တခါကမဟတ္တမဂန္ဓီဟာ ခရီး တခုကို ရထားစီး သွားဖို့ ရထားဘူတာကို ရောက်လာခဲ့ပါတယ်။
သူရောက်လာတယ်ဆိုရင်ပဲ ရထားက စတင်ပြီး ထွက်ခွါဖို့ ဘီးစလှိမ့်နေပြီ။
ဒီတော့ ဂန္ဓီကြီးလည်း ရထားပေါ် ကမန်းကတန်းတက်လိုက်ရတယ်။
ရထားခြေနင်းခုံနဲ့ သူ့ရဲ့ခြေထောက်တဖက်တိုက်မိပြီး
သူ့ရဲ့ဖိနပ်တဖက် ဟာ ရထားအောက်သံလမ်းပေါ်သို့ ကျသွားခဲ့တယ်။
ဒီတော့ ကျန်နေတဲ့ ဖိနပ်တဖက်နဲ့ ဂန္ဓီ ရထားပေါ်ကို သေချာရောက်သွားတယ်ဆိုရင်ပဲ
ဂန္ဓီက ကျန်နေခဲ့တဲ့ ဖိနပ်တဖက်ကို ကမန်းကတန်းချွတ်လိုက်ပြီး
စောစောကကျသွားတဲ့ ဖိနပ်ရှိတဲ့နေရာကိုမှန်းပြီး
ကျန်နေတဲ့ ဖိနပ်ကိုပစ်လိုက်ပါတယ်။
သူ ဒီလိုလုပ်တာကို ဘေးမှာ ရှိနေတဲ့ လူတယောက်တွေ့တော့
“ဘာလုပ်တာလဲဗျ၊
ဘာဖြစ်လို့ ကျန်နေတဲ့ ဖိနပ်တဖက်ကို လွှင့်ပစ်လိုက်ရတာလဲ။”
လို့မေးတယ်။
အဲဒီအခါမှာ ဂန္ဓီကြီးက အခုလိုပြန်ဖြေခဲ့ပါတယ်။
“ကျနော့်ဆီမှာ ကျန်နေခဲ့တဲ့ဖိနပ်က ဘာမှလုပ်လို့မရတော့ဘူးလေ။
ဒီတော့ ခုနကျသွားတဲ့ ဖိနပ်နေရာနားရောက်အောင်
ကျန်နေတဲ့ ဖိနပ်တစ်ဖက်ကို ပစ်ထားခဲ့လိုက်တော့
တွေ့တဲ့သူက ဖိနပ်တရံ ဆိုရင် စီးလို့ရတာပေါ့ဗျာ။
တဖက်တည်းဆိုရင် ကျနော့်အတွက်လည်း
တယ်… အသုံးမ၀င်လှဘူး။
အခြားသူလည်း အသုံးမ၀င်ဘူးလေ။
အခုလို တရံလုံးရတော့
ရသွားသူ စီးလို့ရသွားတာပေါ့။”
လို့ပြန်ဖြေခဲ့ပါတယ်။
အတ္တကြီးတဲ့ကျနော်တို့အဖို့ ဒီလိုအဖြစ်မျိုးတွေကို
တွေ့ကြုံရပေမယ့်လည်း ဒီလိုအတွေးမျိုးတစ်ခါမှ
မဖြစ်ခဲ့ဖူးပါဘူး။
ဖိနပ်တစ်ဖက်ထဲနဲ့ကျနော်တို့အတွက် အသုံးမကျမှန်းသိပေမယ့်
ကျန်တစ်ဖက်ကို လွှတ်ပစ်ဖို့ဝန်လေးနေတတ်ပါတယ်။
ကျကျန်ခဲ့တဲ့ဖိနပ်တစ်ဖက်အတွက် စိတ်မကောင်းနေတာနဲ့
ကျန်တစ်ဖက်ကို လွှတ်ပစ်ဖို့မေ့နေတတ်ပါတယ်။
အဓိက ကတော့ အခြားအတွက် စဉ်းစားတဲ့နေရာမှာ
အလွန်နှေးကွေးလေးလံတတ်တဲ့အကျင့်ကြောင့်ဖြစ်မယ်ထင်ပါတယ်။
ဒါကလည်းမွေးရာပါအတ္တကြောင့်ဖြစ်ပါလိမ့်မယ်။
စာနာတတ်သူတွေဟာ သူများအတွက်ကို အမြဲတမ်းစဉ်းစားတတ်တာကို
အားကျမိပါတယ်။
စွန့်လွှတ်လိုက်တဲ့အခါ နှစ်ဖက်စလုံးအကျိုးဖြစ်ပေါ်သွားတာကို
တွေးမိလိုက်ပါတယ်။
ရသူဖက်က ရုပ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ပေါ်မှု၊
ပေးသူဖက်က စိတ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ပေါ်မှု၊
ပေးမှရတတ်တဲ့သဘောကို နားလည်လိုက်ပါတယ်။
No comments:
Post a Comment