သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
ဒီလမှာ အမေတို့ဆီမှာ သင်္ကြန်ကျပြီလေ။
သင်္ကြန်ဆိုရင် ဘာဘဲဖြစ်ဖြစ် မြန်မာပြည်ကို လွမ်းတယ်။
သင်္ကြန်ရက်အတွက် အမေတို့ဆီမှာ ငုနဲ့ပိတောက်တွေ ပွင့်တတ်တယ်။
အဝါရောင်ပန်းတွေ။
ဒီမှာတော့ ချယ်ရီပန်းတွေ ပွင့်တယ်။
အရောင်အသွေးကို မျိုးစုံ။
အချို့က အဖြူရောင်၊
အချို့က ခရမ်းရောင်၊
အချို့ကပန်းနုရောင်။
ကားလမ်းတစ်ဖက်တစ်ချက်မှာကို ပွင့်နေတယ်။
တော်တော်လှတယ်။
ကားမောင်းသွားရင်ကို စိတ်ချမ်းသာစရာကောင်းလှတယ်။
ဝါရှင်တန်မြို့တော်မှာတော့ ဒီအချိန်ဆိုရင်
ချယ်ရီပန်းပွဲတော်လုပ်တယ်။
ကမ္ဘာ့နိုင်ငံအတော်များများက လူတွေလာကြတာကို တွေ့ရတယ်။
ပိုတေမက်မြစ်ရဲ့တစ်ဖက်တစ်ချက်မှာ ချယ်ရီပန်းတွေပွင့်နေတာ။
ချယ်ရီပန်းဟာလည်း တာရှည်ခံတဲ့ပန်းတွေတော့ မဟုတ်ပါဘူး။
တစ်ပတ်အတွင်းမှာပဲ အပွင့်တွေကြွေကုန်တယ်။
အပွင့်ကြွေပြီးတော့မှ ရွက်နုတွေ ဝေလာတယ်။
ဒီလမှာတော့ နှင်းတွေပျောက်ကုန်ပြီ။
နှင်းပျောက်တဲ့နွေဖြစ်နေပြီလေ။
နွေဦးဖြစ်တာမို့ ရာသီဥတုကတော့ တော်တော်သာယာတယ်။
နံနက်ပိုင်းဆိုရင် ငှက်မျိုးစုံရဲ့သီချင်းသံမျိုးစုံကို
ကြားနေရတယ်။
ရာသီပြောင်းတော့ ငှက်တွေလည်း ပျော်နေပုံရတယ်။
ရှဥ့်တွေလည်း သစ်ပင်တစ်ပင်က တစ်ပင်ကို
ခုန်ပေါက်ပြေးလွှားနေကြတယ်။
ဆောင်းတွင်းတစ်တွင်းလုံး ဆောင်းခိုနေကြတဲ့တိရိစ္ဆာန်တွေ ခုတော့
ပျော်ရွှင်မြူးတူးနေကြတယ်။
သူတို့ကို ကြည့်မိရင် သူတို့လေးဆီက အပျော်တွေကူးလာတယ်။
ရာသီအပြောင်းက စိတ်ကိုလည်းပြောင်းစေပါလား။
ဆောင်းတွင်းမှာ ရေတွေခဲနေတာကြောင့် ရေပြင်ကမြေပြင်ဖြစ်နေတာကြာပြီ။
လှိုင်းကြက်ခွပ်တွေလည်းပျောက်နေတာ ကြာပြီပေါ့။
အခုလိုရာသီသာယာလာတော့မှ
အိမ်ဘေးနားက ရေကန်မှာ လှိုင်းကြက်ခွပ် မြင်ရတော့တယ်။
ရေကန်ဆိုတာ လှိုင်းကြက်ခွပ် ရှိမှ ကြည့်လို့ကောင်းတာမျိုးလေ။
တောဘဲငန်းတွေလည်း အခုမှ အသံပေးပြီးရေကူးနေလေရဲ့။
+++++++++++++++++++++
မြန်မာပြည်မှာ နေတုန်းက မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။
“မင်းက အမေရိကန်နိုင်ငံကို သွားမယ်ဆိုတော့ အဲဒီနိုင်ငံမှာ
အရွယ်ရောက်တဲ့လူတိုင်း ရေကူးတတ်ကြတယ်။
ကားမောင်းတတ်ကြတယ်။
သေနတ်ပစ်တတ်ကြတယ်လို့ ငါကြားဖူးတယ်။
အဲဒါ ဟုတ်၊မဟုတ် သေသေခြာခြာလေ့လာခဲ့ပြီး
ငါ့ကို ပြန်ပြောပြဖို့ မေတ္တာရပ်ခံချင်ပါတယ်” တဲ့။
သူပြောတော့မှ သေသေခြာခြာ သတိထားလေ့လာမိတယ်။
ဟုတ်တယ်။ အမေရိကန်နိုင်ငံမှာ အရွယ်ရောက်သူတိုင်း
ရေကူးတတ်ကြတယ်။
အိမ်အတော်တော်များများမှာ ရေကူးကန်တွေရှိတယ်။
သူတို့အနားယူချိန်မှာ ရေကူးပြီးအနားယူတတ်ကြတယ်။
ကျနော်ငှားနေတဲ့အပတ်မန့်တိုင်းလိုလိုမှာ ရေကူးကန်ရှိတတ်တယ်။
ကျောင်းသူကျောင်းသားတွေဟာ ကျောင်းကပြန်လာတာနဲ့ရေကူးဝတ်စုံကို
ဝတ်ပြီး ရေကူးကန်ထဲဆင်းတော့တာပဲ။
စနေ၊တနင်္ဂနွေနေ့ဆိုရင် ရေကူးကန်မှာ မိသားစုအားလုံး ရေကူးနေတာကို
တွေ့ရတယ်။
ဒါကြောင့် အရွယ်ရောက်လူတိုင်း ရေကူးနေတာကို တွေ့ရတယ်။ဒါ့အပြင်
မိန်းကလေး၊ယောကျာ်းလေးအားလုံးတို့ဟာ
ရေကူးဝတ်စုံနဲ့နေတဲ့အလေ့အကျင့်ရှိနေတာ
ကိုလည်း တွေ့ရတယ်။
ပူပြင်းတဲ့နွေရာသီကိုရောက်ရင် ယောကျာ်းတွေထက်
မိန်းမတွေက
အတိုအပြတ်ဝတ်တာများတာကိုလည်း သတိထားမိတယ်။
သူတို့တွေ ဘယ်လိုဝတ်ဝတ်၊ဘယ်လိုနေနေ၊ ပညာရေးကိုတော့
ဦးစားပေးကြတာတွေ့ရတယ်။
ကျောင်းမပြီးခင်ယောကျာ်းယူချင်ယူမယ်။ကလေးမွေးချင်မွေးမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းဆက်တက်တယ်။ဘွဲ့ယူဖြစ်အောင်ယူတယ်။
ဘွဲ့ရနိုင်တဲ့လမ်းကြောင်းတွေကလည်း များကများပါဘိသနဲ့။
++++++++++++++++++++++
အမေရိကန်နိုင်ငံဟာ သမုဒ္ဒရာနှစ်ခုက ညှပ်ထားတဲ့အတွက်
ပင်လယ်(သမုဒ္ဒရာ) ကမ်းစပ်တွေကလည်း ပေါမှပေါ။
သူတို့တွေက အားလပ်ချိန်ရပြီဆိုတာနဲ့ပင်လယ်ကမ်းစပ်ကိုသွားပြီးအနားယူတတ်တာ
အလေ့အကျင့်လိုဖြစ်နေကြပြီ။
သူတို့တွေဟာ အရွယ်ရောက်သူရော၊အရွယ်မရောက်သေးသူရော
အားလုံးလိုလို ရေကူးတတ်ကြတာကို သတိပြုမိတယ်။
++++++++++++++++++++++++++
နောက်တစ်ခုက အရွယ်ရောက်သူတိုင်း ကားမောင်းတတ်ကြသလား။
အိမ်တိုင်းမှာ အနည်းဆုံး ကားတစ်စီးတော့ ရှိကြတယ်။
အလုပ်လုပ်သူ သုံးယောက်ရှိရင် သေချာပေါက် ကားသုံးစီးကတော့
ရှိတတ်ကြတယ်။
အလုပ်လုပ်သူတိုင်း ကိုယ်တိုင်ကားမောင်းပြီးအလုပ်သွားရတယ်လေ။
မိသားစုတစ်ယောက်က အလုပ်သွားဖို့ ကျန်လူက
ကားမောင်းပို့ရတယ်ဆိုတာ
ဒီမှာ မရှိဘူး။
အလုပ်ရှိပြီဆိုရင် ငွေရှိပြီ။
ဒီတော့ ဘဏ်က ကားဝယ်ဖို့ ငွေချေးပေးတယ်။
ပြီးမှ အရစ်ကျလစဉ်ဆပ်။
ကျနော်တို့အလုပ်မှာတော့ အနိမ့်ဆုံးသန့်ရှင်းရေးဝန်ထမ်းလည်း
ကိုယ်ပိုင်ကားနဲ့
အလုပ်ကိုလာတယ်။ ကျန်လူတော့ မပြောနဲ့တော့။
ဝန်ထမ်းတစ်ရာရှိရင် ကားတစ်ရာကတော့ သေချာပေါက်ရှိတယ်။
အထက်တန်းတက်နေတဲ့ကျောင်းသူတွေ၊ကျောင်းသားတွေ အချိန်ပိုင်းနဲ့
အလုပ်ကိုလာတာတောင် ကိုယ်ပိုင်ကားနဲ့လာကြတယ်။
ဒီတော့ အရွယ်ရောက်သူတိုင်း ကားမောင်းတတ်ကြတာ သေချာတယ်။
+++++++++++++++++++++++++++++
နောက်တစ်ခုက အရွယ်ရောက်သူတိုင်း သေနတ်ပစ်တတ်ကြသလား။
အိမ်တိုင်းနီးပါးမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့
သေနတ်ဆောင်ထားတတ်ကြတယ်။
သေနတ်ရှိရင် သေနတ်ပစ်တတ်ဖို့က ဘာမှမခက်ခဲတော့ဘူး။
နောက်တစ်ခုက မြို့တိုင်းလိုလိုမှာ သေနတ်ဆိုင်တွေရှိတာကို
သတိထားမိတယ်။
သေနတ်ရောင်းတဲ့ဆိုင်ရှိတဲ့နောက်မှာတော့ ဝယ်ဖို့လွယ်လို့ပေါ့။
ရောင်းချင်လို့ ဆိုင်ဖွင့်ထားတာလေ။
နောက်တစ်ခုက အခကြေးပေးရတဲ့သေနတ်ပစ်ကွင်းတွေလည်း
နေရာအတော်များများမှာ
ရှိနေတယ်။
ဝါသနာပါရင်ကြိုက်သလောက်သွားပစ်ပေတော့။
သေနတ်ပစ်တတ်ဖို့တော့ လူတိုင်းလုပ်နိုင်တဲ့ကိစ္စဖြစ်နေတယ်။
အဲ…ပစ်မှတ်ကို ပစ်တိုင်းထိမှန်ဖို့တော့
လေ့ကျင့်ဖို့လိုသပေါ့လေ။
သေနတ်ဆိုင်ကိုတော့ မရောက်ဖူးပါဘူး။
သူငယ်ချင်းတစ်ယောက်က ခေါ်သွားလို့ အပေါင်ဆိုင်ကိုတော့
ရောက်ဖူးတယ်။
အဲဒီဆိုင်ထဲမှာ လာပေါင်ထားတဲ့အပေါင်ဆုံးသေနတ်တွေ
အများကြီးတွေ့ရတယ်။
သေနတ်အမျိုးမျိုး။ ပုံစံအမျိုးမျိုး၊
ဈေးနှုန်းလည်း သက်သာတယ်။
စမ်းသတ်ပြီးပစ်မယ်ဆိုရင်လည်း
ပစ်လို့ရတယ်လို့ပြောတယ်။
+++++++++++++++++++
အရွယ်ရောက်တဲ့လူတိုင်း ရေကူးတတ်ကြတယ်။
ကားမောင်းတတ်ကြတယ်။
သေနတ်ပစ်တတ်ကြတယ်လို့
သူငယ်ချင်းကို ပြောပေးပါအမေ။
ကျနော်ကတော့ ရေကူးတတ်တယ်။
ကားမောင်းတတ်တယ်။
ဒါပေမယ့် သေနတ်တော့ မပစ်တတ်ဘူး။
ပစ်တတ်ချင်ရင် အချိန်မရွေးသင်လို့ရမှန်းတော့ သိနေပါတယ်။
တစ်ခုရှိတာက သူများအသက်ကို အန္တရာယ်ပြု ပြီးမှ ကိုယ်ဖြစ်ချင်တာကို ဖြစ်နိုင်မယ်
ဆိုတာကို မယုံကြည်တဲ့အတွက် သေနတ်ပစ်မသင်ဖြစ်တာပါအမေ။
+++++++++++++++++
အမေရိကန်နိုင်ငံမှာ တစ်ချိန်တုန်း အရွယ်ရောက်တဲ့ယောကျာ်းတိုင်း
စစ်မှုမထမ်းမနေရ ဥပဒေရှိခဲ့ဖူးတယ်။
ကမ္ဘာကျော်လက်ဝှေ့သမား ကပ်စီးယပ်ကလေး(မိုဟာမက်အလီ)ဟာ
အဲဒီဥပဒေကို
မလိုက်နာတဲ့အတွက် ထောင်နှစ်နှစ်ကျခံရတယ်လို့ သိရတယ်။
စစ်ပညာကိုလည်း ယောကျာ်းတိုင်းက တတ်မြောက်နေတယ်။
လက်နက်ကိုလည်း အလွယ်တကူဝယ်လို့ရတဲ့အမေရိကန်နိုင်ငံမှာ
စစ်တပ်က အာဏာသိမ်းတာ ရှိဖူးသလားလို့လေ့လာကြည့်တော့
မရှိဘူးဆိုတာ သိရတယ်။
အရပ်သားအားလုံးဟာ စစ်ပညာကိုတတ်မြောက်တယ်။
အိမ်တိုင်းမှာ လက်နက်တွေ ရှိတဲ့ပြည်သူတွေကို
စစ်တပ်က ဘယ်လိုအာဏာသိမ်းမလဲ။
အမေရိကန်ပြည်ထောင်စုဟာ
စစ်အာဏာရှင် မအုပ်ချုပ်ခဲ့တဲ့အတွက်
တောက်လျှောက်လိုလို အရှိန်အဟုန်နဲ့တိုးတက်ခဲ့တယ်။
ထိပ်တန်းနိုင်ငံကြီးတစ်နိုင်ငံဖြစ်လာခဲ့တာလည်း
သမိုင်းတစ်လျှောက်လုံးဖြစ်တယ်။
နိုင်ငံနဲ့ပြည်သူကို ချစ်မြတ်နိုးကြတဲ့ခေါင်းဆောင်များရဲ့အကြောင်းကို
လေ့လာကြည့်မိပြန်တော့လည်း အထူးလေးစားစရာအချက်ပေါင်းများစွာကို
တွေ့ရတယ်။
အဲဒီအချက်အလက်အသေးစိတ်ကို အလျဉ်းသင့်တော့မှ ပြန်ပြောတော့မယ်။
စပ်စုတတ်တဲ့သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။
သူ့ကြောင့် ကျနော်အတော်များများ လေ့လာဖြစ်လို့လေ။
ဒါပါပဲအမေ။
အမေကျန်းမာရေးကို ဂရုစိုက်ပါနော်။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့(Ash burn)
ဗာဂျီးနီးယားပြည်နယ်(Virginia)
အမေရိကန်ပြည်ထောင်စု(USA)
No comments:
Post a Comment