Tuesday, October 18, 2011

" သတ္တိရှိမှ လွတ်လပ်မယ်..."





ငါ ဘယ်လိုလူဖြစ်ချင်သလဲ ဆိုတာကို

သေသေချာချာ အာရုံပြုပါ။

သိအောင်လုပ်ပါ။

ကိုယ့်ကိုယ်ကို ကိုယ်ဘယ်လိုလူ ဖြစ်ချင်သလဲဆိုတာ

သိအောင်လုပ်ပြီး

ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်အောင် အစွမ်းကုန်

ကြိုးစားပါ။

အဲဒါ အခက်ဆုံးနဲ့

ကျေနပ်စရာအကောင်းဆုံးအလုပ်ပဲ။

ဒါ ကိုယ့်ကိုယ်ကို ကိုယ်တကယ်ယုံကြည်မှုရှိတဲ့သူပဲ

လုပ်နိုင်မယ်။

သတ္တိရှိရင် လုပ်လိုက်ပါ။

လွတ်လပ်ချင်ရင် လုပ်လိုက်ပါ။

သတ္တိရှိမှ လွတ်လပ်မယ်။

++++++++++++++++++

ဘဝအတွေ့အကြုံတွေပေါ်မှာ

အခြေခံပြီး တိုးတက်လာတဲ့ ကိုယ့်ရဲအသိဉာဏ်၊

စိတ်ထား၊

အတွေးအခေါ်တွေကို ဆွေးနွေးမယ်။

တစ်ယောက်ကိုတစ်ယောက် အနိုင်မယူရဘူး။

အထင်သေးတာ၊ အထင်ကြီးတာ မရှိရဘူး။

တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ်။

တစ်ယောက်ရဲ့လွတ်လပ်မှုကို တစ်ယောက်

အတားအဆီး မဖြစ်စေရဘူး။

နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်။

ဒါမှ soul mate ဖြစ်မယ်။

++++++++++++++++++

မိတ်ဆွေကောင်းနဲ့တွေ့ရင်တောင်မှ

ကိုယ်က မိတ်ဆွေကောင်းနဲ့တန်တဲ့ စိတ်ထားမျိုးရှိမှသာ

သူနဲ့ကိုယ်နဲ့ဟာ မိတ်ဆွေကောင်းဖြစ်တော့မယ်။

++++++++++++++++++

မိတ်ဆွေကောင်းရှိတာဟာ

မင်္ဂလာရှိတယ်။

မိတ်ဆွေကောင်းကြောင့် တိုးတက်တယ်။

ကြီးပွားတယ်။

အောင်မြင်တယ်။

မိတ်ဆွေကောင်းဟာ ကိုယ့်ကိုပိုပြီး အသိဉာဏ်ကော၊

စိတ်ထားကော၊

မြင့်မားလာအောင် အထောက်အကူပေးတယ်။

++++++++++++++++++

ကိုယ့်လုပ်ရပ်တွေ၊

ကိုယ့်စိတ်ထားတွေ မှားနေရင်

စေတနာမှန်မှန်နဲ့ထောက်ပြနိုင်တာ

ကိုယ့်မိတ်ဆွေကောင်းပဲ။

++++++++++++++++++

တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ

ငါဟာ ငါနဲ့အတူတူရှိနေအောင်

ကြိုးစားပါ။

ကိုယ့်ရဲ့ကြည်လင်ရွှင်လန်းပြီး

မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကိုပဲ

အဖော်ဖြစ်ပြီးနေတတ်အောင် ကြိုးစားပါ။

++++++++++++++++++

ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ၊

သူ့စိတ်က သူ့မိတ်ဆွေ၊

ဒါမှသာ သူနဲ့ငါ နဲ့လည်း မိတ်ဆွေ။

++++++++++++++++++

သတိနဲ့နေတဲ့စိတ်ဟာ

ဘယ်တော့မှ မအိုဘူး။

++++++++++++++++++

သဘာဝအလှဟာ

ကြည့်လို့မဝအောင်

လှပါတယ်။

++++++++++++++++++

လောကကြီးကို တိုးတက်စေချင်ရင်

လူတွေကို သေသေသပ်သပ်၊ လှလှပပ၊

နေတတ်

ထိုင်တတ်၊

ပြောတတ်၊

ဆိုတတ်အောင်

သင်ပေးဖို့လိုတယ်။

++++++++++++++++++

ဒီလောကကြီးမှာ ငါ

လူဖြစ်နေတာ

လောကကို လှပတာတွေ ပေးဖို့ပါ။

++++++++++++++++++

ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ

ကိုယ့်အဖော်ဖြစ်နေတယ်။

သတိဟာကိုယ့်အဖော်ဖြစ်နေတယ်။

++++++++++++++++++

အပြင်မှာ ရှိနေတာကို ရင်ဆိုင်ဖို့ထက်

ကိုယ့်စိတ်ထဲမှာ ရှိနေတာကို

ရင်ဆိုင်ဖို့က သတ္တိပိုပြီး

လိုအပ်ပါတယ်။
++++++++++++++++++

အရှုံးအမြတ်မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။

အနိုင်အရှုံးမရှိပဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။

တကယ့်သတ္တိရှိမှ ချစ်နိုင်တယ်။

++++++++++++++++++

ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကို ကြီးထွားလာအောင်လုပ်တာ၊

ပိုပြီးတော့ လွတ်လပ်တဲ့လူဖြစ်အောင်၊

ပိုပြီးတော့ တာဝန်ကျေတဲ့၊

တာဝန်သိတဲ့၊

တာဝန်ယူနိုင်တဲ့လူတစ်ယောက်ဖြစ်လာအောင်

ကိုယ့်ကိုယ်ကို ပြုစုတာ၊

ပျိုးထောင်တာ၊

ကိုယ့်ကိုယ်ကို ပိုပြီးတော့

ကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်

ပုံဖော်တာလည်း တီထွင်ဖန်တီးတာပဲ။

ဒါတွေဟာ သတ္တိရှိမှ လုပ်နိုင်တယ်။

++++++++++++++++++

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့လူ၊

ကိုယ့်လမ်းကို ကိုယ်ရှာပြီး သွားနေတဲ့လူ

ဖြစ်ဖို့ သတ္တိ အများကြီးလိုပါတယ်။

++++++++++++++++++

သတ္တိမရှိတဲ့သူဟာ ထီထိုးတယ်။

သတ္တိရှိတဲ့သူဟာ အလုပ်လုပ်တယ်။

++++++++++++++++++

အတိတ်က ဘာဘဲဖြစ်ခဲ့၊ဖြစ်ခဲ့

ရှေ့လျှောက်ပိုကောင်းလာဖို့ဟာ

ငါ့တာဝန်ပဲဆိုတာကို လက်ခံတယ်။

ကိုယ့်ဘဝမှာ ဖြစ်သမျှ အကောင်း၊အဆိုး

အားလုံး ကိုယ့်မှာတာဝန်ရှိတယ်…

ဆိုတဲ့သဘောထားမျိုးကိုလည်း ထားရမယ်။

++++++++++++++++++

ဆရာတော် ဦးဇောတိက

Monday, October 17, 2011

" မဆိုင်ဘူးဆိုတာမရှိပါ"



တစ်ခါတုန်းက တောင်သူဦးကြီးတစ်ယောက်ရှိတယ်။
သူ့နာမည်က ဦးရွှေသန်းပါ။
သူ့မိသားစုအားလုံးက သူ့ကိုကြောက်ကြတယ်။
ဒါပေမယ့် သူကတော့ သူ့မိန်းမကိုကြောက်ရတယ်။
သူ့မိန်းမက ကြွက်ကိုကြောက်တယ်။
သူ့ရဲ့အိမ်မှာ ကြွက်အလွန်ပေါတယ်။
ညအချိန်ရောက်ရင် ကြွက်တွေကသောင်းကျန်းပြီ။
ကြာလာတော့ တောင်သူဦးကြီးက သီးမခံနိုင်တော့ဘူး။
မိသားစုတွေတိုင်ပင်ကြတယ်။
ကြွက်ကို ဘယ်လိုနှိမ်နင်းရင်းကောင်းမလဲပေါ့။
နောက်ဆုံးကြတော့ တောင်သူဦးကြီးကပဲဆုံးဖြတ်ချက်ချပါတယ်။
မြို့တက်ပြီးကြွက်ထောင်ချောက်ဝယ်မယ်ပေါ့။
ဒါနဲ့ပဲ နွားလှည်းနဲ့မြို့တက်ပြီးကြွက်တွေကိုနှိမ်နင်းဖို့
ကြွက်ထောင်ချောက်သွားဝယ်ပါတယ်။
အဲဒီလိုတိုင်ပင်နေတာကို ကြက်ကကြားသွားတော့
ကြွက်တွေကို သွားပြီးသတင်းပေးပါတယ်။
" မင်းတို့ကြွက်တွေကို နှိမ်နင်းဖို့
ကြွက်ထောင်ချောက်သွားဝင်နေလေရဲ့။
မင်းတွေသတိထားကြပါ၊
တစ်အိမ်ထဲအတူနေကြလို့ စိုးရိမ်ပြီးသတိလာပေးတာပါ"
လို့ပြောတာပေါ့။
ကြွက်တွေထဲက ကြွက်ခေါင်းဆောင်က
" လာပြီးသတိလာပေးတာကို ကျေးဇူးတင်ပါတယ်။
တစ်ခုတော့ပြောချင်တယ်။
ကိုကြက်ကြီးလည်း သတိထားပါ"
ပြန်သတိပေးတော့ ကြက်က
" ဟ.ကြွက်ထောင်ချောက်နဲ့ကြက်နဲ့ဘာဆိုင်လို့လဲ"
ကြွက်ခေါင်းဆောင်က
"မဆိုင်ဘူးဆိုတာတော့ မရှိပါဘူးကိုကြက်ရာ၊
သတိထားဖို့သာ သတိပေးတာပါ "
လို့ပြန်ပြောလိုက်တယ်။
ကြက်က မကျေမနပ်နဲ့ပြန်လာတယ်။
တောင်သူဦးကြီးကလည်း မြို့ကကြွက်ထောင်ချောက်ဝယ်ပြီးပြန်လာတယ်။
ဒီတော့ ကိုနွားကြီးက စိုးရိမ်တာနဲ့ကြွက်တွေကို သတိပေးပြန်တယ်။
"ဟေ့ကြွက်တွေ သတိထားကြနော်၊
တို့ဦးကြီးကတော့ မင်းတို့ကို တော်တော့်ကို စိတ်ဆိုးနေတယ်။
ကြွက်ထောင်ချောက်လည်းဝယ်လာခဲ့ပြီ"
ကြွက်ခေါင်းဆောင်က
"လာပြီးသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုနွားကြီးရာ၊
ဒါပေမယ့် ကိုနွားကြီးလည်း သတိထားပေါ့။"
နွားကြီးက
"ဟကောင်တွေရ။
ဒီကိစ္စက မီးဖိုချောင်မှာလုပ်မယ့်ကိစ္စ။
ငါက မင်းတို့မီးဖိုချောင်ကို ဘာလာလုပ်ရမှာလဲ
မင်းတို့ကို စိုးရိမ်လို့သတိပေးတာကို ငါ့ပြန်ပြီ
သတိပေးရတယ်လို့၊
ဒီကိစ္စ ငါနဲ့ဘာမှမဆိုင်ဘူး"
ကြွက်ခေါင်းဆောင်က
" စေတနာနဲ့ပြန်သတိပေးတာပါကိုနွားကြီးရာ။
မဆိုင်ဘူးဆိုတာမရှိပါဘူး။"
လို့ပြန်ပြောလိုက်သတဲ့။
ကြွက်ထောင်ချောက်ကိစ္စကို အိမ်ဘေးမှာနေတဲ့ကိုဝက်ကြီးကလည်းကြားပြန်တော့
မနေနိုင်ပဲ ကြွက်တွေကို သတိပေးပြန်တယ်။
ကြွက်ခေါင်းဆောင်က
"တကူးတက လာပြီးသတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ကိုဝက်ကြီးလည်း သတိထားပေါ့။
သတိရှိတာက အကောင်းဆုံးပဲမဟုတ်လား"
ကိုဝက်က
"ငါက အိမ်ပေါ်တောင်တက်တာမဟုတ်ဘူး။
မင်းတို့အတွက်ပြောတာ ငါ့ကိုလာပြီးသတိပေးမနေပါနဲ့
ဒီကိစ္စ ငါနဲ့မဆိုင်ပါဘူး။"
ကြွက်ခေါင်းဆောင်က
"မဆိုင်ဘူးဆိုတာတော့မရှိပါဘူး။
သတိရှိတာအကောင်းဆုံးမဟုတ်လား"
ကိုဝက်လည်း မကျေမနပ်နဲ့ပြန်လာခဲ့တယ်။
ဒါနဲ့ပဲ ညရောက်လာတယ်။
ထုံစံအတိုင်းပေါ့။ ကြွက်ဆိုတာက အစာကိုရှာစားမှစားရတာလေ။
ဘယ်သူကမှ လာကျွေးတာမှ မဟုတ်တာ။
ကြွက်ထောင်ချောက်ကလည်းထောင်ထားပြီ။
ညသန်းခေါင်ရောက်တော့ ကြွက်ထောင်ချောက်ဆီက အသံကြားရတယ်။
အိမ်ရှင်မကကြားတယ်။
"ဟေ့ကိုရွှေ၊ ကြွက်ထောင်ချောက်က အသံကြားတယ်။
ရှင်သွားကြည့်လိုက်ပါအုန်း"
ကိုရွှေသန်းကလည်း မိန်းမကိုကြောက်ရသူဆိုတော့
ဘာတစ်ခွန်းမှ ပြန်ပြောမနေတော့ပါဘူး။
အိပ်ချင်မူးတူးနဲ့ကြွက်ထောင်ချောက်ဆီကိုသွားတယ်။
အနားရောက်လို့ စူးကနဲ အကိုက်ခံလိုက်ရတော့မှ
ကြွက်ထောင်ချောက်မှာ မိနေတာ ကြွက်မဟုတ်ပဲ
မြွေဖြစ်နေတာကိုသိလိုက်ရတယ်။
မြွေက ကြွက်ဖမ်းစားဖို့တက်အလာမှာ
မြွေရဲ့အမြီးကထောင်ချောက်မှာမိနေတော့ နားလွန်းတာနဲ့
အနားလာတဲ့တောင်သူဦးကြီးကိုရွှေသန်းကို
ကိုက်လိုက်တာပဲ။
တောင်သူဦးကြီးကလည်းငါ ပိုးထိပြီးလို့အော်တော့
အိမ်သူအိမ်သားတွေကရောက်လာကြတယ်။
ပြီးတော့ မြွေကိုရိုက်သတ်လိုက်ကြတယ်။
ဆေးရုံကိုသွားဖို့ကလည်းဆေးရုံကမိုင်ပေါင်းများစွာ။
အချိန်ကလည်း ညသန်းခေါင်ကျော်။
ဒါနဲ့ရွာကလူတွေက ကြားဖူးနားဝ ဆေးမြီးတိုနဲ့ လုပ်ဖို့တိုက်တွန်းကြတယ်။
မြွေကိုက်ရင် အကောင်းဆုံးက ကြက်ကိုလည်လှီး၊အဲဒီသွေးကိုသောက်၊
အဲဒီကြက်ကိုမီးမြှိုက်၊အဲဒီအနံ့ကိုရှု၊ဆိုတာကြောင့် အိမ်ကကြက်ကိုပဲ
လုပ်လိုက်ကြတာပေါ့။
မဆိုင်ဘူးဆိုတဲ့ကြက်လည်းသေပြီ။
မရပါဘူး။ နောက်တစ်နေ့မိုးလင်းတော့
မြွေဆိပ်တက်ပြီး တောင်သူဦးရွှေသန်းဟာ သေပါရောလား။
ဆေးရုံကိုတောင်သွားခွင့်မရလိုက်ဘူး။
ရွာအသုဘဆိုတော့လည်း သက်ပျောက်ဆွမ်းကျွေးရတယ်။
ဒါနဲ့ပဲ ဆွမ်းချက်၊ ဆွေမျိုးတွေကိုကျွေးမွေးဖို့
ဆိုပြီး ဝက်ကိုသတ်လိုက်ရတယ်။
မဆိုင်ဘူးဆိုတဲ့ ဝက်လည်းသေပြန်ရောလား။
နောက် ရက်လည်ပြန်တော့ တစ်ရွာလုံးကိုကျွေးဖို့ဆိုပြီး
နွားကိုပါ သတ်လိုက်ရပြန်တယ်။
"ငါတို့နဲ့မဆိုင်ဘူး"
ဆိုတဲ့ ကြက်ရယ်၊ဝက်ရယ်၊နွားရယ်
နောက်ဆုံးတော့
အားလုံးဟာ ဆိုင်သွားပါတော့တယ်။

++++++++++++++++++++++++
ပုံပြင်လေးကတော့ ဒါပါပဲ။
ငါတို့နဲ့မဆိုင်ဘူးဆိုတာမရှိပါဘူးဆိုတာကို
အားလုံးကို သိစေချင်ပါတယ်။
တစ်ချိန်မဟုတ်တစ်ချိန်၊
တစ်နေရာမဟုတ်တစ်နေရာ၊
တစ်ကြောင်းမဟုတ်တစ်ကြောင်း၊
မှာတော့ ဆိုင်နေတတ်တာကို
ဒီပုံပြင်ကနေ သတိပေးချင်တာပါ။

ကျနော်တို့နဲ့တိုက်ရိုက်မဆိုင်တာတောင်
ကျနော်တို့ရဲ့သားသမီး၊မြေးမြစ်နဲ့ဆိုင်ရင်လည်း
ကျနော်တို့နဲ့ဆိုင်တာပါပဲခင်ဗျား။
ကျနော်တို့ရဲ့မြန်မာတွေ အများစုဟာ
ငါတို့နဲ့မဆိုင်ဘူးဆိုပြီး
ဘေးထွက်ထိုင်လိုက်တော့
အခုဘာဖြစ်လဲ?

အားလုံးဆင်းရဲတဲ့အထဲကိုယ်ပါ ပါသွားတာရော...
မဆိုင်ဘူးလား?
အားလုံးဥာဏ်နည်းတဲ့အထဲကိုယ်ပါ ပါသွားတာရော...
မဆိုင်ဘူးလား?
သဘာဝရင်းမြစ်တွေ ကုန်သွားတာရော....
မဆိုင်ဘူးလား?
ရာသီဥတုဖောက်ပြန်သွားတာရော....
မဆိုင်ဘူးလား?
........................................
မဆိုင်ဘူးလား?
........................................
မဆိုင်ဘူးလား?
........................................
မဆိုင်ဘူးလား?








" ယောကျာ်းတစ်ယောက်နဲ့အတူ..."



ကမ္ဘာကျော်စာရေးဆရာကြီး ဘားနတ်ရှောဟာ

လန်ဒန်က အထက်တန်းစားအမျိုးသမီးတစ်ဦးကို

ဒီလိုမေးပါတယ်။

“ ပေါင်စတာလင်တစ်သိန်းရမယ်ဆိုရင်

ကိုယ်မနှစ်သက်တဲ့ယောကျာ်းတစ်ယောက်နဲ့

ခင်ဗျား တစ်ည အတူအိပ်နိုင်ပါ့မလား”

“ သိပ်အိပ်နိုင်တာပေါ့ရှင်”

ဘားနတ်ရှောကထပ်မေးပါတယ်။

“ တစ်ပေါင်ထဲရမယ်ဆိုရင်ရော…”

“ခင်ဗျား ကျမကို ဘယ်လိုအတန်းအစား

အောက်မေ့လို့လဲ”

ဘားနတ်ရှောပြန်ပြောလိုက်တာက…

“ခင်ဗျားကို ကျနော်နားလည်ပါတယ်။

ကျနော်က အနိမ့်ဆုံးဈေးနှုန်းကို သိချင်လို့မေးတာပါ”

+++++++++++++++++++++++++

ငွေအနည်းအများဟာ အရည်အတွက်ပါပဲ။

ငွေနဲ့ခန္ဓာကိုယ်ကိုလဲလှယ်တာဟာ

တန်ဖိုးဘယ်လောက်နဲ့လဲလဲ

တကယ်တော့ပြည့်တန်ဆာအလုပ်ပါပဲ။

အရည်အချင်းကတော့

ပြည့်တန်ဆာစိတ်မွေးရင်

ဘုရင်မဖြစ်ဖြစ်

မိဖုရားဖြစ်ဖြစ်

ပြည့်တန်ဆာပါပဲ။

ဒါကိုဘားနတ်ရှောကသိချင်လို့မေးလိုက်တယ်လို့ထင်မိပါတယ်။


Sunday, October 16, 2011

" အလဟဿဖြစ်သွားပြီ..."

တစ်ခါတုန်းက

သမားတော်ကြီးနှစ်ယောက်တို့ဟာ

ဂေါက်သီးရိုက်ရင်း စကားပြောကြတယ်။

နှလုံးအထူးကုသမားတော်ကြီးက

“ ကျုပ်ဆီမှာ လူနာတစ်ယောက်ရှိခဲ့ဖူးတယ်။

ကျုပ်ရဲ့ခန့်မှန်းချက်အရ ဒီလူဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက

သေရဖို့ရှိတယ်။

ဒါပေမယ့် မသေဘူး။

အခုထိအသက်ရှင်နေတုန်းပဲ။”


နောက် အသည်းသမားတော်ကြီးက

“ အဲဒါပြောတာပေါ့။

လူနာဟာ တကယ်ပဲ အသက်ရှင်လိုစိတ်ပြင်းပြနေရင်

ဆေးပညာဟာ အလဟဿဖြစ်သွားတတ်တယ်”

လို့ပြန်ပြောလိုက်ပါတယ်။




" လေဟုန်စီးပြီး လိုက်သွားပါ..."



တစ်ခါတုန်းက
ငှက်တွေစုပြီးပြိုင်ပွဲတစ်ခုကျင်းပကြသတဲ့။
အဝေးဆုံး၊အမြင့်ဆုံးပြိုင်တဲ့ပြိုင်ပွဲပါ။
တောင်ပံပါတဲ့ငှက်တိုင်းပါဝင်နိုင်တယ်။
အကြီး၊အငယ်မခွဲခြားပါဘူး။
ဒါပေမယ့်ပြိုင်ပွဲမကျင်းပသေးပေမယ့်
ဘယ်သူနိုင်မလဲဆိုတာကို ကြိုတင်ခန့်မှန်းပြီး
အလောင်းအစားတောင်လုပ်နေလေရဲ့။
'တစ်'ပြေးနေသူကတော့ ကိုသိမ်းငှက်ပေါ့။
သိမ်းငှက်ဆိုတာက အမြင့်ဆုံးကိုပျံသန်းနေတဲ့ငှက်မျိုးဖြစ်တယ်လေ။
သူ့တောင်ပံကိုဖြန့်လိုက်ရင် လေဟုန်စီးပြီး အဝေးဆုံးကိုလည်းပျံသန်းနိုင်တယ်။
ဒါနဲ့ပဲ တကယ့်ပြိုင်ပွဲနေ့ကိုရောက်လာတယ်။
တာလွှတ်လိုက်တာနဲ့ သိမ်းငှက်က အလျင်အမြန်ပဲပျံသန်းသွားတယ်။
တာထွက်တာချင်းတူပေမယ့် မကြာခင်မှာပဲ
သိမ်းငှက်က ရှေ့ကဦးဆောင်နေလေရဲ့။
သိမ်းငှက်ရဲ့နောက်မှာ တစ်ကောင်ပြီးတစ်ကောင် ပြတ်ကျန်ခဲ့တယ်။
အဝေးဆုံးနဲ့အမြင့်ဆုံးရောက်ချိန်မှာ သိမ်းငှက်က နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ
သူ့နောက်မှာ ငှက်တစ်ကောင်မှပါမလာကြတော့ဘူး။
သိမ်းငှက်လည်းမောပြီ။
ခြေကုန်လက်ပန်းလည်းကျပြီ။
အဝေးဆုံး၊အမြင့်ဆုံးပြိုင်ပွဲလည်း ပြီးဆုံးပြီလို့ယူဆနေချိန်မှာပဲ
နှံပြည်စုတ်ငှက်ကလေးတစ်ကောင်က သိမ်းငှက်ရဲ့တောင်ပံကြားက
ဖြတ်ပြီး သိမ်းငှက်ထက်ဝေးအောင်၊မြင့်အောင်ပျံသန်းသွားပါတယ်။
ပြိုင်ပွဲအဆုံးမှာတော့
နှံပြည်စုတ်ငှက်ကလေးက အနိုင်ရသွားပါတယ်။
ဆုပေးတဲ့အခမ်းအနားမှာတော့
နှံပြည်စုတ်ငှက်ကလေးကိုဝိုင်းပြီး အင်တာဗျူးကြတာပေါ့။
ဒီပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရသလဲပေါ့။
နှံပြည်စုတ်ငှက်ကလေးပြန်ဖြေလိုက်တာက
" သိမ်းငှက်ရဲ့တောင်ပံကြားမှာလေဟုန်စီးပြီးလိုက်သွားတာပါ။
သိမ်းငှက်ကြီးခြေကုန်လက်ပန်းကျသွားချိန်ကျမှ တောင်ပံကြားကထွက်ပြီး
အားကုန်ပျံသန်းသွားခဲ့တာပါ"
လို့ဖြေလိုက်ပါတယ်။


++++++++++++++++++++++++++++

ကျနော်တို့အားလုံးဟာ သိမ်းငှက်တွေမဖြစ်နိုင်ကြပါဘူး။
ဒါပေမယ့်
နှံပြည်စုတ်ငှက်ကလေးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဖြစ်သမျှနှံပြည်စုတ်ငှက်ကလေး
တွေထဲမှာတော့
အကောင်းဆုံးနှံပြည်စုတ်ငှက်ကလေးတစ်ကောင်
ဖြစ်ဖို့တော့လိုပါတယ်။

အဲဒီလိုဖြစ်ဖို့အတွက်က
အရွယ်အစားကြီးဖို့မလိုပါဘူး။
ဥာဏ်ကြီးဖို့ပဲလိုပါတယ်။
ဥာဏ်သာကြီးခဲ့မယ်ဆိုရင်
ဘဝပြိုင်ပွဲမှာ အနိုင်ရဖို့ဆိုတာ
မခက်ခဲလှတော့ပါဘူး။
သိမ်းငှက်ရဲ့တောင်ပံနဲ့တူတဲ့အရာတွေက
ကျနော်တို့နားမှာ အများကြီးရှိပါတယ်။
ရှိမှန်းသိဖို့နဲ့
သိပြီး အသုံးချဖို့သာလိုတာပါ။

လေဟုန်စီးပြီး လိုက်သွားဖို့က
မိဘဖြစ်ချင်ဖြစ်မယ်။
ဆရာကောင်းဖြစ်ချင်ဖြစ်မယ်။
မိတ်ဆွေကောင်းဖြစ်ချင်ဖြစ်မယ်။
စာအုပ်တစ်အုပ်ဖြစ်ချင်ဖြစ်မယ်။
တရားတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်။
ဘာဘဲဖြစ်ဖြစ်...
" လေဟုန်စီးပြီး လိုက်သွားပါ..."



Saturday, October 15, 2011

" သဘောထား၊ မှတ်ချက်..."


တစ်ခါတုန်းက
အမေရိကန်နိုင်ငံမှာ နီဂရိုးမိသားစုတစ်စုရှိခဲ့ပါတယ်။
အမေဖြစ်တဲ့နီဂရိုးမကြီးမှာ သားနှစ်ယောက်ရှိပါတယ်။
သားတွေဟာ အဖေမရှိပါဘူး။
(အမေရိကန်မှာ အဖေမရှိဘဲမွေးတဲ့ကလေးတွေအမြောက်အများရှိပါတယ်။)
နီဂရိုးမကြီးတို့မိသားစုဟာ ဆင်းရဲလွန်းတာကြောင့်
နီဂရိုးမကြီးဟာ သူများအိမ်တွေမှာ အဝတ်လျှော်တဲ့အလုပ်ကို
တစ်နေကုန်အောင်လုပ်ရပါတယ်။
အမေက မိုးလင်းက မိုးချုပ်အလုပ်လုပ်ရတော့
သားတွေဟာ ဖြစ်ချင်တိုင်းဖြစ်နေတော့တာပေါ့။
အမေမသိအောင်
ကျောင်းပြေးတယ်။
ဆေးလိပ်သောက်တယ်။
မူးယစ်ဆေးဝါးဆိုလည်း လုပ်ဖြစ်တယ်။
အရက်သောက်တယ်။
ရန်ဖြစ်တယ်။
မိဘရဲ့ဆိုဆုံးမမှုမခံရတဲ့ ကလေးတွေရဲ့သဘာဝအတိုင်း
ဆိုးပေတဲ့လူဆိုးလေးတွေ ဖြစ်မှန်းမသိဖြစ်နေကြတယ်။

အမေ နီဂရိုးမကြီးက အိမ်တကာလည်ပြီးအဝတ်လျှော်တော့
သတိထားမိတာတစ်ခုရှိတယ်။
သူတို့မှာတော့ ဆင်းရဲလိုက်တာ၊
ဒါပေမယ့် အဝတ်လျှော်ရတဲ့အိမ်တွေကတော့ အချို့ဆိုရင်
အရမ်းချမ်းသာတာကိုတွေ့ရတယ်။
ဘာကြောင့်ချမ်းသာတာလည်းပေါ့။
စဉ်းစားတယ်။
သတိထားပြီးလေ့လာကြည့်မိတယ်။
" သူတို့အိမ်မှာ ရှိတဲ့အရာတွေ အားလုံးလိုလို ငါ့အိမ်လည်းရှိတာပဲ။
ဒါပေမယ့် တစ်ခုသတိထားမိတာက
ချမ်းသာတဲ့အိမ်တိုင်းလိုလိုမှာ စာအုပ်တွေအများကြီးရှိတယ်။
အဲဒါတော့ ငါ့အိမ်မှာ မရှိဘူး။
စာအုပ်တွေဟာ ချမ်းသာခြင်း၊ ဆင်းရဲခြင်းခွဲခြားဖြစ်စေတဲ့အကြောင်းလား၊
ဟုတ်နိုင်တယ်"
လို့သူမတွေးမိတယ်။
ဒါနဲ့အိမ်ရောက်တာနဲ့သားတွေကို ခေါ်လိုက်တယ်။
"သားတို့၊ ချမ်းသာတဲ့အကြောင်းပြောမလို့၊
အမေ့စကားကိုနားထောင်မလား"
"သားတွေက နားထောင်မယ်"
ဆိုတော့
"လာလိုက်ခဲ့"
ဆိုပြီးသားနှစ်ယောက်ကိုစာကြည့်တိုက်ခေါ်သွားတယ်။
စာကြည့်တိုက်ရောက်တော့သားတွေကို စာကြည့်တိုက်ဝန်ထမ်းတွေနဲ့
မိတ်ဆက်ပေးတယ်။
ပြီးတော့ သေသေချာချာမှာတယ်။
"သားတို့နေ့တိုင်း စာကြည့်တိုက်မှာ
အနည်းဆုံးစာအုပ်တစ်အုပ်ဖတ်ရမယ်။
ဖတ်ပြီးတဲ့စာအုပ်ပါအကြောင်းအရာကိုလည်း
စာတစ်မျက်နှာလောက်ရေးပြီး
အမေ့ကိုပေးရမယ်။
ဒါမှ သားတို့ ဘာစာအုပ်တွေဖတ်တယ်ဆိုတာကို အမေကသိမယ်"
လို့မှာတယ်။
ဒါနဲ့ကလေးတွေဟာ အပြင်မှာ အချိန်ဖြုန်းမယ့်အစား
စာကြည့်တိုက်မှာ အချိန်တွေကုန်လာခဲ့တယ်။
အချိန်တွေကြာလာတာနဲ့အမျှ ဖတ်ပြီးတဲ့စာအုပ်တွေလည်း
များသထက်များလာတယ်။
အစပိုင်းမှာတော့ တွေ့သမျှစာအုပ်တွေကို အကုန်ဖတ်တာပေါ့။
နောက်ပိုင်းရောက်လာတော့ ဝါသနာနဲ့နီးစပ်တဲ့စာအုပ်တွေကို ပိုဖတ်ဖြစ်လာတယ်။
စာအဖတ်များတော့ အတန်းထဲမှာလည်း စာတော်သူတွေဖြစ်လာတယ်။
ဒီလိုနဲ့ကြာလာတော့ သားကြီးဟာ ရှေ့နေချုပ်ဖြစ်လာတယ်။
သားငယ်က ဆရာဝန်ကြီးဖြစ်လာခဲ့တယ်။
အမေများနေ့တစ်နေ့မှာ အမေကို တွေ့ဖို့
သားနှစ်ယောက်စလုံး အမေ့အိမ်ကိုပြန်လာကြတယ်။
အမေ့ကို ဖက်တယ်၊နမ်းတယ်။ ကျေးဇူးတင်စကားပြောတယ်။
သားကြီးရှေ့နေချုပ်က
" အမေသာ ကျနော်တို့ကို စာကြည့်တိုက်နဲ့မိတ်ဆက်မပေးရင်
အခုလောက်ဆိုရင် ကျနော်တို့တွေဟာ အရက်သမားလည်းဖြစ်နိုင်တယ်။
မူးယစ်ဆေးဝါးသုံးစွဲသူလည်း ဖြစ်နိုင်တယ်။
ထောင်ကျသူတွေလည်း ဖြစ်နိုင်တယ်။
ဒါတွေမဖြစ်တာဟာ အမေ့ကြောင့်ပါ။
အခုလို အောင်မြင်တဲ့ပညာရှင်တွေဖြစ်အောင်
လုပ်ပေးတဲ့ အမေ့ကိုကျေးဇူးတင်ပါတယ်။
သိချင်တာတစ်ခုတော့မေးပါရစေ။
ကျနော်တို့ကို စာအုပ်တွေအမြောက်အများဖတ်ခိုင်းတယ်။
ဖတ်ပြီးတဲ့စာအုပ်တိုင်းကို သဘောထားမှတ်ချက်တွေရေးခိုင်းတယ်။
အဲဒါတွေနဲ့ပတ်သက်ပြီး အမေ့ရဲ့သဘောထားမှတ်ချက်တစ်ခုမှလည်း
ကျနော်တို့မသိခဲ့ရဘူး။
သိချင်တာက အမေ့ရဲ့သဘောထားမှတ်ချက်ကို
ကျနော်တို့ သိချင်ပါတယ်"

အမေနီဂရိုးမကြီးဟာထိုင်ရာက လေးလေးပင်ပင်ထတယ်။
ပြီးတော့ အခန်းထဲဝင်သွားတယ်။
သေတ္တာလေးတစ်လုံးကိုယူလာတယ်။
အဲဒီသေတ္တာထဲက လက်ကိုင်ပုဝါနဲ့ထုပ်ထားတဲ့အထုပ်လေးနှစ်ခုကိုဆွဲထုပ်တယ်။
သားတွေရေးပေးခဲ့တဲ့စာရွက်တွေဟာ ထွက်လာတယ်။

အမေနီဂရိုးမကြီးပြန်ပြောလိုက်တာက...
" အမေက သဘောထားမှတ်ချက်မပေးတတ်ပါဘူးသားတို့ရယ်။
အမေမှ စာမတတ်တာ"တဲ့။

+++++++++++++++++++++++

ဒါဟာ အမေရိကန်နိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ။
စာဖတ်သူနဲ့မဖတ်သူဟာ ကြာလာနဲ့အမျှ
အတွေးအမြင်တွေ၊အသိဥာဏ်တွေ
ကွာချင်တိုင်းကွာခြားသွားတတ်ပါတယ်။


"စာဖတ်သူတိုင်း သန်းကြွယ်သူဌေးမဖြစ်နိုင်ပေမယ့်
သန်းကြွယ်သူဌေးတိုင်းကတော့ စာဖတ်ကြတယ်"
ဆိုတာ ဆိုးရိုးတစ်ခုလိုဖြစ်လာပါပြီ။


စာအုပ်တွေဈေးကြီးတယ်လို့မညည်းလိုက်ပါနဲ့။

စာမဖတ်လိုက်တဲ့အတွက်
ဘဝမှာ တန်ဖိုးကြီးကြီးပေးလိုက်ရတာတွေအများကြီးပါ။
သတိထားမိရင် သိပါလိမ့်မယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ

ကျောင်း၊ကန်၊ဇရပ်တွေ ပေါများသလောက်....

စာကြည့်တိုက်တွေ ပေါများလာခဲ့မယ်ဆိုရင်......







" ဘာသာတရားကိုင်းရှိုင်းသူ..."



တက္ကသိုလ်ပထမနှစ်တွင် လူတွေ့စာမေးပွဲ မှပြန်လာတဲ့
သားမောင်လှိုင်ထွန်းကို
မိဘများဖြစ်ကြတဲ့ကိုအေးမောင်နဲ့မနန်းဖောင်းတို့က
စိတ်ဝင်တစားဝိုင်းမေးကြတယ်။

" ဘဲ့နဲ့လဲ...
သား
ဖြေနိုင်ရဲ့လား"

သားဖြစ်သူ မောင်လှိုင်ထွန်း
ပြန်ပြောလိုက်တာက...

"မဆိုးပါဘူး။
ဒါပေမယ့် မေးတဲ့ပါမောက္ခက တစ်မျိုးကြီးပဲ။
ဘာသာတရားအတော်ကိုင်းရှိုင်းပုံပေါက်တယ်။
သူ့မေးခွန်းကို သားက ဖြေလိုက်တိုင်း
မျက်လုံးကို အပေါ်လှန်ပြီး
"ဘုရား၊ ဘုရား"
လို့ အမြဲတမ်းပြောတယ်"

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com