Sunday, October 16, 2011

" အလဟဿဖြစ်သွားပြီ..."

တစ်ခါတုန်းက

သမားတော်ကြီးနှစ်ယောက်တို့ဟာ

ဂေါက်သီးရိုက်ရင်း စကားပြောကြတယ်။

နှလုံးအထူးကုသမားတော်ကြီးက

“ ကျုပ်ဆီမှာ လူနာတစ်ယောက်ရှိခဲ့ဖူးတယ်။

ကျုပ်ရဲ့ခန့်မှန်းချက်အရ ဒီလူဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက

သေရဖို့ရှိတယ်။

ဒါပေမယ့် မသေဘူး။

အခုထိအသက်ရှင်နေတုန်းပဲ။”


နောက် အသည်းသမားတော်ကြီးက

“ အဲဒါပြောတာပေါ့။

လူနာဟာ တကယ်ပဲ အသက်ရှင်လိုစိတ်ပြင်းပြနေရင်

ဆေးပညာဟာ အလဟဿဖြစ်သွားတတ်တယ်”

လို့ပြန်ပြောလိုက်ပါတယ်။




" လေဟုန်စီးပြီး လိုက်သွားပါ..."



တစ်ခါတုန်းက
ငှက်တွေစုပြီးပြိုင်ပွဲတစ်ခုကျင်းပကြသတဲ့။
အဝေးဆုံး၊အမြင့်ဆုံးပြိုင်တဲ့ပြိုင်ပွဲပါ။
တောင်ပံပါတဲ့ငှက်တိုင်းပါဝင်နိုင်တယ်။
အကြီး၊အငယ်မခွဲခြားပါဘူး။
ဒါပေမယ့်ပြိုင်ပွဲမကျင်းပသေးပေမယ့်
ဘယ်သူနိုင်မလဲဆိုတာကို ကြိုတင်ခန့်မှန်းပြီး
အလောင်းအစားတောင်လုပ်နေလေရဲ့။
'တစ်'ပြေးနေသူကတော့ ကိုသိမ်းငှက်ပေါ့။
သိမ်းငှက်ဆိုတာက အမြင့်ဆုံးကိုပျံသန်းနေတဲ့ငှက်မျိုးဖြစ်တယ်လေ။
သူ့တောင်ပံကိုဖြန့်လိုက်ရင် လေဟုန်စီးပြီး အဝေးဆုံးကိုလည်းပျံသန်းနိုင်တယ်။
ဒါနဲ့ပဲ တကယ့်ပြိုင်ပွဲနေ့ကိုရောက်လာတယ်။
တာလွှတ်လိုက်တာနဲ့ သိမ်းငှက်က အလျင်အမြန်ပဲပျံသန်းသွားတယ်။
တာထွက်တာချင်းတူပေမယ့် မကြာခင်မှာပဲ
သိမ်းငှက်က ရှေ့ကဦးဆောင်နေလေရဲ့။
သိမ်းငှက်ရဲ့နောက်မှာ တစ်ကောင်ပြီးတစ်ကောင် ပြတ်ကျန်ခဲ့တယ်။
အဝေးဆုံးနဲ့အမြင့်ဆုံးရောက်ချိန်မှာ သိမ်းငှက်က နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ
သူ့နောက်မှာ ငှက်တစ်ကောင်မှပါမလာကြတော့ဘူး။
သိမ်းငှက်လည်းမောပြီ။
ခြေကုန်လက်ပန်းလည်းကျပြီ။
အဝေးဆုံး၊အမြင့်ဆုံးပြိုင်ပွဲလည်း ပြီးဆုံးပြီလို့ယူဆနေချိန်မှာပဲ
နှံပြည်စုတ်ငှက်ကလေးတစ်ကောင်က သိမ်းငှက်ရဲ့တောင်ပံကြားက
ဖြတ်ပြီး သိမ်းငှက်ထက်ဝေးအောင်၊မြင့်အောင်ပျံသန်းသွားပါတယ်။
ပြိုင်ပွဲအဆုံးမှာတော့
နှံပြည်စုတ်ငှက်ကလေးက အနိုင်ရသွားပါတယ်။
ဆုပေးတဲ့အခမ်းအနားမှာတော့
နှံပြည်စုတ်ငှက်ကလေးကိုဝိုင်းပြီး အင်တာဗျူးကြတာပေါ့။
ဒီပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရသလဲပေါ့။
နှံပြည်စုတ်ငှက်ကလေးပြန်ဖြေလိုက်တာက
" သိမ်းငှက်ရဲ့တောင်ပံကြားမှာလေဟုန်စီးပြီးလိုက်သွားတာပါ။
သိမ်းငှက်ကြီးခြေကုန်လက်ပန်းကျသွားချိန်ကျမှ တောင်ပံကြားကထွက်ပြီး
အားကုန်ပျံသန်းသွားခဲ့တာပါ"
လို့ဖြေလိုက်ပါတယ်။


++++++++++++++++++++++++++++

ကျနော်တို့အားလုံးဟာ သိမ်းငှက်တွေမဖြစ်နိုင်ကြပါဘူး။
ဒါပေမယ့်
နှံပြည်စုတ်ငှက်ကလေးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဖြစ်သမျှနှံပြည်စုတ်ငှက်ကလေး
တွေထဲမှာတော့
အကောင်းဆုံးနှံပြည်စုတ်ငှက်ကလေးတစ်ကောင်
ဖြစ်ဖို့တော့လိုပါတယ်။

အဲဒီလိုဖြစ်ဖို့အတွက်က
အရွယ်အစားကြီးဖို့မလိုပါဘူး။
ဥာဏ်ကြီးဖို့ပဲလိုပါတယ်။
ဥာဏ်သာကြီးခဲ့မယ်ဆိုရင်
ဘဝပြိုင်ပွဲမှာ အနိုင်ရဖို့ဆိုတာ
မခက်ခဲလှတော့ပါဘူး။
သိမ်းငှက်ရဲ့တောင်ပံနဲ့တူတဲ့အရာတွေက
ကျနော်တို့နားမှာ အများကြီးရှိပါတယ်။
ရှိမှန်းသိဖို့နဲ့
သိပြီး အသုံးချဖို့သာလိုတာပါ။

လေဟုန်စီးပြီး လိုက်သွားဖို့က
မိဘဖြစ်ချင်ဖြစ်မယ်။
ဆရာကောင်းဖြစ်ချင်ဖြစ်မယ်။
မိတ်ဆွေကောင်းဖြစ်ချင်ဖြစ်မယ်။
စာအုပ်တစ်အုပ်ဖြစ်ချင်ဖြစ်မယ်။
တရားတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်။
ဘာဘဲဖြစ်ဖြစ်...
" လေဟုန်စီးပြီး လိုက်သွားပါ..."



Saturday, October 15, 2011

" သဘောထား၊ မှတ်ချက်..."


တစ်ခါတုန်းက
အမေရိကန်နိုင်ငံမှာ နီဂရိုးမိသားစုတစ်စုရှိခဲ့ပါတယ်။
အမေဖြစ်တဲ့နီဂရိုးမကြီးမှာ သားနှစ်ယောက်ရှိပါတယ်။
သားတွေဟာ အဖေမရှိပါဘူး။
(အမေရိကန်မှာ အဖေမရှိဘဲမွေးတဲ့ကလေးတွေအမြောက်အများရှိပါတယ်။)
နီဂရိုးမကြီးတို့မိသားစုဟာ ဆင်းရဲလွန်းတာကြောင့်
နီဂရိုးမကြီးဟာ သူများအိမ်တွေမှာ အဝတ်လျှော်တဲ့အလုပ်ကို
တစ်နေကုန်အောင်လုပ်ရပါတယ်။
အမေက မိုးလင်းက မိုးချုပ်အလုပ်လုပ်ရတော့
သားတွေဟာ ဖြစ်ချင်တိုင်းဖြစ်နေတော့တာပေါ့။
အမေမသိအောင်
ကျောင်းပြေးတယ်။
ဆေးလိပ်သောက်တယ်။
မူးယစ်ဆေးဝါးဆိုလည်း လုပ်ဖြစ်တယ်။
အရက်သောက်တယ်။
ရန်ဖြစ်တယ်။
မိဘရဲ့ဆိုဆုံးမမှုမခံရတဲ့ ကလေးတွေရဲ့သဘာဝအတိုင်း
ဆိုးပေတဲ့လူဆိုးလေးတွေ ဖြစ်မှန်းမသိဖြစ်နေကြတယ်။

အမေ နီဂရိုးမကြီးက အိမ်တကာလည်ပြီးအဝတ်လျှော်တော့
သတိထားမိတာတစ်ခုရှိတယ်။
သူတို့မှာတော့ ဆင်းရဲလိုက်တာ၊
ဒါပေမယ့် အဝတ်လျှော်ရတဲ့အိမ်တွေကတော့ အချို့ဆိုရင်
အရမ်းချမ်းသာတာကိုတွေ့ရတယ်။
ဘာကြောင့်ချမ်းသာတာလည်းပေါ့။
စဉ်းစားတယ်။
သတိထားပြီးလေ့လာကြည့်မိတယ်။
" သူတို့အိမ်မှာ ရှိတဲ့အရာတွေ အားလုံးလိုလို ငါ့အိမ်လည်းရှိတာပဲ။
ဒါပေမယ့် တစ်ခုသတိထားမိတာက
ချမ်းသာတဲ့အိမ်တိုင်းလိုလိုမှာ စာအုပ်တွေအများကြီးရှိတယ်။
အဲဒါတော့ ငါ့အိမ်မှာ မရှိဘူး။
စာအုပ်တွေဟာ ချမ်းသာခြင်း၊ ဆင်းရဲခြင်းခွဲခြားဖြစ်စေတဲ့အကြောင်းလား၊
ဟုတ်နိုင်တယ်"
လို့သူမတွေးမိတယ်။
ဒါနဲ့အိမ်ရောက်တာနဲ့သားတွေကို ခေါ်လိုက်တယ်။
"သားတို့၊ ချမ်းသာတဲ့အကြောင်းပြောမလို့၊
အမေ့စကားကိုနားထောင်မလား"
"သားတွေက နားထောင်မယ်"
ဆိုတော့
"လာလိုက်ခဲ့"
ဆိုပြီးသားနှစ်ယောက်ကိုစာကြည့်တိုက်ခေါ်သွားတယ်။
စာကြည့်တိုက်ရောက်တော့သားတွေကို စာကြည့်တိုက်ဝန်ထမ်းတွေနဲ့
မိတ်ဆက်ပေးတယ်။
ပြီးတော့ သေသေချာချာမှာတယ်။
"သားတို့နေ့တိုင်း စာကြည့်တိုက်မှာ
အနည်းဆုံးစာအုပ်တစ်အုပ်ဖတ်ရမယ်။
ဖတ်ပြီးတဲ့စာအုပ်ပါအကြောင်းအရာကိုလည်း
စာတစ်မျက်နှာလောက်ရေးပြီး
အမေ့ကိုပေးရမယ်။
ဒါမှ သားတို့ ဘာစာအုပ်တွေဖတ်တယ်ဆိုတာကို အမေကသိမယ်"
လို့မှာတယ်။
ဒါနဲ့ကလေးတွေဟာ အပြင်မှာ အချိန်ဖြုန်းမယ့်အစား
စာကြည့်တိုက်မှာ အချိန်တွေကုန်လာခဲ့တယ်။
အချိန်တွေကြာလာတာနဲ့အမျှ ဖတ်ပြီးတဲ့စာအုပ်တွေလည်း
များသထက်များလာတယ်။
အစပိုင်းမှာတော့ တွေ့သမျှစာအုပ်တွေကို အကုန်ဖတ်တာပေါ့။
နောက်ပိုင်းရောက်လာတော့ ဝါသနာနဲ့နီးစပ်တဲ့စာအုပ်တွေကို ပိုဖတ်ဖြစ်လာတယ်။
စာအဖတ်များတော့ အတန်းထဲမှာလည်း စာတော်သူတွေဖြစ်လာတယ်။
ဒီလိုနဲ့ကြာလာတော့ သားကြီးဟာ ရှေ့နေချုပ်ဖြစ်လာတယ်။
သားငယ်က ဆရာဝန်ကြီးဖြစ်လာခဲ့တယ်။
အမေများနေ့တစ်နေ့မှာ အမေကို တွေ့ဖို့
သားနှစ်ယောက်စလုံး အမေ့အိမ်ကိုပြန်လာကြတယ်။
အမေ့ကို ဖက်တယ်၊နမ်းတယ်။ ကျေးဇူးတင်စကားပြောတယ်။
သားကြီးရှေ့နေချုပ်က
" အမေသာ ကျနော်တို့ကို စာကြည့်တိုက်နဲ့မိတ်ဆက်မပေးရင်
အခုလောက်ဆိုရင် ကျနော်တို့တွေဟာ အရက်သမားလည်းဖြစ်နိုင်တယ်။
မူးယစ်ဆေးဝါးသုံးစွဲသူလည်း ဖြစ်နိုင်တယ်။
ထောင်ကျသူတွေလည်း ဖြစ်နိုင်တယ်။
ဒါတွေမဖြစ်တာဟာ အမေ့ကြောင့်ပါ။
အခုလို အောင်မြင်တဲ့ပညာရှင်တွေဖြစ်အောင်
လုပ်ပေးတဲ့ အမေ့ကိုကျေးဇူးတင်ပါတယ်။
သိချင်တာတစ်ခုတော့မေးပါရစေ။
ကျနော်တို့ကို စာအုပ်တွေအမြောက်အများဖတ်ခိုင်းတယ်။
ဖတ်ပြီးတဲ့စာအုပ်တိုင်းကို သဘောထားမှတ်ချက်တွေရေးခိုင်းတယ်။
အဲဒါတွေနဲ့ပတ်သက်ပြီး အမေ့ရဲ့သဘောထားမှတ်ချက်တစ်ခုမှလည်း
ကျနော်တို့မသိခဲ့ရဘူး။
သိချင်တာက အမေ့ရဲ့သဘောထားမှတ်ချက်ကို
ကျနော်တို့ သိချင်ပါတယ်"

အမေနီဂရိုးမကြီးဟာထိုင်ရာက လေးလေးပင်ပင်ထတယ်။
ပြီးတော့ အခန်းထဲဝင်သွားတယ်။
သေတ္တာလေးတစ်လုံးကိုယူလာတယ်။
အဲဒီသေတ္တာထဲက လက်ကိုင်ပုဝါနဲ့ထုပ်ထားတဲ့အထုပ်လေးနှစ်ခုကိုဆွဲထုပ်တယ်။
သားတွေရေးပေးခဲ့တဲ့စာရွက်တွေဟာ ထွက်လာတယ်။

အမေနီဂရိုးမကြီးပြန်ပြောလိုက်တာက...
" အမေက သဘောထားမှတ်ချက်မပေးတတ်ပါဘူးသားတို့ရယ်။
အမေမှ စာမတတ်တာ"တဲ့။

+++++++++++++++++++++++

ဒါဟာ အမေရိကန်နိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ။
စာဖတ်သူနဲ့မဖတ်သူဟာ ကြာလာနဲ့အမျှ
အတွေးအမြင်တွေ၊အသိဥာဏ်တွေ
ကွာချင်တိုင်းကွာခြားသွားတတ်ပါတယ်။


"စာဖတ်သူတိုင်း သန်းကြွယ်သူဌေးမဖြစ်နိုင်ပေမယ့်
သန်းကြွယ်သူဌေးတိုင်းကတော့ စာဖတ်ကြတယ်"
ဆိုတာ ဆိုးရိုးတစ်ခုလိုဖြစ်လာပါပြီ။


စာအုပ်တွေဈေးကြီးတယ်လို့မညည်းလိုက်ပါနဲ့။

စာမဖတ်လိုက်တဲ့အတွက်
ဘဝမှာ တန်ဖိုးကြီးကြီးပေးလိုက်ရတာတွေအများကြီးပါ။
သတိထားမိရင် သိပါလိမ့်မယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ

ကျောင်း၊ကန်၊ဇရပ်တွေ ပေါများသလောက်....

စာကြည့်တိုက်တွေ ပေါများလာခဲ့မယ်ဆိုရင်......







" ဘာသာတရားကိုင်းရှိုင်းသူ..."



တက္ကသိုလ်ပထမနှစ်တွင် လူတွေ့စာမေးပွဲ မှပြန်လာတဲ့
သားမောင်လှိုင်ထွန်းကို
မိဘများဖြစ်ကြတဲ့ကိုအေးမောင်နဲ့မနန်းဖောင်းတို့က
စိတ်ဝင်တစားဝိုင်းမေးကြတယ်။

" ဘဲ့နဲ့လဲ...
သား
ဖြေနိုင်ရဲ့လား"

သားဖြစ်သူ မောင်လှိုင်ထွန်း
ပြန်ပြောလိုက်တာက...

"မဆိုးပါဘူး။
ဒါပေမယ့် မေးတဲ့ပါမောက္ခက တစ်မျိုးကြီးပဲ။
ဘာသာတရားအတော်ကိုင်းရှိုင်းပုံပေါက်တယ်။
သူ့မေးခွန်းကို သားက ဖြေလိုက်တိုင်း
မျက်လုံးကို အပေါ်လှန်ပြီး
"ဘုရား၊ ဘုရား"
လို့ အမြဲတမ်းပြောတယ်"

Friday, October 14, 2011

" အကောင်းဆုံးအသိဉာဏ်တွေ ထွက်လာဖို့..."


ဘဝင်မြင့်သွားတာတို့၊

မာနကြီးသွားတာတို့၊

ဆိုတာဟာ

အတွင်းမှာ empty (ဘာမှမရှိဘူး)

ဖြစ်နေတဲ့သဘောကို ထင်ဟပ်ပြတာပဲ။

မာနကြီးတယ်ဆိုတာကိုက

သူ့ကိုယ်သူယုံကြည်မှုမရှိဘူးဆိုတာကို ပြနေတာပဲ။

+++++++++++++++++++++++++++

ကိုယ်ရဲ့တည်ငြိမ်အေးဆေးမှုက

ပတ်ဝန်ကျင်ကို တည်ငြိမ်အောင်

အထောက်အကူပေးတယ်။

+++++++++++++++++++++++++++

အင်အားရဲ့ဗဟိုချက်၊

အင်အားရဲ့ပင်ရင်းကို

ကိုယ့်ရင်ထဲမှာ၊

ကိုယ့်စိတ်ထဲမှာပဲ

ရှာဖွေတွေ့ရှိနိုင်တယ်။

+++++++++++++++++++++++++++

ကိုယ့်ရဲ့အတွင်းထဲက အင်အားကို တွေ့သွားတဲ့

သူဟာ လောကကိုထိထိရောက်ရောက်

အကျိုးပြုနိုင်တဲ့သူ ဖြစ်လာတယ်။

စိတ်ထားလေးနက်ခိုင်မာတဲ့လူ၊

တကယ်တန်ဖိုးထားထိုက်တာကိုတန်ဖိုးထားနိုင်တဲ့သူဟာ

လူ့အသိုင်းအဝိုင်းကို ထိထိရောက်ရောက်

အကျိုးပြုနိုင်တယ်။

+++++++++++++++++++++++++++

ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ၊

အကောင်းဆုံးအသိဉာဏ်တွေ

ထွက်လာဖို့ဆိုရင်

ကိုယ့်စိတ်ကို ကိုယ်သိပြီးနေတဲ့အလေ့အကျင့်ဟာ

အခြေခံအဓိကလုပ်ရမယ့်အလုပ်ဖြစ်တယ်။

+++++++++++++++++++++++++++

ကိုယ့်စိတ်ကို ကိုယ်သိတာ လူသားရဲ့

အမြင့်မြတ်ဆုံးစွမ်းရည်ဖြစ်တယ်။

+++++++++++++++++++++++++++

အမှန်တရားကို သိဖို့ဆိုတာ

ရိုးသားမှုရှိဖို့နဲ့သတ္တိရှိဖို့လိုအပ်တယ်။

+++++++++++++++++++++++++++

ဘာအတွက် အသက်ရှင်နေတာလဲ၊

သေရမယ်ဆိုရင်တောင်မှ သေရဲပါတယ်လို့

ပြောရလောက်အောင်

တန်ဖိုးထားတာ ဘာရှိသလဲ၊

ဒီကိစ္စအတွက် ဆိုရင်တော့

အသက်သေရလည်း ပဲ အသေခံလိုက်မယ်လို့

ပြောရလောက်အောင် ကိုယ်တန်ဖိုးထားတဲ့အရာ

ဘာရှိသလဲ၊

+++++++++++++++++++++++++++

စိတ်ကျေနပ်မှု၊

စိတ်ရွှင်လန်းမှုဆိုတာ ဟာ

ကိုယ့်ရဲ့အမြင့်ဆုံး၊ အကောင်းဆုံးစွမ်းရည်ကို

သုံးလိုက်တဲ့အခါမှာ ရလာတဲ့အရာ ဖြစ်တယ်။

+++++++++++++++++++++++++++
( ဆရာတော် ဦးဇောတိက )



“ငြိမ်ဆေး…”


တစ်ခါတုန်းက ရုံးတစ်ရုံးတွင်
ရုံးစာရေးမများ အချင်းချင်း စကားများနေကြတယ်။
ဘယ်သူကမှ အလျှော့မပေးကြပါ။
ကိုယ်မှန်တယ်။သူမှန်တယ်စသဖြင့် လုပြောနေကြတယ်။
အဲဒီအချိန်မှာ ရုံးအုပ်က စိတ်တိုတိုနဲ့ပြောလိုက်တယ်။

“ဟေ့ ခဏရပ်ကြစမ်း၊
နင်တို့အထဲက အသက်အကြီးဆုံးလူက
အရင်ပြောပါစေ”


အားလုံးအသံတိတ်သွားကြတယ်။
ဘယ်သူဆီကမှ အသံမထွက်ကြတော့ပါ။

Thursday, October 13, 2011

" နာမည်ကျော် စာရေးနည်း..."



တစ်ခါတုန်းက
နိုဗယ်ဆုရ၊
ကမ္ဘာကျော် စာရေးဆရာဖြစ်တဲ့
ဘားနတ်ရှောကို
အမျိုးသမီးတစ်ဦးကမေးပါတယ်။

" နာမည်ကျော်စာရေးဆရာဖြစ်အောင်
ဘယ်လိုစာရေးရမလဲ"

ဘားနတ်ရှောက...
" ဘယ်ဘက်ကနေ ညာဘက်ကိုရေးပါ"

လို့ တိုးတိုးလေးပြန်ဖြေလိုက်ပါတယ်။





"အဲဒီအတိုင်း ဖြစ်လာဖို့ သေချာပါတယ်..."


"ကွယ်လွန်သွားခဲ့တဲ့ Appleရဲ့ဖန်ဆင်းရှင်
Steve Jobs ရဲ့ဘဝအတွေ့အကြုံစကားလုံးများ၊ ဘဝစွမ်းအားများ"





၂၀၀၅ခုနှစ်ဇွန်လ၁၂ရက်နေ့တွင် ကျင်းပခဲ့သော
Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင်
Apple Computer နှင့် Pixar animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောခဲ့တဲ့မိန့်ခွန်း။



ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့ရ မောင်မယ်များကို
တွေ့ဆုံ စကားပြောခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။
ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။
အမှန်အတိုင်းပြောရရင် ဘွဲ့နှင်းသဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။
ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျွန်တော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။
မိန့်ခွန်း အရှည်ကြီး မဟုတ်ပါ။
ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။
ဇာတ်လမ်းသုံးပုဒ် ထဲပါ။
ပထမဆုံး ဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။
ကျွန်တော် Reed College မှာ ခြောက်လပဲတက်ပြီး ကျောင်းထွက်ခဲ့ပါတယ်။
ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။
ကျွန်တော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။
ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။
ကျွန်တော့်ကို ကိုယ်ဝန် ရှိတဲ့ အချိန်မှာ
အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။
အဲဒါကြောင့်လည်း ကျွန်တော့်ကို မွေးစားဖို့ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော့်ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့
အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲလမ်းနေခဲ့ပါတယ်။
ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က
ကျွန်တော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စေ့စပ်ထားခဲ့ပါတယ်။
ဖြစ်ချင်တော့ ကျွန်တော့်ကို "အူဝဲ"ဆိုပြီး မွေးလိုက်တဲ့ အချိန်မှာ
သူတို့က မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။
ဒါကြောင့်မို့ အချိန်မတော် ညကြီး သန်းခေါင်မှာ
မွေးစား မိဘလောင်း တန်းစီစာရင်းထဲက
အခုကျွန်တော့်မိဘများကို ဖုံးဆက်ခဲ့ပါတယ်။
"ဒီမှာ မမျှော်လင့်ဘဲ ယောက်ျားလေး တစ်ယောက် ရထားတယ်။ ယူမလား…" တဲ့။
မိဘများကလဲ "သိပ်ယူတာပေါ့…" တဲ့။
အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊
ကျွန်တော့်ရဲ့ အဖေဟာလဲ အထက်တန်းကျောင်းတောင်မှ မအောင်တာကို
ကျွန်တော့ မွေးမိခင်က သိသွားတာပါ။
မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။
နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့်ရဲ့ မိဘတွေက
ကျွန်တော့်ကို "တက္ကသိုလ် ထားပေးပါ့မယ်…" လို့ ကတိပေးမှ
မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။
နောက် ၁၇ နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင် ကင်းမဲ့စွာနဲ့
Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။
ကျွန်တော်ရဲ့ တက္ကသိုလ်ပညာရေးအတွက်
အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို
ကျွန်တော်သုံးမိရက်သား ဖြစ်သွားပါတယ်။
နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့
ကျွန်တော် မထင်တော့ပါဘူး။
အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။
တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့်ရဲ့ ဘဝရည်မှန်းချက်ကို
ဘယ်လိုလုပ်ပြီး အဖြထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစာလို့ မရခဲ့ပါ။
ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေကို
တက္ကသိုလ်မှာလာပြီး ဖြုံးနေတာပါဘဲ။
ဒါနဲ့ ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။
ခု ပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ
ကျွန်တော့်ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုပါ။
ကျောင်းက ထွက်လိုက်တာနဲ့ ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို
တက်စရာ မလိုတော့တာကြောင့်
တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသား လုပ်ခဲ့ပါတယ်။
ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။
ကျွန်တော့မှာ နေစရာ အခန်းမရှိတော့ပါဘူး။
ဒီတော့ ကျွန်တော့် သူငယ်ချင်းတွေရဲ့အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။
Coke ပုလင်းတွေကို လိုက်စုပြီး
ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ ဆင့်ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။
တနင်္ဂနွေနေ့ ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး
Hare Krishna ဟိန္ဒူဘုရားကျောင်းမှာ ထမင်းတနပ် အဝ သွားစားရပါတယ်။
စားလို့ အင်မတန်ကောင်းပါတယ်။
စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊
စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း
ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ
အဖိုးမဖြတ် နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။
ဥပမာလေးတစ်ခု ပေးပါရစေ။
အဲဒီ အချိန်က Reed College မှာရှိတဲ့ စာလုံးအလှရေးနည်း သင်တန်းဟာ
တစ်နိုင်ငံလုံးမှာ အကောင်းဆုံး သင်တန်းပါ။
တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊
စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ချယ်သထားပါတယ်။
ကျောင်းက ထွက်လိုက်ပြီ ဆိုတော့
ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျွန်တော်ဟာ
စာလုံး အလှ ရေးနည်း သင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။
စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။
စာလုံးတစ်လုံးနဲ့ တစ်လုံးကြားမှာ ဘယ်လို အနီး အဝေးခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။
စာလုံးရေးနည်း ပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။
ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊
သိပံ္ပနည်းနဲ့ စူးစမ်းလို့ မရတဲ့ ပညာပါ။
ဒီပညာရပ်က ကျွန်တော့ကို ညှို့ယူ ဖမ်းစားခဲ့ပါတယ်။
ဒါတွေကို ကျွန်တော့်ဘဝမှာ
ဘယ်လို လက်တွေ့ အသုံးဝင်မလဲဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။
ဒါပေမဲ့ နောင် ၁၀ နှစ် အကြာမှာ
ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့
ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။
ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။
Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှတွေ သုံးတဲ့ PC ကွန်ပျုတာပါ။
တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော် မတက်ခဲ့ရင်...
Macintosh ကွန်ပျုတာ မှာ အင်မတန် သေသပ်ပြီး
အစိပ်အကျဲ အချိုးကျ လှပတဲ့ စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။
ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့
PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး
လို့တောင် ပြောကောင်း ပြောနိုင်ပါလိမ့်မယ်။
ကျွန်တော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာ မဟုတ်ပါ။
ဒီသင်တန်းကို ကျွန်တော် မတက်ခဲ့ရင် PC တွေပေါ်မှာ
စာလုံးလှလှ လေးတွေ ရှိကောင်းမှ ရှိမှာပါ။
မှန်ပါတယ်။
ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့
အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုး အကြောင်းတွေကို ဆက်စပ် ပုံဖော်ကြည့်ဖို့ဆိုတာ
ဘယ်ဖြစ်နိုင်ပါ့မလဲ။
နောင် ၁၀ နှစ်ကြာပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့
ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။
ထပ်ပြောရမယ်ဆိုရင်တော့
ရှေ့အနာဂါတ်မှာ ဘာတွေ ဘယ်လို ဆက်စပ်ပုံပေါ်လာမယ်ဆိုတာကို
ကျွန်တော်တို့ မမြင်နိုင်ပါ။
နောက်ပြန် ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။
ဒါကြောင့်မို့ ဘွဲ့ရ မောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေ
ဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည် ထားရပါလိမ့်မယ်။
ဘွဲ့ရ မောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။
ကံစီမံ တယ်ဆိုတာ ယုံပါ။
ကံရဲ့ အကျိုးဆိုတာ ယုံပါ။
တစ်ခုခုကိုတော့ ယုံပါ။
ဒီ ယုံကြည်ချက်ကြောင့် ကျွန်တော် ဂျောက်ကျခဲ့ရတယ်ဆိုတာ
ဘယ်တော့မှ မရှိခဲ့ပါဘူး။
ကျွန်တော့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ
ဒီ ယုံကြည်ချက်ကြောင့်ပါဘဲ။

ကျွန်တော့်ရဲ့ ဒုတိယ ဇာတ်လမ်းကတော့...
အချစ်နဲ့ အရှုံး အကြောင်းပါ။
ကျွန်တော် ကံကောင်းခဲ့ပါတယ်။
ကျွန်တော် တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲဆိုတာ
အသက်ငယ်ငယ်မှာ ရှာဖွေ တွေ့ရှိခဲ့တာပါ။
ကျွန်တော့် မိဘတွေရဲ့ ကားဂိုဒေါင်ထဲမှာ
Apple ကို Woz နဲ့အတူ စတင် တည်ထောင်စဉ်က
ကျွန်တော့်အသက် ၂၀ ဘဲရှိပါသေးတယ်။
ကျွန်တော်တို့ ၂ ယောက် တကယ် အလုပ်ကြိုးစားခဲ့ကြတာပါ။
Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင်ထဲက
ကျွန်တော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် တဲ့၊
ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို
ဈေးကွက်တင်ပြီး တစ်နှစ်လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။
အဲဒီမှာ– ကျွန်တော် အလုပ်က အထုတ်ခံရပါတယ်။
ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လို လုပ်ပြီး အထုတ်ခံ ရနိုင်ပါ့မလဲ။
အဲ– ဇာတ်လမ်း ကတော့ ဒီလိုပါ။
Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ
ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်ကို
ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ် ခန့်ခဲ့ပါတယ်။
ပထမ တစ်နှစ်လောက်ကတော့ အတော်လေး အဆင်ပြေပါတယ်။
ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ် အလား အလာတွေနဲ့ပတ်သက်ပြီး
အမြင် မတူတာတွေ ပေါ်လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အကြီးအကျယ် ကတောက် ကဆ ဖြစ်တဲ့ အထိပါဘဲ။
ဒီ ကတောက်ကဆ ဖြစ်တဲ့အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က ရပ်ခဲ့ပါတယ်။
ဒါနဲ့ ကျွန်တော်ဟာအသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။
တကယ့်ကို ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ် ခံရတာပါ။
ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို ပုံပြီး
စိုက်လိုက်မတ်တပ် လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။
ဒါဟာ ကျွန်တော့်အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။
လပေါင်း အတော်ကြာ တကယ့်ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။
တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများ အပေါ်မှာ
ကျွန်တော် တာဝန်မကျေဘူးလို့လဲ ခံစားခဲ့ရပါတယ်။
သူတို့က လက်ဆင့်ကမ်း ပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊
လက်ဆင့်ကမ်း ပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျ ခဲ့တဲ့သူလို ခံစားရတာပါ။
ကျွန်တော်ဟာ David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။
ပြီးတော့ ကျွန်တော့်ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို
ကြိုးစားပြီး တောင်းပန်ခဲ့ပါတယ်။
ကျွန်တော့် ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။
Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေးသွားဖို့အထိတောင်
ကျွန်တော် စဉ်းစားခဲ့ပါတယ်။
ဒါပေမဲ့ အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေးနဲ့ သတိ ပြုမိလာပါတယ်။
အဲဒါကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို
ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။
Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေဟာ
ကျွန်တော့်ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။
ကျွန်တော့်ကို ကန်ထုတ်တာ ခံရပေမဲ့ ကျွန်တော်ကတော့ ချစ်ခင် စွဲလမ်းလျှက်ပါ။
ဒါကြောင့်လဲ ကျွန်တော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ
ကျွန်တော့် ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ
အကောင်းဆုံး အဖြစ်ပါ။
အဲဒီ အချိန်ကတော့ ဒီလို မတွေးခဲ့မိပါဘူး။
အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို
ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။
အရာရာတိုင်းမှာ မသေချာမှုတွေ ချည်းပါဘဲ။
ဒီဖြစ်ရပ်ကဘဲ ကျွန်တော့ကို အနှောင်အဖွဲ့တွေကကင်းလွတ်ခွင့်ပေးပြီး
ကျွန်တော့်ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။
နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော် တည်ထောင်ပါတယ်။
Pixar ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော် တည်ထောင်ပါတယ်။
ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီး တစ်ယောက်နဲ့ မေတ္တာမျှပြီး
ကျွန်တော် အိမ်ထောင်ပြုခဲ့ပါတယ်။
Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီး ထုတ်လုပ်ခဲ့တာပါ။
ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံး ကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။
ပြောစမှတ်ပြုစရာ Apple ကို အလှည့်အပြောင်းမှာ
Apple က ကျွန်တော့်ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။
ကျွန်တော် Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ပြန်ရောက်သွားပါတယ်။
NeXT မှာ ကျွန်တော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Appleရဲ့ ဗဟိုချက်မှာ ရှိပါတယ်။
Laurene နဲ့ ကျွန်တော်တို့ကတော့
အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။
ကျွန်တော်သာ Apple က အလုပ်ထုတ် မခံခဲ့ရရင်
ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ အတော် သေချာပါတယ်။
အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။
ဒါပေမဲ့ လူနာကို ကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံပါဘဲ။
တစ်ခါတစ်လေတော့လဲ ဘဝမှာ ခေါင်းကို အုတ်ခဲနဲ့ ထုသလို ခံရတာမျိုး ရှိပါတယ်။
အဲဒီအချိန်မှာ...
မိမိ ယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။
ကျွန်တော့်ရဲ့ ဘဝ တစ်လျှောက်လုံးမှာ
အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေးနေခဲ့တာဟာ
ကျွန်တော့်အလုပ်ကို ကျွန်တော် ချစ်ခင် စွဲလမ်းမှုဘဲလို့ ကျွန်တော်ယုံကြည်ပါတယ်။
ဘွဲ့ရ မောင်မယ်တို့လဲ ကိုယ့်ရဲ့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာပါ။
ဒီအဆိုဟာ မောင်မယ်တို့ရဲ့ ချစ်သူရည်းစား ရှာဖို့နဲ့ ဆိုင်သလို
အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။
ခုချိန်ထိ မတွေ့သေးဘူး ဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။
ရရာနဲ့ မကျေနပ်ကြပါနဲ့။
နှလုံးသားရေးရာ ကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား
ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။
ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း
နှစ်ကြာလေ ပိုပြီးခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အေင်ရှာကြပါ။
ရရာလေးနဲ့ မရောင့်ရဲလိုက် ကြပါနဲ့။


ကျွန်တော့်ရဲ့ တတိယ ဇာတ်လမ်းကတော့
သေခြင်းတရား အကြောင်းပါ။
ကျွန်တော် အသက် ၁၇ နှစ်မှာ ကောက်နှုတ်ချက် စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။
မှတ်မိသလောက် ဆိုရင်တော့
"နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင်
တနေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာဖို့ သေချာပါတယ်…" တဲ့။
ဒီစာသားက ကျွန်တော့်စိတ် မှာထင်ဟပ် သွားခဲ့ပါတယ်။
အဲဒီ ကစပြီး နောက် ၃၃ နှစ်လုံး မနက် အိပ်ရာထမှာ
မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။
" ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင်...
ဒီနေ့ လုပ်မယ့်အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား…"
မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက်
"မလုပ်ချင်ဘူး" ဖြစ်နေပြီ ဆိုရင်တော့
အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါ တယ်။
ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို
ချရာမှာ အရေးကြီးဆုံး အထောက်အပံ့ ကိရိယာအဖြစ်
ကျွန်တော် တွေ့ရှိခဲ့တာကတော့ သေခြင်းတရားဟာ
လက်တကမ်းမှာဘဲ ရှိတယ်လို့ သတိထားဖို့ပါ။
ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊
ဂုဏ်မာနတွေ၊
အရှက်ကွဲမှာ
ဒါမှမဟုတ်
ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ
ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့
ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး
တကယ့်ကို အရေးကြီးတဲ့ အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။
မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့
အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ
ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့
မင်းဟာ သေရတော့မှာ ဘဲလို့ သတိထားခြင်းပါ ။
မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။
အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို
မလိုက်ဘဲနေဖို့ရာအကြောင်းမရှိတော့ပါ။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က
ကျွန်တော့်မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
မနက် ၇ နာရီ ခွဲမှာ ဆေးဓာတ်မှန် ရိုက်ပါတယ်။
ကျွန်တော့်ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ
ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။
သရက်ရွက်ဆိုတာ ဘာလဲဆိုတာတောင်မှ ကျွန်တော် မသိခဲ့ပါ။
ဒီလို ကင်ဆာမျိုးဟာ ကုစရာ ဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့
အတော်သေချာတယ်လို့ ကျွန်တော့်ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။
ပြီးတော့ နောက် ၃ လ ကနေ ၆ လ အထိဘဲ နေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။
ဒါဟာ ဘာအဓိပ္ပါယ်လဲဆိုတော့ ကျွန်တော့်ရဲ့ ကလေးတွေကို
နောင် ၁၀ နှစ် အတွင်းမှာ ပြောပြဖို့ စဉ်းစားထားသမျှကို
နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင် ပြောဖို့ ကြိုးစားပါဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။
ကျန်ရစ်သူ မိသားစု ဒုက္ခမများရလေအောင်
ရှိသမျှ ကိစ္စတွေ အားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။
သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။
တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့်ကို လွှမ်းမိုးထားခဲ့ပါတယ်။
အဲဒီနေ့ ညနေမှာတော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။
ခန္ဓာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို
ကျွန်တော့် လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကို ဖြတ်ပြီး
အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။
ပြီးတော့မှ ကျွန်တော့ရဲ့ သရက်ရက်ကို အိပ်နဲ့ စိုက်ပြီး
အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။
ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့ တာက ဒီအသားစကို
အဏှုကြည့် မှန်ဘီလူးအောက်မှာ
ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ "ဟေးကနဲ…" ထပြီး အော်ခြဲ့ ကပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ ကင်ဆာဟာ
အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီး ကုသလို့ရတဲ့ သရက်ရက်ကင်ဆာမျိုး ဖြစ်နေလို့ပါ။
ကျွန်တော် ခွဲစိတ် ကုသခံခဲ့ရပါတယ်။
ကျွန်တော် အခု နေကောင်းပါပြီ။
ဒါဟာ ကျွန်တော့အဖို့ သေခြင်းတရားနဲ့ အနီးကပ်ဆုံး ရင်ဆိုင်ဖြစ်ခြဲ့ ခင်းပါဘဲ။
နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီး
နီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။
ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့်
ဘွဲ့ရမောင်မယ်တို့ကို သေခြင်းတရားအကြောင်း ပြောပြရာမှာ
သုံးဖြစ်ရုံ ဉာဏ်သိ အဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး
သေသေချာချာ ကျွန်တော် ပြောနိုင်ပါပြီ။
ဘယ်သူမှ မသေချင်ပါဘူး။
ကောင်းကင်ဘုံကို သွားချင်တဲ့ သူများတောင်မှ
အဲဒီကို ရောက်ဖို့ မသေချင်ကြပါဘူး။
သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။
ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။
ဒါဟာလဲ ဖြစ်သင့်လို့ပါ။
ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံး ဖန်တီးမှုဟာ
မရဏတရား ဖြစ်စရာအကြောင်း ရှိပါတယ်။
မရဏ တရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲ ဖြစ်အောင်
ဖော်ဆောင် ပေးတဲ့အရာပါ။
မရဏတရားက ဟောင်းဆွေး အိုမင်းမှုတွေကို ဖယ်ရှားပြီး
နုပျို သစ်လွင်မှုတွေနဲ့ အစားထိုး ပေးနေပါတယ်။
ဒီနေ့ ဒီအချိန်အခါမှတော့ ဘွဲ့ရ မောင်မယ်တို့ဟာ
နုပျို သစ်လွင်မှုတွေနဲ့ အပြည့်ပါ။
သို့သော် မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။
ပြီးတော့ အဖယ်ရှား ခံကြရမှာပါ။
စိတ်ထိခိုက်အောင် ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။
သို့သော်လဲ ဒါက အမှန်တရားပါ။
ဘွဲ့ရ မောင်မယ်တို့မှာ အချိန်တွေ အများကြီး မရှိတော့ပါဘူး။
ဒီတော့ တစ်ခြားသူတွေ နေသလိုဘဲ နေပြီး အချိန်ကို မဖြုန်းပါနဲ့။
သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေရတဲ့ ဘဝကို
တရားသေ ဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။
မိမိရဲ့ အတွင်းစိတ်က နှိုးဆော်သံကို
သူတပါးတွေရဲ့ ထင်မြင်ချက် အနှောင့်အယှက်သံတွေက
ဖုံးလွှမ်း မသွားပါစေနဲ့။
ဒီထက်ပိုပြီး အရေးကြီးဆုံး အချက်ကတော့
ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်း အသိစိတ်တို့က ခေါ်ဆောင် ရာကို လိုက်ပါ။
သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ် ဆိုတာကို သိနေကြပြီးသားပါ။
ကျန်တဲအရာတွေ အားလုံးက သာမညအချက်တွေပါ။
ကျွန်တော် ငယ်စဉ်အခါက
“The Whole Earth Catalog” ဆိုတဲ့
အင်မတန် ပြောင်မြောက်တဲ့ ကတ်တလောက်စာအုပ် တစ်ခု ရှိခဲ့ဘူးပါတယ်။
ဒီစာအုပ်ဟာ အဲဒီတုန်းက ကျွန်တော်တို့တွေ အတွက်တော့
ကိုးကွယ်စရာ ကျမ်းစာတွေထဲက တစ်အုပ်ပေါ့။
အဲဒီ စာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့
သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆိုသူပါ။
ဒီစာအုပ်ကို သူက ကဗျာဆန်ဆန် အလှတွေနဲ့ ချယ်မှုန်းပြီး ထုတ်ဝေခဲ့တာပါ။
ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခု နှောင်းပိုင်းကာလ
ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။
အဲဒီတော့ စာအုပ် တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊
ကပ်ကြေးနဲ့ ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး
စာအုပ်ကို ဖန်တီးရတာပါ။
Google ကို စာအုပ်အဖြစ် ဖတ်ရသလိုပါဘဲ။
ဒီစာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။
တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။
စာအုပ် တစ်ခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့
အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။
Stewart နဲ့ သူ့အဖွဲ့သားတွေဟာ
“The Whole Earth Catalog ” စာအုပ် တော်တော် များများကို ထုတ်ဝေခဲ့ပါတယ်။
ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့ အခါမှာတော့
သူတို့တစ်တွေ နောက်ဆုံး နှုတ်ဆက်ခြင်း စာအုပ်ကို ထုတ်ကြပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်က ခုဘွဲ့ရ မောင်မယ်တို့ရဲ့ အရွယ်၊
၁၉၇၀ နှစ်လယ်ကာလများပါ။
နှုတ်ဆက် စာအုပ်ရဲ့ ကျောဖုံးပုံက
မနက်စောစော တောဘက်က ကားလမ်းလေး တစ်ခုရဲ့ ဓာက်ပုံပါ။
စွန့်စားခန်း အင်မတန်ကြိုက်သူများ ကားကြုံစီး ခရီးထွက်ရာမှာ
တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။
အောက်မှာ စာတန်းလေးရေးထားပါတယ်။
"ဆာလောင် မွတ်သိပ်ပါ။ အရူးထပါ။" တဲ့။
ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံး နှုတ်ဆက်တဲ့ စကားပါ။
ကျွန်တော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်း တောင်းခဲ့ပါတယ်။
ခုဘွဲ့ရ မောင်မယ်တို့ ဘဝအသစ် စကြရတော့မယ်ဆိုတော့
မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။
"ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…"
အားလုံးကိုကျေးဇူးတင်ပါတယ်။
( Steve Jobs)
++++++++++++++++++++++++

(မြန်မာပြည်ကပေးပို့သူ ရှေ့နေမလေးနီဝမ်း၊

ဆရာဦးကျော်ဝင်း(ကယ်လီဖိုးနီးယား)
နှင့် ဆရာမ ဒေါ်ထွေးလေးခိုင်(ကယ်လီဖိုးနီးယား)

တို့ကိုအထူးကျေးဇူးတင်ပါတယ်)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com