Monday, April 11, 2011

" စကားတစ်ခွန်းကြောင့် ဒီလောက် ဖြစ်သင့်သလားဗျာ..."



ခြင်္သေ့တစ်ကောင်ဟာ
ကြံ့တစ်ကောင်ဆီသွားပြီး မေးတယ်။
" တောဘုရင်ဟာ ဘယ်သူလဲ"
ပေါ့။

ကြံ့က
" အိုခြင်္သေ့မင်း၊
ခြင်္သေ့မင်းဟာ တောရဲ့ဘုရင်ပါ"
လို့ပြန်ဖြေလိုက်ပါတယ်။

ခြင်္သေ့ဟာ ရေမြင်းဆီချဉ်းကပ်ပြီး
" တောဘုရင်ဟာ ဘယ်သူလဲ"
လို့ မေးပြန်ပါတယ်။
ရေမြင်းကလည်း
" အရှင်ခြင်္သေ့မင်းဟာ တောရဲ့ဘုရင်ဖြစ်ပါတယ်"
လို့ပြန်ဖြေပါတယ်။

အဲဒီနောက်
ခြင်္သေ့ဟာ ဆင်ကြီးတစ်ကောင်ဆီသွားပြီးမေးပြန်ပါတယ်။
" တောဘုရင်ဟာ ဘယ်သူလဲ"
အဲဒီအခါ ဆင်ကြီးက သူ့နှာမောင်းကြီးနဲ့ခြင်္သေ့ကို ဖမ်ပြီး၊
ဝှေ့ရမ်းလိုက်ကာ လေထဲမြှောက်ပစ်လိုက်ပါတယ်။
ပြီးတော့ အောက်ပြန်ကျလာတဲ့ ခြင်္သေ့ကို ပြန်ဖမ်းပြီး၊
သစ်ပင်နဲ့ကိုင်ရိုက်လိုက်ပါတယ်။
ခြင်္သေ့ဟာ တော်တော်အထိနာသွားပါတယ်။
မျက်လုံးတွေလည်းပြာဝေသွားပါတယ်။
ခေါင်းထဲလည်း မူးနောက်နောက်ဖြစ်သွားပါတယ်။

ခြင်္သေ့ဟာ သူ့ကိုယ်သူ တော်တော်ပြန်ထိန်းလိုက်ပြီး၊
ပြန်ပြောလိုက်တာကတော့..

" အဖြေမှန်ကို မသိတာနဲ့တော့
ဒီလောက် ဒေါသထွက်စရာ မလိုပါဘူးဗျာ..."
တဲ့။

Sunday, April 10, 2011

" နောက်ကားဆိုတာ အမြဲရှိပါတယ်…”


တစ်ခါတုန်းက

အေးနေတဲ့ မိုးညတစ်ညမှာ

ကျနော်ဟာ ဘတ်စ်ကားစောင့်နေပါတယ်။

အဲဒီအချိန်မှာ ခပ်ကြီးကြီးအဖွားကြီးတစ်ယောက်ဟာ

နံပါတ်၄၉ ကားပေါ်ကဆင်းလာပါတယ်။

နောက်ဘယ်မှ ဆက်မသွားဘဲ

အဲဒီကားမှတ်တိုင်မှာ ဆက်စောင့်နေပါတယ်။


ကျနော်ကအဖွားအိုကို

အခြားကားနံပါတ်တစ်ခုခုကို စောင့်နေတယ်လို့ ထင်ခဲ့ပါတယ်။

တော်တော်လေးကြာတော့ အဖွားအိုကစပြီး

“ ဒီည ရာသီဥတု ဆိုးလိုက်တာနော် ” လို့ ပြောပါတယ်။

မှတ်တိုင်မှာလည်း လူများများ မရှိပါ။

အဖွားအိုနဲ့ကျနော်သာရှိနေပါတယ်။

“ ဒါပေမယ့်

ဘတ်စ်ကား သိပ်ကြာကြာ မစောင့်ရဘူးထင်ပါတယ်”

လို့ဆက်ပြောပါတယ်။


ကျနော်က သိလိုဇောနဲ့

“ အဖွားက ဘယ်ဘတ်စ်ကား စီးမှာလဲ”

လို့မေးမိပါတယ်။


အဖွားအိုက

“ ဘတ်စ်ကားနံပါတ် ၄၉ပါ”

လို့ပြန်ပြောတော့


ကျနော်က

ဟာ အဖွားပဲ

အဲဒီဘတ်စ်ကားနံပါတ်၄၉ ပေါ်က

ဆင်းလာတယ် မဟုတ်လား၊

ဘာကြောင့် ဆင်းလာတာလဲ၊

ဆင်းရမယ့် မှတ်တိုင်မရောက်ဘဲ

အဖွားက ဘာကြောင့် ဆင်းလာရသလဲ ”

လို့

ကျနော်က မေးကြည့်မိပါတယ်။


အဖွားအိုက

“ အေးကွယ်…ကားပေါ်မှာ တော်တော်လေး အခြေအနေဆိုးတဲ့

မသန်မစွမ်းတဲ့ ကလေးတစ်ယောက်ပါလာတယ်။

ကားပေါ်မှာ ရောက်နှင့်နေတဲ့

ထိုင်နေကြတဲ့ ခရီးသည်တွေထဲက

ဘယ်သူကမှ နေရာ မပေးကြဘူးကွယ်၊

အဖွားအိုလို သက်ကြီးရွယ်အိုက

နေရာဖယ်ပေးတယ်ဆိုလည်း

သူ မနေတတ်အောင် ဖြစ်နေမှာလေ၊

ဒါကြောင့်

အဖွားက သွားချင်တဲ့မှတ်တိုင် ရောက်တဲ့ဟန်နဲ့

" မှတ်တိုင်ပါတယ်"

ဆိုပြီး ဆင်းပေးလိုက်တာ၊

အဖွားဆင်းတော့

သူက အဖွားဘေးမှာ ကပ်ပြီးရပ်နေတာလေ၊

ဒီတော့

သူ့အတွက် အားတုံ့အားနာမဖြစ်ဘဲ ထိုင်ခုံရသွားတာပေါ့၊

အဖွားအတွက် နောက်ဘတ်စ်ကားဆိုတာ အမြဲရှိပါတယ်လေ…”

လို့

အသံခပ်တုန်တုန်နဲ့

အဖွားက ပြောပြခဲ့ပါတယ်။


Saturday, April 9, 2011

" ဥာဏ်ပညာကြီးမားသူဖြစ်ရပါလို၏..."


ကဿပဘုရားရှင်ရဲ့

သာသနာထွန်းကားနေတဲ့ခေတ်တစ်ခေတ်တုန်းကအဖြစ်အပျက်။

ဂင်္ဂါမြစ်အနီးက ကျောင်းတိုက်ကြီး တစ်တိုက်မှာ

ရဟန်းတော်များ သီတင်းသုံးနေကြပါတယ်။


ရဟန်းတော်တစ်ပါးဟာ

နံနက်စောစောထပြီး တံမြက်လှည်းရင်း

မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို

ဆင်ခြင်လေ့ရှိပါတယ်။


တစ်နေ့တော့

တံမြက်လှည်းပြီး ပုံထားတဲ့အမှိုက်တွေကို

အနီးမှာ ရှိနေတဲ့ ကိုယ်ရင်တစ်ပါးကို လှမ်းခေါ်ပြီး

“ ကိုရင် ဒီအမှိုက်တွေ ကျုံးပြီး ပစ်လိုက် ”လို့ခိုင်းပါတယ်။

ဒါပေမယ့် ကိုရင်က မကြားဟန်ပြုနေပါတယ်။

နောက်နှစ်ကြိမ်၊သုံးကြိမ် ထပ်ခေါ်ပါတယ်။

ကိုရင်က မကြားဟန်ပဲပြုနေပါတယ်။


ဒီတော့ ရဟန်းက

ကိုရင်အနားကို သွားပြီး

မကြားဟန်ပြုနေတဲ့ ကိုရင်ကို တံမြက်စည်းရိုးနဲ့ရိုက်ပါတယ်။

ပြီးတော့ အမှိုက်ကို ကျုံးခိုင်းလိုက်ပါတယ်။

ကိုရင်လည်း ငိုပြီး ကြောက်ကြောက်နဲ့အမှိုက်ပစ်နေတုန်း

ဘယ်လိုဆုတောင်းသလဲဆိုတော့ ...


" ငါဟာ ဒီအမှိုက်ကျုံး ပစ်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်

နိဗ္ဗာန်ရောက်တဲ့အထိ မွန်းတည့်နေလို ဘုန်းတန်ခိုးကြီးသူ ဖြစ်ရပါလို၏ "


လို့ ပထမအကြိမ် ဆုတောင်းလိုက်ပါတယ်။

နောက်အမှိုက်ပစ်ပြီး ရေချိုးဖို့ ဂင်္ဂါမြစ်ဆိပ်အဆင်း

တစ်ဝုန်းဝုန်းနဲ့လှိုင်းတံပိုးတွေ ထနေတဲ့မြစ်ရေအလျင်ကို မြင်ရပြန်တော့

ဘယ်လိုဆုတောင်းသလဲဆိုတော့ ...


"ငါဟာ ဒီမြစ်ရေအလျင်လို ဥာဏ်ပညာကြီး ရပါလို၏ "


ဆုတောင်းပြန်ပါတယ်။


ကိုရင်ဟာ ဆရာရိုက်လို့ အမှိုက်ကျုံးပစ်ရပေမယ့်

တကယ်လုပ်ရတဲ့အခါ

ကျတော့ စိတ်ပါလက်ပါနဲ့လုပ်ပြီး ဆုတောင်းခဲ့တာပါပဲ။

တံမြက်လှည်းတဲ့ ရဟန်းတော်လည်း

တံမြက်စည်းကို ထားနေကျနေရာမှာ ထားခဲ့ပြီး

ရေချိုးဖို့ ဂင်္ဂါမြစ်ဆိပ်ဆင်းအလာ

ကိုရင်ရဲ့ဆုတောင်းသံကြားလိုက်ရတော့


" ငါခိုင်းလို့လုပ်ရတဲ့ ကိုရင်က ဒီလိုဆုတောင်းလို့ပြည့်ရင်

ငါကပြောစရာတောင် မလိုဘူး "


ဆိုပြီး၊


" ငါဟာ တံမြက်လှည်းရတဲ့ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်သည့်ဘဝတိုင်

ဂင်္ဂါမြစ်ရဲ့လှိုင်းတံပိုးလို မကုန်ခန်းနိုင်တဲ့ ဥာဏ်ပညာကြီးမားသူ ဖြစ်ရပါလို၏

ပြီးတော့ ကိုရင်မေးတိုင်း မေးတိုင်း ဖြေကြားနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ရပါလို၏ "


လို့ ဆုတောင်းလိုက်ပါတယ်။

အဲဒီကုသိုလ်ကောင်းမှုနဲ့ ဆုတောင်းတွေကြောင့်ပဲ

သူတို့ဆုတောင်းအတိုင်း

ကိုရင်က မိလိန္ဒမင်းကြီးဖြစ်ပြီး

ရဟန်းတော်က အရှင်နာဂသိန် ဖြစ်လာခဲ့ပါတယ်။


ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ငါးရာအလွန်မှာ

သူတို့နှစ်ဦး ပေါ်ထွန်းခဲ့တာပါ။

သူတို့နှစ်ဦးကြောင့် သာသနာမှာအကျိုးများလွန်းလှတဲ့

မိလိန္ဒပဥှာကျမ်းကြီးပေါ်ပေါက်လာခဲ့ရပါတယ်။

အဲဒီကျမ်းကြီးမှာ မိလိန္ဒမင်းကြီးကမေးပြီး

အရှင်နာဂသိန်ကဖြေကြားထားတဲ့ကျမ်းကြီးဖြစ်ပါတယ်။







Friday, April 8, 2011

" မြတ်ဗုဒ္ဓ၏ ဆွမ်းအလှူ-အကျိုး…..."


ဆွမ်းအလှူသည် အသက်ကို လှူသည်မည်၏။

ဆွမ်းအလှူသည် ရုပ်အဆင်းကို လှူသည်မည်၏။

ဆွမ်းအလှူသည် ကိုယ်၊စိတ်ချမ်းသာခြင်းကို လှူသည်မည်၏။

ဆွမ်းအလှူသည် ခွန်အားကို လှူသည်မည်၏။

ဆွမ်းအလှူသည် ဥာဏ်ပညာကိုလှူသည်မည်၏။

Thursday, April 7, 2011

" အမေရိကန်ရောက် ပျားမြီးရွက်ပင်..."




ကျနော်ဟာ တာချီလိတ်တွင် ဆေးခန်းဖွင့်ထားချိန်တွင်

အမေရိကန်နိုင်ငံမှ

သူငယ်ချင်းတစ်ဦး ဖြစ်သူ ကိုလှမင်း ရောက်လာခဲ့ပါတယ်။

ငွေတောင်ဦးဘုန်းတော်ကြီးကျောင်းကို

သွားချင်ကြောင်းပြောတဲ့အတွက်ကြောင့် လိုက်ပို့ပေးခဲ့ပါတယ်။

ငွေတောင်ဦး ဆရာတော်ထံရောက်တဲ့အခါမှာ

အမေရိကန်သို့ရောက်နေတဲ့ ဆရာတော်တစ်ပါးမှ

လူကြုံပါးလိုက်တဲ့စာကို သွားပေးခြင်းဖြစ်ပါတယ်။


ပြန်ခါနီးမှာ

ငွေတောင်ဦးကျောင်းက ဦးဇင်းတစ်ပါးက

ဆီးချို၊သွေးချိုရောဂါကြောင့် ပျားမြီးရွက်ကိုစားနေတာကို

စကားစပ်မိသွားပါတယ်။

ပျားမြီးရွက်ကိုစားနေတဲ့အတွက်

ထူးထူးခြားခြားကောင်းမွန်လာကြောင်းလည်း သိလာရပါတယ်။

သူငယ်ချင်းရဲ့ချစ်ဇနီးဖြစ်သူ ဒေါ်ဝင်းဝင်းကြည်မှာလည်း ဆီးချို၊သွေးချိုရှိနေကြောင်း၊

ဒါကြောင့်ပျားမြီးရွက်ကို

အမေရိကန်နိုင်ငံသို့သယ်ဆောင်သွားလိုကြောင်းလျှောက်ထားတဲ့အတွက်

ဆရာတော်က ပျားမြီးရွက်အပင် ငါးပင်ကို အမြစ်ကနူတ်ပေးလိုက်ပါတယ်။


သူငယ်ချင်းက အမေရိကန်အထိ

ခက်ခက်ခဲခဲသယ်ဆောင်သွားခဲ့ပါတယ်။

ရာသီဥတုအခြေအနေကြောင့် ပျားမြီးပင်ဟာ သေသွားခဲ့ပါတယ်။

နောက်တစ်နှစ်အကြာ

ကျနော်အမေရိကန်သို့သွားဖို့အကြောင်းပေါ်လာခဲ့ပါတယ်။

သူငယ်ချင်းကို ဘာမှာမလဲလို့မေးလိုက်ရာ

ပျားမြီးပင်ကို ယူဆောင်လာပေးပါရန်မေတ္တာရပ်ခံပါတယ်။

ငွေတောင်ဦးဆရာတော်ဘုရားထံတွင်

ပျားမြီးပင် ငါးပင်လောက်ကို တောင်းခံရပြန်ပါတယ်။


ဆရာတော်ကလည်း

ပျားမြီးပင် ငါးပင်ကို သေသေချာချာ နူတ်ပေးလိုက်ပြန်ပါတယ်။

မြန်မာပြည်မှ အမေရိကန်သို့ ခက်ခဲစွာ သယ်ဆောင်လာခဲ့ရသောကြောင့်

ပျားမြီးပင်ကို မှတ်မှတ်ရရဖြစ်နေပါတယ်။

ဒီတစ်ခါတော့ ပျားမြီးပင်ဟာ ဂရုစိုက်မှုကြောင့် ရှင်သန်ခဲ့ပါတယ်။

ဒါကြောင့်ပင် စိတ်ဝင်စားပြီးလေ့လာဖြစ်ခဲ့ပါတယ်။

လေ့လာထားတဲ့အတိုင်း တင်ပြလိုက်ခြင်းဖြစ်ပါတယ်။


ဆီးချို၊ သွေးချို (Dibetes)ရောဂါကုသရေးအတွက်

တိုင်းရင်းဆေးဖြစ်တဲ့ ပျားမြီးရွက်အပင် (Bee Tail Plant) အကြောင်းသိမှတ်ဖွယ်...


၁။ ဆေးပင်အမည်= ပျားမြီးရွက်အပင် (Bee Tail Plant)

၂။ မူရင်း= ထိုင်ဝမ်

၃။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊ မလေးရှား၊စကာင်္ပူ၊အင်ဒိုနီးရှား၊

၎။ ထူးခြားမှု= ပင်ပျော့၊ နွယ်ပင်မျိုးဖြစ်သည်။

အရွက်သည် ပျားကိုယ်အနောက်ပိုင်းနဲ့တူပြီးအရွက်ဘေးတွင် အထစ်များပါဝင်သည်။

ရင့်သောအပင်များ၏ ပင်စည်သည် နီညိုရောင်ရှိသည်။

အရိုး၊ အလက်ကိုဖြတ်၍ မြေတွင်စိုက်ရုံဖြင့် ရှင်သန်သည်။

မျိုးပွားလွယ်သည်။

၅။ ကုသနည်း= ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး တိုင်းတာရပါမည်။

(က) ပုံမှန် ထက်အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အား

ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန်ဖြစ်သည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးရွက် သုံးရွက်ကို

ရေစင်စင်ဆေး၍ ဝါးစားရန်ဖြစ်သည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ဂ) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆)မှ (၉)ရွက်ထိ

ရေသန့်သန့်ဖြင့်ဆေးပြီး ဝါးစားရန်ဖြစ်ပါသည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ဃ) အကယ်၍ ဆီးချို၊သွေးချိုသည် ပျားမြီးရွက်စားများ၍ သွေးချိုကျဆင်းသွားပါက

အချိုရည်တစ်ခုခုကို သောက်သုံးနိုင်သည်။

မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ အချိုရည် အစားအစာကို ခေတ္တရပ်ထားလိုက်ပါ။

(င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည်

အထက်ပါ ပျားမြီးရွက်ကို စားခြင်းဖြင့်အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရပါသည်။


Wednesday, April 6, 2011

" ဖန်တန်တန်ဆိုတဲ့ အရသာ..."


တစ်ခါတုန်းက
အမတ်ကြီးတစ်ယောက်က မိဖုရားကြီးတစ်ပါးဆီကို
အခစားဝင်ရင်း မိဖုရားကြီး နေရာထိုင်မှု အပြောင်းအရွေ့မှာ
မမြင်သင့်တဲ့အရာကို မြင်သွားတယ်။

အဲဒီနေ့ကစပြီး အမတ်ကြီးက သူ့ရဲ့အမတ်ကတော်ကြီးကို
စိတ်မဝင်စားတော့ဘူး။
စိတ်က မိဖုရားကြီးဆီမှာပဲ ရောက်ရောက်နေတယ်
ပြီးတော့ အမတ်ကြီးက တမှိုင်မှိုင်တထွေထွေနဲ့ဖြစ်ပြီး ဘာအလုပ်မှလည်း
ကောင်းကောင်းလုပ်လို့ မရတော့ဘူး။
ကြာလာတော့ အစားပျက်၊ အအိပ်ပျက် ပါဖြစ်လာပြီး လူကပိန်ချုံလာတယ်။

နောက်ဆုံးတော့ မိဖုရားကြီးက ဒီအကြောင်းကို သိသွားတယ်။
မိဖုရားကြီးက ပညာရှိပုံရပါတယ်။
မိဖုရားကြီးက ကြေးခွက်ရယ်၊ ငွေခွက်ရယ်၊ ရွှေခွက်ရယ်၊
ခွက်သုံးခွက်ထဲကို ပအုန်းရည် အနည်းငယ်စီကို ထည့်ပြီး
ခုံတစ်လုံးပေါ်တင်ထားလိုက်တယ်။
ပြီးတော့ အမတ်ကြီးကို အခစားဝင်ဖို့ခေါ်လိုက်တယ်။
အမတ်ကြီးရောက်လာတော့
ပထမဆုံး ကြေးခွက်နဲ့ထည့်ထားတဲ့ ပအုန်းရည်ကို တိုက်လိုက်တယ်။
အမတ်ကြီးသောက်ပြီးသွားတော့
မိဖုရားကြီးက " အမတ်ကြီး အရသာ ဘယ်လိုနေလဲ "
လို့မေးတယ်။
အမတ်ကြီးက " ဖန်တန်တန်ပါ ဘုရား"
လို့ဖြေလိုက်တယ်။

နောက် ငွေခွက်နဲ့ထည့်ထားတဲ့ ပအုန်းရည်ကို တိုက်လိုက်ပြန်တယ်။
ပြီးတော့ မိဖုရားကြီးက ရှေးကမေးခွန်းအတိုင်း
" အမတ်ကြီး အရသာ ဘယ်လိုနေလဲ "
လို့မေးပြန်တယ်။
အမတ်ကြီးက " ဖန်တန်တန်ပါ ဘုရား"လို့ ဖြေပြန်တယ်။

နောက်ဆုံး ရွှေခွက်နဲ့ထည့်ထားတဲ့ပအုန်းရည်ကို တိုက်လိုက်ပြန်တယ်။
မိဖုရားကြီးက ရှေးကအတိုင်းမေးပြန်တယ်။
" အမတ်ကြီး အရသာ ဘယ်လိုနေလဲ "
လို့ဆိုတော့ အမတ်ကြီးက " ဖန်တန်တန်ပါ ဘုရား"လို့ထပ်ဖြေပြန်တယ်။

ခွက်သုံးခွက်နဲ့ ပအုန်းရည်ကို တိုက်ပြီးသွားတော့
ခဏတော့ အသံတွေ တိတ်ဆိတ်သွားတယ်။
အမတ်ကြီးကလည်း ခေါင်းကို ငုံ့ပြီး မိဖုရားကြီးဆီက
ဘာများမိန့်မလဲဆိုတာ စောင့်နေတယ်။
တစ်အောင့်လောက်ကြာတော့မှ
မိဖုရားကြီးဆီက အသံထွက်ပေါ်လာတယ်။

" အမတ်ကြီးရယ်...
ပအုန်းရည်ဆိုတာ ခွက်သာပြောင်းသွားတာပါ။
ဖန်တန်တန်ဆိုတဲ့ အရသာကတော့ အတူတူပါပဲ..."

အမတ်ကြီးလည်း သဘောပေါက်သွားပါတယ်။
အဲဒီနေ့ကစပြီး အမတ်ကြီးလည်း ကျန်းကျန်းမာမာပြန်ဖြစ်သွားပါတယ်။
တိုင်းရေးပြည်ရေး အလုပ်တွေကိုလည်း ပုံမှန် ပြန်လုပ်သွားနိုင်ပါတော့တယ်။


Tuesday, April 5, 2011

" လက်ငင်းအကျိုးပေးတဲ့ ဒါနစေတနာ..."


တစ်ခါတုန်းက
သီဟိုဠ်ကျွန်းမှာ အရှင်စူဠနာဂ လို့ အမည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးတယ်။
တစ်နေ့မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ
သားတွေပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့လိုက်ရတယ်။
ခွေးမကိုသေသေချာချာ ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့
အတော်ဆာလောင်နေတဲ့ပုံပါ။
ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့
အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်။
ဒါပေမယ့် ဆွမ်းကစားပြီးသွားပြီ။
သပိတ်တောင် ဆေးပြီးသွားပြီဆိုတော့
ကျွေးစရာအစားအစာက မကျန်တော့ဘူး။
ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားတယ်။
စဉ်းစားမိတာ တစ်ခုကတော့ ...
စားပြီးတဲ့အစာတွေကို အဲဒီခွေးမကို အန်ပြီးလှူဖို့သာဖြစ်တယ်။
ဒါနဲ့ အရှင်စူဠနာဂဟာ
မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်။
အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံသာမကပါဘူး၊
အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလဲတိုက်လိုက်ပါသေးတယ်။
အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကို ကြည့်ပြီး
အရှင်စူဠနာဂ လည်း တစ်ခါမှ မဖြစ်ဖူးတဲ့ ပီတိတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။

အဲဒီဆုတောင်းကတော့
" ငါသည် ဒီခွေးအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ
အန်ပြီးကျွေးလိုက်ရတဲ့ ကုသိုလ်ကောင်းမှုကြောင့်
နိဗ္ဗာန်ရောက်ရပါလို၏။
နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော်
ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏"
တဲ့။
အရှင်စူဠနာဂဟာ
စေတနာကြီးမားလှတဲ့သာမန်ဒါနလေးဟာ
အဲဒီဘဝမှာပဲ ရဟန္တာအထိ အကျိုးပေးခဲ့ပါတယ်။
တက်ကြွ ထက်သန်တဲ့စေတနာဟာ
ပစ္စုပ္ပန်အကျိုးကိုချက်ချင်းပေးသွားပါတယ်။

ရဝေနွယ်(အင်းမ)၏ ကုသိုလ်ဖြစ်အောင်တွေးမယ် မှ..........

မြတ်စွာဘုရားက
" ဒါနရဲ့အကျိုးကို သတ္တဝါတွေဟာ ငါဘုရားသိသလို သိခဲ့မယ်ဆိုရင်
စားတဲ့ထမင်းတောင် မလှူဘဲ စားတော့မှာ မဟုတ်ဘူး "လို့ ဟောခဲ့ဖူးပါတယ်။
များများရှိမှ လှူမယ်ဆိုရင်တော့ မလှူဖြစ်ဖို့များသွားပါတယ်။
များများလှူဖို့ တိုက်တွန်းနေတာမဟုတ်ပါ။
နည်းနည်းဖြစ်စေဦးတော့ ကြီးမားတဲ့စေတနာနဲ့လှူဖို့သာ
တိုက်တွန်းလိုတာပါ။
လှူပြီးတိုင်းလည်း ဆုတောင်းသင့်တယ်လို့ ထင်မိကြောင်းပါခင်ဗျာ....။



Sunday, April 3, 2011

" ဂျပန်အစားအစာ ဆူရှီး..."


ကျနော်အမေရိကားကိုရောက်တော့ သူငယ်ချင်းဆီမှာ နေရတယ်။
သူငယ်ချင်းက
ဆူရှီးအစားအစာလုပ်ငန်းကို လုပ်ကိုင်နေတာ ဆယ်နှစ်ပင်ကျော်ပြီ။

ဆူရှီးဆိုတာ ဂျပန်အစားအစာတစ်မျိုးဖြစ်တယ်၊
ပြီးတော့...
ဂျပန်ထမင်းချဉ်တစ်မျိုးဖြစ်တယ်ဆိုတာ သိလာပါတယ်။
အမေရိကားရောက်လာကြတဲ့မြန်မာလူမျိုးအများစု
လုပ်ကိုင်ကြတဲ့အလုပ်တစ်ခုလည်း
ဖြစ်နေပြန်ပါတယ်။
သူငယ်ချင်းက ဆူရှီးလိတ်ရင်းသီချင်းညည်းတတ်ပါတယ်။
  • သူဆိုနေကျသီချင်းကတော့...
" ဆူရှီးသမားများဟာ xxx လောပန်းလောင်းတွေပါ xxx "
" ဒီကျင်းမရရင် ဟိုကျင်း xxx ဟိုကျင်းမရရင် ဒီကျင်း xxx"



ဆူရှီး မာရီနာပလိတ်(Sushi Marina Plate)ဖြစ်တယ်။



ဆူရှီး ရိမ်းဘိုးရိုး (Sushi Rain Roll )ဖြစ်တယ်။



ဆူရှီးရှိုးလိုင်းကွန်ဘို (Sushi Shoreline Combo )ဖြစ်တယ်။



ဆူရှီး အီးရိုး (Sushi Eel Roll )ဖြစ်တယ်။



အရွက်များပါဝင်တဲ့ ဆူရှီး ( Vegetable Combo ) ဖြစ်တယ်။



သတ်သက်လွတ်ဆူရှီး (Vegetarian Sushi Roll ) ဖြစ်တယ်။



ဆူရှီးခရမ်ချိစ်ရိုး (Sushi Cream Cheese Roll )ဖြစ်တယ်။


ဆူရှီစပိုက်ဆီးတူနာရိုး (Sushi Spicy Tuna Roll )ဖြစ်တယ်။



ရှိုးလိုင်း ကွန်ပို (Sushi Shoreline Combo )လို့ခေါ်တဲ့ဆူရှီတစ်မျိုးဖြစ်ပါတယ်။



ကယ်လီဖိုးနီးယားရိုး(Sushi California Roll )ဆိုတဲ့ ဆူရှီတစ်မျိုးဖြစ်ပါတယ်။


ဆူရှီးတင်ပူရာရိုး (Sushi Tempura Roll )ဖြစ်တယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com