မြင့်မြတ်တဲ့ဘက်ကို သွားနေမှ
တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာဖြစ်နိုင်တယ်။
ကိုယ့်ရဲ့ အကောင်းဆုံးဂုဏ်၊
အကောင်းဆုံးအရည်အချင်းတွေ
အမြင့်ဆုံးရောက်အောင် အကောင်အထည်ဖော်နေမှ
တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာ ဖြစ်နိုင်တယ်။
တစ်နေ့တခြားပိုပြီး မြင့်မြတ်တာကို သိမှပဲ
တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာ
ဖြစ်ပေါ်လာတယ်။
+++++++++++++++++++++++
ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ထွက်လေ၊ဝင်လေကို
သတိလေးနဲ့ကပ်ပြီးသိနေရတဲ့အချိန်မှာ
ဘာမှ မတွေးဘဲနဲ့နေရတဲ့အတွက် ကြည်လင်
အေးချမ်းပြီးတော့ မြင့်မြတ်နေတယ်ဆိုတာ
တွေ့ရတယ်။
+++++++++++++++++++++++
အဓိပ္ပာယ်ရှိတဲ့ဘဝအမြင်ကို ရထားတဲ့သူဟာ
ဘယ်လောက်ဒုက္ခနဲ့
ကြုံရ၊ကြုံရ၊ခံနိုင်တယ်။
+++++++++++++++++++++++
ဒုက္ခနဲ့တွေ့ရလို့ စိတ်ဓာတ်မကျဘူး။
လောကဓံကို အရှုံးမပေးဘူး။
ကိုယ့်ရဲ့မြင်မြတ်တဲ့စိတ်ထားကို
အပျက်မခံဘူး။
ဘဝကို ရောင်းမစားဘူး။
ကိုယ့်ကိုယ်ကို ကိုယ်တန်ဖိုးမချဘူး။
အားလုံးကို ခံနိုင်ရည်ရှိအောင်
မြင့်မြတ်တဲ့စိတ်ထားက
ခံနိုင်ရည်ကိုပေးတယ်။
+++++++++++++++++++++++
သတိရှိလာတဲ့သူကျတော့
စိတ်ချမ်းသာမယ့်စကား ကိုပြောတယ်။
အကျိုးရှိမယ့်စကားကိုပဲ ပြောတယ်။
+++++++++++++++++++++++
ဘယ်ခေတ်မှာ ဖြစ်စေ
အကောင်း အဆိုးရောနေတာပါ။
ခေတ်ဆိုတာ လူတွေအပေါ်မှာမူတည်ပါတယ်။
+++++++++++++++++++++++
မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ် ကို အာရုံပြုတာများရင်
ကိုယ်ကိုယ်တိုင် မြတ်မြတ်တဲ့သူ ဖြစ်ချင်လာတယ်။
+++++++++++++++++++++++
ကောင်းတဲ့အလုပ်၊
အရေးကြီးတဲ့အလုပ်၊
တန်ဖိုးရှိတဲ့အလုပ်တွေကို
သဘောထားကြီးကြီး၊
ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်နေတဲ့သူဟာ
သူများက ကိုယ့်အကြောင်း ချီးမွမ်းတာကိုလည်း
ခေါင်းထဲမှာ ကြာကြာမထားနိုင်ဘူး၊
ကဲ့ရဲ့တာကိုလည်း ခေါင်းထဲမှာ ကြာကြာမထားနိုင်ဘူး။
+++++++++++++++++++++++
ငါ့ကို ဘယ်သူမှ မကောင်းမပြောရင်
ငါဟာ ရင့်ကျက်လာတဲ့သူဖြစ်မလာနိုင်ဘူး။
+++++++++++++++++++++++
(ဆရာတော်ဦးဇောတိက)
+++++++++++++++++++++++++++++++++++++++++++++++++++
ဘုရားရှင် ကျေးဇူးတော်...
၁။ ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊
လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။
၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ သိကြရ၊ များလှ ကျေးဇူးပေ။
၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊
နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊
ပရိယတ်နှင့်၊ ပဋိပတ်နှစ်ဖြာ၊
သာသနာကို၊ ကောင်းစွာ ကြိုးကုတ်၊
လွန်အားထုတ်၊ အဟုတ်ကျင့်ကြစေ။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရမည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါအောက်လူ ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ အိုစမြဲ ငါလဲ သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
No comments:
Post a Comment