Saturday, July 7, 2012

"အမေ့ထံသို့ ပေးစာများ-၄၆..."




သို့
ချစ်တဲ့အမေ
သား သတိတရစာရေးလိုက်ပါတယ်။
ကျနော် ရင်ကြတ်နေတယ်။
ရင်ကြတ်လာတဲ့အခါ ပြောပြရမယ့်လူမရှိသလို ခံစားရတယ်။
ကိုယ့်အပေါ်နားလည်တတ်တဲ့သူကိုပြောပြမှ ရင်ကြတ်သက်သာတာမျိုးလေ။
ဒါကြောင့် အမေ့ကို ရင်ဖွင့်ပါတယ်။
ဆရာဝန်ဆိုတာ လူနာတွေနဲ့အလုပ်လုပ်ရတဲ့လူမျိုးဖြစ်တယ်။
လူနာတစ်ယောက်လာပြီးဆိုရင် အဲဒီလူနာရဲ့ရောဂါဖြစ်စဉ်ကိုသိအောင်
လူနာနဲ့စကားပြောရတယ်။
ကိုယ်က နည်းနည်းပြောပြီး များများနားထောင်ရပါတယ်။
ကိုယ်ပြောတယ်ဆိုတာက လူနာကိုမေးရတာပါ။

ရောဂါဖြစ်စဉ်ကို လူနာက ဆရာဝန်ထက် ပိုသိတယ်။
လူနာနဲ့စကားများများပြောလေ
ရောဂါဖြစ်စဉ်ကို ပိုသိလေပဲ။
သိလာတဲ့အကြောင်းအရာပေါ်မူတည်ပြီးမှ
ဘာရောဂါဖြစ်နိုင်သလဲဆိုတာ ချိန်ဆရတယ်။
လူနာနဲ့စကားပြောနေတုန်းလည်း ဆရာဝန်ဆိုတာ
စဉ်းစားနေရတယ်။
ဘာဖြစ်နေသလဲ။
ဘာဖြစ်နိုင်သလဲ။
လူနာပြောတဲ့အကြောင်းအရာပေါ်မူတည်ပြီး
နောက်တစ်ဆင့်က စမ်းသပ်စစ်ဆေးရတယ်။
စမ်းသပ်စစ်ဆေးနေတုန်းလည်း စဉ်းစားနေရတယ်။
ဖြစ်နိုင်ချေတွေကို မလွတ်သွားအောင် ချိန်ဆရတယ်။
ဖြစ်နိုင်ချေကိုအမိအရ ဆုပ်ကိုင်နိုင်ပြီးဆိုရင်
နောက်တစ်ဆင့်က ကုသတဲ့အပိုင်းရောက်လာတယ်။
ကုသတဲ့အခါမှာလည်း ကိုးလုံးကျည်နဲ့ပစ်လိုက်သလိုမျိုး
ထိချင်တဲ့အလုံးနဲ့ထိစေဆိုတဲ့သဘောမျိုးနဲ့မဖြစ်ရအောင်
ချိန်ဆရပြန်တယ်။
ကိုးလုံးကျည်နဲ့ပစ်တာမျိုးက လူနာအတွက်
ကောင်းကျိုးထက် ဆိုးကျိုး ပိုများစေတယ်။
ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိနေလေတော့
အဲဒီလိုမျိုးကုသမှုက လောလောဆယ် ခံစားနေရတဲ့ဝေဒနာ သက်သာသွားနိုင်တာ
မှန်ပေမယ့် နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေက
လူနာကို ထိခိုက်စေတယ်။
ငွေကြေးနဲ့တွက်ရင်လည်း လူနာက ဆေးဖိုးရော၊ဆရာဝန်ဝါးခပါ
ပေးရလေတော့ ကုန်ကျစရိတ်ပိုများသွားတတ်တယ်။
အောင်မြင်တဲ့ဆရာဝန်ဆိုတာ လူနာအတွက် အစစအရာရာ စဉ်းစားချိန်ဆတတ်တဲ့
ဆရာဝန်ကိုခေါ်တာပါအမေ။
ရောဂါလည်း မြန်မြန်ပျောက်ကင်းကျန်းမာမှ၊
ဆေးဖိုးဝါးခလည်း သက်သက်သာသာ ရှိမှ၊
ဘေးထွက်ဆိုးကျိုးလည်း နည်းနိုင်သမျှ နည်းမှ။
အဲဒီလိုအကြောင်းတရားတွေနဲ့အတတ်နိုင်ဆုံးပြည့်စုံအောင်
ကြိုးစားပါသားရယ်လို့ အမေဆိုဆုံးမခဲ့သလို
သားကြိုးစားခဲ့ပါတယ်။
လူ့ဘဝရဲ့သက်တမ်းနဲ့တွက်ရင်
သက်တမ်းတစ်ဝက်ကျော်ကျော်ကို
အဲဒီလို စဉ်းစားချိန်ဆမှုတွေနဲ့ အချိန်ကုန်ခဲ့တာပါ။
ဒီရောက်တော့ ဒီမှာလုပ်တဲ့အလုပ်တွေက ဆန့်ကျင်ဖက်တွေလို့ပြောရမယ်ထင်တယ်။
ဘာမှ စဉ်းစားချိန်ဆစရာမလိုဘူး။
ပြောတဲ့အတိုင်း လုပ်။
မြန်မြန်လုပ်။
ပြေးဆိုရင် ပြေး။
တစ်ခါတစ်ရံ ဘယ်ကိုပြေးရမှန်း မသိပြေးရတာမျိုးလည်း ကြုံရပါတယ်။
မြန်မာပြည်လို လုပ်နေရင်လည်း အလုပ်က ပြုတ်ဖို့သာ ရှိတော့တယ်။
အလုပ်မရှိလို့မဖြစ်တဲ့နိုင်ငံမှာ အလုပ်အပြုတ်မခံနိုင်တော့ လျှာထွက်အောင် ပြေးနေရတာပေါ့အမေ။
ငယ်ရွယ်သူတွေကိုတော့ ဒီကိုလာဖို့တိုက်တွန်းချင်ပါတယ်။
ဘာကြောင့်ဆိုတော့ ပညာရေးကို အလေးထားတဲ့နိုင်ငံမှာ ပညာသင်ကြားရတာ အဆင်ပြေတာပေါ့။
အထက်တန်းပညာအထိကို အခမဲ့ပညာသင်ကြားတဲ့စံနစ်ရှိနေတယ်။
လူငယ်ဆိုတာ သူအထင်ကြီးတဲ့နေရာတစ်ခုမှာ အသားကျဖို့ဆိုတာ
ဘာမှ အခက်အခဲမရှိနိုင်ဘူးလေ။
ကျနော်တို့လို လူလတ်ပိုင်းလည်း မဟုတ်၊
လူကြီးပိုင်းလည်း မဟုတ်တဲ့ စကောစကအရွယ်တွေက
အထင်ကြီးမှုတွေလည် နည်းလာပြီလေ။
ကိုယ်ကြီးပြင်းခဲ့တဲ့ပတ်ဝန်ကျင်နဲ့မတူတဲ့နေရာတစ်ခုမှာ
အသားကျဖို့ဆိုတာ အတော့်ကို ခက်ခဲလှပါတယ်။
ဒီမှာက ရုပ်ဝတ္ထုတွေ အလျှံပယ်ပါပဲ။
မိုးထိအောင် လျှံနေတာ အမေ။
ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမှာလည်း အဲဒီလို လျှံနေရင် သိပ်ကောင်းမှာပဲလို့
မကြာခဏတွေးနေမိပါတယ်။
လောကရဲ့ထုံးစံအတိုင်း အားလုံးပြည့်စုံတာ မရှိတတ်ပါဘူး။
ဒီတော့ ဆီးဆော (see-saw) များလိုပဲ
တစ်ဖက်က မြင့်သွားချိန်မှာ အခြားတစ်ဖက်က
အလိုလို နိမ့်ကျသွားတာ သဘာဝပဲလေ။
ဒီမှာက အရာရာဟာ ငွေဖြစ်နေတယ်။
ငွေက အဓိကဖြစ်နေတော့ ငွေရအောင် အလုပ်လုပ်ရတယ်။
ဒီတော့  အလုပ်ပြီးအလုပ်ဖြစ်နေတယ်။
အလုပ်ကလည်း အတိတ်ကလုပ်ခဲ့တဲ့အလုပ်နဲ့
သဘာဝချင်းလုံးဝနီးပါးမတူတဲ့အလုပ်။
ဒီတော့ စိတ်ပိုပင်ပန်းနေတာပေါ့အမေ။
ရွေးချယ်စရာလမ်းကလည်း မရှိတော့ ရတဲ့အလုပ်ကိုပဲ
အဆင်ပြေအောင် ကိုယ့်ကိုယ်ကို ညှိနေရတယ်။
အလွယ်တကူ အသားမကျဘူးဆိုတာကိုတော့ ဝန်ခံပါတယ်။
ငှက်တွေလို တောင်ပံသာ ပါရင် မြန်မာပြည်ကို ပျံလာမိမလားပဲ။
လူက မပျံနိုင်ပေမယ့် စိတ်က ပြန်လာတာ အကြိမ်ကြိမ်။
 



အားလပ်တဲ့နေ့တစ်နေ့မှာ ကျနော်အလုပ်လုပ်တဲ့မောလ်ထဲမှာပဲ
လျှောက်လည်ရင်းနဲ့ စာအုပ်ဆိုင်တစ်ဆိုင်ကိုရောက်သွားတယ်။
စာအုပ်ဆိုင်က အကြီးကြီးပါပဲလား။
အဓိကကတော့ စာအုပ်ရောင်းတာပါ။
ကွန်ပျူတာတွေကို လူတိုင်း သုံးစွဲနေတဲ့နိုင်ငံ၊
လုပ်ငန်းခွင်တိုင်းမှာ ကွန်ပျူတာ ရှိနေတဲ့နိုင်ငံမှာ
စာအုပ်တွေရဲ့အခန်းဂဏ္ဏဟာ မှေးမှိန်နေမှာပဲလို့ ထင်ခဲ့မိတယ်။
ဘယ်ဟုတ်လိမ့်မလဲ။
စာအုပ်ဆိုင်က ကြီးမားသလောက် လူတွေကလည်း စည်းကားနေလိုက်တာ
အံ့သြစရာတောင် ကောင်းသေးတယ်။
စာအုပ်တွေကလည်း အမျိုးကိုစုံလို့။
ခန်းမကြီးရဲ့နေရာအတော်များများမှာ သက်တောင့်သက်သာ ထိုင်ဖတ်လို့
ရအောင် ဆက်တီတွေ ချထားတယ်။
ကိုယ့်အိမ်ရဲ့ဧည့်ခန်းမှာ စာထိုင်ဖတ်ရသလိုမျိုး ခံစားရပါတယ်။
ပြီးတော့ ဂီတသံ သဲ့သဲ့လေး ဖွင့်ပေးထားတယ်။
ကြိုက်တဲ့စာအုပ်ကို ကြိုက်သလောက် ထိုင်ဖတ်လို့ရတယ်။
စာအုပ်ဆိုင် ပိတ်တဲ့အချိန်အထိပေါ့။
အဲဒီဆိုင်မှာ လူကြီးတွေအတွက် အမှတ်တရပစ္စည်းတွေလည်း
တွဲရောင်းတယ်။
ကလေးတွေအတွက် ကစားစရာ အရုပ်တွေလည်းရောင်းတယ်။
ကလေးတွေအများကြီးတွေ့ရတယ်။
ကလေးတွေလည်း ပျော်လို့၊ ရွှင်လို့။
စာအုပ်ဆိုင်ထဲမှာပဲ စားသောက်ဆိုင်လည်း တွဲဖွင့်ထားတယ်။
တော်တော် စိတ်ချမ်းသာစရာ ကောင်းတဲ့နေရာလေးပေါ့အမေ။
ကျနော် အားလပ်တိုင်းသွားရမယ့်နေရာလေးတစ်ခုတိုးလာတယ်။
ငွေတွေစုဆောင်းနေရတဲ့အချိန်မို့ စာအုပ်တွေတော့ မဝယ်နိုင်သေးပါဘူး။
စာအုပ်တွေတော့ အားလပ်တိုင်း ထိုင်ဖတ်ဖြစ်တယ်။
ငွေမကုန်တဲ့အလုပ်ပဲ အဓိက လုပ်ဖြစ်နေသေးတယ်။
ဒါပေမယ့် ဝယ်နိုင်တဲ့အခါမှာတော့ ဘယ်စာအုပ်တော့ဖြင့်
ဝယ်မယ်ဆိုတဲ့စာအုပ်စာရင်းကိုတော့ စိတ်ကူးနဲ့ပြုစုထားပါတယ်။
အမေ့အတွက် ငွေတွေပို့လိုက်တာ ရပြီထင်ပါတယ်။
အဲဒီငွေတွေဟာ အမေ လှူချင်တာ လှူဖို့၊
စားချင်တာ စားဖို့၊
ဝယ်ချင်တာ ဝယ်ဖို့ပါ။
သုံးချင်သလို အသုံးပြုနိုင်ပါတယ်။
ကျနော် အမေ့ကို လှူတာပါ။
အမေ့ကို အဝေးက ကတော့လိုက်ပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။

အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၇-၇-၂၀၁၂








                                          

Friday, July 6, 2012

"သွားနေကျ လမ်းအတိုင်း သွားမလား..."





ဘာအကြောင်းပဲ ပြောပြော စိတ်ချမ်းသာစရာဖက်ကို  ဆွဲယူပါ။
တတ်နိုင်သလောက် အပြုသဘောဖက်ကို ရောက်အောင် ပြောပါ။
စာဖတ်တဲ့အခါမှာလည်း စိတ်ချမ်းသာစရာကို ရွေးဖတ်ပါ။
ကြုံရာစာကို မဖတ်ပါနဲ့။
ကိုယ့်အချိန်တွေဟာ အကန့်အသတ်ရှိတယ်။
ဒါကြောင့် အချိန်ကုန်ရကျိုးနပ်အောင် စဉ်းစားပါ။
ပညာလည်းရ စိတ်လည်းချမ်းသာမယ့် စာကို ဖတ်ပါ။

++++++++++++++++++++++++++++++++++++

တွေးတဲ့အခါမှာလည်း ကြုံရာအတွေးတွေကို တွေးမယ့်အစား စိတ်ချမ်းသာစရာကို တွေးပါ။
များသောအားဖြင့် ဘာကိုတွေးမယ်လို့ အစီအစဉ် မရှိဘူး။
စိတ်ကူးတည့်ရာ ကြုံရာကို တွေးတယ်။
အတွေးက စိတ်ကို အများဆုံး လွှမ်းမိုးတယ်။
အတွေးကြောင့်  စိတ်ချမ်းသာတယ်။
အတွေးကြောင့်ပဲ စိတ်ဆင်းရဲတယ်။
ဒါကြောင့် စိတ်ချမ်းသာချင်ရင် အတွေးတွေကို စည်းကမ်းရှိအောင် လုပ်ရမယ်။
ကိုယ်ကြိုက်ရာကို ရွေးပြီး တွေးနိုင်မှ စိတ်ချမ်းသာမယ်။
ပတ်ဝန်းကျင်က အခြေအနေတွေနဲ့ လူတွေက ကိုယ့်အတွေးတွေကို လွှမ်းမိုးတာ
များလေ ကိုယ့်စိတ်ကြည်လင်မှု နည်းလေ ဖြစ်မယ်။

++++++++++++++++++++++++++++++++++++

လေတိုက်ပြီးလွင့်လာတဲ့ အမှိုက်တွေက ကိုယ့်ခေါင်းပေါ်လာစုသလို ဖြစ်နေရင် မကောင်းဘူး။
အမှိုက်တွေ ခေါင်းပေါ်လာမစုအောင် ဘယ်လိုလုပ်မလဲ ဆိုတာ စီစဉ်ပါ။
ကိုယ်က အစီအစဉ်လုပ်မထားရင် အခြေအနေက ဖန်တီးတာ ခံရမယ်။
အခြေအနေက ဖန်တီးတာ ခံရရင် ကိုယ့်မှာ လွတ်လပ်မှု မရှိဘူး။
စိတ်ချမ်းသာမှုလည်း မရနိုင်ဘူး။
ကိုယ့်စိတ်ကိုမှ ကိုယ်မကာကွယ်နိုင်ရင် တခြားဘာကို ကာကွယ်နိုင်မလဲ။
ကိုယ့်စိတ်ဟာ လွတ်လပ်တဲ့နယ်မြေ ဖြစ်ရမယ်။
အေးချမ်းတဲ့နယ်မြေ ဖြစ်ရမယ်။

++++++++++++++++++++++++++++++++++++


စိတ်ချမ်းသာမှုအများဆုံးရမယ့် အတွေ့အကြုံတွေကို ရွေးပါ။
ကိုယ်တွေ့ရကြုံရတာတွေ အားလုံးဟာ အတွေ့အကြုံ (experience) တွေ ချည်းပဲ။
တစ်နေ့တာ ကြုံတွေ့ရတာတွေဟာ များသောအားဖြင့်တော့
ဘာမှ မထူးခြားတဲ့အတွေ့အကြုံတွေပဲ များပါတယ်။
တစ်ခါတလေ ကိုယ်က သေသေချာချာ စီစဉ်ပြီး
 ထူးခြားအောင် လုပ်မှ ထူးခြားတဲ့အတွေ့အကြုံ ဖြစ်လာတယ်။
နေ့စဉ် ထူးခြားတဲ့အတွေ့အကြုံတစ်ခုခု ဖြစ်လာအောင် စီစဉ်တတ်ရင် ရပါတယ်။
သွားစရာ ရှိလို့သွားတဲ့အခါ သွားနေကျလမ်းအတိုင်း မသွားပဲ ပိုပြီးသာယာတဲ့လမ်းကနေ သွားပါ။
စကားပြောလို့ ကောင်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လူတွေနဲ့ တွေ့ပါ။
ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေကို သွားပါ။
အချိန်ရရင် သီးသန့် အစီအစဉ်လုပ်ပြီး picnic ပျော်ပွဲစား သွားပါ။

++++++++++++++++++++++++++++++++++++

ရေရှည်မှာ စိတ်ချမ်းသာမှုကို လျော့နည်းသွားစေမယ့် အပျော်အပါးမျိုးကို မလုပ်မိအောင်
ချင့်ချိန်ဖို့၊ စီစစ်ဖို့ လိုတယ်။
အခုခဏ ပျော်ပြီးတော့ ရေရှည်စိတ်ဆင်းရဲမယ့်ကိစ္စကို ရှောင်ဖို့ပဲ။
ကုန်ကျစရိတ်များတဲ့ အပျော်အပါးကို ရှောင်ပါ။
ပညာရေးအတွက် သုံးရမယ့်ငွေကို ခဏပျော်ရတဲ့နေရာမှာ မသုံးသင့်ဘူး။
ကျန်းမာရေးအတွက် သုံးရမယ့်ငွေကို လောင်းကစားလုပ်ပစ်လို့ ဆေးမကုနိုင်ပဲ
သေရတာ ကြားဖူးတယ်။

++++++++++++++++++++++++++++++++++++

လူ့ဘဝမှာ လုပ်ချင်တာချည်းပဲ လုပ်ဖို့ အခွင့်အရေးမရပါဘူး။
လူများစုဟာ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတယ်။
ဝင်ငွေကလည်း အကန့်အသတ် ရှိတယ်။
အချိန်ဆိုတာလည်း အကန့်အသတ်ရှိတယ်။
အလုပ်နားရက်မှာ ငွေကုန်မများတဲ့ပျော်စရာလေးတွေကို ဖန်တီးခွင့် လုပ်ခွင့်ရနိုင်ပါတယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်အတွက်ပျော်စရာဆိုတာ ကိုယ့်စရိုက်နဲ့လည်း ပတ်သက်တယ်။
ကိုယ့်အခြေအနေ၊ ကိုယ့်ဝင်ငွေ၊ အချိန်ပို၊ အသက်အရွယ်၊ ကျန်းမာရေး၊
ကိုယ်နဲ့တွဲလို့ရမယ့် အပေါင်းအဖော် စတဲ့ အချက်တွေပေါ်မှာ မူတည်ပါတယ်။

++++++++++++++++++++++++++++++++++++

ကိုယ်လုပ်ချင်တာကို စိတ်ကြိုက်ရွေးပြီး လုပ်နိုင်တဲ့အခြေအနေရရင်
သိပ်ပျော်စရာ ကောင်းပါတယ်။
ကိုယ်လုပ်ချင်တာကို စိတ်ကြိုက်ရွေးပြီး လုပ်ခွင့်မရတဲ့အခါ ဖြစ်လာတဲ့အခြေအနေကို
ကိုယ့်အတွက် ပိုပြီးပျော်စရာဖြစ်အောင် ဖန်တီးနိုင်ဖို့လိုတယ်။
အချို့လူတွေဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ပျော်တတ်တယ်။
အဲဒီလူတွေဆီက နည်းယူပါ။
ဒီပညာဟာလည်း သင်မှ တတ်တယ်။

++++++++++++++++++++++++++++++++++++


အခြေအနေတိုင်းကို ပိုပြီး စိတ်ဝင်စားစရာကောင်းအောင် ပျော်စရာကောင်းအောင်
လုပ်နိုင်မှသာ ဘဝတစ်ခုလုံး ပိုပြီးစိတ်ဝင်စားစရာ၊ ပျော်စရာကောင်းလာမယ်။
ဒီအရည်အချင်းဟာ သေသေချာချာ လေ့လာသင့်တဲ့ လေ့ကျင့်သင့်တဲ့ အရည်အချင်းဖြစ်ပါတယ်။
စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုကို တန်ဖိုးထားတဲ့သူတိုင်း အထူးအလေးထားပြီး လေ့လာရမယ်။
သို့မဟုတ်ရင် စိတ်ချမ်းသာစရာအချိန် ပျော်စရာအချိန် နည်းနေမယ်။
စိတ်ချမ်းသာစရာ ပျော်စရာ နည်းနေရင် ဘဝတစ်ခုလုံး မှုံမှိုင်းနေသလို ဖြစ်နေမယ်။

++++++++++++++++++++++++++++++++++++

ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် စိတ်ဝင်စားစရာကောင်းအောင် ပျော်စရာကောင်းအောင်
ရသလောက် လုပ်မယ်လို့ ဆုံးဖြတ်ထားပါ။
ကားနဲ့ခရီးသွားရင်း ကားပျက်ရင် စိတ်မပျက်အောင် ဘာလုပ်မလဲ။
စဉ်းစားထားပါ။
သူငယ်ချင်းတစ်ယောက်ကို ချိန်းထားတာ သူ နောက်ကျနေရင် ဘာလုပ်မလဲ။
စိတ်တိုနေမလား။ စိတ်တိုနေရင် အဲဒီအချိန်ဟာ စိတ်မချမ်းသာတဲ့အချိန်ဖြစ်သွားမယ်။
စာအုပ်တစ်အုပ်ဖတ်နေလိုက်ရင် စိတ်ဝင်စားနေလို့ အချိန်ကုန်မှန်း မသိလိုက်ဘူး။

++++++++++++++++++++++++++++++++++++

ည အိပ်မပျော်ရင် ဘာလုပ်မလဲ။
စဉ်းစားထားပါ။
အသက်ကြီးလာရင် အိပ်မပျော်တာ ဖြစ်တတ်တယ်။
စိတ်ညစ်နေမယ့်အစား တစ်ခုခုထလုပ်တာ ကောင်းတယ်။
အစီအစဉ် လုပ်ထားဖို့ လိုတယ်။

++++++++++++++++++++++++++++++++++++

ဘဝအတွေ့အကြုံတော်တော်များများဟာ ကိုယ်စိတ်ကြိုက်ရွေးယူထားတာ မဟုတ်လို့
ရောက်နေတဲ့အခြေအနေကို ကိုယ့်အတွက် ပျော်စရာဖြစ်အောင် ဖန်တီးနိုင်တာဟာ
စိတ်ချမ်းသာမှုအတွက် အထူးအားထားရတဲ့လုပ်နည်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++

လူတွေရဲ့စိတ်ချမ်းသာမှုကို သုတေသန လုပ်ကြည့်တဲ့အခါမှာ အခြေအနေတိုင်းကို
စိတ်ဝင်စားစရာကောင်းအောင် ပျော်စရာကောင်းအောင် လုပ်နိုင်တဲ့သူက
စိတ်ပိုချမ်းသာတာကို တွေ့ရတယ်။
ကိုယ်က ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် ကိုယ်ရလာတဲ့ အခြေအနေက စိတ်ချမ်းသာစရာ
ပျော်စရာ ဖြစ်မယ်။
ကိုယ့်အပေါ်မှာပဲ မူတည်တယ်။

++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။
++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၃၀…

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com