Friday, December 9, 2011

" အော်...ရက်စက်လိုက်ကြတာ..."


တစ်ခါတုန်းက

မြစ်ကြီးနားဘူတာမှ မန္တလေးဘူတာသို့သွားတဲ့ ရထားစီးဖို့

မိုးကောင်းဘူတာမှာ စောင့်နေစဉ် ဘူတာထဲကလူတွေပြောတဲ့စကားတွေဖြစ်ပါတယ်။

ခေါင်းပေါင်းနဲ့တောင်သူဦးကြီးက

“ဓားပြဂိုဏ်းတစ်ခုက သူတို့ရဲ့အဖွဲဝင်တစ်ယောက်ကို

သစ္စာဖောက်လို့ဆိုပြီးကလဲ့စားချေကြတယ်လို့ကြားတယ်”

ကိုတင်ဝင်းဆိုသူက

“ဘယ်လိုကလဲ့စားချေသလဲဆိုတာ လင်းစမ်းပါအုန်း”

တောင်သူ ဦးကြီးက

“သူ့ကိုကြိုးနဲ့တုပ်ပြီး မီးရထားသံလမ်းပေါ်တင်ထားလိုက်တယ်”

သနားကြင်နာတတ်တဲ့ကိုတင်ဝင်းက

“ရက်စက်လှချည်လား၊

ဒီဓားပြအပိုင်းပိုင်းပြတ်သေမှာပေါ့”

တောင်သူဦးကြီးပြန်ပြောလိုက်တာက...

“အပိုင်းပိုင်းပြတ်မသွားပါဘူး။

နောက်ရထားလာတာကိုစောင့်ရင်း အစာငတ်ပြီးသေသွားသတဲ့”



"တိုးတက်ပြီး မငြိမ်းချမ်းဘူးဆိုရင်..."



“ ဆင်းရဲခြင်း၏အတိတ်အကြောင်းသုံးပါး…”
ယင်းတို့မှာ
၁။ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

၂။ သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

၃။ ဣဿာမစ္ဆရိယများခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်းတို့ပင် ဖြစ်ပါသည်။

ထိုသုံးမျိုးအနက် ဒါနမပြုသောကြောင့်
ဆင်းရဲမွဲတေရသူများသည် လုံ့လဝီရိယဖြင့် ရှာဖွေခဲ့လျှင်
စားနိုင်သောက်နိုင်ဘဝကိုရောက်သေးသည်။
သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား
ရှာဖွေလို့လည်း မလွယ်ကူ၊
အစစ အဆင်ပြေ၍ ရှာဖွေရခဲ့သော်လည်း
မီး၊ မင်း၊ သူခိုး၊ ရေ၊ အမွေခံဆိုးဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို
မကြာခဏခံရသဖြင့် ဘယ်သောအခါမှ နာလန်မထူပေ။
ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား ထိုထက်ဆိုးပါသေး၏။
ရှာလို့ဖွေလို့ ဘယ်လိုမှ မရသည့်အပြင်
လူတိုင်းကို သနားညှာတာပြီး ကူညီတတ်သူများပင်
ဣဿာမစ္ဆရိယသမားများနှင့်တွေ့လျှင်
ကူညီလိုစိတ်၊သနားညှာတာစိတ်များ
အလိုလို ကုန်ခန်းသွားတတ်သည်မှာ အံ့သြစရာကောင်းလှပါ၏။

++++++++++++++++++




မနာလိုကင်း ဝန်တိုရှင်း
လက်ငင်းချမ်းသာကြရမည်။
( မဟာစည်ဆရာတော် )

++++++++++++++++++



လူ့ဘုံအောက်တွင်ရှိသော အပါယ်လေးဘုံတွင်
ဆင်းရဲဒုက္ခတွေများလွန်းအားကြီးသောကြောင့်
မည်သည့်ကုသိုလ်မှ ပြုလုပ်၍ မရပေ။
လူ့ဘုံအထက်တွင်ရှိသော နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့တွင်ကား
ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့်
မည်သည့်ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍ မရပြန်ပေ။
ဥပမာအားဖြင့် နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့တွင် အလှူခံပုဂ္ဂိုမရှိသောကြောင့်
ဒါနကုသိုလ် မည်သို့မျှ မဖြစ်နိုင်ခြင်းမျိုးပင်တည်း။
နတ်ပြည်သည် လူ့ဘဝကရှာဖွေလာသော ကုသိုလ်များကို
သုံးစွဲရာ ဈေးတန်းတစ်မျိုးသားဖြစ်သည်။

++++++++++++++++++



သဘောထားသေးသိမ်သောသူသည်
သူတစ်ပါး၏အပြစ်ကို သာ မြင်လေ့ရှိသည်။
သဘောထားပြည့်ဝသောသူကား
မိမိကိုယ်ကိုသာ အပြစ်မြင်တောသည်။
သဘောထားအပြည့်ဝဆုံးသော သူသည်ကား
မည်သူ့အပေါ်မှ အပြစ်မမြင်တော့ပေ….။

( ကွန်ဖြူရှပ် )

++++++++++++++++++


လူတို့အတွင်းသဏ္ဍန်၌
မေတ္တာ၊ အလိမ္မာ ၊ အကြင်နာတို့ ခေါင်းပါး၍
မာနတရားတို့ မလျှော့သမျှ ၊ လောဘတို့ဖြင့် အကြမ်းဖက်နေသမျှ
သိပ္ပံပညာနှင့် ရုပ်ပိုင်းပစ္စည်းတို့ မည်မျှ တိုးတက်စေကာမူ ငြိမ်းချမ်းမှုကိုကား ရနိုင်မည်မဟုတ်၊ တိုးတက်မှုကိုလည်း ရနိုင်မည်မဟုတ်၊ လွတ်လပ်မှုကိုလည်း ရနိုင်မည်မဟုတ်ချေ။

(တဂိုး)

++++++++++++++++++



လိပ်သတ္တဝါတို့သည် ဥများကို ဥသောအခါ
သဲများ၊မြေများနှင့်လုံခြုံစွာ ဖုံးဖိပြီးမှ အစာရေစာအတွက်
သွားလိုရာဌာနသို့ သွားလေ့ရှိကြ၏။
လိပ်များသည်ပင်လျှင် မိခင်၏မေတ္တာဓာတ်ကို
အဝေးတစ်နေရာမှာရှိတဲ့ဥများဆီကို
အမြဲတစေ ပို့လွှတ်ဆက်သွယ်နေကြောင်း တွေ့မြင်နိုင်သည်။
မိခင်သည် ဘယ်လောက်ပဲဝေးတဲ့နေရာကို သွားရောက်စေကာမူ
ဥခွံအတွင်း၌ရှိသော သားငယ်သည် မိခင်နှင့် အဆက်အသွယ်မပြတ်ပါ။
မိခင်ရဲ့မေတ္တာဟာ မိမိဥများထံသို့ ပို့လွှတ်ထား၏။
အကြောင်းတစ်စုံတစ်ရာကြောင့် လိပ်များဟာ အဝေးတစ်နေရာမှာ
သေသွားခဲ့ရင် အဲဒီဥများဟာလည်း မိခင်ရဲ့မေတ္တာအဆက်အသွယ်ကို
မရရှိကြတဲ့အတွက် သတ္တဝါအကောင်အဖြစ်သို့ ရောက်မလာဘဲ
သိုးပုပ်၍ သွားကြရပါတယ်။



++++++++++++++++++



ကမ္ဘာလောကကြီးကို တစ်ဖက် ၊
အမေကို တစ်ဖက်ချိန်ခွင်တွင် ထည့်၍ ချိန်ပါက
အမေဖက်က ဇောက်ထိုးကြီးသာနေမည်။

( အင်္ဂလိပ်တရားသူကြီး လော်စီလင်ဒေလ် )

++++++++++++++++++


ပါရမီရှင် သူတော်ကောင်းတို့သည်
မည်သို့ ဆိုးဝါးသော လောကဓံတရားနှင့် ကြုံတွေ့ရစေကာမူ
တုန်လှုပ်ချောက်ချားခြင်းမရှိ၊
စိုးရိမ်ပူပန်ခြင်းမရှိ၊
အရှုံးထဲမှ အမြတ်ထွက်အောင် ကြံဖန်နေထို်င်ကြမြဲတည်း။

++++++++++++++++++



မေတ္တာအကျိုး (၁၁)မျိုး

၁။ ချမ်းချမ်းသာသာအိပ်ရခြင်း၊
၂။ ချမ်းချမ်းသာသာနိုးရခြင်း၊
၃။ အိပ်မက်ဆိုးများကို မမက်တော့ခြင်း၊
၎။ လူမှန်သမျှက ချစ်ခင်ခြင်း၊
၅။ နတ်မှန်သမျှက ချစ်ခင်ခြင်း၊
၆။ နတ်များက ဘေးမရောက်အောင် စောင့်ရှောက်ခြင်း၊
၇။ မီး၊ အဆိပ်၊ဓား၊ လှံ၊ လေး၊ မြား၊ စသောလက်နက်များမကျရောက်နိုင်ခြင်း၊
၈။ စိတ်သည် လျင်မြန်စွာ သမာဓိရလွယ်ခြင်း။
၉။ မျက်နှာအဆင်းကြည်လင်သန့်ရှင်းခြင်း၊
၁၀။ မတွေမဝေ သတိရှိရှိသေရခြင်း၊
၁၁။ အမြင့်မြတ်ဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မရသေးလျှင်
သေပြီးနောက် ဗြဟ္မာဘုံသို့ရောက်ရခြင်း။

မေတ္တာရှင် (ရွှေပြည်သာ)



Thursday, December 8, 2011

" ဆရာကြီးတဲ့ဗျာ..."


တစ်ခါတုန်းက တာချီလိတ်မြို့တာလော့ဈေးထဲတွင်

လူတစ်ယောက်ကြက်တူးရွေးကိုရောင်းနေတယ်။

တစ်ကောင်ကို လက်ဝဲလက်ပေါ်တွင် တင်ထားတယ်။

နောက်တစ်ကောင်ကို ညာဖက်လက်ပေါ်တွင်တင်ထားတယ်။

နောက်တစ်ကောင်ကိုတော့ ခေါင်းပေါ်တွင် တင်ထားတယ်။

ဝယ်လိုသူကိုတင်အေးကမေးတယ်။

"ခင်ဗျားရဲ့ဘယ်ဘက်လက်ပေါ်က ကြက်တူးရွေး ဘယ်လောက်ပေးရသလဲ"

"သုံးထောင်ကျပ်ကျပါတယ်"

"များလှချည်လား"

"ဒီကောင်က စကားပြောတတ်ရုံတင်မဟုတ်ဘူး။

အဆင့်မြင့်သချာင်္နဲ့ဓာတုဗေဒပညာကိုပါ နားလည်တာဗျ"

"ညာလက်ပေါ်ကကြက်တူးရွေးကရော"

"ငါးထောင်ပါ"

"ဈေးကြီးလှချည်လား"

"ဒီကောင်က သချာင်္၊ဓာတုဗေဒတင်တတ်တာမဟုတ်ဘူး။

အင်္ဂလိပ်၊ တရုပ်စကားတွေကိုပါ ကောင်းကောင်းပြောတတ်တယ်လေ"

"ဒီလိုဆိုရင် ခေါင်းပေါ်က အကောင်ကရော"

"တစ်သောင်းပါ"

"ဟ၊ ဒီကောင်က ဈေးအကြီးဆုံးပါလား၊သူဘာတတ်လို့လဲ"

"ဘာတတ်သလဲတော့မသိဘူး။

ဟိုနှစ်ကောင်က သူ့ကို ဆရာကြီးလို့ခေါ်ကြတယ်"


" စာနာတတ်သူ..."


တခါကမဟတ္တမဂန္ဓီဟာ ခရီး တခုကို ရထားစီး သွားဖို့ ရထားဘူတာကို ရောက်လာခဲ့ပါတယ်။

သူရောက်လာတယ်ဆိုရင်ပဲ ရထားက စတင်ပြီး ထွက်ခွါဖို့ ဘီးစလှိမ့်နေပြီ။

ဒီတော့ ဂန္ဓီကြီးလည်း ရထားပေါ် ကမန်းကတန်းတက်လိုက်ရတယ်။

ရထားခြေနင်းခုံနဲ့ သူ့ရဲ့ခြေထောက်တဖက်တိုက်မိပြီး

သူ့ရဲ့ဖိနပ်တဖက် ဟာ ရထားအောက်သံလမ်းပေါ်သို့ ကျသွားခဲ့တယ်။

ဒီတော့ ကျန်နေတဲ့ ဖိနပ်တဖက်နဲ့ ဂန္ဓီ ရထားပေါ်ကို သေချာရောက်သွားတယ်ဆိုရင်ပဲ

ဂန္ဓီက ကျန်နေခဲ့တဲ့ ဖိနပ်တဖက်ကို ကမန်းကတန်းချွတ်လိုက်ပြီး

စောစောကကျသွားတဲ့ ဖိနပ်ရှိတဲ့နေရာကိုမှန်းပြီး

ကျန်နေတဲ့ ဖိနပ်ကိုပစ်လိုက်ပါတယ်။

သူ ဒီလိုလုပ်တာကို ဘေးမှာ ရှိနေတဲ့ လူတယောက်တွေ့တော့

“ဘာလုပ်တာလဲဗျ၊

ဘာဖြစ်လို့ ကျန်နေတဲ့ ဖိနပ်တဖက်ကို လွှင့်ပစ်လိုက်ရတာလဲ။”

လို့မေးတယ်။

အဲဒီအခါမှာ ဂန္ဓီကြီးက အခုလိုပြန်ဖြေခဲ့ပါတယ်။

“ကျနော့်ဆီမှာ ကျန်နေခဲ့တဲ့ဖိနပ်က ဘာမှလုပ်လို့မရတော့ဘူးလေ။

ဒီတော့ ခုနကျသွားတဲ့ ဖိနပ်နေရာနားရောက်အောင်

ကျန်နေတဲ့ ဖိနပ်တစ်ဖက်ကို ပစ်ထားခဲ့လိုက်တော့

တွေ့တဲ့သူက ဖိနပ်တရံ ဆိုရင် စီးလို့ရတာပေါ့ဗျာ။

တဖက်တည်းဆိုရင် ကျနော့်အတွက်လည်း

တယ်… အသုံးမ၀င်လှဘူး။

အခြားသူလည်း အသုံးမ၀င်ဘူးလေ။

အခုလို တရံလုံးရတော့

ရသွားသူ စီးလို့ရသွားတာပေါ့။”

လို့ပြန်ဖြေခဲ့ပါတယ်။



အတ္တကြီးတဲ့ကျနော်တို့အဖို့ ဒီလိုအဖြစ်မျိုးတွေကို

တွေ့ကြုံရပေမယ့်လည်း ဒီလိုအတွေးမျိုးတစ်ခါမှ

မဖြစ်ခဲ့ဖူးပါဘူး။

ဖိနပ်တစ်ဖက်ထဲနဲ့ကျနော်တို့အတွက် အသုံးမကျမှန်းသိပေမယ့်

ကျန်တစ်ဖက်ကို လွှတ်ပစ်ဖို့ဝန်လေးနေတတ်ပါတယ်။

ကျကျန်ခဲ့တဲ့ဖိနပ်တစ်ဖက်အတွက် စိတ်မကောင်းနေတာနဲ့

ကျန်တစ်ဖက်ကို လွှတ်ပစ်ဖို့မေ့နေတတ်ပါတယ်။

အဓိက ကတော့ အခြားအတွက် စဉ်းစားတဲ့နေရာမှာ

အလွန်နှေးကွေးလေးလံတတ်တဲ့အကျင့်ကြောင့်ဖြစ်မယ်ထင်ပါတယ်။

ဒါကလည်းမွေးရာပါအတ္တကြောင့်ဖြစ်ပါလိမ့်မယ်။

စာနာတတ်သူတွေဟာ သူများအတွက်ကို အမြဲတမ်းစဉ်းစားတတ်တာကို

အားကျမိပါတယ်။

စွန့်လွှတ်လိုက်တဲ့အခါ နှစ်ဖက်စလုံးအကျိုးဖြစ်ပေါ်သွားတာကို

တွေးမိလိုက်ပါတယ်။

ရသူဖက်က ရုပ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ပေါ်မှု၊

ပေးသူဖက်က စိတ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ပေါ်မှု၊

ပေးမှရတတ်တဲ့သဘောကို နားလည်လိုက်ပါတယ်။

Wednesday, December 7, 2011

" ချစ်စရာကောင်းတဲ့ညီလေး..."


တစ်ခါတုန်းက

တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ်ကွက်မှာနေတဲ့မိသားစုဆီကို

သွားလည်ပတ်မိပါတယ်။

အဲဒီအိမ်က သျှမ်းကလေးရဲ့ခေါင်းမှာပတ်တီးစီးထားတာကို

တွေ့ရတဲ့အတွက်မေးကြည့်ဖြစ်ပါတယ်။

"မင်းခေါင်းကို ပတ်တီးစီးထားပါလား

ဘာဖြစ်လို့လဲ"

"ခြင်ကိုက်လို့ပါ"

"ခြင်ကိုက်တာများ ပတ်တီးစီးရအောင်အထိဖြစ်သလားကွ"

"အဲဒီခြင်ကို ညီလေးကပေါက်ပြားနဲ့ရိုက်သတ်လိုက်လို့ပါ"


" ကျနော်ကြိုက်တဲ့ကဗျာများ-၅..."


မောင်ငယ် ရင်သွေး
နာဘိသေးလော့၊
ရှေးသရောအခါ
ပြည်ဗာရာဝယ်၊
ကုဋေကြွယ်အား
သူဋ္ဌေးသားလျင်
သားတစ်ယောက်ဖြစ်
ချစ်၍တစေ
အိမ်မှာနေ၍
စာပေမတတ်
မိဘစုတေ
ခန္ဓာကြွေသော်
အရှေ့အနောက် တောင်မြောက်
ဘယ်မှာ မသိပါငြား
သူဋ္ဌေးသားသည်
သိုထားမတတ်
အရပ်ရပ်၌
နှံအပ်ဥစ္စာ
ရှိသည်ငှာကို
များစွာကျွန်ပေါင်း
မကောင်းခိုးသူ
ယူ၍ပြေးရှောင်း
အိမ်ကိုရောင်း၍
ထောင်းထောင်းကြေလျက်
ခွက်လက်စွဲကာ
တောင်းစားပါလည်း
နင်သာလူမိုက်
ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ
ရွာမှထွက်လေ
တောမှာသေသည်
ကောင်သေဠင်းတ
ကျ၏တည်း....

(ဆားတုံဆရာတော်ရဲ့လင်္ကာ)


++++++++++++++++++

ဒီကဗျာလင်္ကာကို ငယ်စဉ်က အကြိမ်ကြိမ်ဖတ်ခဲ့ဖူးပါတယ်။
ဖတ်တိုင်းလည်း အတွေးထဲတွင် ဘုရားရှင်ရဲ့လက်ထက်က သူဋ္ဌေးသားတစ်ယောက်ရဲ့အဖြစ်အပျက်လို့သိထားခဲ့ပါတယ်။
စာမတတ်သူတစ်ယောက်ရဲ့ဒုက္ခကိုသိတော့
စာမတတ်မှာ အလွန်ကြောက်ခဲ့မိပါတယ်။
ဒါကြောင့် စာကြိုးစားခဲ့ပါတယ်။

++++++++++++++++++

ကျနော်တို့ရဲ့မြန်မာနိုင်ငံဟာ တစ်ချိန်က
အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်။
အာရှတိုက်ရဲ့စပါးကျည်လို့တောင် ဆိုရိုးရှိခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ အကောင်းဆုံးတက္ကသိုလ်ရှိခဲ့ဖူးတယ်။
အကောင်းဆုံးဆေးရုံရှိခဲ့ဖူးတယ်။
အကောင်းဆုံး ရုပ်ရှင်ရုံရှိခဲ့ဖူးတယ်။
အကောင်းဆုံးအားကစားကွင်းရှိခဲ့ဖူးတယ်။
အကောင်းဆုံးလေယာဉ်ကွင်းရှိခဲ့ဖူးတယ်။
အကောင်းဆုံး....ရှိခဲ့ဖူးတယ်။
အကောင်းဆုံး....ဖြစ်ခဲ့ဖူးတယ်။
ဒါပေမယ့် အခုတော့.....

မြန်မာနိုင်ငံမှာ မြေပေါ်၊မြေအောက်
သဘာဝသံယာဇာတတွေပေါများခဲ့ဖူးပါတယ်။
ကျောက်သံပတ္တမြားတွေ အလျှံပယ်ရှိခဲ့ဖူးပါတယ်။
တောတောင်ရေမြေတွေ အလွန်ကောင်းခဲ့ပါတယ်။
ရာသီဥတုအလွန်ကောင်းခဲ့ပါတယ်။
သာသနာအရောင်ထွန်းပြောင်ခဲ့ပါတယ်။
ဒါပေမယ့်...ခုတော့....


ဒီလင်္ကာကိုအကြိမ်ကြိမ်ဖတ်ရင်း၊ဖတ်ရင်းနဲ့
သူဋ္ဌေးသားတစ်ယောက်ရဲ့အဖြစ်အပျက်ကနေ
ပညာကိုတန်ဖိုးမထားခဲ့တဲ့
နိုင်ငံတစ်နိုင်ငံ၊
တိုင်းပြည်တစ်ပြည်ရဲ့အဖြစ်အပျက်များဖြစ်နေမလားလို့
တွေးထင်လာခဲ့မိပါတယ်။







လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com