Thursday, March 29, 2012

"ငွေဆိုတာ ကျန်းမာရေးနဲ့တူနေပါလား...(၁၅)..."


ကိုယ်ကိုယ်တိုင် ဖတ်ဖို့(၁၅)


ဘယ်လိုလုပ်ရင် စိတ်ချမ်းသာမလဲ…မှအဆက်…

နောက်တစ်ယောက်ကတော့ သူနဲ့ဆန့်ကျင်ဖက် ပြောတယ်။

ကိုယ့်ဟာ ကိုယ် တစ်ယောက်ထဲ အေးအေးဆေးဆေးနေရရင် ပျော်မယ် တဲ့။

တရားအားထုတ်တာကို အလေ့အကျင့်ကောင်းကောင်း ရထားတဲ့ဟာ

တရားအားထုတ်နေတဲ့ အချိန်မှာ စိတ်အချမ်းသာဆုံးပဲ။

အဲဒါကြောင့် သူ့အတွက် တစ်ကိုယ်ထဲ တရားအားထုတ်တဲ့အချိန်ဟာ မရရင် မဖြစ်ဘူး။

တရားနဲ့ စိတ်ချမ်းသာအောင်နေတာဟာ အကောင်းဆုံး စိတ်ချမ်းသာနည်း

အဆင့်အမြင့်ဆုံး စိတ်ချမ်းသာနည်းပဲ။

ဒီနည်းကို မလုပ်နိုင်သေးတဲ့သူတွေ တခြားနည်းတွေကို လုပ်ပါ။

တရားနဲ့စိတ်ချမ်းသာအောင် နေတတ်ရင်တော့ ဒီစိတ်ချမ်းသာမှုကို

တခြား စိတ်ချမ်းသာမှုနဲ့ အစားထိုးလို့ မရဘူး ဆိုတာ သိမယ်။

+++++++++++++++++++++++++++

တစ်ကိုယ်ထဲလည်း ပျော်တတ်မှ ဖြစ်မယ်။

ဒါပေမယ့် အမြဲတမ်း တစ်ကိုယ်ထဲ နေလို့ မဖြစ်ဘူး။

ဒါကြောင့် တခြားအချိန်တွေ တခြားအခြေအနေတွေမှာလည်း

စိတ်ချမ်းသာအောင် ဘယ်လိုနေရမယ်ဆိုတာ လေ့လာပါ။

+++++++++++++++++++++++++++

ရောင့်ရဲတဲ့သူဟာ စိတ်ချမ်းသာတယ်လို့ သုတေသန ပညာရှင်တွေ တွေ့ရှိကြတယ်။

ဒါကို ရှေးပညာရှင်တွေလည်း ပြောခဲ့ကြပါတယ်။

"ရောင့်ရဲခြင်းဟာ အဆင့်အမြင့်ဆုံး ဥစ္စာဒါနဖြစ်တယ် (သန္တုဋ္ဌီ ပရမံ ဓနံ)"

လို့ ဘုရားရှင်ကဟောထားပါတယ်။

မရောင့်ရဲနိုင်တဲ့သူဟာ ဘယ်လောက်ရှိရှိ လိုသေးတယ်လို့ ထင်တတ်သေးတယ်။

ဒါကြောင့် မပြည့်စုံသေးဘူး။ မပြည့်စုံတာဟာ ချို့တဲ့နေတဲ့သဘော။

ချို့တဲ့နေတယ်ဆိုတာ ဆင်းရဲတဲ့သဘော ဖြစ်တယ်။

စဉ်းစားစရာကောင်းတာက ရောင့်ရဲရင် မတိုးတက်ဘူးလို့ပြောကြတာ ရှိပါတယ်။

အဲဒါ မှန်ပါသလား။

ရောင့်ရဲတဲ့သူဟာ တိုးတက်နိုင်သလား။

ရောင့်ရဲတဲ့သူဟာ စိတ်ချမ်းသာတယ်။ စိတ်ချမ်းချမ်းသာသာနဲ့နေပြီး

နောက်ထပ် ကိုယ်လိုချင်သေးတာကို လုပ်လို့ မဖြစ်နိုင်ဘူးလား။

ဘယ်လောက်ရှိရှိ မရောင့်ရဲနိုင်ရင် ဘယ်တော့မှ စိတ်မချမ်းသာနိုင်ဘူး။

အဲဒါကောင်းသလား။

+++++++++++++++++++++++++++

ရောင့်ရဲတဲ့သူဟာ နောက်ထပ်ရအောင် မလုပ်တော့ဘူး လို့ဆိုလိုတာလား။

ဒီမေးခွန်းကို မေးသင့်ပါတယ်။

နောက်ထပ် ရအောင်လုပ်သေးတယ်ဆိုရင် နောက်ထပ်လိုချင်သေးလို့ပေါ့။

လိုချင်သေးရင် ရောင့်ရဲတယ်လို့ ဆိုနိုင်သလား။

သန္တုဋ္ဌီ ဆိုတဲ့ ပါဋ္ဌိ စကားလုံးကို အဓိပ္ပာယ် သေသေချာချာ ဖော်ရင်

“ ကိုယ့်မှာရှိတာနဲ့ ဝမ်းသာတယ်။ စိတ်ချမ်းသာတယ်” လို့ အဓိပ္ပာယ် ပေါ်ပါတယ်။

နောက်ထပ် မလိုချင်တော့ဘူး။ နောက်ထပ်ရအောင် မလုပ်တော့ဘူး လို့ မဆိုလိုပါဘူး။

ရှိတာနဲ့ဝမ်းသာတယ်။ စိတ်ချမ်းသာတယ်။ နောက်ထပ်ရအောင်လုပ်သေးတယ်။

ဒါပေမယ့် စိတ်ချမ်းချမ်းသာသာနဲ့ပဲ လုပ်တယ်။

ဘုန်းကြီးကတော့ အဲဒီလို သဘောပေါက်တယ်။

အင်္ဂလိပ်လိုဘာသာပြန်ရရင် "သန္တုလဋ္ဌီ" ဆိုတာ

“Being happy with what you have” လို့ ဘာသာပြန်ရမယ်။

အဲဒါ ရှင်းတယ်။ ရှိတာနဲ့ ဝမ်းသာတယ် ဆိုတာ နောက်ထပ်ရအောင်

မလုပ်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။

လုပ်သေးတယ်။ ဒါပေမယ့် စိတ်ချမ်းချမ်းသာသာ နဲ့ပဲ လုပ်နိုင်တယ်။

နောက်ထပ်မရလည်း စိတ်ချမ်းသာတာ ပျက်မသွားဘူး။

အဲဒါ အရေးအကြီးဆုံး အချက်ပဲ။

+++++++++++++++++++++++++++

ရက်ရောတဲ့သူဟာ စိတ်ချမ်းသာတယ် လို့ဆိုတယ်။

+++++++++++++++++++++++++++

ဘယ်ဘက်ခြေထောက် တစ်ဖက်ပဲရှိတဲ့ လူတစ်ယောက်ဟာ

“ ကျနော်က ကခုန်ရတာရဲ့ပျော်ရွှင်မှုကို မသိပေမယ့် ဘယ်ဘက်ခြေထောက်နဲ့

ပန်းချီဆွဲရတဲ့အရသာကိုတော့ သိပါတယ်။”တဲ့။

သူက ဘယ်ဘက်ခြေထောက် တစ်ဖက်ပဲ ရှိတယ်။

အဲဒီခြေထောက်နဲ့ ပန်းချီဆွဲတယ်- ကဲ ။

+++++++++++++++++++++++++++

ဝင်ငွေ ဆယ်ဆတိုးရင် ဆယ်ဆပျော်မယ်လို့ ပြောနိုင်သလား။

မပြောနိုင်ဘူး။ အဲဒါ မဖြစ်နိုင်ပါဘူး။

အရေးကြီးတာက ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်

စိတ်ချမ်းသာအောင် ကိုယ့်စိတ်ကို ကိုယ် လေ့ကျင့်ပေးထားရမယ်။

+++++++++++++++++++++++++++

Wealth is like health;

Its utter absence breeds misery, yet having it is no

Guarantee of happiness.

ငွေဆိုတာ ကျန်းမာရေးလိုပါပဲ။

ကျန်းမာနေတုန်း ကျန်းမာလို့ ပျော်လိုက်တာလို့ တွေးမိတဲ့သူ သိပ်နည်းတယ်။

မကျန်းမာတဲ့အခါ မကျန်းမာလို့ စိတ်ဆင်းရဲလိုက်တာလို့ ပြောကြတာပဲ ကြားရတယ်။

ငွေလည်း ဒီလိုပဲ။

ငွေမရှိလို့ စိတ်ဆင်းရဲလိုက်တာလို့ ပြောကြတာ ကြားရတယ်။

ရှိတော့လည်း သိပ် သတိမရတော့ဘူး။

သုံးလိုက်ရတုန်း ခဏတော့ ပျော်မယ်ထင်တယ်။

စိတ်ချမ်းသာမှုကို ငွေနဲ့ဝယ်လို့ ရမလား။

ငွေရှိရင် ဒုက္ခတော်တော်နည်းသွားတာ အမှန်ပဲ။

ငွေမရှိလို့ စား၊ဝတ်၊နေရေး အဆင်မပြေလို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကြရတာ များပါတယ်။

ဒါပေမယ့် ပိုက်ဆံ အချမ်းသာဆုံးလူက စိတ်အချမ်းသာဆုံးလူလို့ ပြောလို့တော့ မရဘူး။

ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့သူတွေ အများကြီးရှိပါတယ်။

+++++++++++++++++++++++++++

“No happiness lasts for long.”

လောကီ စိတ်ချမ်းသာမှု ဆိုရင် ဘယ်လို စိတ်ချမ်းသာမှုမှ မမြဲပါဘူး။

+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။


Wednesday, March 28, 2012

" အမေ့ထံသို့ပေးစာများ-၃၆..."



သို့
ချစ်တဲ့အမေ
သားစာရေးလိုက်ပါတယ်။
အမေနေကောင်းလား။
ကျနော့်အလုပ်က တစ်ပတ်မှာ နှစ်ရက်ပိတ်တယ်။
အလုပ်က ပင်ပန်းတာနဲ့အမျှ ပိတ်ရက်မှာ နားရတာ အတော် အရသာ ရှိတာပါကလား။
ဟုတ်တယ်အမေ။
ပင်ပန်းတယ်ဆိုတာက လုပ်နေကျ မဟုတ်လို့ပါ။
ကျနော်တို့ငယ်ငယ်က အမေပြောခဲ့ဖူးတယ်လေ။
“ပညာတတ်အောင်သင်ပါ သားတို့။
ပညာတတ်တော့ သက်သက်သာသာ လုပ်စားခွင့်ရတာပေါ့။
ပညာမတတ်ရင် ပင်ပင်ပန်းပန်း လုပ်စားနေရလိမ့်မယ်နော်” တဲ့။
အမေပြောသလိုပါပဲ။
မြန်မာနိုင်ငံမှာတော့ ကျနော်က ပညာတတ်ပဲ။
လက်ကြောမတင်းပဲ ထမင်းစားခွင့်ရခဲ့တယ်။
နှစ်ပေါင်းများစွာ။
အမေရိကန်ရောက်လာတော့ ပညာတတ်မဟုတ်တော့ဘူး။
ဒီတော့ လက်ကြောတင်းမှ ထမင်း… အဲလေ...ပေါင်မုန့်စားခွင့်ရတော့တယ်။
ကျနော်တို့အလုပ်က မောလ်(Mall) ထဲမှာဆိုတော့
မောလ်စဖွင့်တဲ့ နံက် ၁၀း၀၀က စလိုက်တာ မောလ်ပိတ်ချိန် ည ၉း၀၀အထိပါပဲ။
ရောင်းကောင်းတဲ့စားသောက်ဆိုင်ဆိုတော့ နားရတယ်မရှိပါဘူး။
ဆိုင်ရှင်က "မလောပါနဲ့"လို့တော့ ပြောပါရဲ့။
စားသုံးသူက လောနေတော့ နားနားနေနေ လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
အမေရေ…ကျနော်အခုဆိုရင် အိုးကြီးချက် စားဖိုးမှူးတစ်ယောက်တော့ ဖြစ်နေပြီ အမေ။
ပထမတော့ မှန်အောင်လုပ်ရတယ်။
နောက်တော့ မြန်အောင်လုပ်ရတယ်။
အမေပြောဖူးတယ်လေ။
“သားတို့ရဲ့အဖေက အလုပ်ပိတ်တဲ့စနေ၊တနင်္ဂနွေနေ့မျိုးမှာ
ကိုယ်တိုင် မီးဖိုချောင်ဝင်ပြီး မိသားစုကိုချက်ကျွေးတတ်တယ်။
အဖေက အချက်အပြုတ်ကိုဝါသနာပါတယ်။
မွေးလာတဲ့ သားသုံးယောက်ဆိုရင်
တစ်ယောက်မှ အချက်အပြုတ်ဝါသနာမပါကြဘူး။
နင့်တို့အဖေနဲ့ဝါသနာ တူသူ တစ်ယောက်မှ မပါဘူး။
အချက်အပြုတ်ဝါသနာပါတာဟာ ကောင်းလားလို့မေးရင်
ကောင်းတယ်လို့ဖြေရမယ်။
ဘာကြောင့်ဆိုတော့ မိန်းမအဖို့
ကိုယ့်ကို ညှာတာတတ်တဲ့၊စာနာစိတ်ရှိတဲ့ယောကျာ်းကို ပိုချစ်တာ သဘာဝပဲလေ။
နင့်အဖေ မီးဖိုချောင်ဝင်ရင် အမေ နားရတယ်။
မီးဖိုချောင်အလုပ်ကို အဲဒီနေ့မှာ ဘာမှမလုပ်ရဘူး။
အမေကို နားခိုင်းတယ်။
အိမ်ရှင်မအလုပ်ဆိုတာကလည်း ပိတ်ရက်မရှိလုပ်ရတဲ့အလုပ်ဆိုတော့
နားခွင့်ရတဲ့နေ့ဆိုရင် ဝမ်းသာရတယ်။
နားလည်မှုရှိတဲ့ယောကျာ်းကိုလည်း လေးစားမိတယ်။
နင်တို့အဖေက အချက်အပြုတ်လည်း ကောင်းတယ်။
နင်တို့အဖေ ချက်ပြုတ်တဲ့နေ့မှာ ဖွယ်ဖွယ်ရာရာနဲ့မို့ ထမင်းစားမြိန်တယ်” တဲ့။
အခု ကျနော်လည်း အချက်အပြုတ်ကောင်းသူ တစ်ယောက်ဖြစ်နေပါပြီအမေ။
အမေရိကန်မှာ နာမည်ကြီးတဲ့စားသောက်ဆိုင်မှာကို ချက်ပြုတ်နေရတာလေ။
ဘာဘဲပြောပြော အဖေ့လိုတော့ အချက်အပြုတ်ကောင်းသူတစ်ယောက် ဖြစ်မှာ မဟုတ်ပါဘူး။
အဖေက အချက်အပြုတ်ကို ဝါသနာပါခဲ့တဲ့သူ။
ပြီးတော့ ချစ်တဲ့မိသားစုကို စားကောင်းအောင် ချက်ကျွေးတတ်သူ။
ပြီးတော့ မိန်းမဖြစ်တဲ့အမေကို နားရပါစေတော့လို့ စာနာစိတ်နဲ့ ချက်ပြုတ်တတ်သူ။
ကျနော်က အချက်အပြုတ်ကို ဝါသနာ ပါသူမဟုတ်ဘူး။
ဝမ်းရေးအတွက် မလုပ်မဖြစ်လုပ်နေရသူ။
ချစ်တဲ့မိသားစုကို စာနာစိတ်နဲ့ဒီနေ့အထိ မချက်ကျွေးဖူးသေးဘူး။
ကျနော်ပိတ်တဲ့ရက်မှာ သူမ အလုပ်ဆင်းရတယ်။ မနားရဘူး။
ပိတ်ရက်တူပြန်တော့ အပြင်မှာထွက်ဝယ်စားကြတယ်။
ရွေ့ပြောင်းနေထိုင်နေရတော့ အိမ်ရှိပေမယ့် အိုးမရှိဘူး။
သီးသန့်အိပ်ခန်းရှိပေမယ့် သီးသန့်မီးဖိုချောင်မရှိဘူး။
ဒါကြောင့်ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားဖို့ဆိုတာ လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးအမေ။
ဘာဘဲဖြစ်ဖြစ် တစ်နေ့တော့ အမေပြောသလို
ချစ်တဲ့မိသားစုကို နားပါစေတော့ဆိုတဲ့စိတ်နဲ့
တစ်ပတ်နှစ်ရက်တော့ဖြစ် မီးဖိုချောင်ဝင်ပြီးမိန်းမကို ကူလိုက်မယ်လို့
စဉ်းစားထားပါတယ်။
ဒါနဲ့ပြောရဦးမယ်။
ဒီရောက်ပြီး သောကြာနေ့တစ်နေ့မှာပေါ့။
အဲဒီနေ့မှာ ကျနော်တို့လင်မယားနှစ်ယောက်စလုံး နေ့ဝက်ဆင်းရတဲ့နေ့ပေါ့။
ညနေ ၄း၀၀နာရီမှာ အလုပ်ဆင်းရမှာပါ။
အလုပ်ဆင်းခါနီးမှာ ရာသီဥတုက မဲမှောင်လာတယ်။
အချက်ပေးဥသြသံကြားရတယ်။
ဘာကြောင့်အချက်ပေးမှန်းမသိဘူး။
T.V ဖွင့်တော့ တိုနေတိုး မုန်တိုင်းအထူးသတင်းကြောငြာချက်ကိုကြားရတယ်။
သတင်းဆိုတာ သိအောင်ပြောနေတာပဲလို့ထင်နေတယ်။
ကိုယ့်အနားမှာ ဖြစ်မယ်လို့ မထင်ဘူး။
လင်မယားနှစ်ယောက် အေးအေးဆေးဆေးပဲ စာဖတ်နေတယ်။
မကြာပါဘူး။ ဖုန်းမြည်သံကြားတယ်။
ကားရိုလိုင်းနားမှာ နေတဲ့သူငယ်ချင်းက ဆက်တာ။
အင်ဒီယားနားနဲ့ဆိုရင် မိုင်ပေါင်းများစွာဝေးတာပေါ့။
သူပြောတော့မှ တိုနေတိုးမုန်တိုင်းက ကိုယ့်အနားမှာဆိုတာ သိရတော့တယ်။
“အိမ်ပေါ်ထပ်မှာ မနေနဲ့၊ အိမ်အောက်ထပ်ကို ဆင်းနေ၊
လိုအပ်တယ်ဆိုရင် အိမ်သာထဲမှာ နေသင့်ရင်နေ၊
အလုပ်ကိုလည်း မသွားနဲ့” တဲ့။
ကိုယ်က မကြုံဖူးတော့ ကြောက်ရကောင်းမှန်း မသိဘူး။
တကယ့်ကို အေးအေးဆေးဆေးပဲ။
ငယ်သူငယ်ချင်းကတော့ အဝေးက လှမ်းပူပြီး ဖုန်းဆက်တယ်။သတိပေးတယ်။
သူငယ်ချင်းကောင်းဆိုတာ ဘယ်လောက်နည်းနည်း လုံလောက်ပါတယ်အမေ။
အဲဒီနေ့က တိုနေတိုးမုန်တိုင်းကြောင့် အိမ်ခြေအမြောက်အများပျက်စီးဆုံးရှုံးမှုရှိသလို
လူအသေအပျောက်လည်း အများအပြား ရှိတယ်ဆိုတာကို
နောက်တစ်နေ့ တီဗွီသတင်းမှာ ကြားသိရပါတယ်။
ကျနော်တို့ဟာ အမေတို့မြန်မာနိုင်ငံနဲ့မိုင်ပေါင်းများစွာဝေးတဲ့
အမေရိကန်နိုင်ငံရောက်နေပေမယ့်
"သူငယ်ချင်းကောင်း တစ်ယောက်ရှိနေပါလား"ဆိုတဲ့အသိကြောင့်
လုံခြုံနေပါတယ်။
ကျနော်တို့အတွက် စိတ်မပူပါနဲ့အမေ။
ဒါပါပဲ။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါလို့သာ သားထပ်မှာချင်ပါတယ်။

ချစ်တဲ့သား
အောင်ဝင်းဟိန်း
ကလပ်ဗေးလ်မြို့(Clarksville)
အင်ဒီယားနားပြည်နယ် (Indiana)
အမေရိကန်ပြည်ထောင်စု (USA)
၃-၂၈-၂၀၁၂


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com