Friday, June 24, 2011

" အမေထံသို့ပေးစာများ-၆..."




သို့
အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေနေကောင်းလား။
တစ်နေ့တုန်းက အမေ နှလုံးရောဂါပြန်ဖြစ်လို့
သုခကမ္ဘာဆေးခန်းကို ပြန်ပြရတယ်လို့
အီးမေးလ်ကဖတ်လိုက်ရတော့ စိတ်ပူလိုက်တာအမေရယ်။
ကျနော် လေးနှစ်ကျော် ငါးနှစ်သားအရွယ်က
အဖေကွယ်လွန်သွားခဲ့တယ်။
အဲဒီကတည်းက အမေဟာ ကျနော့်အတွက် အဖေဖြစ်ခဲ့သလို
အမေဟာ အမေလည်းဖြစ်နေခဲ့ပါတယ်။
အမေရဲ့ပြုစုပျိုးထောင်မှုကြောင့် ကျနော်တို့ညီအစ်ကိုတွေ ကြီးပြင်းခဲ့ကြတယ်။
လူလူသူသူဖြစ်ခဲ့ကြတယ်။
အဲဒါကြောင့် အမေဟာ ကျနော်တို့အတွက် အလွန်အရေးကြီးခဲ့ပါတယ်။
ကျနော်တို့အတွက် အားကိုးအားထားရာ ရွှေတောင်ကြီးဆိုလည်းဟုတ်သလို
ကုသိုလ်ပြုရာ စိန်တောင်ကြီးဆိုလည်း ဟုတ်တယ်။
အမေရဲ့အသက်က ၈၉-နှစ်ရှိပြီဆိုတော့ အသက်ကြီးမှန်းသိပါတယ်။
ဒါပေမယ့် အမေ့ကို အသက်ရှည်စေချင်သေးတယ်။
တရားမရှိလို့မဟုတ်ပါဘူး။
ကျေးဇူးဆပ်ခွင့်ရချင်တယ်။
အဖေကွယ်လွန်တော့ ကျနော်က
အသက်ငါးနှစ်ပဲရှိသေးတော့ အဖေရဲ့ကျေးဇူးကို သိခွင့်လည်း မရခဲ့ဘူး။
ဆပ်ခွင့်လည်း မရခဲ့ဘူး။
ဟော အခုအမေကျန်းကျန်းမာမာရှိနေသေးတယ်ဆိုတာကိုက
ကျနော်တို့အတွက် ကံကောင်းတယ်လို့ပြောနိုင်တယ်။
ကျနော်တို့ကျွေးတာကို အမေစားနိုင်တယ်။
ကျနော်တို့ပေးတာကို အမေလှူနိုင်တယ်။
မြန်မာပြည်တုန်းက ဆရာဝန်ဘဝနဲ့အမေကိုလုပ်ကျွေးခွင့်ရတာက
ကုသိုလ်တစ်မျိုးပါအမေ။
သက်သက်သာသာနဲ့အမေကိုကျွေးခွင့်၊ပေးခွင့်ရခဲ့တယ်။
ဟော အခု အမေရိကားကိုရောက်လာတော့ အဲဒီလောက် သက်သက်သာသာမရှိလှဘူး။
ဆရာဝန်စာမေးပွဲကို ပြန်ဖြေဖို့က ငွေတွေအများကြီးလိုတယ်။
အချိန်တွေလည်းလိုတာပါပဲ။
ရောက်စဆိုတော့ အဲဒီလို ငွေတွေအများကြီးကို မသုံးနိုင်ဘူး။
လောလောဆယ်တော့ အချိန်ယူပြီးဆရာဝန်စာမေးပွဲကို မဖြေနိုင်သေးဘူး။
ရရာအလုပ်ကိုလုပ်နေရတယ်။
ပညာနဲ့လုပ်ဖို့ဆိုတာ Certificate တစ်ခုရမှ ဖြစ်မှာမို့ လပိုင်းပဲရှိသေးချိန်မှာ
ဘယ်မှာ Certificate ရနိုင်အုန်းမှာလဲ။
အမေကိုလုပ်ကျွေးချင်တာကြောင့် ရတဲ့အလုပ်ကိုလုပ်ရတာပေါ့။
ပင်ပန်းတာ မပြောပါနဲ့တော့။
မငြီးငြူချင်ပါဘူး။
အမေရိကန်မှာ အလုပ်ရှိတဲ့ဒုက္ခထက် အလုပ်မရှိတဲ့ဒုက္ခကပိုဆိုးလို့လေ။
အမေ့ကိုလုပ်ကျွေးမယ်ဆိုတဲ့စိတ်နဲ့အလုပ်လုပ်တော့လည်း ပင်ပန်းတာ ပေါ့ပါးသွားသလိုပါပဲ။
အလုပ်က နေပူတယ်။
နေပူဒဏ်ကြောင့် ဖြူသယောင်ရှိတဲ့အသားအရေတွေလည်း မည်းကုန်ပြီ။
မပြောတော့ပါဘူး။
အားလုံးကို အမေသိသွားရင်
ကျနော်ကျွေးတဲ့အစားတွေ နင်ကုန်မှာစိုးပါတယ်။
တစ်ခုပြောနိုင်တာက
ကျနော့်အလုပ်က သမ္မာအာဇီဝတော့ကျပါတယ်အမေ။

အခြားအကြောင်းတွေပြောကြရအောင်။
ကျနော် အမေရိကားရောက်တော့ အရင်ဆုံး ငယ်သူငယ်ချင်းလှမင်းဆီကိုသွားတယ်။
သူက ကာရိုလိုင်းနား (မြောက်)မှာနေတယ်။
ကာရိုလိုင်းနား (မြောက်)က ရာသီဥတုအေးတယ်။
မေမြို့နဲ့တူတယ်။
အအေးကတော့ မေမြို့ထက်ပိုတယ်။
အအေးဒဏ်ကြောင့် သစ်ပင်တွေတောင် အရွက်တွေမရှိဘူး။
အရိုးပြိုင်းပြိုင်းနဲ့။
ဆီးနှင်းတွေအရမ်းကျနေတဲ့အချိန်မဟုတ်သေးဘူး။
ကျနော်တို့ရောက်တာ ဖေဖေါ်ဝါရီလတတိယပတ်လောက်ဆိုတော့
နှင်းတွေကိုလမ်းမတွေပေါ်မှာ မမြင်ရတော့ဘူး။
ဒါပေမယ့် အေးနေတုန်းပဲ။ အနွေးထည်တွေ သုံးလေးထပ်ဝတ်ရတုန်းပါပဲ။
တော်သေးတာပေါ့။ သူငယ်ချင်းရဲ့အိမ်မှာ Heater(အပူပေးစက်) တွေရှိပေလို့ပေါ့။
အိမ်တွေကတော့ အများကြီး၊
အိမ်အပြင်ဘက်တွေမှာ ဘယ်သူမှလည်း မရှိဘူးလို့ထင်ခဲ့တယ်။
ဘယ်ရှိမလဲ၊ အေးတော့ ဘယ်သူမှ အပြင်မထွက်ကြဘူးလေ။
အပြင်သွားရင်ကားတွေနဲ့သွားတယ်။ ကားမှာလည်း အပူပေးစက်ရှိတယ်။
အိမ်ရောက်ရင် အိမ်ထဲကိုဝင်၊ အပူပေးစက်ဖွင့်၊
အဲဒီလိုနဲ့တစ်လကျော်ကျော်လောက်နေရတယ်။
နောက်မှ အအေးပေါ့သွားပြီး နေလို့ထိုင်လို့ကောင်းလာတယ်။
အအေးပေါ့သွားတာနဲ့သစ်ပင်တွေလည်း စိမ်စိုလန်းဆန်းလာတယ်။
ပန်းတွေလည်း တစ်မျိုးပြီးတစ်မျိုးပွင့်လာတယ်။
အရောင်ကမျိုးစုံပါပဲ။
တကယ်လှပတဲ့မြို့လေးဖြစ်လာတယ်။
အိမ်တိုင်းမှာ ပန်းပင်ရှိတယ်။
အပွင့်တွေကလည်း ရောင်စုံပါပဲ။
အိမ်တွေက စားပင်တွေစိုက်တာနည်းတယ်။
ရောင်စုံလှပတဲ့ပန်းပင်တွေကို အလှကြည့်ဖို့စိုက်ကြတာများတယ်။
အိမ်တိုင်းမှာ ပန်းခြံရှိနေတယ်လို့ပြောရင်ရတယ်။
အမေရိကန်ပြည်သူတွေက အလှကြိုက်တာလည်းပါမယ်ထင်တယ်။
ပြီးတော့ လူတိုင်းကအလုပ်လုပ်ကြတယ်။
ပင်ပင်ပန်းပန်းနဲ့အိမ်ပြန်လာတဲ့အခါ ပန်းပင်တွေရဲ့ရောင်စုံအလှတွေကြည့်ပြီး
အပန်းပြေတာလည်း ပါမယ်ထင်ပါရဲ့။
သူငယ်ချင်းကတော့ နံနက်ဆိုရင် ၅နာရီခွဲဆိုရင်ထပြီ။
၆-နာရီလောက်ဆိုရင် အလုပ်သွားတယ်။
နေ့လည်၂-နာရီဝန်ကျင်လောက်မှ နေ့လည်စားပြန်စားတယ်။
နောက်တစ်ခါထပ်သွားရပြန်တယ်။
၅-နာရီလောက်မှပြန်လာပြီး ပန်းခြံထဲဆင်းတော့တာပဲ။
ပန်းပင်တွေကိုရေလောင်းတယ်။
လိုအပ်တဲ့အခါ မြက်တွေကို ရိတ်တယ်။
တစ်ပတ်တစ်ကြိမ်လောက်တော့ မြက်ရိတ်ရတယ်။
သူ့ရဲ့ခြံကကျယ်တော့ သီးပင်တွေရောစိုက်ထားတယ်။
မြန်မာလူမျိုးက အမေရိကန်ဖြစ်လာသူဆိုတော့ စိုက်တဲ့အထဲမှာ
ဘူးပင်တွေလည်းပါရဲ့။
စပြစ်ပင်တွေလည်းပါရဲ့။
ပန်းသီးပင်၊လိမ္မော်ပင်လည်းပါရဲ့။
အို…စုံနေတာပါပဲ။
သူတို့နိုင်ငံမှာက မျိုးစေ့ကိုစိုက်တာထက် အဆင်သင့် ပျိုးပင်ကိုစိုက်တာများတယ်။
ဘာမဆိုဝယ်လို့ရတယ်။
အမေရေ…စာလည်းရှည်သွားပြီ။
နောက်များမှ ရေးပါအုန်းမယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
အမေကို လုပ်ကျွေးခွင့်ပြုပါအမေ။
အမေအသက်ရှည်ပြီးကျန်းမာမှဖြစ်မှာလေ။

အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
 ဘာလင်တန်မြို့ ၊(Burlington)
ကာရိုလိုင်းနား(မြောက်)ပြည်နယ်၊(North Carolina)
အမေရိကန်ပြည်ထောင်စု၊(USA)


Thursday, June 23, 2011

“ အဆိုးနဲ့အကောင်းမြင်ကွင်းများ …”


ကျနော့်စိတ်မှာ ညှိုးငယ်ပြီး မအီမသာဖြစ်တဲ့အခါ

ကိုယ်တိုင်ကြုံတွေ့တဲ့ အခက်အခဲ ဒုက္ခများကို ဖော်ပြတဲ့ စာတစ်စောင်ကို

သူငယ်ချင်းတစ်ဦးထံ စာရေးတတ်ပါတယ်။

ဒါပေမယ့် အဲဒီစာကို ရေးပြီးမပို့ဖြစ်ပါ။

အဲဒီစာကို စာတိုက်ကထည့်မယ့်အစား

အဲဒီသူငယ်ချင်းထံသို့ပင် အခြားစာတစ်စောင်ထပ်ရေးပါတယ်။

ဒုတိယစာတွင်

ပထမစာတွင်ဖော်ပြခဲ့တဲ့ အခက်အခဲ၊ ဒုက္ခများအားလုံးကို ဂရုစိုက်ပြီး

မပါအောင်ဖယ်ရှားပါတယ်။

အဲဒီအခက်အခဲ၊ ဒုက္ခများတစ်ခုချင်းအစား၊

သတင်းကောင်းတစ်ခုစီကို ရေးထည့်ပေးပါတယ်။

ထည့်တဲ့ သတင်းကောင်းဟာ

ဘယ်လောက်ပင် အသေးအမွှားဖြစ်ပါစေ၊

ထည့်ရေးဖြစ်အောင်ရေးပါတယ်။

အဲဒီနည်းဟာ အခုအခါမှာတော့ ကျနော်ရဲ့ ကိုယ်ပိုင်နည်းတစ်ခုဖြစ်နေပါပြီ။

ဒုတိယစာကို ရေးပြီးတဲ့အချိန်တွင်

အထူးအဆန်း၊ အံ့သြစရာတစ်ခုမှာ

စိတ်ထဲမှာညှိုးငယ်မှု၊ အားငယ်မှု၊ မအီမသာဖြစ်မှု များ

ကင်းရှင်းပြီး ပေါ့ပါးလာပါတယ်။

ရွှင်ရွှင်ပျပျ စေတနာကောင်း အရင်းခံလျက် ရေးတဲ့စာဟာ

တူညီတဲ့ တုံ့ပြန်မှုကို ရစေပါတယ်။

ကျနော်ဟာတစ်ချက်ခုတ်၊

နှစ်ချက်ပြတ် ရည်ရွယ်ချက် ()ရပ်ပြည့်ဝအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။


Wednesday, June 22, 2011

“ အကြွားသန်သူ…”


တစ်ခါတုန်းက

အလွန်အကြွားသန်တဲ့ တက်ဆက်ပြည်နယ်သားတစ်ဦးရှိပါတယ်။

သူပိုင်တဲ့ ခြံမှာ အလွန်ကျယ်ဝန်းကြောင်း

သူရဲ့မိတ်ဆွေ အင်္ဂလိပ်လူမျိုးကို ရှင်းပြပါတယ်။

ကျနော့်ခြံက ဘယ်လောက်ကျယ်သလဲဆိုရင်၊

မနက်စောစော အိပ်ရာကထပြီး၊

ကျနော့်ကားနဲ့ ခြံတစ်ပတ်မောင်းတာ၊

ညနေ နေဝင်တဲ့အထိ

အိမ်ကို ပြန်မရောက်ဘူး၊

အဲဒီလောက် ကျယ်ပါတယ်။

လို့ ကြွားလိုက်ပါတယ်။


အဲဒီအခါ နားထောင်နေတဲ့ အင်္ဂလိပ်လူမျိုးက

ခင်ဗျားပြောတာ ကျနော်ကောင်းကောင်းသဘောပေါက်ပါတယ်၊

ဘာကြောင့်လဲဆိုတော့

ကျနော့်မှာလည်း အဲဒီလို ကားမျိုး တစ်စီးရှိထားလို့ပါ

လို့ ပြန်ပြောလိုက်ပါတယ်။


" သားသမီးများကို စာဖတ်ဝါသနာပါပါစေ..."


၁။

သေမင်း၏ တမန်ဖြစ်သော

အရွယ်သုံးပါးကို ဆောင်တတ်သော ဤဆံပင်ဖြူသည်

ငါ့အားပေါက်ရောက်ခဲ့ပြီ၊

ငါသည် ရဟန်းပြုရန် အချိန်တန်လေပြီ

( ဤကား ဆံပင်ဖြူတစ်ချောင်းပေါက်လာသည်ကိုပင် သံဝေဂ

အကြီးအကျယ်ယူပြီးတောထွက်သွားသော မဃဒေဝမင်းကြီး၏

သံဝေဂဥဒါန်းပင် ဖြစ်ပါသည်။)

၂။

တစ်ပင်သော သရက်ပင်သည် အသီးများစွာ သီးသည်။

တစ်ပင်သော သရက်ပင်ကား တစ်လုံးတစ်လေမျှ မသီးချေ။

သီးသောအပင်မှ သရက်သီးများကို နန်းတွင်းသူ နန်းတွင်းသားများက

ပစ်ချခြင်း၊ ပုတ်ချခြင်း၊ တက်ခူးခြင်းတို့ဖြင့် ဖျက်ဆီးကြသောကြောင့်

သရက်ပင်မှာ မိမိအသီးကပင် မိမိကို ပြန်ဒုက္ခပေးကာ ပျက်စီးရလေသည်။

အသီးမသီးသော သရက်ပင်မှာကား မည်သူမျှ အရေးမစိုက်သောကြောင့်

ပကတိအတိုင်းပင် မပျက်မစီးတည်ရှိနေသည်။

ငါတို့ ရှင်ဘုရင်အဖြစ်ကား အသီးသီးသော သရက်ပင်နှင့်တူ၏။

တောမှာနေသော ရသေ့ရဟန်းတို့၏အဖြစ်ကား အသီးမသီးသော သရက်ပင်နှင့်တူ၏။

စည်စိမ်ဥစ္စာ ပေါများသော ငါတို့အား ဘေးရန်များသလောက်

စည်စိမ်ဥစ္စာမရှိသော ရဟန်းတို့သည်ကား ဘေးရန်ကင်းပေစွ။

ဤသံဝေဂနှင့် တကွ ဇနကမင်းကြီးသည် တောထွက်ကာ ရသေရဟန်းပြုခဲ့လေသည်။

(အလောင်းတော် ဇနကမင်းကြီး )

၃။

သေလျှင်ခြောက်ချက်

၁။ အစားအသောက် မည်မျှစားနိုင်သည်ဆိုစေကာမူ အပြီးသတ်ငတ်၍ သေပါလိမ့်မည်။

၂။ ပစ္စည်းဥစ္စာမည်မျှ ချမ်းသာသည်ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။

၃။ ဆဒ္ဒန်ဆင်မင်း ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။

၎။ စကားပြော မည်မျှကောင်းသည်ဆိုစေကာမူ အ၍ သေပါလိမ့်မည်။

၅။ နတ်မမီ လူမမျှ လှပသည်ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။

၆။ စုံမက်ချစ်ခင်သူမည်မျှ များသည်စေကာမူ အမုန်းခံ၍ သေပါလိမ့်မည်။

( ရွှေမင်းဝံဆရာတော်ဘုရားကြီး၏ သေလျှင်ခြောက်ချက်ဟူသော

မရဏနုဿတိ တရားတော်…)

၎။

အိုစုန္ဒ ကုသိုလ်ကောင်းမှုတို့၌

စိတ်ကူးကြံစည်ရုံမျှနှင့်ပင်လျှင် အကျိုးကျေးဇူးများလှပေ၏" ဟု ငါဘုရား

ဟောတော်မူ၏။

ကိုယ်ရော၊နှုတ်ပါ ပြုကျင့်ပါက

အကျိုးကျေးဇူးများခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။

အနည်းငယ်သော ကောင်းမှုသည် (ငါ့အား) အကျိုးရောက်လိမ့်မည်မဟုတ်

ဟု ကောင်းမှုကိုမထီမဲ့မြင် မအောက်မေ့ရာ၊

မိုးရေပေါက်ကျဖန်များလတ်သော် ရေအိုးပြည့်သကဲ့သို့

ပညာရှိသည်

အနည်းငယ်သော ကောင်းမှုကိုပြု ဆည်းပူးဖန်များလတ်သော်

နတ်ရွာနိဗ္ဗာန်ကို ရစေနိုင်သော ကောင်းမှုဖြင့်ပြည့်၏။

(ဓမ္မပဒ)

၅။

သားထူးသားမြတ်ဖြစ်ရန်အတွက်

အဓိကလိုအပ်ချက်ကား

မိမိ၏သားသမီးများကို မိမိထက်ပို၍ စာဖတ်ဝါသနာပါပါစေ။

၆။

အသိပညာဆိုတာ မိမိကိုယ်ကို ပိုမိုပြည့်ဝစေတယ်။

ကိုယ့်ဆီက သူများယူသွားလို့ မရနိုင်ဘူး။

(ပဒါရူးစကီး)

၇။

အလှူဒါန၏ မျက်မှောက်အကျိုးငါးပါး…”

အလှူဒါနဝတ္ထုလှူဒါန်းသော အလှူရှင်သည်-

၁။ လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း၊

၂။ သူတော်ကောင်းတို့ မှီခိုဆည်းကပ်ခြင်း၊

၃။ ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်ကြားခြင်း၊

၎။ ပရိသတ်၎ ပါးသို့ ရွံရှာခြင်းကင်း၊ ရဲတင်းစွာ ချဉ်းကပ်ခြင်း၊

၅။ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရောက်ခြင်း။

ဟူသော အကျိုးထူးတို့ကို ရရှိခံစားရ၏။


Tuesday, June 21, 2011

“ တားကြပါတော့လား…”


ကမာရွတ်မြို့နယ်တရားရုံးတွင်

တရားသူကြီးက

ခင်ဗျားရဲ့နာရီကိုသူ ခိုးတာ

ဘယ်သူမြင်သလဲ


တရားလိုက

မျက်မြင်သက်သေ ဆယ်ဦးတိတိ ရှိပါတယ်


တရားခံက

တရားသူကြီးမင်းခင်ဗျာ၊

ကျနော်ခိုးတာကို လူဆယ်ဦးတိတိက မြင်ခဲ့တယ်

ဆိုရင် ဘာဖြစ်လို့ ဘယ်သူမှ မတားကြသလဲ ဟင်

Monday, June 20, 2011

“ အရေးထဲအရာပေါ်…”



တစ်ခါတုန်းက

ခွဲစိတ်အထူးကု ဆရာဝန်ဒေါက်တာအောင်မင်းဟာ

လူငယ်လူနာကို စမ်းသပ်ကြည့်ရှုရန်ပြင်နေတယ်။

ရုတ်တရက် အခန်းမှာထွက်ပြီး လူနာလက်ခံရာဋ္ဌာနသို့သွားတယ်။

ဝက်အူလှည့်ပေးရန် တာဝန်ကျ သူနာပြုဆရာမထံတောင်းတယ်။

ဆရာမက စားပွဲအံဆွဲထဲမှ ဝက်အူလှည့်ကို ထုတ်ပေးတယ်။

ဝက်အူလှည့်ကို ယူပြီး ဆရာဝန်ဒေါက်တာအောင်မင်းဟာသူ့ရဲ့အခန်းကိုသွားတယ်။

မကြာမီ လူနာလက်ခံဋ္ဌာနဘက် ရောက်လာပြီး သူနာပြုဆရာမထံမှ

တူနဲ့စို့တစ်ခုကို တောင်းပြန်တယ်။

ဆရာမကလည်း တောင်းတာကို ပေးလိုက်တယ်။

ခဏအကြာမှာတော့

သူနာပြုဆရာမဘက် ခွဲစိတ်ဆရာဝန်ဒေါက်တာအောင်မင်း ရောက်လာပြန်တယ်။

သူနာပြုဆရာမအနားမှာသားကိုထိုင်စောင့်နေတဲ့မိခင်ဖြစ်သူက

စိုးရိမ်တကြီးဖြင့် ဆရာဝန်ကို မေးတယ်။

ဒေါက်တာ၊

ကျမသားလေးရဲ့အခြေအနေ အင်မတန်

စိုးရိမ်ရသလားရှင်


ဒေါက်တာအောင်မင်းပြန်ပြောလိုက်တာက...

ခင်ဗျားသားကို

ကျနော် မကြည့်အားသေးပါဘူး၊

ကျနော့်ဆေးအိတ်ကို

ဘယ်လိုမှ ဖွင့်မရလို့


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com