Sunday, May 22, 2011

" စွန့်နိုင်မှ ချမ်းသာမယ်..."



တစ်ခါတုန်းက

နိမိမင်းကြီးဟာ မိတ္ထီလာတိုင်းကို အုပ်ချုပ်မင်းလုပ်နေပါတယ်။

တစ်နေ့မှာတော့ လေသာပြတင်းပေါက်ကို ဖွင့်ပြီး ပတ်ဝန်ကျင်ကို အကဲခတ်လေ့လာပါတယ်။

အဲဒီအချိန်မှာပဲ ကောင်ကင်ယံမှာ အသားတုံးတစ်တုံးကို ကိုက်ချီလာတဲ့စွန်ရဲတစ်ကောင်ကိုတွေ့လိုက်ပါတယ်။

စွန်ရဲက အသားတုံးကို ရအောင် အန္တရာယ်တွေကြားမှာ ခက်ခက်ခဲခဲ ရှာဖွေလာခဲ့ရတာပါ။

အဲဒီလို ရှာဖွေစဉ်ကာလမှာလည်း စွန်ရဲဟာ ဒုက္ခတွေ ရောက်ခဲ့မှာပါ။

လိုချင်လို့ရလာပြန်တော့လည်း အကြာကြီးဝမ်းသာအားရမဖြစ်လိုက်ရပါဘူး။

အဲဒီအချိန်မှာ သားတစ်ချီလာတဲ့ စွန်ရဲနောက်ကို များစွာသော စွန်ရဲတွေ

ကောက်ကောက်ပါအောင်လိုက်လာကြပါပြီ။

မီလာတယ်ဆိုရင်ပဲ မင်းကြီးရဲ့မျက်စိအောက်မှာတင် ဝိုင်းအုံထိုးဆိတ်ကြပါတယ်။

အချို့က နှုတ်သီးနဲ့ပေါက်ကြပါတယ်။

အချို့က ခြေထောက်နဲ့ကန်ကြပါတယ်။

အချို့က တောင်ပံနဲ့ရိုက်ကြပါတယ်။

အချို့က ကိုယ်လုံးနဲ့တိုက်ကြပါတယ်။

စွန်ရဲဟာ သားတစ်ကို ပိုင်ဆိုင်နေသေးသမျှ

သူ့မှာ တိုက်ခိုက်တာကို အလူးအလဲခံရပါတယ်။

အမွေးတွေလည်း ကျွတ်၊

သွေးတွေလည်း ထွက်၊

အဲဒီဒုက္ခတွေကို မခံနိုင်တော့တဲ့အဆုံးမှာ

ချီလာတဲ့အသားတုံးကို မလွှတ်ချင်ပဲ လွှတ်ချလိုက်ပါတယ်။

သူစွန့်လွှတ်လိုက်တော့မှ အဲဒီဒုက္ခတွေဟာ အဆုံးသတ်သွားတယ်။

အဲဒီအသားတစ်ကို နောက်စွန်ရဲတစ်ကောင်က ချီသွားပြန်ပါတယ်။

အသားတစ်ရသွားတဲ့စွန်ရဲနောက်ကို စွန်ရဲအုပ်ကြီးက ဝိုင်းလိုက်ကြပြန်တယ်။

ထိုးကြ၊ဆိတ်ကြ၊လုကြ၊ယက်ကြပြန်ပါတယ်။

ဒီလိုနဲ့အသားတစ်ဟာတစ်ကောင်ပြီးတစ်ကောင်နောက်ကို ပြောင်းနေတော့တာပါပဲ။

ဒါကိုတွေ့မြင်သွားတဲ့မင်းကြီးဟာ အတွေးဖြန့်ချဲ့ပြီး သံဝေဂဖြစ်သွားပါတယ်။

“ အသားတုံး၊အသားတစ်ဆိုတာ လူတိုင်းကြိုက်တဲ့ကာမဂုဏ်တရားနဲ့တူတယ်။

လူမှန်သမျှ လိုလားနှစ်ခြိုက်ကြတယ်။

လူတိုင်းလူတိုင်းက လိုချင်ကြတော့ ရထားတဲ့သူ မှာ စိတ်အေးချမ်းသာမနေရတော့ပါဘူး။

သူ့ပစ္စည်းတွေ ဘယ်တော့ဆုံးရှုံးသွားမှာလဲ၊ ဘယ်သူတွေလုသွားမှာလဲ၊ ခိုးသွားမှာလဲ၊

ဘယ်ပုံဘယ်နည်း နဲ့သူများလက်ထဲရောက်သွားမှာလဲ”

လို့အမြဲတမ်းကြောက်လန့်နေရပါတယ်။

စိုးရိမ်နေရပါတယ်။

ရှာရတုန်းက တစ်ဒုက္ခ၊

ထိမ်းသိမ်းထားရတာလည်း တစ်ဒုက္ခ၊

ပြီးတော့

သူများရဲ့လက်ထဲပါသွားပြန်တော့လည်း တစ်ဒုက္ခ၊

တစ်သက်တာလုံးပိုင်ဆိုင်နေတယ်ဆိုတာ မရှိပါဘူး။

တကယ်လို့အထိန်းအသိမ်းကောင်းလွန်းလို့

တစ်သက်တာလုံးပိုင်ဆိုင်နေတယ်ဆိုရင်လည်း သေတဲ့အခါမှာ

သူများလက်ထဲရောက်သွားတာချည်းပါပဲ။

ကိုယ်နဲ့အတူ ယူသွားလို့ရတဲ့ပစ္စည်းဥစ္စာဆိုတာမရှိပါဘူး။


“ ငါ့မှာလည်း ဥစ္စာပစ္စည်းတွေ

ဒီလောက်အမြောက်အများပိုင်ဆိုင်နေမှတော့

တစ်ချိန်ချိန်မှာ ဆင်းရဲရမှာပဲ၊

ငါလည်း စွန့်မှသာချမ်းသာမယ်၊

ထီးနန်းဥစ္စာနဲ့တကွ ကာမဂုဏ်ပစ္စည်းတွေ

အားလုံးကိုငါ စွန့်လွှတ်တော့မယ်”

လို့တွေးပြီး

မင်းကြီးဟာ ထီးနန်းစည်းစိမ်ကိုစွန့်ပြီး တောထွက်သွားပါတယ်။

တရားအားထုတ်ကျင့်ကြံလိုက်တော့ ပစ္စေကဗုဒ္ဓဖြစ်သွားပါတယ်။


ဒီဖြစ်ရပ်တွေကို ကျနော်တို့ မကြာခဏတွေ့မြင်မိသော်လည်း

ကျနော်တို့ဘာမှ မစွန့်နိုင်ခဲ့ပါ။

ဒါကြောင့်လည်း ကျနော်တို့ဘာမှ ဖြစ်မလာခဲ့ပါ။

ဒီဝဲထဲမှာ လည်နေဆဲပါ။




Saturday, May 21, 2011

" တရားနဲ့ဝေးနေဆဲ..."


တစ်ခါတုန်းက

တက္ကသိုလ်ပြည်ကြီးကို အုပ်ချုပ်နေတဲ့ နဂ္ဂဇိဆိုတဲ့မင်းကြီးတစ်ပါးရှိပါတယ်။

တစ်နေ့မှာတော့ သူ့ရဲ့ရံရွေတော်တစ်ယောက်ဟာ

သူ့အနားမှာ သနပ်ခါးသွေးနေတာကို

အမှတ်မထင်ကြည့်မိလိုက်ပါတယ်။

ရံရွေတော်ရဲ့လက်မှာက ရွှေလက်ကောက်တစ်ဖက်တစ်ကွင်းစီသာရှိနေပါတယ်။

လက်ကလှုပ်ရှားမှုရှိပေမယ့် အသံမမြည်ပါဘူး။

ရံရွေတော်ကို စူးစူးစိုက်စိုက်ကြည့်နေတာမို့

မိဖုရားငယ်က မနာလိုဖြစ်ပြီး ကိုယ်တိုင်ဝင်ပြီး သနပ်ခါးသွေးပါတယ်။

မိဖုရားငယ်ရဲ့လက်မှာက ရွှေလက်ကောက်တွေနဲ့အပြည့်ပါ။

ဒီတော့ ကျောက်ပျင်ပေါ်မှာ သနပ်ခါးသွေးလိုက်တိုင်း ကိုယ်လက်လှုပ်ရှားသွားချိန်မှာ

လက်ကောက်တွေ တစ်ကွင်းနဲ့တစ်ကွင်းထိမိခိုက်မိတော့တချွန်ချွန်နဲ့အသံတွေ

ထွက်လာတာကို သတိပြုမိလိုက်ပါတယ်။

မင်းကြီးကတွေးပါတယ်။

လက်ထဲမှာ ဝတ်ထားတဲ့လက်ကောက်ဟာ တစ်ကွင်းတည်းသာရှိမယ်ဆိုရင်

ဘာအသံမှ မထွက်ဘူး။

လက်ကောက်ဟာ နှစ်ကွင်းထက်မက သုံးလေးကွင်းဝတ်ထားမယ်ဆိုရင်

အသံတွေမြည်လာတတ်ပါလား”လို့ ဆင်ခြင်နှလုံးသွင်းမိလာပါတယ်။

ပြီးတော့ လက်ကောက်ချည်းသာမဟုတ်ပါဘူး။

လူလည်းပဲ ဒီအတိုင်းပါပဲ။

တစ်ယောက်တည်းရှိချိန်မှာ ဘာအသံမှ မထွက်ဘူး။

အဖော်မရှိတဲ့အတွက် ပြောစရာမရှိလို့ပါ။

နှစ်ယောက်၊သုံးယောက်ဖြစ်လာပြီဆိုရင်တော့ အသံထွက်လာပါပြီ။

အဆင်ပြေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ပြောကြမယ်။

အဆင်မပြေတဲ့အချိန်မှာ ရန်စကားတွေပြောကြမယ်။

ရန်တွေဖြစ်ကြမယ်။

စကားတွေများကြမယ်။

အသံတွေထွက်လာပြီ။

သဘောကျတဲ့အသံကိုကြားတော့ သာယာတပ်မက်နှစ်သက်မယ်။

ဒီတော့ လောဘတွေဖြစ်လာမယ်။

သဘောမကျတဲ့အသံတွေကိုကြားရချိန်မှာ ဒေါသဖြစ်လာပြန်ရော။

လောဘလည်းမဖြစ်ဘူး။ဒေါသလည်းမဖြစ်ဘူးဆိုရင်တောင်

အဲဒီအသံကြောင့် မောဟဖြစ်ပါတယ်။

တရားသံကလွဲရင် အသံကြောင့် ကုသိုလ်ဖြစ်ဖို့ဆိုတာ အလွန်ခဲယဉ်းလှပါတယ်။

ဒါကိုသဘောပေါက်သွားတဲ့မင်းကြီးက

‘ ငါ့မှာ လက်ကောက်တစ်ကွင်းကနေ နှစ်ကွင်း၊သုံးကွင်းမက

ဖြစ်လာသလို

ငါ့မှာပိုင်ဆိုင်မှုတွေက အင်မတန်မှ များလာတယ်။

ဥစ္စာပစ္စည်းတွေ၊

မိဖုရားတွေ၊

တန်ခိုးအာဏာတွေ၊ခြွေရံသင်းပင်းတွေ များစွာရှိနေတယ်။

ဒါတွေကြောင့် အသံတွေမြည်လာမယ်ဆိုရင်

ငါဟာ ဒုက္ခရောက်တော့မှာပါလား၊

ဒါတွေကြောင့်ဖြစ်တဲ့

လောဘတွေ၊ဒေါသတွေ၊မောဟတွေနဲ့ဒီအတိုင်းသာနေမယ်ဆိုရင်

ငါဟာ ဆင်းရဲဒုက္ခတွေ့တော့မှာပါလား"

လို့ သံဝေဂ ဝင်လာတော့ မင်းကြီးဟာ တောထွက်သွားပါတယ်။

တရားဓမ္မကျင့်ကြံ ကြိုးစားအားထုတ်လိုက်တော့ ပစ္စေက ဗုဒ္ဓဖြစ်သွားပါတယ်။


မထင်မှတ်လိုက်တဲ့ သနပ်ခါးသွေးတဲ့ဖြစ်ရပ်ကနေပြီး

အမြင့်ဆုံးဘဝတစ်ခုကို ပိုင်ဆိုင်သွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။

ကျနော့်မှာလည်းပဲ ဒီလိုဖြစ်ရပ်မျိုးတွေကို မကြာခဏကြုံဆုံရပါတယ်။

ဒါပေမယ့် ဘာကြောင့်များတရားမသိပါလိမ့်!

ပါရမီများနည်းလို့လား။

ကိလေသာပဲ များလို့လား။

အခုလို သိလာပြန်တော့လည်း ဘာကြောင့်များတရားမရပါလိမ့် !

လား!

လား!

လား!

လား!

ပေါင်းများစွာနဲ့အလုပ်ရှုတ်နေပေမယ့်

တရားနဲ့ဝေးနေဆဲပါလားနော်။

Friday, May 20, 2011

" အဖိုးရဲ့ဆုံးမစကား..."


တစ်နေ့တွင်

အဖိုးဖြစ်သူဦးမောင်တင်ဟာ

သူ့မြေးမလေးကို ခြံထဲကို ဆင်းလာဖို့ခေါ်လိုက်ပါတယ်။

အကြောင်းမှာ မြေးမလေး မချောစုဟာ သူ့ရဲ့ခင်ပွန်းဖြစ်သူ ကိုသိန်းစိုးနှင့်

အငြင်းပွားပြီး စကားများနေတဲ့အတွက်ကြောင့် အဖိုးက တမင်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။

ခြံထဲကိုရောက်တဲ့အခါမှာတော့ အဖိုးက

“ ငါ့မြေးလေး ချောစု၊

အဖိုးရယ်၊ အဖွားရယ် အိမ်ထောင်ပြုခဲ့တာ

နှစ်ပေါင်း၄၀ တောင်ကျော်ခဲ့ပြီကွယ်၊

မြေးလေးရဲ့အဖွား မကွယ်လွန်ခင်အချိန်ထိပေါ့၊

ဒါပေမယ့် အဖိုးနဲ့အဖွား စကားများတာ၊

အငြင်းပွားတာ မရှိသလောက်ပါပဲ မြေးလေးရယ်။”

လို့ အဖိုးက စကားစလိုက်ပါတယ်။

ချောစုက ဘာမှပြန်မပြောပဲ ငြိမ်ပြီးနားထောင်နေပါတယ်။

ဒီတော့မှ အဖိုးကဆက်ပြီး

“ အဖိုးတို့ အဲဒီလို စကားများတာ၊ အငြင်းပွားတာတွေ မဖြစ်အောင်

အဖိုးတို့အချင်းချင်း သဘောတူနားလည်မှု ယူထားတာ တစ်ခုရှိတယ်။

တကယ်လို့ အဖိုးက စိတ်တိုပြီးလယ်ထဲက ပြန်လာတဲ့အခါ

ဘောင်းဘီတစ်ဖက်ကို

အထက်ကို လိပ်ပြီး ပင့်တင်ထားလေ့ရှိတယ်။

အဲဒါကိုမြင်လိုက်တာနဲ့အဖွားက အဖိုးနဲ့ပြောဆိုဆက်ဆံရာမှာ

ညင်ညင်သာသာ ဆက်ဆံပါတယ်။

တကယ်လို့ အဖွားအနေနဲ့

အိမ်မှာ ကလေးတွေနဲ့အဆင်မပြေဘဲ

အပေါက်အလမ်းမတည့်တဲ့အခါမျိုးမှာ

တွယ်ချိတ်တစ်ခုကို အင်္ကျီရင်ညွန့်ပေါ်မှာ ထိုးထားလေ့ရှိတယ်ကွယ့်။

အဲဒီအမှတ်အသားကို မြင်တာနဲ့ အဖိုးက သူကို ကြင်ကြင်နာနာစကားပြောပါတယ်။

ပြီးတော့ အိမ်မှုကိစ္စတွေမှာ ကူညီပြီး ဝိုင်းလုပ်ပေးပါတယ်။


တကယ်တော့ လင်နဲ့မယား စကားများတယ်ဆိုတာ

အချင်းချင်းတိုက်ရိုက်အဆင်မပြေမှုကြောင့် စဖြစ်ကြတာထက်

အခြားအကြောင်းတစ်ခုခုမှာ အဆင်မပြေခဲ့တာက စဖြစ်တာများပါတယ်ကွယ်။

အဲဒီအချက်ကို သဘောပေါက်ထားတာ ကောင်းတယ်လို့အဖိုးတော့ ထင်တာပဲ”

လို့

အကျိုးအကြောင်းကို ပြည့်ပြည့်စုံစုံ ရှင်းပြပါတယ်။

Thursday, May 19, 2011

“ အခွင့်ကောင်း လက်မလွတ်စေနဲ့…”


ဘကြီးဖြိုးရဲ့ ခြံဝန်းထဲကို

တစ်ဖက်ခြံမှ နွားမ ဝင်လာကြောင်း

သားဖိုးအေးဖြစ်သူက

အဖေဖြစ်သူကို အပြေးအလွှား

သတင်းလာပေးတယ်။


ဖေဖေ

ဟိုဘက်ခြံက နွားမကြီး

ကျနော်တို့ခြံထဲရောက်နေတယ်ခင်ဗျ


ဟေ့ကောင်ဖိုးအေး၊

ဘာလို့အော်နေရတာလဲ။

မြန်မြန်သွားပြီး နို့သွားညှစ်စမ်း

Wednesday, May 18, 2011

“ သက်သက် ညှာညှာ ထောက်ခံစာ…”


ကောလိပ်အုပ်ချုပ်ရေး အရာရှိတို့ရဲ့ တာဝန်များအနက်

တစ်ခုမှာ ထောက်ခံစာများရေးပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

ဘာရေးရမှန်း မသိလောက်အောင်

သံသယဝင်ရတဲ့ထောက်ခံစာ

တောင်းခံသူတစ်ဦးနဲ့ ပတ်သက်ပြီး

အုပ်ချုပ်ရေးအရာရှိမှာ

ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိအောင်ဖြစ်နေပါတယ်။

အနားယူသွားတဲ့ အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးက

ထောက်ခံစာကို အောက်ပါအတိုင်းရေးပေးဖို့

အကြံပေးပါတယ်။


လူကြီးမင်းခင်ဗျား၊

ဒီလျှောက်လွှာရှင်ကို ကျနော်တို့ သိသလို၊

လူကြီးမင်းတို့ သိလာတဲ့အခါ

ကျနော်တို့ သူ့အပေါ်မှာ

သဘောထားယူဆသလို၊

လူကြီးမင်းများလည်း သဘောထား ယူဆလာပါလိမ့်မယ်

Tuesday, May 17, 2011

" စာနာထောက်ထားတဲ့စိတ်ထား…"


ကမ္ဘာစစ်အတွင်းက

ကျနော်ဟာ ခြေလျင်တပ်ရင်းတစ်ခုနဲ့လိုက်ပါခဲ့ရပါတယ်။

ကယ်နယ်ဇုံဒေသရှိ မီးရထားဘူတာရုံတွင်

စိတ်အေးသက်သာစွာ ရပ်နေမိခဲ့ပါတယ်။

အပူပိုင်းဒေသရဲ့တောက်ပတဲ့နေရောင်ဟာ

ကျနော်တို့အား ပင်ပန်းစေပါတယ်။

အဲဒီအချိန်မှာ ဖိနပ်မပါတဲ့ကလေးတစ်ခုက

ချိုချဉ်တို့၊ ပီကေတို့၊ စားစရာတွေကို

ပေးဖို့လှမ်းတောင်းနေတာကို တွေ့ရပါတယ်။

သူတို့တစ်တွေ လှမ်းတောင်းရင်း ပြုံးနေကြပါတယ်။

ရုတ်တရက်မှာပင် ကလေးတစ်စုဟာ

ကောင်လေးတစ်ယောက်ကို ရှေ့ကိုတွန်းပို့ပြီး

“ ဒီကောင်မှာ ခြေချောင်းခြောက်ချောင်းရှိတယ်ဗျို့၊

ဒီကောင်မှာ ခြေချောင်းခြောက်ချောင်းရှိတယ်ဗျို့”

လို့အော်ကြပါတယ်။


တွန်းအပို့ခံရတဲ့ ကလေးဟာ

ရှက်တဲ့အတွက် နောက်ဖက်ကို ပြန်တိုးဝင်သွားပါတယ်။

အဲဒီအချိန်မှာ အေးတိအေးစက်နေတတ်တယ်လို့

ကျနော်ထင်ခဲ့တဲ့ တပ်ကြပ်ကြီးတစ်ယောက်က

ရုတ်တရက်ထပြီး

“ ခြေချောင်းခြောက်ချောင်း ရှိတဲ့လူ ဆုရမယ်”

လို့အော်ပါတယ်။

ပြီးတော့ ချိုချဉ်တချို့ကို

ခြေချောင်းခြောက်ချောင်းရှိတဲ့ကလေးရဲ့လက်ထဲကို

ထည့်ပေးပါတယ်။

အဲဒီကလေးမှာ တအံ့တသြဖြစ်ပြီး ချိုချဉ်များကို လက်ခံယူပါတယ်။

ချက်ချင်းဆိုသလိုပင် အခြားလူများကလည်း

တပ်ကြပ်ကြီးလုပ်တဲ့အတိုင်းလိုက်လုပ်ကြရာ

ခြေချောင်းခြောက်ချောင်းရှိတဲ့ကလေးရဲ့လက်ထဲမှာ

စားစရာများနဲ့ပြည့်သွားပါတော့တယ်။

တွန်းပို့ခဲ့တဲ့ ကလေးတွေဟာ

ရုတ်တရက်ပြောင်းလဲသွားတဲ့အနေအထားကြောင့်

အံ့သြပြီး ငြိမ်ကျသွားပါတယ်။

ပြီးတော့ လက်ဆောင်တွေအများကြီးရတဲ့ကလေးဆီကပင်

တောင်းစားကြရပါတော့တယ်။ ။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com