++++++++++++++++++

အမေရိကန်နိုင်ငံဟာ သမုဒ္ဒရာနှစ်ခုက ညှပ်ထားတဲ့အတွက်
ပင်လယ်(သမုဒ္ဒရာ) ကမ်းစပ်တွေကလည်း ပေါမှပေါ။
သူတို့တွေက အားလပ်ချိန်ရပြီဆိုတာနဲ့ပင်လယ်ကမ်းစပ်ကိုသွားပြီးအနားယူတတ်တာ
အလေ့အကျင့်လိုဖြစ်နေကြပြီ။
သူတို့တွေဟာ အရွယ်ရောက်သူရော၊အရွယ်မရောက်သေးသူရော
အားလုံးလိုလို ရေကူးတတ်ကြတာကို သတိပြုမိတယ်။

++++++++++++++++++++++++++

နောက်တစ်ခုက အရွယ်ရောက်သူတိုင်း ကားမောင်းတတ်ကြသလား။
အိမ်တိုင်းမှာ အနည်းဆုံး ကားတစ်စီးတော့ ရှိကြတယ်။
အလုပ်လုပ်သူ သုံးယောက်ရှိရင် သေချာပေါက် ကားသုံးစီးကတော့ ရှိတတ်ကြတယ်။
အလုပ်လုပ်သူတိုင်း ကိုယ်တိုင်ကားမောင်းပြီးအလုပ်သွားရတယ်လေ။
မိသားစုတစ်ယောက်က အလုပ်သွားဖို့ ကျန်လူက ကားမောင်းပို့ရတယ်ဆိုတာ
ဒီမှာ မရှိဘူး။
အလုပ်ရှိပြီဆိုရင် ငွေရှိပြီ။
ဒီတော့ ဘဏ်က ကားဝယ်ဖို့ ငွေချေးပေးတယ်။
ပြီးမှ အရစ်ကျလစဉ်ဆပ်။
ကျနော်တို့အလုပ်မှာတော့ အနိမ့်ဆုံးသန့်ရှင်းရေးဝန်ထမ်းလည်း ကိုယ်ပိုင်ကားနဲ့
အလုပ်ကိုလာတယ်။ ကျန်လူတော့ မပြောနဲ့တော့။
ဝန်ထမ်းတစ်ရာရှိရင် ကားတစ်ရာကတော့ သေချာပေါက်ရှိတယ်။
အထက်တန်းတက်နေတဲ့ကျောင်းသူတွေ၊ကျောင်းသားတွေ အချိန်ပိုင်းနဲ့
အလုပ်ကိုလာတာတောင် ကိုယ်ပိုင်ကားနဲ့လာကြတယ်။
ဒီတော့ အရွယ်ရောက်သူတိုင်း ကားမောင်းတတ်ကြတာ သေချာတယ်။

+++++++++++++++++++++++++++++

နောက်တစ်ခုက အရွယ်ရောက်သူတိုင်း သေနတ်ပစ်တတ်ကြသလား။
အိမ်တိုင်းနီးပါးမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သေနတ်ဆောင်ထားတတ်ကြတယ်။
သေနတ်ရှိရင် သေနတ်ပစ်တတ်ဖို့က ဘာမှမခက်ခဲတော့ဘူး။
နောက်တစ်ခုက မြို့တိုင်းလိုလိုမှာ သေနတ်ဆိုင်တွေရှိတာကို သတိထားမိတယ်။
သေနတ်ရောင်းတဲ့ဆိုင်ရှိတဲ့နောက်မှာတော့ ဝယ်ဖို့လွယ်လို့ပေါ့။
ရောင်းချင်လို့ ဆိုင်ဖွင့်ထားတာလေ။
နောက်တစ်ခုက အခကြေးပေးရတဲ့သေနတ်ပစ်ကွင်းတွေလည်း နေရာအတော်များများမှာ
ရှိနေတယ်။
ဝါသနာပါရင်ကြိုက်သလောက်သွားပစ်ပေတော့။
သေနတ်ပစ်တတ်ဖို့တော့ လူတိုင်းလုပ်နိုင်တဲ့ကိစ္စဖြစ်နေတယ်။
အဲ…ပစ်မှတ်ကို ပစ်တိုင်းထိမှန်ဖို့တော့ လေ့ကျင့်ဖို့လိုသပေါ့လေ။
သေနတ်ဆိုင်ကိုတော့ မရောက်ဖူးပါဘူး။
သူငယ်ချင်းတစ်ယောက်က ခေါ်သွားလို့ အပေါင်ဆိုင်ကိုတော့ ရောက်ဖူးတယ်။
အဲဒီဆိုင်ထဲမှာ လာပေါင်ထားတဲ့အပေါင်ဆုံးသေနတ်တွေ အများကြီးတွေ့ရတယ်။
သေနတ်အမျိုးမျိုး။ ပုံစံအမျိုးမျိုး၊
ဈေးနှုန်းလည်း သက်သာတယ်။ 
စမ်းသတ်ပြီးပစ်မယ်ဆိုရင်လည်း ပစ်လို့ရတယ်လို့ပြောတယ်။

+++++++++++++++++++

အရွယ်ရောက်တဲ့လူတိုင်း ရေကူးတတ်ကြတယ်။
ကားမောင်းတတ်ကြတယ်။
သေနတ်ပစ်တတ်ကြတယ်လို့
သူငယ်ချင်းကို ပြောပေးပါအမေ။
ကျနော်ကတော့ ရေကူးတတ်တယ်။
ကားမောင်းတတ်တယ်။
ဒါပေမယ့် သေနတ်တော့ မပစ်တတ်ဘူး။
ပစ်တတ်ချင်ရင် အချိန်မရွေးသင်လို့ရမှန်းတော့ သိနေပါတယ်။
တစ်ခုရှိတာက သူများအသက်ကို အန္တရာယ်ပြု ပြီးမှ ကိုယ်ဖြစ်ချင်တာကို ဖြစ်နိုင်မယ်
ဆိုတာကို မယုံကြည်တဲ့အတွက် သေနတ်ပစ်မသင်ဖြစ်တာပါအမေ။
 
+++++++++++++++++

အမေရိကန်နိုင်ငံမှာ တစ်ချိန်တုန်း အရွယ်ရောက်တဲ့ယောကျာ်းတိုင်း 
စစ်မှုမထမ်းမနေရ ဥပဒေရှိခဲ့ဖူးတယ်။
ကမ္ဘာကျော်လက်ဝှေ့သမား ကပ်စီးယပ်ကလေး(မိုဟာမက်အလီ)ဟာ အဲဒီဥပဒေကို
မလိုက်နာတဲ့အတွက် ထောင်နှစ်နှစ်ကျခံရတယ်လို့ သိရတယ်။
စစ်ပညာကိုလည်း ယောကျာ်းတိုင်းက တတ်မြောက်နေတယ်။
လက်နက်ကိုလည်း အလွယ်တကူဝယ်လို့ရတဲ့အမေရိကန်နိုင်ငံမှာ
စစ်တပ်က အာဏာသိမ်းတာ ရှိဖူးသလားလို့လေ့လာကြည့်တော့
မရှိဘူးဆိုတာ သိရတယ်။
အရပ်သားအားလုံးဟာ စစ်ပညာကိုတတ်မြောက်တယ်။
အိမ်တိုင်းမှာ လက်နက်တွေ ရှိတဲ့ပြည်သူတွေကို
စစ်တပ်က ဘယ်လိုအာဏာသိမ်းမလဲ။
အမေရိကန်ပြည်ထောင်စုဟာ
စစ်အာဏာရှင် မအုပ်ချုပ်ခဲ့တဲ့အတွက်
တောက်လျှောက်လိုလို အရှိန်အဟုန်နဲ့တိုးတက်ခဲ့တယ်။
ထိပ်တန်းနိုင်ငံကြီးတစ်နိုင်ငံဖြစ်လာခဲ့တာလည်း
သမိုင်းတစ်လျှောက်လုံးဖြစ်တယ်။
နိုင်ငံနဲ့ပြည်သူကို ချစ်မြတ်နိုးကြတဲ့ခေါင်းဆောင်များရဲ့အကြောင်းကို
လေ့လာကြည့်မိပြန်တော့လည်း အထူးလေးစားစရာအချက်ပေါင်းများစွာကို တွေ့ရတယ်။
အဲဒီအချက်အလက်အသေးစိတ်ကို အလျဉ်းသင့်တော့မှ ပြန်ပြောတော့မယ်။
စပ်စုတတ်တဲ့သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။
သူ့ကြောင့် ကျနော်အတော်များများ လေ့လာဖြစ်လို့လေ။
ဒါပါပဲအမေ။
အမေကျန်းမာရေးကို ဂရုစိုက်ပါနော်။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့(Ash burn)
ဗာဂျီးနီးယားပြည်နယ်(Virginia)
အမေရိကန်ပြည်ထောင်စု(USA)


Saturday, April 11, 2015

"အမေ့ထံသို့ ပေးစာများ-၁၀၅..."



သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
မတ်လဆိုရင် အမေတို့ဆီမှာ အတော်ပူပြင်းနေပြီ။
ဒီမှာတော့ အေးလို့ကောင်းတုန်း။
နှင်းကျလို့ကောင်းတုန်းပါပဲ။
ဒီလထဲမှာ နှင်းတော်တော်ကျလို့ ဈေးကြီးတောင် နေ့ဝက်ပိတ်တယ်။
နံနက်အလုပ်ဝင်တာနဲ့ နှင်းတွေ တဖွဲဖွဲကျလာတယ်။
အဆက်မပြတ်ကျလာတယ်။
၆လက္မနဲ့၁၀လက္မကြားလောက်ရှိမယ်ထင်တယ်။
ဈေးထဲကို ဈေးဝယ်သူ သိသိသာသာ အလာနည်းသွားတယ်။
ခရီးဝေးမှာနေတဲ့ဝန်ထမ်းတွေ အပြန်ခက်မှာစိုးလို့ စတိုးမန်နေဂျာက
အဝေးမှာနေသူတွေကို အမြန်ပြန်လွှတ်လိုက်တယ်။
နှင်းကမရပ်မနားကျနေတော့ နောက်ဆုံးတော့ ဝေးဝေးနီးနီးအားလုံးပြန်နိုင်တယ်လို့
လာပြောတယ်။ ကျနော်တို့က နောက်ဆုံးမှ ပြန်လာဖြစ်တယ်။
ဆူရှီးက တစ်ရက်တာသာ ထားလို့ရတာမို့ အဲဒီနေ့မှာ လုပ်သမျှအားလုံးနီးနီးဟာ
နောက်တစ်နေ့နံနက်မှာ အမှိုက်ပုံးထဲရောက်သွားတာပေါ့.။
ဘာဖြစ်ဖြစ်ပါ။ နေ့ဝက်အားလပ်ချိန်ရတော့ အိမ်အလုပ်တွေတော်တော်များများကို လုပ်ဖြစ်သွားတယ်။
ခေါင်းလျှော်ဖြစ်တယ်။ အဝတ်လျှော်ဖြစ်တယ်။
အိမ်သန့်ရှင်းရေးလုပ်ဖြစ်တယ်။ ကားဂိုဒေါင်သန့်ရှင်းရေးလုပ်ဖြစ်တယ်။
စာအုပ်စဉ်သန့်ရှင်းရေးလည်းလုပ်ဖြစ်တယ်။ အဲဒါတွေက အားချိန်ရမှ လုပ်ဖြစ်တဲ့အလုပ်တွေလေ။
ရာသီဥတုဆိုးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
နှင်းပွင့်လေးတွေ ကောင်းကင်ကနေကျလာတာကို ထိုင်ကြည့်ရတာ တော်တော်အရသာရှိတာပဲ။
မြန်မာပြည်မှာ ဒီလိုမြင်ကွင်းမျိုးမရှိတော့ ပြောပြရင် နားလည်ဖို့မလွယ်ဘူး။
နှင်းပွင့်ဖတ်လေးတွေ ကောင်းကင်ကကျလာ၊
လေတိုက်ရင်လေနဲ့အတူလွင့်မျောသွား၊
ကြာလာတော့ နှင်းထုဟာ တစ်ဖြေးဖြေးမြင့်တက်လာ၊
မြင်မြင်သမျှမြင်ကွင်းအားလုံးကို နှင်းဖတ်တွေက ဖုံးလွှမ်းသွား၊
အရောင်တွေအားလုံးဟာ ဖြူဖွေးလာ၊
ကြည့်ရင်း၊ကြည့်ရင်းနဲ့တဖြည်းဖြည်းပျော်ရွှင်လာခဲ့ပါလား။
သွားလာရေးခက်ခဲမှာစိုးလို့ နှင်းထုရှင်းတဲ့ကားတွေလည်းအလျိုလျိုပေါ်လာတယ်။
ကားလမ်းတွေပေါ်မှာရှိတဲ့နှင်းတွေကို ဂေါ်ထိုးတဲ့စက်နဲ့ထိုးကြတယ်။
ပြီးတော့ နှင်းတွေမြန်မြန်အရည်ပျော်အောင် ဆားတစ်မျိုးကို လမ်းမတွေပေါ်မှာ
ကြဲချကြတယ်။ကားတွေ စလစ်မဖြစ်တော့ဘူးလေ။
နှင်းကျတာရပ်သွားတာနဲ့ ကားလမ်းမတွေပေါ်မှာ နှင်းတွေ မရှိတော့ဘူး။
တစ်အံ့တသြဖြစ်ရတယ်။
ဘယ်သူတွေက ဘယ်လိုတာဝန်ယူပြီးလုပ်ဆောင်ကြတာကို မသိရဘူး။
ပြည်သူလူထုတွေ အန္တာရယ်ဖြစ်မှာကို ကြောင့်ကြစိုက်တဲ့အဖွဲ့အစည်းဆိုတာတော့ သိပါတယ်။
သူတို့တွေဟာ နေ့နေ့ညည နှင်းရှင်းတဲ့အလုပ်ကို လုပ်ဆောင်ကြတယ်။

++++++++++++++++++++++++++

မိတ်ဆွေတစ်ယောက်ကပြောတယ်။ နှင်းရှင်းတဲ့အခါ အသုံးပြုတဲ့ဆားတစ်မျိုးဟာ
ကားအောက်ပိုင်းကို သံချေးတက်စေတယ်။
ဒါကြောင့် နှင်းထဲသွားပြီးတိုင်း ကားကို ရေဆေးသင့်တယ်လို့ အကြံပေးဖူးတယ်။
ကားပြင်တဲ့အလုပ်ကို ကောင်းကောင်းနားမလည်တော့ ကားကို ပိုဂရုစိုက်ရတယ်။
သူအကြံပေးတဲ့အတိုင်း ကားရေဆေးတဲ့အလုပ်ကို မှန်မှန်လုပ်ဖြစ်တယ်။
ကားရေးဆေးတဲ့နေရာက အခုအလုပ်လုပ်တဲ့နေရာနဲ့သိပ်မဝေးပါဘူး။
တစ်ဖါလုံတောင် မရှိပါဘူး။
ဓာတ်ဆီရောင်းတဲ့ဆိုင်နဲ့တွဲထားတဲ့ရေဆေးတဲ့နေရာရှိတယ်။
လူအင်အား လုံးဝမသုံးပဲ အားလုံးကို စက်နဲ့ဆေးတဲ့နေရာပါ။
တစ်ခါ ရေဆေးရင် အလွန်ဆုံးကြာမှ လေးမိနစ် ငါးမိနစ်လောက်သာကြာတယ်။
ရေဆေးခက သုံးမျိုးရှိတယ်။
၉-ဒေါ်လာ ရယ်၊ ၁၂-ဒေါ်လာရယ်၊ ၁၅-ဒေါ်လာရယ်။
တစ်မျိုးထက်တစ်မျိုးက ပိုကောင်းလာတယ်။
၁၅-ဒေါ်လာဆိုရင် ရေဆေးတဲ့အပြင် ကားကို အရောင်ပါတင်ပေးတယ်။
ကယ်လီဖိုးနီးယားမှာ နေတုန်းက ကားရေဆေးတာဟာ လူအင်အားနဲ့လုပ်ရတယ်။
အဲဒီမှာ နှစ်လကျော်ကျော် လုပ်ဖူးတယ်။
ပင်ပန်းလိုက်တာ မပြောပါနဲ့တော့။
မန်နေဂျာက အပေါက်ဆိုးတော့ စိတ်ပါပင်ပန်းရတယ်။
ကားတစ်စီးဟာ အနည်းဆုံး၁၅-မိနစ်လောက်ကို ကြာတယ်။
အချိန်လည်း ပိုကြာသလို ပေးရတဲ့အခကြေးငွေကလည်း ပိုများတယ်။

++++++++++++++++++++++++

ကျနော်တို့အလုပ်လုပ်နေတဲ့ ဈေးကြီးမှာ တစ်နေ့ထက်တစ်နေ့ ပိုပိုစည်ကားလာတယ်။
ရောင်းအားလည်း ကောင်းကောင်းလာတယ်။
ဒီနေရာက ဒေါင်းတောင်း(Down Town) လို့ခေါ်တဲ့မြိုသစ်တစ်ခုပေါ့။
အရင်ဆုံးက ရုပ်ရှင်ရုံ ဖွင့်တယ်။အလာမိုလို့ခေါ်တယ်။
ဆိုနီကုမ္ပဏီပိုင် ရုပ်ရှင်ရုံပေါ့။
အဆောက်အဦးကတော့ တစ်ခုထဲ၊ ဒါပေမယ့် အထဲမှာ ရုပ်ရှင်ရုံပေါင်း ရှစ်ရုံရှိတယ်။
ကြိုက်တဲ့ကားကို ရွေးချယ်ကြည့်နိုင်တယ်။
အထဲမှာ ဘားတစ်ခုလည်းရှိတယ်။
ရုပ်ရှင်ကြည့်ရင်းနဲ့ အအေးသောက်နိုင်တယ်။ အရက်သောက်နိုင်တယ်။
အစားအသောက်မျိုးစုံကို မှာစားနိုင်တယ်။
ရုပ်ရှင်ရုံရဲ့အပြင်မှာ နိုက်ကလပ်လို့ခေါ်တဲ့ဘားတစ်ခုရှိပြန်တယ်။
အမြဲလိုလို လူစည်ကားနေတဲ့နေရာပေါ့။
သူက ဒုတိယ ဖွင့်တဲ့နေရာတစ်ခု။
တတိယဖွင့်တဲ့နေရာက ကျနော်တို့ရဲ့လတ်ဆတ်တဲ့ဈေးကြီးပေါ့။
ဈေးကြီးဆိုတဲ့အတိုင်းပဲ ဈေးနှုန်းလည်း ကြီးနေပါတယ်။
တစ်နှစ်ဆိုတဲ့ကာလမှာပဲ အဲဒီနေရာပတ်ဝန်ကျင်မှာ အဆောက်အဦးတွေ မှိုလိုပေါက်လာတယ်။
ဆိုင်တွေအများကြီးဖြစ်လာတယ်။အခုလည်း အဆောက်အဦးအသစ်တွေ ဆောက်နေတုန်းပဲ။
ဘေးပတ်ဝန်ကျင်မှာ လူနေအိမ်တွေကလည်း အများကြီး။
ရုံးတွေကလည်း အများကြီးဆိုတော့ လာတဲ့လူတွေကလည်း အများကြီးပေါ့။
ဈေးဆိုတာ လူလာများရင် ရောင်းကောင်းစမြဲပဲလေ။
ကျနော်ပြောချင်တာက ကျနော်တို့ဈေးကြီးထဲမှာ အလုပ်လုပ်နေတဲ့လူတွေအကြောင်းပါ။
ဝန်ထမ်းတွေထဲမှာတော့ လူဖြူတွေအများကြီးရှိသလို လူမည်းတွေလည်း အများကြီးရှိတယ်။
လူနည်းစုကတော့ မက်စီကန်တွေ။သူတို့တွေက စပိန်စကားပြောကြတဲ့ မြောက်ပိုင်းနဲ့အလယ်ပိုင်းအမေရိကားတိုက်ကလူသူတွေပါ။
အမေရိကန်နိုင်ငံသားတွေတော့ မဟုတ်ဘူး။
အမေရိကန်-အင်္ဂလိပ်စကားကိုတော့ ကောင်းကောင်းပြောနိုင်ကြတယ်။
နောက်လူနည်းစုက ဗီယက်နမ်လူမျိုးတွေ။ အာရှတိုက်ဖွားတွေပေါ့။
အဲဒီဗီယက်နမ်လူမျိုး မုန့်ဖုတ်တဲ့ဌာနကအမျိုးသမီး မန်နေဂျာတစ်ယောက်ကပြောဖူးတယ်။
“ကိုယ့်တိုင်းပြည်မှာ မိဘတွေ မရှိတော့ရင်
ဒီအမေရိကန်နိုင်ငံသားခံယူတာအကောင်းဆုံးပဲ” တဲ့။
“ဒီနိုင်ငံက နေလို့အရမ်းကောင်းတယ်” တဲ့။
“သူမကတော့ မိဘတွေ မရှိတော့ပြီမို့ ဒီမှာပဲ နိုင်ငံသားခံယူပြီးတစ်သက်လုံးနေဖို့
ဆုံးဖြတ်ပြီးပြီ” တဲ့။
သူမရဲ့စကားကိုနားထောင်လိုက်ပါတယ်။ ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။
မြန်မာလူမျိုးတွေဆိုရင် ကျနော်နဲ့ကျနော့်ရဲ့မိန်းမ နှစ်ယောက်ထဲရှိတယ်။
လူတိုင်းက ကိုယ့်အလုပ်ကို ကိုယ်လုပ်နေတဲ့အတွက် ဘယ်သူ့ကိုမှ
ဂရုစိုက်စရာတော့ မရှိပါဘူး။
ဝန်ထမ်တွေထဲမှာ အချိန်ပိုင်းနဲ့အလုပ်လုပ်သူတွေလည်းအများကြီး။
များသောအားဖြင့်တော့ တက္ကသိုလ်ကျောင်းကို တက်နေတဲ့ကျောင်းသူကျောင်းသားတွေပေါ့။
ကျောင်းပိတ်ရက်မှာ အလုပ်လာလုပ်ကြတယ်။
ကျောင်းစရိတ်ရှာကြတာပေါ့။
အဲဒီထဲမှာ အထက်တန်းကျောင်းသူကျောင်းသားတွေလည်းပါကြတယ်။
သူတို့အသက်ရှိလှရင် ၁၆-နှစ်ပတ်ဝန်ကျင်လောက်ရှိမယ်။
ကျောင်းအားချိန်မှာ အချိန်ပိုင်းအလုပ်လာလုပ်သူတွေပေါ့။
ဒီလိုလုပ်နိုင်အောင်လည်း အစိုးရက စီစဉ်ထားပုံရတယ်။
ဒီလိုအလုပ်လာလုပ်တာကို ကျနော်တော့ ကြိုက်တယ်။
ဘာကြောင့်ဆိုတော့ အလုပ်လုပ်တဲ့အတွက်ကြောင့် ကျောင်းစရိတ်ရတယ်။
လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေ အများကြီးရတယ်။
လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုတွေရတယ်။ တက္ကသိုလ်ရောက်ရင်
ကိုယ်ဝါသနာပါရာကို ရွေးချယ်ဖို့ အခွင့်အလမ်းတွေရနိုင်တယ်။
ဘွဲ့ရလို့ အလုပ်လျှောက်တဲ့အခါ ဒီလုပ်ငန်းဆိုင်ရာမှတ်တမ်းတွေနဲ့အတွေ့အကြုံတွေက
ကိုယ်လုပ်မယ့်အလုပ်အတွက် အထောက်အကူအများကြီးရစေတယ်။
အချိန်ပြည့်လုပ်နေတဲ့ဝန်ထမ်းတွေလည်း တက္ကသိုလ်ကို အချိန်ပိုင်းတက်နေတာကို
အများကြီးတွေ့ရတယ်။ Grocery ဋ္ဌာနက မန်နေဂျာဆိုရင်
အင်္ဂျင်နီယာတက္ကသိုလ်ကို အချိန်ပိုင်းတက်နေတာကို သိရတယ်။
နိုင်ငံတော်ကလည်း အရွယ်ရောက်သူတိုင်းရဲ့လုပ်အားကို ရလိုက်တယ်။
တိုးတက်တဲ့တိုင်းပြည်တိုင်းဟာ နိုင်ငံသားတိုင်းရဲ့လုပ်အားနဲ့တည်ဆောက်ခဲ့တာပါ။
တိုးတက်၊အောင်မြင်တဲ့တိုင်းပြည်ကို မြေပေါ်၊မြေအောက်တွင်းထွက်ရတနာတွေနဲ့
တည်ဆောက်လို့မရနိုင်ဘူးဆိုတာ ဒီရောက်တော့မှ ပိုနားလည်လာမိပါတယ်။
ဒီလအဖို့ ဒီလောက်ပါပဲ။
အမေ့ကို သတိရနေတယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com