Saturday, April 11, 2015

"အမေ့ထံသို့ ပေးစာများ-၁၀၅..."



သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
မတ်လဆိုရင် အမေတို့ဆီမှာ အတော်ပူပြင်းနေပြီ။
ဒီမှာတော့ အေးလို့ကောင်းတုန်း။
နှင်းကျလို့ကောင်းတုန်းပါပဲ။
ဒီလထဲမှာ နှင်းတော်တော်ကျလို့ ဈေးကြီးတောင် နေ့ဝက်ပိတ်တယ်။
နံနက်အလုပ်ဝင်တာနဲ့ နှင်းတွေ တဖွဲဖွဲကျလာတယ်။
အဆက်မပြတ်ကျလာတယ်။
၆လက္မနဲ့၁၀လက္မကြားလောက်ရှိမယ်ထင်တယ်။
ဈေးထဲကို ဈေးဝယ်သူ သိသိသာသာ အလာနည်းသွားတယ်။
ခရီးဝေးမှာနေတဲ့ဝန်ထမ်းတွေ အပြန်ခက်မှာစိုးလို့ စတိုးမန်နေဂျာက
အဝေးမှာနေသူတွေကို အမြန်ပြန်လွှတ်လိုက်တယ်။
နှင်းကမရပ်မနားကျနေတော့ နောက်ဆုံးတော့ ဝေးဝေးနီးနီးအားလုံးပြန်နိုင်တယ်လို့
လာပြောတယ်။ ကျနော်တို့က နောက်ဆုံးမှ ပြန်လာဖြစ်တယ်။
ဆူရှီးက တစ်ရက်တာသာ ထားလို့ရတာမို့ အဲဒီနေ့မှာ လုပ်သမျှအားလုံးနီးနီးဟာ
နောက်တစ်နေ့နံနက်မှာ အမှိုက်ပုံးထဲရောက်သွားတာပေါ့.။
ဘာဖြစ်ဖြစ်ပါ။ နေ့ဝက်အားလပ်ချိန်ရတော့ အိမ်အလုပ်တွေတော်တော်များများကို လုပ်ဖြစ်သွားတယ်။
ခေါင်းလျှော်ဖြစ်တယ်။ အဝတ်လျှော်ဖြစ်တယ်။
အိမ်သန့်ရှင်းရေးလုပ်ဖြစ်တယ်။ ကားဂိုဒေါင်သန့်ရှင်းရေးလုပ်ဖြစ်တယ်။
စာအုပ်စဉ်သန့်ရှင်းရေးလည်းလုပ်ဖြစ်တယ်။ အဲဒါတွေက အားချိန်ရမှ လုပ်ဖြစ်တဲ့အလုပ်တွေလေ။
ရာသီဥတုဆိုးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
နှင်းပွင့်လေးတွေ ကောင်းကင်ကနေကျလာတာကို ထိုင်ကြည့်ရတာ တော်တော်အရသာရှိတာပဲ။
မြန်မာပြည်မှာ ဒီလိုမြင်ကွင်းမျိုးမရှိတော့ ပြောပြရင် နားလည်ဖို့မလွယ်ဘူး။
နှင်းပွင့်ဖတ်လေးတွေ ကောင်းကင်ကကျလာ၊
လေတိုက်ရင်လေနဲ့အတူလွင့်မျောသွား၊
ကြာလာတော့ နှင်းထုဟာ တစ်ဖြေးဖြေးမြင့်တက်လာ၊
မြင်မြင်သမျှမြင်ကွင်းအားလုံးကို နှင်းဖတ်တွေက ဖုံးလွှမ်းသွား၊
အရောင်တွေအားလုံးဟာ ဖြူဖွေးလာ၊
ကြည့်ရင်း၊ကြည့်ရင်းနဲ့တဖြည်းဖြည်းပျော်ရွှင်လာခဲ့ပါလား။
သွားလာရေးခက်ခဲမှာစိုးလို့ နှင်းထုရှင်းတဲ့ကားတွေလည်းအလျိုလျိုပေါ်လာတယ်။
ကားလမ်းတွေပေါ်မှာရှိတဲ့နှင်းတွေကို ဂေါ်ထိုးတဲ့စက်နဲ့ထိုးကြတယ်။
ပြီးတော့ နှင်းတွေမြန်မြန်အရည်ပျော်အောင် ဆားတစ်မျိုးကို လမ်းမတွေပေါ်မှာ
ကြဲချကြတယ်။ကားတွေ စလစ်မဖြစ်တော့ဘူးလေ။
နှင်းကျတာရပ်သွားတာနဲ့ ကားလမ်းမတွေပေါ်မှာ နှင်းတွေ မရှိတော့ဘူး။
တစ်အံ့တသြဖြစ်ရတယ်။
ဘယ်သူတွေက ဘယ်လိုတာဝန်ယူပြီးလုပ်ဆောင်ကြတာကို မသိရဘူး။
ပြည်သူလူထုတွေ အန္တာရယ်ဖြစ်မှာကို ကြောင့်ကြစိုက်တဲ့အဖွဲ့အစည်းဆိုတာတော့ သိပါတယ်။
သူတို့တွေဟာ နေ့နေ့ညည နှင်းရှင်းတဲ့အလုပ်ကို လုပ်ဆောင်ကြတယ်။

++++++++++++++++++++++++++

မိတ်ဆွေတစ်ယောက်ကပြောတယ်။ နှင်းရှင်းတဲ့အခါ အသုံးပြုတဲ့ဆားတစ်မျိုးဟာ
ကားအောက်ပိုင်းကို သံချေးတက်စေတယ်။
ဒါကြောင့် နှင်းထဲသွားပြီးတိုင်း ကားကို ရေဆေးသင့်တယ်လို့ အကြံပေးဖူးတယ်။
ကားပြင်တဲ့အလုပ်ကို ကောင်းကောင်းနားမလည်တော့ ကားကို ပိုဂရုစိုက်ရတယ်။
သူအကြံပေးတဲ့အတိုင်း ကားရေဆေးတဲ့အလုပ်ကို မှန်မှန်လုပ်ဖြစ်တယ်။
ကားရေးဆေးတဲ့နေရာက အခုအလုပ်လုပ်တဲ့နေရာနဲ့သိပ်မဝေးပါဘူး။
တစ်ဖါလုံတောင် မရှိပါဘူး။
ဓာတ်ဆီရောင်းတဲ့ဆိုင်နဲ့တွဲထားတဲ့ရေဆေးတဲ့နေရာရှိတယ်။
လူအင်အား လုံးဝမသုံးပဲ အားလုံးကို စက်နဲ့ဆေးတဲ့နေရာပါ။
တစ်ခါ ရေဆေးရင် အလွန်ဆုံးကြာမှ လေးမိနစ် ငါးမိနစ်လောက်သာကြာတယ်။
ရေဆေးခက သုံးမျိုးရှိတယ်။
၉-ဒေါ်လာ ရယ်၊ ၁၂-ဒေါ်လာရယ်၊ ၁၅-ဒေါ်လာရယ်။
တစ်မျိုးထက်တစ်မျိုးက ပိုကောင်းလာတယ်။
၁၅-ဒေါ်လာဆိုရင် ရေဆေးတဲ့အပြင် ကားကို အရောင်ပါတင်ပေးတယ်။
ကယ်လီဖိုးနီးယားမှာ နေတုန်းက ကားရေဆေးတာဟာ လူအင်အားနဲ့လုပ်ရတယ်။
အဲဒီမှာ နှစ်လကျော်ကျော် လုပ်ဖူးတယ်။
ပင်ပန်းလိုက်တာ မပြောပါနဲ့တော့။
မန်နေဂျာက အပေါက်ဆိုးတော့ စိတ်ပါပင်ပန်းရတယ်။
ကားတစ်စီးဟာ အနည်းဆုံး၁၅-မိနစ်လောက်ကို ကြာတယ်။
အချိန်လည်း ပိုကြာသလို ပေးရတဲ့အခကြေးငွေကလည်း ပိုများတယ်။

++++++++++++++++++++++++

ကျနော်တို့အလုပ်လုပ်နေတဲ့ ဈေးကြီးမှာ တစ်နေ့ထက်တစ်နေ့ ပိုပိုစည်ကားလာတယ်။
ရောင်းအားလည်း ကောင်းကောင်းလာတယ်။
ဒီနေရာက ဒေါင်းတောင်း(Down Town) လို့ခေါ်တဲ့မြိုသစ်တစ်ခုပေါ့။
အရင်ဆုံးက ရုပ်ရှင်ရုံ ဖွင့်တယ်။အလာမိုလို့ခေါ်တယ်။
ဆိုနီကုမ္ပဏီပိုင် ရုပ်ရှင်ရုံပေါ့။
အဆောက်အဦးကတော့ တစ်ခုထဲ၊ ဒါပေမယ့် အထဲမှာ ရုပ်ရှင်ရုံပေါင်း ရှစ်ရုံရှိတယ်။
ကြိုက်တဲ့ကားကို ရွေးချယ်ကြည့်နိုင်တယ်။
အထဲမှာ ဘားတစ်ခုလည်းရှိတယ်။
ရုပ်ရှင်ကြည့်ရင်းနဲ့ အအေးသောက်နိုင်တယ်။ အရက်သောက်နိုင်တယ်။
အစားအသောက်မျိုးစုံကို မှာစားနိုင်တယ်။
ရုပ်ရှင်ရုံရဲ့အပြင်မှာ နိုက်ကလပ်လို့ခေါ်တဲ့ဘားတစ်ခုရှိပြန်တယ်။
အမြဲလိုလို လူစည်ကားနေတဲ့နေရာပေါ့။
သူက ဒုတိယ ဖွင့်တဲ့နေရာတစ်ခု။
တတိယဖွင့်တဲ့နေရာက ကျနော်တို့ရဲ့လတ်ဆတ်တဲ့ဈေးကြီးပေါ့။
ဈေးကြီးဆိုတဲ့အတိုင်းပဲ ဈေးနှုန်းလည်း ကြီးနေပါတယ်။
တစ်နှစ်ဆိုတဲ့ကာလမှာပဲ အဲဒီနေရာပတ်ဝန်ကျင်မှာ အဆောက်အဦးတွေ မှိုလိုပေါက်လာတယ်။
ဆိုင်တွေအများကြီးဖြစ်လာတယ်။အခုလည်း အဆောက်အဦးအသစ်တွေ ဆောက်နေတုန်းပဲ။
ဘေးပတ်ဝန်ကျင်မှာ လူနေအိမ်တွေကလည်း အများကြီး။
ရုံးတွေကလည်း အများကြီးဆိုတော့ လာတဲ့လူတွေကလည်း အများကြီးပေါ့။
ဈေးဆိုတာ လူလာများရင် ရောင်းကောင်းစမြဲပဲလေ။
ကျနော်ပြောချင်တာက ကျနော်တို့ဈေးကြီးထဲမှာ အလုပ်လုပ်နေတဲ့လူတွေအကြောင်းပါ။
ဝန်ထမ်းတွေထဲမှာတော့ လူဖြူတွေအများကြီးရှိသလို လူမည်းတွေလည်း အများကြီးရှိတယ်။
လူနည်းစုကတော့ မက်စီကန်တွေ။သူတို့တွေက စပိန်စကားပြောကြတဲ့ မြောက်ပိုင်းနဲ့အလယ်ပိုင်းအမေရိကားတိုက်ကလူသူတွေပါ။
အမေရိကန်နိုင်ငံသားတွေတော့ မဟုတ်ဘူး။
အမေရိကန်-အင်္ဂလိပ်စကားကိုတော့ ကောင်းကောင်းပြောနိုင်ကြတယ်။
နောက်လူနည်းစုက ဗီယက်နမ်လူမျိုးတွေ။ အာရှတိုက်ဖွားတွေပေါ့။
အဲဒီဗီယက်နမ်လူမျိုး မုန့်ဖုတ်တဲ့ဌာနကအမျိုးသမီး မန်နေဂျာတစ်ယောက်ကပြောဖူးတယ်။
“ကိုယ့်တိုင်းပြည်မှာ မိဘတွေ မရှိတော့ရင်
ဒီအမေရိကန်နိုင်ငံသားခံယူတာအကောင်းဆုံးပဲ” တဲ့။
“ဒီနိုင်ငံက နေလို့အရမ်းကောင်းတယ်” တဲ့။
“သူမကတော့ မိဘတွေ မရှိတော့ပြီမို့ ဒီမှာပဲ နိုင်ငံသားခံယူပြီးတစ်သက်လုံးနေဖို့
ဆုံးဖြတ်ပြီးပြီ” တဲ့။
သူမရဲ့စကားကိုနားထောင်လိုက်ပါတယ်။ ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။
မြန်မာလူမျိုးတွေဆိုရင် ကျနော်နဲ့ကျနော့်ရဲ့မိန်းမ နှစ်ယောက်ထဲရှိတယ်။
လူတိုင်းက ကိုယ့်အလုပ်ကို ကိုယ်လုပ်နေတဲ့အတွက် ဘယ်သူ့ကိုမှ
ဂရုစိုက်စရာတော့ မရှိပါဘူး။
ဝန်ထမ်တွေထဲမှာ အချိန်ပိုင်းနဲ့အလုပ်လုပ်သူတွေလည်းအများကြီး။
များသောအားဖြင့်တော့ တက္ကသိုလ်ကျောင်းကို တက်နေတဲ့ကျောင်းသူကျောင်းသားတွေပေါ့။
ကျောင်းပိတ်ရက်မှာ အလုပ်လာလုပ်ကြတယ်။
ကျောင်းစရိတ်ရှာကြတာပေါ့။
အဲဒီထဲမှာ အထက်တန်းကျောင်းသူကျောင်းသားတွေလည်းပါကြတယ်။
သူတို့အသက်ရှိလှရင် ၁၆-နှစ်ပတ်ဝန်ကျင်လောက်ရှိမယ်။
ကျောင်းအားချိန်မှာ အချိန်ပိုင်းအလုပ်လာလုပ်သူတွေပေါ့။
ဒီလိုလုပ်နိုင်အောင်လည်း အစိုးရက စီစဉ်ထားပုံရတယ်။
ဒီလိုအလုပ်လာလုပ်တာကို ကျနော်တော့ ကြိုက်တယ်။
ဘာကြောင့်ဆိုတော့ အလုပ်လုပ်တဲ့အတွက်ကြောင့် ကျောင်းစရိတ်ရတယ်။
လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေ အများကြီးရတယ်။
လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုတွေရတယ်။ တက္ကသိုလ်ရောက်ရင်
ကိုယ်ဝါသနာပါရာကို ရွေးချယ်ဖို့ အခွင့်အလမ်းတွေရနိုင်တယ်။
ဘွဲ့ရလို့ အလုပ်လျှောက်တဲ့အခါ ဒီလုပ်ငန်းဆိုင်ရာမှတ်တမ်းတွေနဲ့အတွေ့အကြုံတွေက
ကိုယ်လုပ်မယ့်အလုပ်အတွက် အထောက်အကူအများကြီးရစေတယ်။
အချိန်ပြည့်လုပ်နေတဲ့ဝန်ထမ်းတွေလည်း တက္ကသိုလ်ကို အချိန်ပိုင်းတက်နေတာကို
အများကြီးတွေ့ရတယ်။ Grocery ဋ္ဌာနက မန်နေဂျာဆိုရင်
အင်္ဂျင်နီယာတက္ကသိုလ်ကို အချိန်ပိုင်းတက်နေတာကို သိရတယ်။
နိုင်ငံတော်ကလည်း အရွယ်ရောက်သူတိုင်းရဲ့လုပ်အားကို ရလိုက်တယ်။
တိုးတက်တဲ့တိုင်းပြည်တိုင်းဟာ နိုင်ငံသားတိုင်းရဲ့လုပ်အားနဲ့တည်ဆောက်ခဲ့တာပါ။
တိုးတက်၊အောင်မြင်တဲ့တိုင်းပြည်ကို မြေပေါ်၊မြေအောက်တွင်းထွက်ရတနာတွေနဲ့
တည်ဆောက်လို့မရနိုင်ဘူးဆိုတာ ဒီရောက်တော့မှ ပိုနားလည်လာမိပါတယ်။
ဒီလအဖို့ ဒီလောက်ပါပဲ။
အမေ့ကို သတိရနေတယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။




Monday, March 2, 2015

"အမေ့ထံသို့ ပေးစာများ-၁၀၄..."





သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
ဆောင်းရာသီကို သိသိသာသာကို ဝင်ရောက်လာတယ်။
အေးလိုက်တာ မပြောပါနဲ့တော့။
ဆောင်းဦးမှာကထဲက အနောက်ဖက်ကမ်းခြေဒေသတွေမှာ နှင်းမုန်းတိုင်း အကြိမ်ကြိမ်
ဝင်မွှေသွားတယ်။ နှင်းထုက လူတစ်ရပ်လောက်ကို မြင့်တက်လာတယ်။
ကျနော်တို့နေတဲ့အရပ်နဲ့ဆိုရင် မနီးမဝေးဖြစ်တဲ့ ဘောစတွန်မြို့မှာဆိုရင်
သုံးကြိမ်ဝင်မွှေသွားတာ သမိုင်းမှာတော့ နှင်းထုအများဆုံးလို့တောင်ဆိုတယ်။
ပြည်သူတွေလည်း သုံးပတ်လောက်အပြင်မထွက်နိုင်ဘူး။
ကျောင်းတွေ၊ရုံးတွေ အားလုံးပိတ်ထားကြတယ်။
လေယာဉ်ခရီးစဉ်တွေလည်း အများကြီးကို ဖျက်ပစ်ရတယ်။
စားစရာတွေ ပြတ်လပ်သွားကြတယ်။
ကျနော်တို့နေရာမှာတော့ အဲဒီလောက်မဆိုးပါဘူး။
ဒါပေမယ့် အဖျားတော့ခတ်သွားတယ်။
နှင်းကျတယ်။ မြင်မြင်သမျှအားလုံးဖြူဖွေးသွားတယ်။
ရေခဲမိုးရွာတယ်။လမ်းတွေပေါ် စကိတ်စီးလို့ရလောက်တယ်။
လေတိုက်တယ်။ ရေခဲလေလို့ဆိုရလောက်အောင် အသည်းထဲအထိ အေးချမ်းသွားတယ်။
နေခြည်လာလည်း မနွေးပါဘူး။
ရေခဲအမှတ် အောက် - ၁၈အထိကျသွားတယ်။
ရေခဲသေတ္တာရဲ့အပေါ်ထပ်တောင် ရေခဲမှတ် ၀ ပဲရှိတယ်လေ။
မြန်မာပြည်မှာ မကြုံခဲ့ဖူးတဲ့ရာသီဥတုမျိုး။
ပိတ်ရက်လိုချင်တာကြောင့် နှင်းထု သုံးပေလောက်ကျရင်သိပ်ကောင်းမှာပဲလို့တော့
ဆုတောင်းမိသေးတယ်။ ဒါပေမယ့် နှင်းထုက သုံးလက္မနဲ့ရပ်ရပ်သွားလို့
အခုထိတော့ ပိတ်ရက်တစ်ရက်မှ မရသေးပါဘူး။
ငယ်ငယ်တုန်း ကျောင်းသားဘဝက အကြောင်းကို တွေးမိသေးတယ်။
အတန်းပိုင်ဆရာမ ကျောင်းမလာတဲ့ရက်ဆိုရင် သိပ်ပျော်တာပဲ။
သူငယ်ချင်းတွေစုပြီး ဆရာမကျောင်းမလာအောင်လို့ ဝိုင်းပြီးဆုတောင်းကြတာလဲအမောပါပဲ။
အခုလည်း အဲဒီလိုဖြစ်နေတယ်။
နှင်းတွေကျကာစမှာ အရမ်းကြည့်လို့ကောင်းတယ်။
ကောင်ကင်ပေါ်က ဂွမ်ဖတ်လေးတွေ ကျလာသလိုပဲ။
ပြီးတော့ နှင်းပွင့်ဖြူတွေဟာ သစ်ပင်တွေပေါ်လဲ တွဲလွဲခိုလို့။
ခရီးမထွက်ရပဲနဲ့ မြင်ကွင်းအသစ်ပြောင်းသွားတယ်။
မြန်မာပြည်မှာ နှင်းကျတာမရှိတော့ နှင်းကျတာကို သဘောကျမိပါရဲ့။
ဒါပေမယ့် အအေးလွန်ကဲတာကိုတော့ မကြိုက်ဘူး။
ကျနော်တို့အိမ်ရှေ့က ရေကန်လည်း
လှိုင်းကြက်ခွပ်တွေ မမြင်တော့ဘူး။ ရေခဲနေပြီ။
ရေလာကူးနေကျ ဂူးစီ (Goose)တွေလည်း  လမ်းလျှောက်နေတာကိုတွေ့နေရတယ်။
ရေခဲပေါ်နှင်းထုက ထပ်ကျလာတော့ တစ်ကန်လုံး ဖွေးဖွေးကိုဖြူနေတယ်။
စကိတ်စီးလို့ရမလားမသိဘူး။
ဒီလိုအရပ်ဒေသကိုရောက်လာပြီးနေရမယ်လို့ တစ်ခါမှတောင်စိတ်ကူးမယဉ်မိခဲ့ပါဘူး။
အခုတော့ …

++++++++++++++++++++++++++++++++

အမေရိကန်နိုင်ငံမှာ တရားမဝင်လာရောက်နေသူပေါင်း ဆယ့်တစ်သန်း(၁၁-သန်း)ပတ်ဝန်ကျင်ရှိတယ်လို့သိရတယ်။
အမေရိကန်က ချမ်းသာတဲ့နိုင်ငံဆိုတော့ ဆင်းရဲတဲ့နိုင်ငံအများအပြားကလူတွေလာကြတာပေါ့။
အထူးသဖြင့် စပိန်စကားပြောကြတဲ့အမေရိကတိုက်အလယ်ပိုင်းကလာကြသူတွေများတယ်။
အချို့က ဝပ်ပါမစ်( Work Permit ) နဲ့လာပြီးအလုပ်လုပ်တယ်။
ပါမစ်သက်တမ်းကုန်ပြီး မပြန်ပဲ ဆက်နေထိုင်သူတွေလည်း အများအပြားရှိတယ်။
အချို့ကလည်း ကျောင်းတက်ဖို့ ပါမစ်နဲ့လာပြီးကျောင်းပြီးပေမယ့်
မပြန်ပဲဆက်နေထိုင်သူတွေလည်း အများအပြားရှိတယ်။
ကျနော့်အသိမိတ်ဆွေအချို့ကတော့ နိုင်ငံခြားသဘောင်္လိုက်ကြတယ်။
အမေရိကန်ဆိပ်ကမ်းတစ်ခုရောက်လာတဲ့အခါ
သဘောင်္ပေါ်က ခုန်ချပြီး အမေရိကန်မှာနေထိုင်ကြတယ်။
အမေရိကန်မှာက တရားမဝင်နေထိုင်သူတွေကို လိုက်ဖမ်းတာတော့ မတွေ့ရဘူး။
ပြစ်မှုတစ်စုံတစ်ရာ မကျူးလွန်သရွေ့နေထိုင်လို့ရတဲ့သဘောဖြစ်နေတယ်။
အဲဒီလို တရားမဝင် ဝင်ရောက်နေထိုင်သူနဲ့ပတ်သက်ပြီး လွှတ်တော်မှာတော့
အလုပ်များနေလေရဲ့။
သမ္မတ အိုဘားမားက အဲဒီတရားမဝင်နေထိုင်သူတွေထဲက
ပြစ်မှုတစ်စုံတစ်ရာမကျူးလွန်ဖူးတဲ့သူ၊
အနည်းဆုံးငါးနှစ်ကျော် ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့သူတွေကို
နိုင်ငံသားအဖြစ်လက်ခံဖို့လူဝင်မှုကြီးကြတ်ရေးဥပဒေကို ပြင်ချင်တယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးရေးလုပ်တုန်းကလည်း ကတိပေးခဲ့ဟန်တူတယ်။
ပေးထားတဲ့ကတိအတိုင်း လုပ်ဆောင်ဖို့ကြိုးစားတယ်။
ဒါပေမယ့် အတိုက်အခံပါတီဖြစ်တဲ့ရီပတ်ပလိကင်တွေကြီးစိုးနေတဲ့အထက်လွှတ်တော်၊
အောက်လွှတ်တော်နှစ်ရပ်စလုံးက သမ္မတရဲ့ဥပဒေကို အတိုက်အခံလုပ်နေတယ်။
အဲဒီကိစ္စလည်း ရှေ့မတိုး၊နောက်မဆုတ်ဖြစ်နေတယ်။
အမေရိကန်မှာ တရားဝင်နေထိုင်သူပေါင်းက သန်းလေးဆယ်(၄၀-သန်း)ကျော်ရှိတယ်လို့သိရတယ်။
ရောက်စမှာတော့ ဂရင်းကဒ်(Green card )ကို ထုတ်ပေးတယ်။
ငါးနှစ်ကျော်ရင်တော့ အမေရိကန်နိုင်ငံသားလျှောက်ခွင့်ရှိတယ်။
နိုင်ငံသားဖြစ်ပြီးမှ မဲပေးခွင့်ရှိတယ်။
ဂရင်းကဒ်ကိုင်ဆောင်ထားချိန်မှာတော့ မဲပေးခွင့်မရှိပါ။
အမေရိကန်သမ္မတကို မဲပေးနိုင်သူပြည်သူတွေက တိုက်ရိုက်ရွေးချယ်နိုင်တဲ့အ
ခွင့်အရေးရှိတယ်။ဒါကြောင့် လွှတ်တော်ကိုယ်စလှယ်နဲ့သမ္မတတွေက ပြည်သူတွေကို
အထူးအလေးထားတာကို တွေ့ရတယ်။
မဲဆွယ်ပွဲမှာ ကတိပေးထားပြီးရင်လည်း အဲဒီကတိကို
ဖြစ်အောင်အကောင်အထည်ဖော်ဆောင်တာကို တွေ့ရတယ်။

++++++++++++++++++++++

အမေရိကန်မှာ နှစ်စဉ် DV ကံစမ်းမဲကို ပြုလုပ်တယ်။
အဲဒီမဲစံနစ်ကနေ ကမ္ဘာ့နိုင်ငံအသီးသီးက လူပေါင်း
ငါးသောင်းကို အမေရိကန်ပြည်ထောင်စုက နှစ်စဉ် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးနေတယ်။ ဒီလိုလုပ်လာတာတောင် နှစ်ပေါင်းအတန်ကြာခဲ့ပြီ။
အဓိက ရည်ရွယ်ချက်ကတော့
ပညာရေးမှာဖြစ်စေ၊ စီးပွားရေးမှာဖြစ်စေ အတော်ဆုံး၊အကောင်းဆုံးပုဂ္ဂိုလ်တွေကို
စုဆောင်းနေတာလို့သိရတယ်။အဲဒီရွယ်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်ကြောင့်လည်း
အမေရိကန်ဟာ ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်တယ်။
ထင်ရှားတဲ့ဥပမာပြောရရင် အိုင်စတိုင်းလို ပုဂ္ဂိုလ်ကို ပြောနိုင်တယ်။
အိုင်စတိုင်းဟာ ဂျူးလူမျိုးဖြစ်တယ်။ နာဇီတွေကို ကြောက်လို့ အမေရိကန်နိုင်ငံကိုရောက်လာတယ်။
အမေရိကန်ကပြည်ဝင်ခွင့်လည်းပေးတယ်။ ထိုက်တန်တဲ့နေရာမှာလည်း ထားတယ်။
အိုင်စတိုင်းရဲ့ကျေးဇူးကြောင့် အမေရိကန်ဟာ အနုမြူဗုံးပိုင်ဆိုင်တဲ့ဦးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာတယ်။
အဲဒီအနုမြူဗုံးကို အသုံးပြုပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်နိုင်ခဲ့တယ်။
အဲဒီလိုပြည်ပကဝင်ရောက်လာတဲ့ ထူးခြားတဲ့ပညာရှင်တွေ အမေရိကန်မှာ အများအပြားရှိတယ်။
အဲဒီလို အမေရိကန်ရဲ့ထူးခြားတဲ့လုပ်ရပ်ကြောင့်လည်း အမေရိကန်ဟာ
အင်အားအကြီးဆုံးနိုင်ငံအဖြစ်ရပ်တည်ခဲ့တယ်။
အမေရိကန်ဟာ နိုင်ငံအတွက် ကောင်းမွန်တဲ့တိုးတက်မှုဖြစ်မယ်ဆိုရင်
ဘာမဆို စံနစ်တကျလုပ်ဆောင်တတ်တဲ့ခေါင်းဆောင်တွေလည်း အများအပြားရှိခဲ့တယ်။
အမေရိကန်သမ္မတအများစုဟာ ပညာတတ်ကြတယ်။ ပြီးတော့ သဘောထားကြီးကြတယ်။
အဝေဖန်ကိုလည်း ခံနိုင်ရည်ရှိကြတယ်။
ဒါဟာ အတုယူအားကျသင့်တဲ့ကိစ္စဖြစ်တယ်လို့ထင်တယ်အမေ။
စာလည်းရှည်သွားပြီ။
နောက်များမှ ဆက်ရေးပါဦးမယ်။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့ (Ash-burn)
ဗားဂျီးနီးယားပြည်နယ် (Virginia)
အမေရိကန်ပြည်ထောင်စု (USA)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com