Sunday, June 24, 2012

"အမေ့ထံသို့ ပေးစာများ-၄၅..."




သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
ဒီမှာတော့ နွေဦးရာသီ ကုန်ဆုံးသွားပြီ။
ဇွန်လ (၂၀)နေ့ဟာ နွေရာသီအစပြုပါတယ်။
နွေရာသီကို မသိမသာ ချဉ်းနင်းဝင်ရောက်လာပါတယ်။
ကျနော်တို့ရောက်နေတဲ့ မစ်ချီဂန်ဟာ အပူအအေးပြင်းထန်တဲ့နေရာဖြစ်တယ်လို့ ကြားထားရတယ်။
နွေရာသီမှာ ဘယ်လောက်ပူသလဲဆိုတာ သိရတာပေါ့လေ။
အခုလောလောဆယ်တော့ ပြင်းပြင်းထန်ထန် မပူသေးပါဘူး။
တစ်ခါတစ်ရမှာ မိုးရွာတော့ အအေးကပိုလာတတ်တယ်။
ဒီမှာက မိုးရာသီ သီးခြားမရှိတော့ ရာသီတိုင်းမှာ မိုးရွာသလားတော့ မသိဘူး။
အခုဆိုရင် နွေဦးလည်း မိုးရွာတာပါပဲ။
ဒီနေရာကိုရောက်နေတာ နှစ်လတောင် ကျော်ပြီ။
စာကြည့်တိုက်ကိုမေးကြည့်တာ သိတဲ့လူ မရှိဘူး။
ကျနော်သိတဲ့လူတွေထဲမှာ စာကြည့်တိုက်ကို
စိတ်ဝင်စားတဲ့လူ မရှိလို့လားတော့  မသိဘူး။
အားချိန်က နည်းတော့ စာကြည့်တိုက်ကို မရှာဖြစ်ဘူး။
တစ်ပတ်မှာတော့ တစ်ရက်ပိတ်ရက် တစ်ရက်ရပါတယ်။
ရောက်စမှာတော့ ပိတ်ရက်က စနေနေ့။
သိပ်မကြာလိုက်ပါဘူး။
ပိတ်ရက်က ဗုဒ္ဓဟူးနေ့ဖြစ်သွားပြန်တယ်။
နောက်မကြာခင်မှာပဲ ပိတ်ရက်က သောကြာနေ့ နေ့တစ်ဝက်နဲ့
စနေနေ့ တစ်ရက်လုံးဖြစ်သွားပြန်တယ်။
အေးအေးဆေးဆေး နေတတ်သူဆိုတော့ ပိတ်ရက်များလာတာလည်း
တစ်မျိုးတော့ ကောင်းတာပါပဲ။
စာဖတ်ချိန်၊ စာရေးချိန် ပိုရတာပေါ့။
နောက်မကြာခင်မှာပဲ ပိတ်ရက်ပြောင်းသွားပြန်တယ်။
သောကြာနေ့တစ်နေ့လုံးဖြစ်သွားတယ်။
တစ်ပတ် တစ်ရက် ပြန်ဖြစ်သွားပြန်ပါတယ်။
ဘာဘဲဖြစ်ဖြစ် ကောင်းဖို့ဖြစ်လာတယ်လို့ အမေပြောဖူးသလိုပါပဲ။
ကောင်းတယ်လို့ မှတ်ယူပါတယ်။
ပိတ်ရက်မှာတော့ အခုထိတော့ ဟိုဟိုဒီဒီ မသွားဖြစ်သေးပါဘူး။
မသွားတတ်တာလည်းပါတယ်။
အဖေါ်မရှိတာလည်း ပါတယ်။
လျှောက်လည်တယ်ဆိုတာ အဖေါ်ပါမှ ပျော်စရာကောင်းတာမျိုးလေ။
မိန်းမနဲ့က ပိတ်ရက် မတူဘူး။
သူ့ရဲ့ပိတ်ရက်က အင်္ဂါနေ့။
ကျနော်ရဲ့ပိတ်ရက်သောကြာမှာတော့ မိန်းမနဲ့အတူ အိပ်ယာထရပါတယ်။
အလုပ်သွားသလို ရေချိုးတယ်။
ပြီးတော နံနက်စာ စားပြီး သူမကို အလုပ်လိုက်ပို့ပေးရပါတယ်။
သူမက ကားမောင်းတတ်ပေမယ့် ကျနော့်ကို လိုက်ပို့စေချင်တော့
အလုပ်ကို လိုက်ပို့ပေးရပါတယ်။
ကျန်တဲ့ပိတ်ရက်မှာတော့ အိမ်ပြန်၊
စာရေး၊စာဖတ်လုပ်တယ်။
အိမ်ခန်းက ကြီးပါတယ်။
လူငါးယောက်နေကြတယ်။
သူဋ္ဌေးက ငှားပေးထားတာပါ။
တစ်လကို ဒေါ်လာ ၇၅၀ ပေးရတယ်လို့သိရတယ်။
ရေချိုးခန်းအိမ်သာတွဲပါတဲ့ အိပ်ခန်းက တစ်ခန်း။
အဲဒီအခန်းကိုတော့ ကျနော်တို့လင်မယားနှစ်ယောက်ရတယ်။
အခန်းက ကျယ်တယ်။ တော်တော်လည်း ကောင်းပါတယ်။
ကြမ်းပိုးကိုက်တာ တစ်ခုပဲပြောစရာ ရှိတယ်။
အခုတော့လည်း သန့်ရှင်းရေးလုပ်၊ ကြမ်းပိုးဆေးတွေ ဖျန်းတာနဲ့ နည်းသွားပါပြီ။
နေလို့ကောင်းလာတယ်လို့ပြောရမယ်ထင်တယ်။
ကျန်အိပ်ခန်းကိုတော့ မန်နေဂျာနေတယ်။
မန်နေဂျာက မြန်မာလူမျိုးပါ။
ဒီကိုရောက်နေတာ နှစ်နှစ်ဆယ်ကျော်ပြီတဲ့။
အမေရိကန်မှာက အမေရိကန်စတိုင်လ်နဲ့နေရင်
နေလို့အလွန်ပျော်စရာကောင်းတဲ့နေရာလို့ သူပြောခဲ့ဖူးပါတယ်။
သူကတော့ လူပျိုကြီးပါ။
သဘောကောင်းတယ်လို့ပြောရမလား
နားလည်မှုရှိတယ်လို့ပြောရမလားမပြောတတ်ပါဘူး။
မြန်မာအချင်းချင်းမှာတော့ အတော် ရိုင်းပင်းမှု ရှိတာကိုတွေ့ရတယ်။
"နှစ်နှစ်ဆယ်အတွင်း မြန်မာပြည်ကို ဘယ်နှစ်ကြိမ် ပြန်ဖြစ်သလဲ"
လို့မေးကြည့်တော့
"တစ်ခါမှ မပြန်ဖူးဖူး" တဲ့။
အံသြသွားတယ်။
"ပြန်ဖို့အစီအစဉ်မရှိဘူးလား" လို့မေးကြည့်တော့ သူကပြန်ပြောတယ်။
"သွားလိုက်၊ပြန်လိုက်တော့ မလုပ်ချင်ဘူး" တဲ့။
" ပြန်ရင်လည်း ပြန်မလာတော့ဘူး" တဲ့။
ပြတ်သားလိုက်တာ။
ကျနော်ကတော့ သူ့လောက် မပြတ်သားနိုင်ဘူးအမေ။
သွားလိုက်၊ပြန်လိုက် လုပ်ချင်နေတယ်။

နောက် မက်စီကန်လူမျိုးနှစ်ယောက်ကတော့ တစ်ခန်းနေကြတယ်။
သူတို့ကတော့ လခထုတ်တိုင်း မိသားစုတွေဆီကို ငွေပို့ကြတယ်။
မိသားစုတွေကိုတော့ အတော်ခင်တွယ်တဲ့လူတွေလို့ပြောရမယ်ထင်တယ်။
နေ့တိုင်းလိုလို ဖုန်းဆက်နေတာ တွေ့ရတယ်။
ကျနော်တို့လည်း မြန်မာပြည်ကို နေ့တိုင်းမဟုတ်တာတောင်
နေ့တိုင်းနီးပါးဖုန်းဆက်ချင်တယ်။
ဖုန်းဆက်တိုင်း ဖုန်းလိုင်းတွေ မကောင်းရတာနဲ့။
ဒီမှာက နေ့အချိန်ဆိုရင် မြန်မာပြည်မှာက ညဆိုတော့
အချိန်အစဉ်မပြေတာနဲ့။
မြန်မာပြည်နဲ့ ဖုန်းဆက်သွယ်ခ ဈေးကြီးလွန်းတာနဲ့။
အဲဒီအကြောင်းကြောင်းတွေကြောင့် ဖုန်းမဆက်သွယ်ဖြစ်တာတောင် ကြာပြီ။
ဒါကြောင့် စာရေးနေတာပေါ့ အမေ။



ကျနော်တို့နေတဲ့အိမ်ရဲ့ ဧည့်ခန်းက တော်တော်ကျယ်တယ်။
အလုပ်ပိတ်ရက်မှာတော့ ဘယ်မှမသွားတော့ပဲ
စာရေး၊စာဖတ်တဲ့အလုပ်ကို လုပ်ဖြစ်တယ်။
ကျန်တဲ့သူတွေက အလုပ်သွားနေကြတော့
အိမ်ဟာလည် ဆိတ်ငြိမ်အေးချမ်းတဲ့နေရာတစ်ခုဖြစ်နေတယ်။
ဒီအပတ် ပိတ်ရက်မှာတော့ စာကြည့်တိုက်ကို လိုက်ရှာဖြစ်တယ်။
မေးလို့က မရတော့ အဝါရောင်စာအုပ် (yellowbook) ထဲလိုက်ရှာကြည့်တယ်။
အနီးဆုံးစာကြည့်တိုက်ကို GPS ထဲရိုက်ထည့်ပြီး
ကားမောင်းသွားတော့ အိမ်နားမှာ ဖြစ်နေတာကိုတွေ့ရတယ်။
လှမ်းကြည့်ရင်တောင် မြင်ရတဲ့နေရာမှာ စာကြည့်တိုက်ရှိနေတာကို နှစ်လကျော်မှ သိရတယ်အမေ။
တစ်ခါတစ်လေတော့လည်း နီးရက်နဲ့ဝေးနေရတာမျိုးပါလား။
မြန်မာဂဏန်း ၃နဲ့၎ လိုဖြစ်နေတယ်။
စာကြည့်တိုက်ကိုတွေ့တော့ ပျော်လိုက်တာ အမေရယ်။
ဒီမှာက ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်ရှိတယ်။ ဘုန်းကြီးကျောင်းက မရှိဘူး။
ဘုန်းကြီးကျောင်းက ဝေးလွန်းတော့ အခုထိ ဘယ်ကျောင်းမှ မရောက်ဖြစ်သေးဘူး။
စာကြည့်တိုက်နဲ့ဘုန်းကြီးကျောင်း တူတဲ့အချက်က အသိပညာတိုးတက်နေတာပါပဲ။
ဒါကြောင့် စာကြည့်တိုက်ကို အချိန်ရတိုင်းသွားချင်တယ်။
သွားတိုင်းလည်း စိတ်ကျေနပ်စရာ တစ်ခုမဟုတ်တစ်ခုတော့ အနည်းဆုံးရတတ်တယ်။
စာကြည့်တိုက် အိမ်နားမှာ ရှိပြီဆိုတော့ ဒီနေရာဟာ ပျော်အောင်နေလို့ရသွာပြီလို့ပြောချင်ပါတယ်။
အခက်အခဲတွေ ရှိလာတဲ့အခါ ပျော်အောင်နေတတ်ဖို့ လိုအပ်တယ်။
ပျော်အောင်မနေတတ်ရင် နေစရာကို မရှိသလို ခံစားရတယ်။
“ပျော်တဲ့နေရာမှာတော့ သူတစ်ပါးကို မထိခိုက်အောင် ပျော်တတ်ဖို့လိုတယ်။
ကိုယ့်ကိုယ်ကို ကိုယ်လည်း မထိခိုက်အောင် ပျော်တတ်ဖို့လိုပါတယ်” လို့ အမေ
မှာထားတာကိုလည်း သား မမေ့ပါဘူးအမေ။
သားတို့မိသားစု နေကောင်းကြပါတယ်။
အမေတို့မိသားစုရော နေကောင်းကြလား။
ဒီနေ့တော့ ဒါလောက်နဲ့နားလိုက်ပါဦးမယ်။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၆-၂၄-၂၀၁၂




Friday, June 22, 2012

"Happiness is my fundamental desire..."








စိတ်ချမ်းသာမှုကို တကယ်တန်ဖိုးထားတယ်ဆိုရင် စိတ်ချမ်းသာမှုကို ပထမဦးစားပေးရမယ်။
ဘယ်လိုအကြောင်းကြောင့်မှ စိတ်ချမ်းသာမှုကို ဘေးဖယ်မထားရဘူး။
သေရမယ်ဆိုရင်တောင် စိတ်ချမ်းချမ်းသာသာသေမယ်။
ကိုယ်လိုချင်တာ ရမှ စိတ်ချမ်းသာမယ်လို့ တွေးရင်
စိတ်ချမ်းသာမှုထက် လိုချင်တဲ့အရာကို ပိုတန်ဖိုးထားတယ်လို့ အဓိပ္ပာယ်ပေါက်တယ်။
အဲဒီလိုလူဟာ သူ လိုချင်တာရလည်း စိတ်ချမ်းသာမှာ မဟုတ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ လိုချင်တာတစ်ခုရပြီးရင် နောက်ထပ် ဒီထက်ကောင်းတာကို လိုချင်ဦးမယ်။
အဆုံးမရှိဘူး။
မလိုချင်ရဘူးလို့ မဆိုလိုပါဘူး။
လိုချင်တာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စိတ်ချမ်းသာအောင် နေမယ်ဆိုတဲ့ သဘောထားရှိမှ
စိတ်ချမ်းသာမှုကို ရမယ်လို့ ပြောချင်တာပါ။
စိတ်ချမ်းသာမှုမှာ condition မရှိမှ စိတ်ချမ်းသာမယ်။
ဒီအချက်ကို သေသေချာချာ သဘောပေါက်ဖို့ လိုတယ်။

+++++++++++++++++++++++++++

Happiness is  my fundamental desire.
စိတ်ချမ်းသာမှုဟာ ငါ့ရဲ့ အခြေခံအကျဆုံး အလိုဆန္ဒပဲ။
အဲဒါ အရင်ရပြီးမှ ကျန်တာကို လိုချင်တယ်။
ထမင်းကို အရင်စားပြီးမှ ကော်ဖီ သောက်မယ်လို့ ဆိုသလိုပဲ။
ထမင်းစားပြီး ကော်ဖီမသောက်ရလည်း အရေးမကြီးဘူး။ နေလို့ရတယ်။
ထမင်းမစားပဲ ကော်ဖီပဲ အမြဲသောက်နေလို့တော့ မရဘူး။
ထမင်းက အဓိက။
ကော်ဖီက အပိုထပ်ဆောင်းတာ။

+++++++++++++++++++++++++++

ကိုယ်လိုချင်တာကို တိတိကျကျ သိရင် အဲဒါကို မျက်ခြေ မပြတ်စေနဲ့။
လိုရင်းကို မျက်ခြေပြတ်သွားလို့ စိတ်ချမ်းသာမှုကို မရတာ။
ကိုယ့်အချိန်နဲ့အင်အားဟာ အကန့်အသတ်ရှိပါတယ်။
တခြားကိစ္စတွေကို ဦးစားပေးတာ များလွန်း သွားရင်စိတ်ချမ်းသာမှုအတွက်
အချိန်နဲ့အင်အား မကျန်တော့ဘူး။
အသက်တွေကြီးသွားမှ၊ 
ကျန်းမာရေးမကောင်းတော့မှ 
ငါ စိတ်ချမ်းသာအောင် မနေရသေးပါလားလို့
သိရင် အသိနောက်ကျနေမယ်။

+++++++++++++++++++++++++++


‘ ငါ စိတ်ချမ်းသာမှ သူများတွေကို စိတ်ချမ်းသာအောင် အထောက်အကူပေးနိုင်မယ်။
ဒါကြောင့် သူများတွေကို စိတ်ချမ်းသာအောင် မလုပ်ခင် ငါက အရင် စိတ်ချမ်းသာအောင် နေရမယ်’            
ဒီလိုတွေးရင် တစ်ကိုယ်ကောင်းဆန်ရာ ရောက်ပါသလား။
ကိုယ်က စိတ်ဆင်းရဲနေပြီး သူများ စိတ်ချမ်းသာအောင် လုပ်ပေးမှ စိတ်ကောင်းရှိတယ်လို့ ဆိုမှာလား။
အဲဒီလို တွေးတာဟာ ကွေ့ကောက်လမ်းမှားနေတဲ့ တွေးနည်းပဲ။

+++++++++++++++++++++++++++

မိမိကိုယ်ကို ပထမ သင့်တော်တဲ့နေရာမှာ ထားရမယ်လို့ ဘုရားဟောပါတယ်။
တရားနဲ့အဓိပ္ပာယ်ကောက်ရင်တော့ ကိုယ်က အကျင့်သီလရှိအောင် အရင်နေရမယ်။
ကိုယ်က တရားကိုသိအောင် အရင်လုပ်ရမယ်။နောက်မှ သူများကို ဆုံးမရမယ်လို့ ပြောတာ။
ဆင့်ပွား အဓိပ္ပာယ်ကောက်ရင် ကိုယ်က အရင် စိတ်ချမ်းသာအောင် နေပြီးမှ သူများကို
စိတ်ချမ်းသာအောင် တတ်နိုင်တာ ပြောပေး၊ လုပ်ပေးရမယ်။

+++++++++++++++++++++++++++

သူများ စိတ်ချမ်းသာဖို့ ကိုယ်က စိတ်ဆင်းရဲခံမှ ကောင်းတယ်။
အဲဒါမှ ချစ်ရာရောက်တယ် ဆိုတဲ့ အယူအဆကို လက်မခံဘူး။
တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ရင်လည်း ရတယ်။
ကိစ္စမရှိဘူး။
သူများကို နစ်နာအောင် လုပ်ပြီးမှ ကိုယ်က စိတ်ချမ်းသာဖို့တော့ ဘယ်တော့မှ မလုပ်ပါဘူး။

+++++++++++++++++++++++++++

ကိုယ့်အတွက် သူများ စိတ်ဆင်းရဲနေတာကို ကြိုက်သလား။
သတိထားပါ။ အဲဒီလို ဆိုရင် သူ့အတွက်လည်း ကိုယ်က စိတ်ဆင်းရဲမှ ဖြစ်တော့မယ်။
ကိုယ်ချစ်တဲ့သူတစ်ယောက် စိတ်ဆင်းရဲနေရင် ကိုယ်ပါ စိတ်ဆင်းရဲမှ သူ စိတ်ချမ်းသာမှာလား။
အဲဒီအတွေးအခေါ် သဘောထား မျှော်လင့်ချက်ဟာ မှားနေတယ်။
သူ စိတ်ချမ်းသာအောင် အနည်းဆုံးတော့ ကိုယ်လည်း စိတ်ဆင်းရဲဟန်ဆောင်တတ်တယ်။
အဲဒါ တကယ်လိုအပ်သလား။
ယဉ်ကျေးမှုအရ စိတ်ဆင်းရဲဟန်ဆောင် ကြတယ်။
ဝတ္တရားအရ စိတ်ဆင်းရဲတာပေါ့။
သေသေချာချာ စဉ်းစားကြည့်လေ သဘာဝမကျလေပဲ။

+++++++++++++++++++++++++++

လူများစုဟာ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် နေချင်ပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံမှာ စိတ်ချမ်းသာမှု သုတေသနလုပ်ကြည့်တဲ့ ပညာရှင်တွေရဲ့တွေရှိချက်က
လူဦးရေရဲ့ ၆၀%ပဲ ပျော်တယ်လို့ သိရတယ်။
၂၅% စိတ်ကျရောဂါ ဖြစ်နေတယ်။

+++++++++++++++++++++++++++

မြန်မာပြည်မှာတော့ စိတ်ချမ်းသာမှု သုတေသန ……?

+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော် ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၂၈…


Thursday, June 21, 2012

" စိတ်ညစ်ပျောက်ချင်ရင် ရေချိုးပါ..."



တစ်ခါတုန်းက သားအဖ နှစ်ယောက် ရှိပါတယ်။
တစ်နေ့တော့ သားအဖနှစ်ယောက်ဟာ ခရီးထွက်ဖို့ ပြင်ကြပါတယ်။
သူတို့ ထွက်မယ့်ခရီးစဉ်မှာ တောအုပ်တစ်ခုကို ဖြတ်သန်းသွားရမှာပါ။
အဲဒီတောအုပ်ထဲမှာ ဓားပြသူခိုးတွေကလည်း ရှိနေပါတယ်။
အဲဒီဓားပြ သူခိုးတွေရဲ့လုပ်ထုံးအစဉ်အလာ တစ်ခုက သားအဖနှစ်ယောက်လာရင်
သားကို ဖမ်းထားပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။
ဆရာ တပည့်လာရင်လည်း ဆရာကို ဖမ်းထားပြီး တပည့်ကို အိမ်ပြန်ငွေယူစေပါတယ်။
ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က
ခရီးမထွက်ခင် အဖေလုပ်တဲ့သူက...
" ငါ့သား၊ ဓားပြသူခိုးတွေနဲ့တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖ တော်တယ်လို့ မပြောနဲ့။
ဘာမှ မတော်ဘူးလို့ပြော " လို့မှာပါတယ်။
ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ။
ဓားပြ သူခိုးတွေနဲ့တွေ့ပါတယ်။ တွေ့တော့ သားအဖနှစ်ယောက်ကို ဖမ်းပြီး
'သင်တို့ ဘာတော်သလဲ' လို့မေးတော့ သားလုပ်တဲ့သူက
'ဘာမှ မတော်ဘူး' လို့ပြန်ဖြေလိုက်ပါတယ်။
ဒီတော့ သားအဖနှစ်ယောက် တောအုပ်က ထွက်ခွင့်ရပြီး ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။
နားရမယ့်နေရာမှာ နားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။
ရေချိုးပြီးတော့ စိတ်ရော၊စိတ်ရော ကြည်နေတဲ့အတွက်
သားဖြစ်သူက မိမိရဲ့တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ
နံနက်က မုသားပြောခဲ့တာကို ပြန်သတိရပါတယ်။
ထိတ်လန့်သံဝေဂဖြစ်ပြီး...
"ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ" ဆိုပြီး ရပ်လျက်
ဝိပဿနာပွားလိုက်တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ဖြစ်သွားပါတယ်။
ပစ္စေကဗုဒ္ဓါဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး နန္ဒမူလိုဏ်ဂူကို
ကြွသွားပါတော့တယ်။
(ငါးရာ့ငါးဆယ်၊ ပါနီယဇာတ်)

++++++++++++++++++++++++++++++++++++

အတိတ်ပါရမီကြောင့် တရားထူးရသွားတာမှန်ပေမယ့်
ရေချိုးလိုက်တဲ့အတွက် တရားထူးရဖို့ အထောက်အပံ့တစ်ခုဖြစ်သွားတာကို
ပြောချင်တာပါ။
ရေချိုးလိုက်တဲ့အတွက် စိတ်ရော၊ ရုပ်ရော ကြည်လင်နေတယ်။
စိတ်ရုပ် ကြည်လင်နေတဲ့အတွက်တရားအားထုတ်လိုက်တဲ့အခါ
တရားထူးတရားမြတ်ကို လျှင်မြန်စွာ ရသွားတယ်ဆိုတဲ့အချက်က
သတိပြုစရာ အချက်တစ်ခုဖြစ်တယ်။

++++++++++++++++++++++++++++++++++++

ပညာပွားကြောင်း အချက်-၇ ပါးမှာ ဒုတိယ အင်္ဂါက
"ဥာဏ်ပညာ ပွားဖို့အတွက် ကိုယ်တွင်းကိုယ်ပ နှစ်ဋ္ဌာနကို
သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပါ" တဲ့။

++++++++++++++++++++++++++++++++++++

ဒါကြောင့် ကိုယ်တွင်းကိုယ်ပ နှစ်ဋ္ဌာန ကို သန့်ရှင်းအောင်
မကြာခဏ လုပ်ပေးနေရပါမယ်။
စိတ်ချမ်းသာနေရင် တရားအလုပ်ပဲ လုပ်လုပ်၊
စီးပွားရေးပဲ လုပ်လုပ်၊
စာပဲကျက်ကျက်၊
ဘာဘဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။

++++++++++++++++++++++++++++++++++++

တကယ်လို့ စိတ်ညစ်လာပြီဆိုရင် ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။
အိပ်ရာ၊ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့လဲလိုက်ပါ။
ပြီးတော့ ရေချိုးလိုက်ပါ။
ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွတ်ပြီးသား အဝတ်လေးကို ဝတ်လိုက်ပါ။
အားလုံး ပြီးတာနဲ့ အသသ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့သပ္ပာယ ဖြစ်သလို
ထိုင်ပြီး  ခါးကိုဖြောင့်ဖြောင့်ထား၊
မျက်လုံးလေးမှိတ်၊
လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။
အားလုံးပြီးရင်...
အရဟံဂုဏ်တော်ကို ငါးမိနစ်ပွားပါ။
မေတ္တာကို ငါးမိနစ် ပို့လိုက်ပါ။
ဝိပဿနာကို ငါးမိနစ်ပွားနေလိုက်ပါ။
ဒါဆိုရင် စိတ်ချမ်းသာလာပါလိမ့်မယ်။
မယုံရင် စမ်းကြည့်လိုက်ပါ။

++++++++++++++++++++++++++++++++++++

အဓိကကတော့ ဘယ်လိုအာရုံပဲ ကြုံလာကြုံလာ၊
ကြုံလာတဲ့အာရုံကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွားဖို့ပါ။
ဒါကို ကိုယ်က အလေ့အကျင့်ဖြစ်အောင် လေ့ကျင့်ထားဖို့ပါ။
လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။
ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။

++++++++++++++++++++++++++++++++++++

ကျမ်းကိုး
စိတ်ညစ်ရင် ရေချိုးပါ (ရဝေနွယ် [အင်းမ] )


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com