တစ်နေ့တွင်
အဖိုးဖြစ်သူဦးမောင်တင်ဟာ
သူ့မြေးမလေးကို ခြံထဲကို ဆင်းလာဖို့ခေါ်လိုက်ပါတယ်။
အကြောင်းမှာ မြေးမလေး မချောစုဟာ သူ့ရဲ့ခင်ပွန်းဖြစ်သူ ကိုသိန်းစိုးနှင့်
အငြင်းပွားပြီး စကားများနေတဲ့အတွက်ကြောင့် အဖိုးက တမင်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။
ခြံထဲကိုရောက်တဲ့အခါမှာတော့ အဖိုးက
“ ငါ့မြေးလေး ချောစု၊
အဖိုးရယ်၊ အဖွားရယ် အိမ်ထောင်ပြုခဲ့တာ
နှစ်ပေါင်း၄၀ တောင်ကျော်ခဲ့ပြီကွယ်၊
မြေးလေးရဲ့အဖွား မကွယ်လွန်ခင်အချိန်ထိပေါ့၊
ဒါပေမယ့် အဖိုးနဲ့အဖွား စကားများတာ၊
အငြင်းပွားတာ မရှိသလောက်ပါပဲ မြေးလေးရယ်။”
လို့ အဖိုးက စကားစလိုက်ပါတယ်။
ချောစုက ဘာမှပြန်မပြောပဲ ငြိမ်ပြီးနားထောင်နေပါတယ်။
ဒီတော့မှ အဖိုးကဆက်ပြီး
“ အဖိုးတို့ အဲဒီလို စကားများတာ၊ အငြင်းပွားတာတွေ မဖြစ်အောင်
အဖိုးတို့အချင်းချင်း သဘောတူနားလည်မှု ယူထားတာ တစ်ခုရှိတယ်။
တကယ်လို့ အဖိုးက စိတ်တိုပြီးလယ်ထဲက ပြန်လာတဲ့အခါ
ဘောင်းဘီတစ်ဖက်ကို
အထက်ကို လိပ်ပြီး ပင့်တင်ထားလေ့ရှိတယ်။
အဲဒါကိုမြင်လိုက်တာနဲ့အဖွားက အဖိုးနဲ့ပြောဆိုဆက်ဆံရာမှာ
ညင်ညင်သာသာ ဆက်ဆံပါတယ်။
တကယ်လို့ အဖွားအနေနဲ့
အိမ်မှာ ကလေးတွေနဲ့အဆင်မပြေဘဲ
အပေါက်အလမ်းမတည့်တဲ့အခါမျိုးမှာ
တွယ်ချိတ်တစ်ခုကို အင်္ကျီရင်ညွန့်ပေါ်မှာ ထိုးထားလေ့ရှိတယ်ကွယ့်။
အဲဒီအမှတ်အသားကို မြင်တာနဲ့ အဖိုးက သူကို ကြင်ကြင်နာနာစကားပြောပါတယ်။
ပြီးတော့ အိမ်မှုကိစ္စတွေမှာ ကူညီပြီး ဝိုင်းလုပ်ပေးပါတယ်။
တကယ်တော့ လင်နဲ့မယား စကားများတယ်ဆိုတာ
အချင်းချင်းတိုက်ရိုက်အဆင်မပြေမှုကြောင့် စဖြစ်ကြတာထက်
အခြားအကြောင်းတစ်ခုခုမှာ အဆင်မပြေခဲ့တာက စဖြစ်တာများပါတယ်ကွယ်။
အဲဒီအချက်ကို သဘောပေါက်ထားတာ ကောင်းတယ်လို့အဖိုးတော့ ထင်တာပဲ”
လို့
အကျိုးအကြောင်းကို ပြည့်ပြည့်စုံစုံ ရှင်းပြပါတယ်။
No comments:
Post a Comment