Tuesday, September 13, 2011

" ဘဝကို ရောင်းမစားပါနဲ့..."




မြင့်မြတ်တဲ့ဘက်ကို သွားနေမှ

တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာဖြစ်နိုင်တယ်။

ကိုယ့်ရဲ့ အကောင်းဆုံးဂုဏ်၊

အကောင်းဆုံးအရည်အချင်းတွေ

အမြင့်ဆုံးရောက်အောင် အကောင်အထည်ဖော်နေမှ

တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာ ဖြစ်နိုင်တယ်။

တစ်နေ့တခြားပိုပြီး မြင့်မြတ်တာကို သိမှပဲ

တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာ

ဖြစ်ပေါ်လာတယ်။

+++++++++++++++++++++++

ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ထွက်လေ၊ဝင်လေကို

သတိလေးနဲ့ကပ်ပြီးသိနေရတဲ့အချိန်မှာ

ဘာမှ မတွေးဘဲနဲ့နေရတဲ့အတွက် ကြည်လင်

အေးချမ်းပြီးတော့ မြင့်မြတ်နေတယ်ဆိုတာ

တွေ့ရတယ်။

+++++++++++++++++++++++

အဓိပ္ပာယ်ရှိတဲ့ဘဝအမြင်ကို ရထားတဲ့သူဟာ

ဘယ်လောက်ဒုက္ခနဲ့

ကြုံရ၊ကြုံရ၊ခံနိုင်တယ်။

+++++++++++++++++++++++

ဒုက္ခနဲ့တွေ့ရလို့ စိတ်ဓာတ်မကျဘူး။

လောကဓံကို အရှုံးမပေးဘူး။

ကိုယ့်ရဲ့မြင်မြတ်တဲ့စိတ်ထားကို

အပျက်မခံဘူး။

ဘဝကို ရောင်းမစားဘူး။

ကိုယ့်ကိုယ်ကို ကိုယ်တန်ဖိုးမချဘူး။

အားလုံးကို ခံနိုင်ရည်ရှိအောင်

မြင့်မြတ်တဲ့စိတ်ထားက

ခံနိုင်ရည်ကိုပေးတယ်။

+++++++++++++++++++++++

သတိရှိလာတဲ့သူကျတော့

စိတ်ချမ်းသာမယ့်စကား ကိုပြောတယ်။

အကျိုးရှိမယ့်စကားကိုပဲ ပြောတယ်။

+++++++++++++++++++++++

ဘယ်ခေတ်မှာ ဖြစ်စေ

အကောင်း အဆိုးရောနေတာပါ။

ခေတ်ဆိုတာ လူတွေအပေါ်မှာမူတည်ပါတယ်။

+++++++++++++++++++++++

မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ် ကို အာရုံပြုတာများရင်

ကိုယ်ကိုယ်တိုင် မြတ်မြတ်တဲ့သူ ဖြစ်ချင်လာတယ်။

+++++++++++++++++++++++

ကောင်းတဲ့အလုပ်၊

အရေးကြီးတဲ့အလုပ်၊

တန်ဖိုးရှိတဲ့အလုပ်တွေကို

သဘောထားကြီးကြီး၊

ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်နေတဲ့သူဟာ

သူများက ကိုယ့်အကြောင်း ချီးမွမ်းတာကိုလည်း

ခေါင်းထဲမှာ ကြာကြာမထားနိုင်ဘူး၊

ကဲ့ရဲ့တာကိုလည်း ခေါင်းထဲမှာ ကြာကြာမထားနိုင်ဘူး။

+++++++++++++++++++++++

ငါ့ကို ဘယ်သူမှ မကောင်းမပြောရင်

ငါဟာ ရင့်ကျက်လာတဲ့သူဖြစ်မလာနိုင်ဘူး။

+++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)


+++++++++++++++++++++++++++++++++++++++++++++++++++



ဘုရားရှင် ကျေးဇူးတော်...

၁။ ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊
လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။


၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ သိကြရ၊ များလှ ကျေးဇူးပေ။


၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊
နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊
ပရိယတ်နှင့်၊ ပဋိပတ်နှစ်ဖြာ၊
သာသနာကို၊ ကောင်းစွာ ကြိုးကုတ်၊
လွန်အားထုတ်၊ အဟုတ်ကျင့်ကြစေ။


(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

++++++++++++++++++++++++++++++++++++++++

ဓမ္မသံဝေဂ လင်္ကာ

၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရမည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါအောက်လူ ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ အိုစမြဲ ငါလဲ သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

Monday, September 12, 2011

"စကားမပြောတဲ့မိန်းမဆိုတာ..."


ကျနော်နဲ့ကိုလှမြင့်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော်ခွဲခွာပြီးမှ

ပြည်ပနိုင်ငံမှာ ပြန်ဆုံကြတော့ ဘာမဆိုရင်ဖွင့်လေ့ရှိကြတယ်။

တစ်နေ့တော့ ကိုလှမြင့်က ပြောစရာရှိတဲ့အတွက်

စတားဘတ်ခ် (Starbucks Coffee Shop ) ကော်ဖီဆိုင်မှာ ချိန်းဆိုကြတယ်။

ကိုလှမြင့်က

starbucks ကော်ဖီဆိုင်မှာ ထိုင်ချလိုက်တာနဲ့

ကျနော့်ကို ပြောပါတော့တယ်။

“ ငါ့ မိန်းမနဲ့ကွာတော့မယ်၊

သူ ငါ့ကို စကားမပြောတာ ကိုးလတိတိရှိပြီကွ ”


ကျနော်ကစဉ်းစဉ်းစားစားပြန်ပြောလိုက်ပါတယ်။

“ ဟေ့ လှမြင့်၊

မင်း အလျင်မလိုနဲ့၊

ပြန်စဉ်းစားနော်၊

ဒီလိုမိန်းမမျိုး

မင်း နောက်ထပ် ရှာတွေ့မှာ

မဟုတ်ဘူးနော်... ”

Sunday, September 11, 2011

" စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့..."


ကိုယ့်လမ်းကို လျှောက်ပါ။

အများအကျိုး၊
ရွက်သည်ပိုးက။
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။
မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့။

(ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)

++++++++++++++++++++++++++++++++++++++++++++


၁။ မတည့်တဲ့အစာ မစားရ
၂။ တည့်တဲ့အစာကိုလည်း သင့်တော်ရုံသာစားပါ။
၃။ ဒေါသ မဖြစ်ရ
( ဗန်းမော်ဆရာတော် Dr. ကုမာရာဘိဝံသ )

(မှတ်ချက်။ ။ ရုပ်ကို ဖျက်ဆီးတာက မတည့်တဲ့ အစားအစာ။

စိတ်(နာမ်)ကို ဖျက်ဆီးတာက ဒေါသစတဲ့ အကုသိုလ်ကိလေသာ။)

+++++++++++++++++++++++++++++++++++++++++++

သားကောင်း၊သားမြတ်ဖြစ်စေရန်အတွက်
အဓိကလိုအပ်ချက်ကား…
မိမိ၏သားသမီးများကို
မိမိထက်ပို၍ စာဖတ်ဝါသနာပါပါစေ။


++++++++++++++++++++++++++++++++++++++++++

“ အို…စုန္ဒ ကုသိုလ်ကောင်းမှုတို့၌ စိတ်ကူးကြံစည်ရုံမျှနှင့်ပင်လျှင်
အကျိုးကျေးဇူးများလှပေ၏ ဟု
ငါဘုရား ဟောတော်မူ၏။
ကိုယ်ရော၊နှုတ်ပါ ပြုကျင့်ပါက အကျိုးကျေးဇူးများခြင်း၌
အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။

အနည်းငယ်သော ကောင်းမှုသည်
(ငါ့အား) အကျိုးရောက်လိမ့်မည်မဟုတ်ဟု

ကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ၊

မိုးရေပေါက်ကျဖန်များလတ်သော် ရေအိုးပြည့်သကဲ့သို့
ပညာရှိသည် အနည်းငယ်သော ကောင်းမှု ကိုပြု ဆည်းပူးဖန်များလတ်သော်
နတ်ရွာနိဗ္ဗာန်ကို ရစေနိုင်သော ကောင်းမှုဖြင့်ပြည့်၏။
(ဓမ္မပဒ)


++++++++++++++++++++++++++++++++++++++++

လူတွေ ဆင်းရဲဒုက္ခ ရောက်ရတာကိုကြည့်ရင်

မကောင်းတဲ့ စိတ်တွေကြောင့် ဖြစ်တယ်။
မကောင်းတာတွေ ပြု၊
မကောင်းတာတွေ ပြော၊
မကောင်းတာတွေ ကြံပြီး
ဆင်းရဲ ဒုက္ခရောက်ကြတယ်။

ကောင်းတဲ့ စိတ်တွေကြောင့်...
ကောင်းတာတွေ ပြုမယ်၊
ကောင်းတာတွေ ပြောမယ်၊
ကောင်းတာတွေ ကြံမယ်ဆိုရင်
ကောင်းကျိုးချမ်းသာ မင်္ဂလာတွေ ပြည့်စုံကြရမှာပါ။

(ရွှေဥမင်ဆရာတော်ဘုရားကြီး)

+++++++++++++++++++++++++++++++++++++++++++++++++


“ သေလျှင်ခြောက်ချက် ”

၁။ အစားအသောက် မည်မျှစားနိုင်သည်ဆိုစေကာမူ အပြီးသတ်ငတ်၍ သေပါလိမ့်မည်။
၂။ ပစ္စည်းဥစ္စာမည်မျှ ချမ်းသာသည်ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။
၃။ ဆဒ္ဒန်ဆင်မင်း ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
၎။ စကားပြော မည်မျှကောင်းသည်ဆိုစေကာမူ အ၍ သေပါလိမ့်မည်။
၅။ နတ်မမီ လူမမျှ လှပသည်ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။
၆။ စုံမက်ချစ်ခင်သူမည်မျှ များသည်စေကာမူ အမုန်းခံ၍ သေပါလိမ့်မည်။ ( ရွှေမင်းဝံဆရာတော်ဘုရားကြီး၏ သေလျှင်ခြောက်ချက်ဟူသော မရဏနုဿတိ တရားတော်…)

++++++++++++++++++++++++++++++++++++++++++++
အမရပူရမြို့၊ မဟာဂန္ဒာရုံဆရာတော်အရှင်ဇနကာဘိဝံသ ချမှတ်တော်မူခဲ့သော
ကျောင်းတိုက်စည်းကမ်းမူ (၁၀)ချက်။
(ရဟန်းတော်ကောင်းဖြစ်ဖို့/ လူတော်လူကောင်းဖြစ်ဖို့ ပြည့်စုံရမည်အချက်များဖြစ်သည်)
ဤကျောင်းတိုက်၌...
၁။ စိတ်ကောင်းရှိဖို့က ပဌမ

၂။ ၀ိနည်းလေးစားဖို့က (ကိုယ်ကျင့်တရားလေးစားဖို့က) ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၎။ သန့်ရှင်းဖို့က စတုတ္တ
၅။ အ၀တ်အစား တတ်ဖို့က ပဉ္စမ
၆။ အနေအထိုင် တတ်ဖို့က ဆဋ္ဌမ
၇။ အသွားအလာ တတ်ဖို့က သတ္တမ
၈။ အပြောအဆို တတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က န၀မ
၁၀။ စာတတ်ဖို့က ဒဿမ
ဤ (၁၀) ချက်ကို အစဉ်အတိုင်း လိုက်နာရမည်။
(မဟာဂန္ဒာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
+++++++++++++++++++++++++++++++++++++++++++++++++++++++++++

အသိပညာဆိုတာ မိမိကိုယ်ကို ပိုမိုပြည့်ဝစေတယ်။
ကိုယ့်ဆီက သူများယူသွားလို့ မရနိုင်ဘူး။
(ပဒါရူးစကီး)

++++++++++++++++++++++++++++++++++++++++++++++++++++

“ သေမင်း၏ တမန်ဖြစ်သော အရွယ်သုံးပါးကို ဆောင်တတ်သော ဤဆံပင်ဖြူသည်
ငါ့အားပေါက်ရောက်ခဲ့ပြီ၊
ငါသည် ရဟန်းပြုရန် အချိန်တန်လေပြီ ”
( ဤကား ဆံပင်ဖြူတစ်ချောင်းပေါက်လာသည်ကိုပင်
သံဝေဂ အကြီးအကျယ်ယူပြီးတောထွက်သွားသော
မဃဒေဝမင်းကြီး၏ သံဝေဂဥဒါန်းပင် ဖြစ်ပါသည်။)

+++++++++++++++++++++++++++++++++++++++++++

ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့၊
ခုလောက်ကြိုးကုတ် အားမထုပ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏၊
ရှေးခါ ဘိုးဘ လက်ထက်ကလျှင်၊
ရသည့်တန်ခိုး ထပ်မညှိုးဖို့၊
အားကြိုးမာန်တက် ငါဆောင်ရွက်သည် ....
ဆက်လက် တည်တံ့ပါစေသော်။

(မဟာဂန္ဒာရုံဆရာတော် အရှင်ဇနကာဘိဝံသ)


+++++++++++++++++++++++++++++++++++++++

တစ်ပင်သော သရက်ပင်သည် အသီးများစွာ သီးသည်။
တစ်ပင်သော သရက်ပင်ကား တစ်လုံးတစ်လေမျှ မသီးချေ။
သီးသောအပင်မှ သရက်သီးများကို နန်းတွင်းသူ နန်းတွင်းသားများက ပစ်ချခြင်း၊
ပုတ်ချခြင်း၊ တက်ခူးခြင်းတို့ဖြင့် ဖျက်ဆီးကြသောကြောင့်
သရက်ပင်မှာ မိမိအသီးကပင် မိမိကို ပြန်ဒုက္ခပေးကာ ပျက်စီးရလေသည်။
အသီးမသီးသော သရက်ပင်မှာကား
မည်သူမျှ အရေးမစိုက်သောကြောင့် ပကတိအတိုင်းပင် မပျက်မစီးတည်ရှိနေသည်။
ငါတို့ ရှင်ဘုရင်အဖြစ်ကား အသီးသီးသော သရက်ပင်နှင့်တူ၏။
တောမှာနေသော ရသေ့ရဟန်းတို့၏အဖြစ်ကား အသီးမသီးသော သရက်ပင်နှင့်တူ၏။ စည်စိမ်ဥစ္စာ ပေါများသော ငါတို့အား ဘေးရန်များသလောက်
စည်စိမ်ဥစ္စာမရှိသော ရဟန်းတို့သည်ကား ဘေးရန်ကင်းပေစွ။
ဤသံဝေဂနှင့် တကွ ဇနကမင်းကြီးသည် တောထွက်ကာ ရသေရဟန်းပြုခဲ့လေသည်။
(အလောင်းတော် ဇနကမင်းကြီး )


++++++++++++++++++++++++++++++++++++++++++
မှန်ထဲမှာ ကိုယ့်အမူအရာအတိုင်းပေါ်သလို ကိုယ်ပြုသမျှ ကိုယ့်မှာပေါ်လိမ့်မည်။
(စူဠကမ္မ၀ိဘင်္ဂသုတ်မှ အနှစ်ချုပ်)
၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။
၂။ မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျှားအသက်ကို။
၃။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။
၎။ သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။
၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
၆။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။
၇။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။
၈။ ဣဿာမထား၊ ၀မ်းမြောက်ငြား၊ ပေါများခြံရံကို။
၉။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခန်းဥစ္စာဆို။
၁၀။ စွန့်ကြဲလေတုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။
၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
၁၃။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအ ပညာဆို။
၁၄။ ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်မှ)

++++++++++++++++++++++++++++++++++++++++++++++
++++++++++++++++++

“ အလှူဒါန၏ မျက်မှောက်အကျိုးငါးပါး…”

အလှူဒါနဝတ္ထုလှူဒါန်းသော အလှူရှင်သည်-
၁။ လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း၊
၂။ သူတော်ကောင်းတို့ မှီခိုဆည်းကပ်ခြင်း၊
၃။ ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်ကြားခြင်း၊
၎။ ပရိသတ်၎ ပါးသို့ ရွံရှာခြင်းကင်း၊ ရဲတင်းစွာ ချဉ်းကပ်ခြင်း၊
၅။ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရောက်ခြင်း။
ဟူသော အကျိုးထူးတို့ကို ရရှိခံစားရ၏။

Saturday, September 10, 2011

" အကြီးမားဆုံး သတ္တိရှိတဲ့သူ..."


သူများနောက်ကိုမလိုက်ဘဲနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်၊

ကိုယ်လမ်းကို ကိုယ်ရွေးချယ်တဲ့သူဟာ

အကြီးမားဆုံးသတ္တိရှိသူပဲ။

တော်ရုံတန်ရုံသတ္တိမဟုတ်ဘူး။

++++++++++++++++++++++++++++++++++

လာဘ်လာဘ ရဖို့က တစ်လမ်း၊

ဒုက္ခခပ်သိမ်းချုပ်ငြိမ်းဖို့၊ (နိဗ္ဗာန်ကိုရဖို့ရာလမ်းက)တစ်လမ်း။

(ဗုဒ္ဓ)

++++++++++++++++++++++++++++++++++

စိတ်ဓာတ်နဲ့အသိဉာဏ်အရင့်ကျက်ဆုံးနဲ့

အမြင့်မားဆုံးဖြစ်အောင်ကြိုးစားနေတဲ့သူဟာ

ဘယ်လိုအချိန်အခါ၊

ဘယ်တိုင်းပြည်၊

ဘယ်လူမျိုး၊

ဘယ်လိုယဉ်ကျေးမှုထဲမှာ နေရ၊နေရ

သူဟာ အဲဒီအခြေအနေတွေအားလုံးကိုနားလည်ပြီးတော့

ဖြစ်နိုင်သမျှ အကောင်းဆုံးလုပ်မှာပဲ။

++++++++++++++++++++++++++++++++++

အလုပ်နဲ့ပတ်သက်ပြီးတော့

ငွေကြေးရရုံနဲ့ မကျေနပ်ဘူး။

ပညာဗဟုသုတ မြင့်မားဖို့၊

စိတ်နေသဘောထားမြင့်မြတ်ဖို့၊

မိတ်ဆွေကောင်းတိုးဖို့၊

ကျန်းမာရေး မထိခိုက်ဖို့၊

အများအကျိုးဆောက်ရွက်နိုင်ဖို့၊

ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အလုပ်လုပ်တယ်။

+++++++++++++++++++++++++++++++++

ဉာဏ်ပညာနဲတဲ့သူဟာ

ကိုယ့်ကျိုးကို ဦးစားပေးတယ်။

ဉာဏ်ပညာကြီးတဲ့သူဟာ

အများအကျိုးကို ဦးစားပေးတယ်။

+++++++++++++++++++++++++++++++++

ဘယ်လိုအလုပ်မျိုးကိုပဲလုပ်လုပ်၊

မိမိလုပ်တဲ့အလုပ်နဲ့မိမိကိုယ်ကို မိမိပူဇော်နိုင်ရမယ်။

လေးစားနိုင်ရမယ်။

မိမိကိုယ်ကို အလုပ်နဲ့ ပူဇော်ရမယ်။

+++++++++++++++++++++++++++++++++

သတိနဲ့နေ၊

သတိနဲ့လုပ်တဲ့သူဟာလုပ်သမျှ

ကိစ္စအားလုံးကို လေးလေးစားစားလုပ်တယ်။

ဒီနည်းနဲ့မိမိကိုယ်ကို ပူဇော်တယ်။

++++++++++++++++++++++++++++++++++

တကယ်ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူဆိုရင်

ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့

အများအကျိုးများမယ့် အလုပ်ကိုလုပ်တယ်။

++++++++++++++++++++++++++++++++++

မင်းဟာ

မင်းတတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်

လုပ်ရမယ်။

++++++++++++++++++++++++++++++++++

ကိုယ်နဲ့အကိုက်ဆုံးဖြစ်တာကို

ပြတ်ပြတ်သားသားရွေးချယ်ဆုံးဖြတ်နိုင်ရမယ်။

ဒါ ကိုယ့်ကိုယ်ကို သစ္စာရှိတာပဲ.

++++++++++++++++++++++++++++++++++

မလုပ်ရရင် မနေနိုင်တဲ့အလုပ်ဟာ

ဘာအလုပ်လဲ၊

ငါ့မှာ ဘယ်လိုအရည်အချင်းတွေရှိသလဲ။

ငါ့ရဲ့အကောင်းဆုံးအရည်အချင်းဟာ ဘာလဲ။

++++++++++++++++++++++++++++++++++

ဘယ်သူကိုမှ တုစရာမလို၊

ပြိုင်စရာမလိုဘဲနဲ့ ငါ့စိတ်နဲ့ငါ

အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့အလုပ်ဟာ ဘာလဲ

++++++++++++++++++++++++++++++++++

ငါ သေခါနီးမှာ

ငါတစ်သက်လုံးလုပ်ခဲ့တာတွေကို ပြန်တွေးမိရင်

ဘယ်အလုပ်ကို စိတ်ထဲမှာ ကျေနပ်မှုအရှိဆုံးဖြစ်မလဲ။

ဒီအလုပ်လုပ်ခဲ့ရလို့ ငါ လူဖြစ်ရကျိုးနပ်ပြီ.

သေပျော်ပြီလို့ ပြောနိုင်လောက်တဲ့အလုပ်ဟာ

ဘယ်အလုပ်မျိုးဖြစ်မလဲ

++++++++++++++++++++++++++++++++++

ငါ သေပြီးနောက်...

ငါ့ကို လူတွေအမှတ်ရလို့ ငါ့အကြောင်းပြောကြမယ်ဆိုရင်

ငါ့အကြောင်းဘယ်အချက်တွေကိုပြောတာမျိုးဖြစ်စေချင်သလဲ။

++++++++++++++++++++++++++++++++++

ဒီအလုပ်ကိုလုပ်ဖို့ ငါ လူဖြစ်လာတာပါလို့

ပြောနိုင်လောက်တဲ့အလုပ်က

ဘယ်အလုပ်လဲ။

အလုပ်ဆိုတာ ကိုယ့်ဘဝမှာ အရေးပါတဲ့ကိစ္စဖြစ်တယ်။

++++++++++++++++++++++++++++++++++

အခု ငါလုပ်နေတဲ့အလုပ်က ငါတန်ဖိုးထားတဲ့အလုပ်။

ဒီအလုပ်ကို ပစ္စည်းဥစ္စာ၊ငွေကြေးရသည်ဖြစ်စေ၊မရသည်ဖြစ်စေလုပ်မယ်။

သူများ အသိအမှတ်ပြုသည်ဖြစ်စေ၊

မပြုသည်ဖြစ်စေ၊လုပ်မယ်။

အဲဒီစိတ်မျိုးဖြစ်လာရမယ်။

++++++++++++++++++++++++++++++++++

ပြတ်သားတဲ့ဦးတည်ချက်ထားပါ။

နည်းလမ်းကောင်းလည်း တွေ့မယ်၊

ဆရာကောင်းနဲ့လည်းတွေ့မယ်။

ပြတ်သားတဲ့ဦးတည်ချက်ရှိရင်

တစ်သက်လုံးလုပ်မယ်။

ကိုယ်ရော၊စိတ်ပါလုပ်မယ်။

အချိန်ရှိသရွေ့လုပ်မယ်။

ဘယ်တော့မှ အလျှော့မပေးဘူး၊

ဆိုတဲ့စိတ်နဲ့လုပ်ပါ။

++++++++++++++++++++++++++++++++++

အောင်မြင်မှုဆိုတာ

မှန်ကန်တဲ့သဘောထားပါ။

++++++++++++++++++++++++++++++++++

စစ်မှန်တဲ့အောင်မြင်မှုကို နာလည်တဲ့သူဟာ

ဘယ်တော့မှ လက်စားမချေဘူး၊

++++++++++++++++++++++++++++++++++

ရေရှည်အောင်မြင်တဲ့သူဖြစ်ချင်ရင်

အားလုံးအပေါ်မှာ စေတနာကောင်းထားပြီး၊

အားလုံးကို လေးစားတဲ့စိတ်၊

တန်ဖိုးထားတဲ့စိတ်နဲ့လုပ်ပါ။

++++++++++++++++++++++++++++++++++

အောင်မြင်မှုဆိုတာ

စိတ်ဓာတ်အရည်အသွေးပြည့်ဝသူတွေသာ

ရရှိပိုင်ဆိုင်နိုင်တယ်။

++++++++++++++++++++++++++++++++++

ပြတ်သားတဲ့ရည်ရွယ်ချက်ရှိရင်

ခေါင်းထဲမှာ အမြဲတမ်းရှိနေတဲ့အတွက်ကြောင့်

ဒီကိစ္စနဲ့ပတ်သက်ပြီး ကောင်းသထက်ကောင်းအောင်မေးမယ်။

ဆွေးနွေးမယ်၊

စာအုပ်၊စာပေရှာပြီးတော့ ဖတ်ရှုမယ်။

သေသေချာချာ မှတ်မိအောင် မှတ်သားထားမယ်။

စိတ်နှလုံးထဲမှာ စွဲနေအောင် ထားမယ်။

++++++++++++++++++++++++++++++++++

ကိုယ့်လမ်းကို ကိုယ်ပြတ်ပြတ်သားသားရွေးချယ်မှသာ

စိတ်ဓာတ်အင်အားကြီးမားတယ်လို့ခေါ်နိုင်တယ်။

++++++++++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com