Tuesday, December 21, 2010

“ ပညာသည်အချင်းချင်း…”



စားသောက်ဆိုင်တွင် ဖြစ်တယ်။

လူငယ်ဟာ ခပ်လှမ်းလှမ်းက စားပွဲတွင်

တစ်ဦးတည်းထိုင်နေတဲ့ မိန်းမချောလေးကို

အတန်ကြာ စူးစိုက်ကြည့်နေပြီး

သူမရှိရာကို လျှောက်သွားတယ်။


အဲဒီနောက် သူနဲ့အတူ လာထိုင်ပြီး တစ်ခုခု သောက်ဖို့ နဲ့

စကားစမြည်ပြောဖို့၊

ဒီလိုနည်းနဲ့ အချိန်ကိုအတူတကွဖြုန်းဖို့ မဝံ့မရဲ အမူအရာဖြင့်

အမျိုးသမီးကို တိုးတိုးလေးပြောကာ

ကမ်းလှမ်းတယ်။


မိန်းမချောက အသံကျယ်ကျယ်ဖြင့် အော်ငေါက်တယ်။

ရှင်နဲ့ကျမ အိပ်ရမယ်ဟုတ်လား၊

ကျမကို ဘာအစား အောက်မေ့လို့လဲ၊

ထွက်သွားစမ်း

လူငယ် ခေါင်းငုံ့ပြီး သူမ အနားမှာခွာသွားတယ်။

သူ့စားပွဲရောက်တဲ့အထိ ရှက်လွန်းတဲ့အတွက် ခေါင်းကို

မဖော်နိုင်ဘဲ ရှိတယ်။


ခဏအကြာတွင် မိန်းမချောလေး သူ့ရဲ့အနားရောက်လာပြီး

စောစောက ရိုင်းစိုင်းစွာ ဆက်ဆံလိုက်မိတဲ့အတွက် တောင်းပန်ကြောင်း၊

မိမိဟာ စိတ်ပညာအဓိက ကျောင်းသူဖြစ်ပြီး ဒီလိုအခြေအနေမျိုးမှာ

တစ်ဖက်လူရဲ့ တုံ့ပြန်မှု ဘယ်လို ရှိသလဲဆိုတာကို သိချင်တဲ့အတွက်

တမင်ပြောလိုက်တာဖြစ်ကြောင်း၊

ယခုအတူစားသောက်ဖို့နဲ့ စကားတပြောပြောနဲ့အချိန်ဖြုန်းဖို့

မိမိ အသင့်ရှိပါကြောင်း

လူငယ်အားပြောတယ်။


ချက်ချင်းဆိုသလို တစ်ခန်းလုံးကြားအောင်

လူငယ်က အော်ပြောလိုက်တယ်။

ဒေါ်လာ ၂၀၀-ဟုတ်လား။

ထွက်သွားစမ်း

“ ဉာဏ်ရှိတော့ ရန်ကင်း…”



တစ်ခါတုန်းက လူငယ်ယောက်ျားလေးနဲ့ မိန်းမငယ်လေး

နှစ်ယောက်တို့ဟာ ခရီးသွားရင်းနဲ့

တစ်နေရာမှာလမ်းနှစ်သွယ်ဟာ ပေါင်းဆုံပြီး

တစ်လမ်းတည်းဖြစ်သွားပါတယ်။


လူငယ်က သူ့ကျောပေါ်တွင်ကြေးရေအိုး

တစ်ခု ကို သယ်လာပါတယ်။

လက်တစ်ဖက်တွင် လမ်းလျှောက်တုတ်တစ်ချောင်းနဲ့

ကြက်မတစ်ကောင်ကို ကိုင်ဆောင်ထားပါတယ်။

နောက်လက်တစ်ဖက်ဖြင့် ဆိတ်တစ်ကောင်ကို ကိုင်ထားပါတယ်။

ခဏအကြာတွင် သူတို့နှစ်ဦးဟာ

လျှိုမြောင်တစ်ခုကို ရောက်လာပါတယ်။


မိန်းမကလေးက ငြိမ်ငြိမ်ရပ်နေပြီး

ငါ အဲဒီလျှိုမြောင်ထဲ နင်နဲ့အတူ မသွားဘူး

လို့ ပြောပါတယ်။


ဘာကြောင့်လဲ

လို့ လူငယ်က မေးပါတယ်။


ငါတို့အတူ ဆင်းခဲ့ရင် နင်က ငါ့ကို ဖက်ပြီးနမ်းမှာ

လို့ပြောပါတယ်။


ငါက နင့်ကို ဘယ်လိုလုပ်ပြီး ဖက်နမ်းနိုင်မှာလဲ၊

ငါ့ ကျောပေါ်မှာ ကြေးရေအိုးကလည်း ရှိသေးတယ်၊

လက်တစ်ဖက်က ဆိတ်တစ်ကောင် ဆွဲထားရပြီး၊

ကျန်တဲ့ လက်တစ်ဖက်နဲ့ လမ်းလျှောက်တုတ်နဲ့

ကြက်မတစ်ကောင် ကိုင်ထားရတာ။

လို့လူငယ်လေးက ပြန်ပြောပါတယ်။


ဒါပေမယ့် လူငယ်ယောက်ျားရဲ့စိတ်ထဲမှာရှိတာကို

သံသယရှိတဲ့ မိန်းမကလေးက

ဒါပေမယ့် နင်က ငါ့ကို နင့်ဆိတ်ကို ကိုင်ခိုင်းနိုင်တယ်၊

ပြီးတော့ တုတ်နဲ့မြေကို ရိုက်နိုင်တယ်၊

ကြက်မကိုလည်း ခရားနဲ့ ဖုံးထားနိုင်တယ်၊

ပြီးတော့ နင်က ငါ့ကိုဖက်ပြီးနမ်းနိုင်တာပေါ့

လို့ ပြောပါတယ်။


လူငယ်လေးက

အမျိုးသမီးချောလေးကို တအံ့တသြ ချီးကျူးထောပနာ

ပြုတဲ့အကြည့်နဲ့ ကြည့်ပြီး

နင်မှာ အဲဒီလို ဉာဏ်ပညာရှိတဲ့အတွက်

နင် အန္တရာယ် ကင်းတာပေါ့လေ။

နင့်ကို ငါ ချီးကျူးပါတယ်

လို့ ပြန်ပြောလိုက်ပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက်ဟာ အဲဒီလျှိုမြောင်ထဲက

အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။

“ စိတ်ကူးကောင်းသော်လည်း …”



ဒေသခံ သာသနာ ပြုပုဂ္ဂိုလ်တစ်ဦးကို

တောခေါင်အရာရှိတစ်ဦးက

ဘီယာတစ်ဘူးကို လက်ဆောင်ပေးခဲ့ပါတယ်။

သာသနာပြုပုဂ္ဂိုလ်က ရတောင်ရခဲသော လက်ဆောင်ကို

အကောင်းဆုံးအခြေအနေတွင်

အဆင်အပြေဆုံး အသုံးပြုနိုင်ရန် အတွက်

ထမင်းချက်တဲ့လူငယ်လေးအား

အိမ်အနီးမြေတွင် တူးပြီး ဘီယာဘူးကို မြှုပ်ထားစေပါတယ်။


မြေဓာတ်နဲ့အေးနေစေဖို့ဖြစ်ပါတယ်။

သင့်တော်တဲ့အချိန်တွင် အသုံးပြုရန် ရည်ရွယ်ထားပါတယ်။


တစ်နေ့တွင် သာသနာပြုပုဂ္ဂိုလ်ဟာ

တောတောင်ထူထပ်တဲ့ခရီးမှ ပြန်လာရာ

ချွေးသံတလုံးလုံးနဲ့ရေဆာနေပါတယ်။

သူနေတဲ့အိမ်လေးဆီကို ရှေ့ရှုပြန်လာရာတွင်

အိမ်ရောက်တဲ့အခါ အေးမြတဲ့

ဘီယာကို သောက်ပြီး မောပန်းသမျှကို ပြေဖျောက်မယ်

လို့စိတ်ကူးထားပါတယ်။

အိမ်ရောက်တာနဲ့ ထမင်းချက်တဲ့လူငယ်လေးကို ခေါ်လိုက်ပါတယ်။

မြေမှာ မြှုပ်ထားတဲ့ ဘီယာဘူးကို တူးပြီး

သောက်ဖို့အသင့်ပြင်ထားဖို့ပြောလိုက်ပါတယ်။

အဲဒီလိုပြောပြီး ရေမိုးချိုးပါတယ်။

ရေမိုးချိုးပြီး သန့်ပြန့်လန်းဆန်းသွားတဲ့အခါမှာ

ဘီယာသောက်ဖို့စောင့်နေပါတော့တယ်။

ဒါပေမယ့် ထမင်းချက်လူငယ်လေးက ယူမလာသေးပါ။

အဲဒီအခါ စိတ်မရှည်နိုင်တော့ဘဲ

ဘီယာမရသေးဘူးလားဟေ့

လို့ မီးဖိုချောင်ဘက်ကို အော်မေးလိုက်ပါတယ်။


အဲဒီအခါ ထမင်းချက်လူငယ်က အော်ပြောလိုက်တာက

မီးဖိုပေါ်တင်ထားတာ မဆူသေးဘူးဆရာ

တဲ့။

“ စိတ် စင်ကြယ်မှု…”



ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဟောင်း Gene Tunney ကို

အားပေးကြတဲ့ နယူးယောက်က လူတွေက

သူ့အတွက် ဂုဏ်ပြုပါတီပွဲတစ်ခုကျင်းပပေးပါတယ်။

ခန်းမတစ်ခုလုံးလူများပြည့်နေပါတယ်။

စားသောက်ပြီးတဲ့အခါ ကပွဲပြပွဲတစ်ခု စီစဉ်ထားပါတယ်။


အဲဒီအစီအစဉ်မှာ ဝတ်လစ်စလစ်နီးပါး အဆင်အပြင်ရှိတဲ့

အမျိုးသမီးနှစ်ဦးက အဓိက ပါဝင်ပါတယ်။

အဲဒီအခန်းကိုရောက်ရောက်ချင်းဆိုသလိုပင်

ချန်ပီယံ Gene Tunney ဟာ ထရပ်ပြီး၊

သူ့ရဲ့ ဦးထုပ်ကို ယူလိုက်ပါတယ်။


အဲဒီနောက် အားလုံးကြားအောင်


ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျား

ကျနော် ဒီကို လာတာဟာ အစော်ကားခံဖို့

လာတာ မဟုတ်ပါဘူး။

အခုအစီအစဉ်တွေက ယဉ်ကျေးသိမ်မွေ့မှုနဲ့

ဆန်ကျင်နေပါတယ်။

ကျနော်ကတော့ အဲဒီလိုကိစ္စမှာ မပါချင်ပါဘူး။

အားလုံး ကျနော့်ကို ခွင့်လွှတ်ကြပါ


လို့ ပြောလိုက်ပါတယ်။

သူဟာ ပါတီပွဲက ထွက်ခွာသွားပါတယ်။


အဲဒီနောက်

အခြားလူများလည်း ထွက်ခွာသွားကြပါတယ်။

တဖြည်းဖြည်းနဲ့ လူများပါးသွားရာ

ကပွဲကြည့်မယ့်သူ တစ်ဦးမှ မကျန်တော့ပါ။

“ ပတ္တမြားကို မြင်သော်လည်း မြက်ကိုသာ စားသူများ...”



လူ့ဘုံအောက်တွင်ရှိသော အပါယ်လေးဘုံတွင်

ဆင်းရဲဒုက္ခတွေများလွန်းအားကြီးသောကြောင့်

မည်သည့်ကုသိုလ်မှ ပြုလုပ်၍ မရပေ။

လူ့ဘုံအထက်တွင်ရှိသော နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့တွင်ကား

ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့်

မည်သည့်ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍ မရပြန်ပေ။

ဥပမာအားဖြင့်

နတ်ပြည်၊

ဗြဟ္မာ့ပြည်တို့တွင်

အလှူခံပုဂ္ဂိုလ်မရှိသောကြောင့်

ဒါနကုသိုလ် မည်သို့မျှ မဖြစ်နိုင်ခြင်းမျိုးပင်တည်း။

နတ်ပြည်သည်

လူ့ဘဝကရှာဖွေလာသော ကုသိုလ်များကို

သုံးစွဲရာ ဈေးတန်းတစ်မျိုးသာဖြစ်သည်။


++++++++++++++++++++++++++++++++++++++++++


သမင်သည်

ပတ္တမြားကို မြင်သော်လည်း ဂရုမစိုက်ဘဲ

မြက်ကိုသာ စားပြီးတောတွင်းသို့ဝင်သွား၏။


ထို့အတူ ပညာမဲ့သော လူသားသည်လည်း

လူ့ဘဝကို ကုသိုလ်ရဖို့အသုံးမချဘဲ

ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍

အပါယ်လေးပါးသို့ သွားသည်


ဤကား

ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်တစ်ခုပင် ဖြစ်၏။


မေတ္တာရှင် ( ရွှေပြည်သာ )


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com