Tuesday, May 24, 2011

“ ရင်းနှီးရပေမယ့် အချည်းနှီးပါပဲ... ”


အင်္ဂလန်နိုင်ငံမှ လောင်စ်ဟန်းက ရဲသားတစ်ဦးက

ကားသူခိုး လူငယ်နှစ်ဦးကို လက်ပူးလက်ကြပ်ဖမ်းမိပါတယ်။

ကားသူခိုးနှစ်ဦးဟာ အဖမ်းခံရချိန်မှာ ကားကို တစ်မိုင်လောက်ကို

တွန်းခဲ့ပြီးဖြစ်ကြောင်းပြောတယ်။

ဘာကြောင့် ကားစက်မနိုးတာကို သူတို့နားမလည်ကြောင်း

ရဲသားအားသူတို့ဝန်ခံပါတယ်။

ကားသော့ကို စက်နှိုးတဲ့သော့ပေါက်မှာတတ်ထားပြီး သော့ဖွင့်ထားပါတယ်။

ရဲသားများစစ်ဆေးကြည့်တော့မှ အကြောင်းရင်းကို တွေ့ပါတော့တယ်။

ကားမှာအင်ဂျင်မရှိပါ။

ကားပိုင်ရှင်က အင်ဂျင်အဟောင်းကို ဖြုတ်ထုတ်ပြီး

အင်ဂျင်အသစ်ကို မတပ်ဆင်ရသေးချိန်မှာ ကားကို အခိုးခံရခြင်းဖြစ်ပါတယ်။


တန်ရာတန်ဖိုးမပေးပဲနဲ့ ရတယ်ဆိုတာ မရှိသလို

အလကားစားရတဲ့ ထမင်းဆိုတာလည်း မရှိပါ။

တကယ်အောင်မြင်ဖို့အတွက် အလွယ်လမ်းဆိုတာမရှိပါ။

စွန့်လွှတ်မှု မရှိဘဲ အောင်ပွဲ မခံနိုင်ပါ။

တစ်နေ့တာ ရယူထားတဲ့ အဖိုးအခနဲ့ညီတဲ့အလုပ်ကို

မလုပ်ဆောင်ခြင်းတာလည်း

အင်ဂျင်မပါတဲ့ ကားကို တွန်းပြီး စက်နှိုးတာနဲ့တူပါတယ်။

တွန်းရလေလေ ရေရှည်မှာ အရှုံးသမားဖြစ်လေလေဖြစ်ပါတယ်။




Monday, May 23, 2011

“ တစ်ခါတုန်းက...”


တစ်ခါတုန်းက
ဒုမုခ မင်းကြီးဟာ လေသာပြတင်းပေါက်ကနေ
ပတ်ဝန်းကျင်ကို လှမ်းမျှော်ကြည့်နေပါတယ်။

အဲဒီအချိန်မှာ မနံက်စောစော
နွားခြံထဲကနေ ထွက်လာတဲ့နွားအုပ်ကြီးကို တွေ့လိုက်ပါတယ်။
စားကျက်ဆီသွားနေကြတဲ့ နွားအုပ်ကြီးထဲမှာ ခေါင်းဆောင်ဖြစ်တဲ့နွားလားကြီးက

တပ်မက်စိတ် ကိလေသာကြောင့်

ရှေ့ကသွားနေတဲ့နွားမလေးတစ်ကောင်နောက်ကိုအတင်းတရကြမ်းလိုက်ပါတယ်။
မ, စိတ်မွှန်ပြီး ဘာမှ မမြင်တော့ပဲ နောက်ကတကောက်ကောက်
လိုက်နေချိန်မှာ သတိလက်လွတ်ဖြစ်နေတော့
ငြိုးသူရန်ဖက်ဖြစ်တဲ့ နွားထီးတစ်ကောင်က
အလစ်မှာ ချိုနဲ့ထိုးဝှေ့လိုက်တာ
ဗိုက်ပွင့်ပြီး အူတွေအခွေလိုက်ထွက်လာပြီး
လဲကျသေဆုံးသွားတာကို မြင်လိုက်ပါတယ်။
မင်းကြီးကတွေးပါတယ်။
' ဘာကြောင့်ဒီလိုဖြစ်တာလဲ။
ခါတိုင်းဆိုရင် ဒီခေါင်းဆောင်နွားထီးကြီးကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။
ဘယ်ကောင်နဲ့ဝှေ့ဝှေ့ သူချည်းနိုင်ပါတယ်။
ခုတော့ ကိလေသာစိတ်ကြောင့် မ,စိတ်မွှန်နေချိန်မှာရန်သူကို မမြင်နိုင်တော့ပါဘူး။
ခုတော့ မထင်မှတ်ချိန်မှာ မထင်မှတ်တဲ့နွားရဲ့တိုက်ခိုက်မှုကြောင့်
အူတွေအခွေလိုက်ထွက်ကျပြီးသေနေတာကို
မင်းကြီးမြင်တော့ သံဝေဂကြီးစွာရပါတယ်။
အော်…ချစ်ခင်နှစ်သက်တဲ့ကိလေသာကြောင့် ဒုက္ခရောက်ရပါတယ်။
ကိလေသာက ပညာမျက်စိကို ကန်းအောင်ပြုလိုက်ပါတယ်။
ဥာဏ်တုံးအောင်လုပ်ပါတယ်။
ရန်သူမိတ်ဆွေ ခွဲခြားပြီး မမြင်နိုင်တော့ပါဘူး။
အန္တရာယ်ပြုမှာကို မသိနိုင်တော့ပါဘူး။
ချစ်ခင်နှစ်သက်တဲ့ သံယောဇဉ်ကြောင့် သတ်တာ၊ဖြတ်တာကိုခံရတဲ့သူတွေ၊
ချုပ်နှောင်ခံရတဲ့သူတွေ ဘယ်လောက်တောင်များနေလဲ'
ဆိုပြီး မင်းကြီးသံဝေဂရပါတယ်။

“ ငါ့မှာ ထီးနန်းစည်စိမ်တွေလည်းရှိနေတယ်။
မိဖုရားတွေလည်း အမြောက်အများရှိနေတယ်။
သားတော်၊သမီးတော်တွေလည်းပဲ ရှိနေတယ်။
ရာထူးအာဏာတွေလည်း ရှိနေတယ်။
ဒါတွေအားလုံးက ကိလေသာကို ဖြစ်ပေါ်စေတယ်။
ကိလေသာတွေနဲ့သာ နေမယ်ဆိုရင် ခုနက နွားလားဥဿဘလို
တစ်ချိန်ချိန်မှာ သူများသတ်တာကို ငါလည်းခံချင်ခံရမယ်။
မခံရရင်တောင်မှ ဒီကိလေသာနဲ့သေမယ်ဆိုရင်
ငါဟာ ကျိန်းသေ အပါယ်ကို သွားလိမ့်မယ် ”
လို့
သိမြင်သွားတဲ့မင်းကြီးဟာ
သူပိုင်ဆိုင်တဲ့နန်းတော်ကြီးကို စွန့်ခွာပြီးတော့ တောထွက်သွားပါတော့တယ်။
တရားဓမ္မကို ကျင့်ကြံအားထုတ်ကြိုးစားလိုက်တဲ့အခါမှာတော့
မင်းကြီးဟာ ပစ္စေက ဗုဒ္ဓဖြစ်သွားပါတယ်။

ဒီအကြောင်းအရာတွေကို ဖတ်မိတဲ့အခါ
ကြောက်ရွံ့စိတ် အနည်းငယ်တော့ ဖြစ်မိသလိုပါပဲ။
အတွေးတွေလည်း ဟိုတွေးဒီတွေးတွေးမိပါတယ်။
မ စိတ်နဲ့ဝေးရင် စိတ်ချမ်းသာမယ်မှန်းလည်း သိလာပါတယ်။
ဒါပေမယ့် သူများသမီးကိုယူထားမိတော့
ပစ်ပြီး ကိုယ်လုပ်ချင်ရာရာကို လုပ်သွားရင်
တရားပါ့မလားလို့တွေးမိပြန်တယ်။
ကိုယ်မစွန့်နိုင်လို့ သာသာ ထိုးထိုးတွေးတာလား။
ဘာဘဲဖြစ်ဖြစ် မစွန့်နိုင်တာတော့ အမှန်ပါပဲ။
မစွန့်နိုင်တဲ့အတွက် ချမ်းသာခြင်းနဲ့လည်း ဝေးနေအုန်းမှာပဲလေ။
ကဲ...ဘာတတ်နိုင်မလဲ။
လူဖြစ်တော့လည်း လူတွေလုပ်တဲ့အလုပ်ကို လုပ်ပေးဦးတော့။
လူတွေနဲ့အတူနေပြီးလူတွေလိုပဲ သေပေရဦးမှာပါလား။

Sunday, May 22, 2011

" စွန့်နိုင်မှ ချမ်းသာမယ်..."



တစ်ခါတုန်းက

နိမိမင်းကြီးဟာ မိတ္ထီလာတိုင်းကို အုပ်ချုပ်မင်းလုပ်နေပါတယ်။

တစ်နေ့မှာတော့ လေသာပြတင်းပေါက်ကို ဖွင့်ပြီး ပတ်ဝန်ကျင်ကို အကဲခတ်လေ့လာပါတယ်။

အဲဒီအချိန်မှာပဲ ကောင်ကင်ယံမှာ အသားတုံးတစ်တုံးကို ကိုက်ချီလာတဲ့စွန်ရဲတစ်ကောင်ကိုတွေ့လိုက်ပါတယ်။

စွန်ရဲက အသားတုံးကို ရအောင် အန္တရာယ်တွေကြားမှာ ခက်ခက်ခဲခဲ ရှာဖွေလာခဲ့ရတာပါ။

အဲဒီလို ရှာဖွေစဉ်ကာလမှာလည်း စွန်ရဲဟာ ဒုက္ခတွေ ရောက်ခဲ့မှာပါ။

လိုချင်လို့ရလာပြန်တော့လည်း အကြာကြီးဝမ်းသာအားရမဖြစ်လိုက်ရပါဘူး။

အဲဒီအချိန်မှာ သားတစ်ချီလာတဲ့ စွန်ရဲနောက်ကို များစွာသော စွန်ရဲတွေ

ကောက်ကောက်ပါအောင်လိုက်လာကြပါပြီ။

မီလာတယ်ဆိုရင်ပဲ မင်းကြီးရဲ့မျက်စိအောက်မှာတင် ဝိုင်းအုံထိုးဆိတ်ကြပါတယ်။

အချို့က နှုတ်သီးနဲ့ပေါက်ကြပါတယ်။

အချို့က ခြေထောက်နဲ့ကန်ကြပါတယ်။

အချို့က တောင်ပံနဲ့ရိုက်ကြပါတယ်။

အချို့က ကိုယ်လုံးနဲ့တိုက်ကြပါတယ်။

စွန်ရဲဟာ သားတစ်ကို ပိုင်ဆိုင်နေသေးသမျှ

သူ့မှာ တိုက်ခိုက်တာကို အလူးအလဲခံရပါတယ်။

အမွေးတွေလည်း ကျွတ်၊

သွေးတွေလည်း ထွက်၊

အဲဒီဒုက္ခတွေကို မခံနိုင်တော့တဲ့အဆုံးမှာ

ချီလာတဲ့အသားတုံးကို မလွှတ်ချင်ပဲ လွှတ်ချလိုက်ပါတယ်။

သူစွန့်လွှတ်လိုက်တော့မှ အဲဒီဒုက္ခတွေဟာ အဆုံးသတ်သွားတယ်။

အဲဒီအသားတစ်ကို နောက်စွန်ရဲတစ်ကောင်က ချီသွားပြန်ပါတယ်။

အသားတစ်ရသွားတဲ့စွန်ရဲနောက်ကို စွန်ရဲအုပ်ကြီးက ဝိုင်းလိုက်ကြပြန်တယ်။

ထိုးကြ၊ဆိတ်ကြ၊လုကြ၊ယက်ကြပြန်ပါတယ်။

ဒီလိုနဲ့အသားတစ်ဟာတစ်ကောင်ပြီးတစ်ကောင်နောက်ကို ပြောင်းနေတော့တာပါပဲ။

ဒါကိုတွေ့မြင်သွားတဲ့မင်းကြီးဟာ အတွေးဖြန့်ချဲ့ပြီး သံဝေဂဖြစ်သွားပါတယ်။

“ အသားတုံး၊အသားတစ်ဆိုတာ လူတိုင်းကြိုက်တဲ့ကာမဂုဏ်တရားနဲ့တူတယ်။

လူမှန်သမျှ လိုလားနှစ်ခြိုက်ကြတယ်။

လူတိုင်းလူတိုင်းက လိုချင်ကြတော့ ရထားတဲ့သူ မှာ စိတ်အေးချမ်းသာမနေရတော့ပါဘူး။

သူ့ပစ္စည်းတွေ ဘယ်တော့ဆုံးရှုံးသွားမှာလဲ၊ ဘယ်သူတွေလုသွားမှာလဲ၊ ခိုးသွားမှာလဲ၊

ဘယ်ပုံဘယ်နည်း နဲ့သူများလက်ထဲရောက်သွားမှာလဲ”

လို့အမြဲတမ်းကြောက်လန့်နေရပါတယ်။

စိုးရိမ်နေရပါတယ်။

ရှာရတုန်းက တစ်ဒုက္ခ၊

ထိမ်းသိမ်းထားရတာလည်း တစ်ဒုက္ခ၊

ပြီးတော့

သူများရဲ့လက်ထဲပါသွားပြန်တော့လည်း တစ်ဒုက္ခ၊

တစ်သက်တာလုံးပိုင်ဆိုင်နေတယ်ဆိုတာ မရှိပါဘူး။

တကယ်လို့အထိန်းအသိမ်းကောင်းလွန်းလို့

တစ်သက်တာလုံးပိုင်ဆိုင်နေတယ်ဆိုရင်လည်း သေတဲ့အခါမှာ

သူများလက်ထဲရောက်သွားတာချည်းပါပဲ။

ကိုယ်နဲ့အတူ ယူသွားလို့ရတဲ့ပစ္စည်းဥစ္စာဆိုတာမရှိပါဘူး။


“ ငါ့မှာလည်း ဥစ္စာပစ္စည်းတွေ

ဒီလောက်အမြောက်အများပိုင်ဆိုင်နေမှတော့

တစ်ချိန်ချိန်မှာ ဆင်းရဲရမှာပဲ၊

ငါလည်း စွန့်မှသာချမ်းသာမယ်၊

ထီးနန်းဥစ္စာနဲ့တကွ ကာမဂုဏ်ပစ္စည်းတွေ

အားလုံးကိုငါ စွန့်လွှတ်တော့မယ်”

လို့တွေးပြီး

မင်းကြီးဟာ ထီးနန်းစည်းစိမ်ကိုစွန့်ပြီး တောထွက်သွားပါတယ်။

တရားအားထုတ်ကျင့်ကြံလိုက်တော့ ပစ္စေကဗုဒ္ဓဖြစ်သွားပါတယ်။


ဒီဖြစ်ရပ်တွေကို ကျနော်တို့ မကြာခဏတွေ့မြင်မိသော်လည်း

ကျနော်တို့ဘာမှ မစွန့်နိုင်ခဲ့ပါ။

ဒါကြောင့်လည်း ကျနော်တို့ဘာမှ ဖြစ်မလာခဲ့ပါ။

ဒီဝဲထဲမှာ လည်နေဆဲပါ။




Saturday, May 21, 2011

" တရားနဲ့ဝေးနေဆဲ..."


တစ်ခါတုန်းက

တက္ကသိုလ်ပြည်ကြီးကို အုပ်ချုပ်နေတဲ့ နဂ္ဂဇိဆိုတဲ့မင်းကြီးတစ်ပါးရှိပါတယ်။

တစ်နေ့မှာတော့ သူ့ရဲ့ရံရွေတော်တစ်ယောက်ဟာ

သူ့အနားမှာ သနပ်ခါးသွေးနေတာကို

အမှတ်မထင်ကြည့်မိလိုက်ပါတယ်။

ရံရွေတော်ရဲ့လက်မှာက ရွှေလက်ကောက်တစ်ဖက်တစ်ကွင်းစီသာရှိနေပါတယ်။

လက်ကလှုပ်ရှားမှုရှိပေမယ့် အသံမမြည်ပါဘူး။

ရံရွေတော်ကို စူးစူးစိုက်စိုက်ကြည့်နေတာမို့

မိဖုရားငယ်က မနာလိုဖြစ်ပြီး ကိုယ်တိုင်ဝင်ပြီး သနပ်ခါးသွေးပါတယ်။

မိဖုရားငယ်ရဲ့လက်မှာက ရွှေလက်ကောက်တွေနဲ့အပြည့်ပါ။

ဒီတော့ ကျောက်ပျင်ပေါ်မှာ သနပ်ခါးသွေးလိုက်တိုင်း ကိုယ်လက်လှုပ်ရှားသွားချိန်မှာ

လက်ကောက်တွေ တစ်ကွင်းနဲ့တစ်ကွင်းထိမိခိုက်မိတော့တချွန်ချွန်နဲ့အသံတွေ

ထွက်လာတာကို သတိပြုမိလိုက်ပါတယ်။

မင်းကြီးကတွေးပါတယ်။

လက်ထဲမှာ ဝတ်ထားတဲ့လက်ကောက်ဟာ တစ်ကွင်းတည်းသာရှိမယ်ဆိုရင်

ဘာအသံမှ မထွက်ဘူး။

လက်ကောက်ဟာ နှစ်ကွင်းထက်မက သုံးလေးကွင်းဝတ်ထားမယ်ဆိုရင်

အသံတွေမြည်လာတတ်ပါလား”လို့ ဆင်ခြင်နှလုံးသွင်းမိလာပါတယ်။

ပြီးတော့ လက်ကောက်ချည်းသာမဟုတ်ပါဘူး။

လူလည်းပဲ ဒီအတိုင်းပါပဲ။

တစ်ယောက်တည်းရှိချိန်မှာ ဘာအသံမှ မထွက်ဘူး။

အဖော်မရှိတဲ့အတွက် ပြောစရာမရှိလို့ပါ။

နှစ်ယောက်၊သုံးယောက်ဖြစ်လာပြီဆိုရင်တော့ အသံထွက်လာပါပြီ။

အဆင်ပြေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ပြောကြမယ်။

အဆင်မပြေတဲ့အချိန်မှာ ရန်စကားတွေပြောကြမယ်။

ရန်တွေဖြစ်ကြမယ်။

စကားတွေများကြမယ်။

အသံတွေထွက်လာပြီ။

သဘောကျတဲ့အသံကိုကြားတော့ သာယာတပ်မက်နှစ်သက်မယ်။

ဒီတော့ လောဘတွေဖြစ်လာမယ်။

သဘောမကျတဲ့အသံတွေကိုကြားရချိန်မှာ ဒေါသဖြစ်လာပြန်ရော။

လောဘလည်းမဖြစ်ဘူး။ဒေါသလည်းမဖြစ်ဘူးဆိုရင်တောင်

အဲဒီအသံကြောင့် မောဟဖြစ်ပါတယ်။

တရားသံကလွဲရင် အသံကြောင့် ကုသိုလ်ဖြစ်ဖို့ဆိုတာ အလွန်ခဲယဉ်းလှပါတယ်။

ဒါကိုသဘောပေါက်သွားတဲ့မင်းကြီးက

‘ ငါ့မှာ လက်ကောက်တစ်ကွင်းကနေ နှစ်ကွင်း၊သုံးကွင်းမက

ဖြစ်လာသလို

ငါ့မှာပိုင်ဆိုင်မှုတွေက အင်မတန်မှ များလာတယ်။

ဥစ္စာပစ္စည်းတွေ၊

မိဖုရားတွေ၊

တန်ခိုးအာဏာတွေ၊ခြွေရံသင်းပင်းတွေ များစွာရှိနေတယ်။

ဒါတွေကြောင့် အသံတွေမြည်လာမယ်ဆိုရင်

ငါဟာ ဒုက္ခရောက်တော့မှာပါလား၊

ဒါတွေကြောင့်ဖြစ်တဲ့

လောဘတွေ၊ဒေါသတွေ၊မောဟတွေနဲ့ဒီအတိုင်းသာနေမယ်ဆိုရင်

ငါဟာ ဆင်းရဲဒုက္ခတွေ့တော့မှာပါလား"

လို့ သံဝေဂ ဝင်လာတော့ မင်းကြီးဟာ တောထွက်သွားပါတယ်။

တရားဓမ္မကျင့်ကြံ ကြိုးစားအားထုတ်လိုက်တော့ ပစ္စေက ဗုဒ္ဓဖြစ်သွားပါတယ်။


မထင်မှတ်လိုက်တဲ့ သနပ်ခါးသွေးတဲ့ဖြစ်ရပ်ကနေပြီး

အမြင့်ဆုံးဘဝတစ်ခုကို ပိုင်ဆိုင်သွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။

ကျနော့်မှာလည်းပဲ ဒီလိုဖြစ်ရပ်မျိုးတွေကို မကြာခဏကြုံဆုံရပါတယ်။

ဒါပေမယ့် ဘာကြောင့်များတရားမသိပါလိမ့်!

ပါရမီများနည်းလို့လား။

ကိလေသာပဲ များလို့လား။

အခုလို သိလာပြန်တော့လည်း ဘာကြောင့်များတရားမရပါလိမ့် !

လား!

လား!

လား!

လား!

ပေါင်းများစွာနဲ့အလုပ်ရှုတ်နေပေမယ့်

တရားနဲ့ဝေးနေဆဲပါလားနော်။

Friday, May 20, 2011

" အဖိုးရဲ့ဆုံးမစကား..."


တစ်နေ့တွင်

အဖိုးဖြစ်သူဦးမောင်တင်ဟာ

သူ့မြေးမလေးကို ခြံထဲကို ဆင်းလာဖို့ခေါ်လိုက်ပါတယ်။

အကြောင်းမှာ မြေးမလေး မချောစုဟာ သူ့ရဲ့ခင်ပွန်းဖြစ်သူ ကိုသိန်းစိုးနှင့်

အငြင်းပွားပြီး စကားများနေတဲ့အတွက်ကြောင့် အဖိုးက တမင်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။

ခြံထဲကိုရောက်တဲ့အခါမှာတော့ အဖိုးက

“ ငါ့မြေးလေး ချောစု၊

အဖိုးရယ်၊ အဖွားရယ် အိမ်ထောင်ပြုခဲ့တာ

နှစ်ပေါင်း၄၀ တောင်ကျော်ခဲ့ပြီကွယ်၊

မြေးလေးရဲ့အဖွား မကွယ်လွန်ခင်အချိန်ထိပေါ့၊

ဒါပေမယ့် အဖိုးနဲ့အဖွား စကားများတာ၊

အငြင်းပွားတာ မရှိသလောက်ပါပဲ မြေးလေးရယ်။”

လို့ အဖိုးက စကားစလိုက်ပါတယ်။

ချောစုက ဘာမှပြန်မပြောပဲ ငြိမ်ပြီးနားထောင်နေပါတယ်။

ဒီတော့မှ အဖိုးကဆက်ပြီး

“ အဖိုးတို့ အဲဒီလို စကားများတာ၊ အငြင်းပွားတာတွေ မဖြစ်အောင်

အဖိုးတို့အချင်းချင်း သဘောတူနားလည်မှု ယူထားတာ တစ်ခုရှိတယ်။

တကယ်လို့ အဖိုးက စိတ်တိုပြီးလယ်ထဲက ပြန်လာတဲ့အခါ

ဘောင်းဘီတစ်ဖက်ကို

အထက်ကို လိပ်ပြီး ပင့်တင်ထားလေ့ရှိတယ်။

အဲဒါကိုမြင်လိုက်တာနဲ့အဖွားက အဖိုးနဲ့ပြောဆိုဆက်ဆံရာမှာ

ညင်ညင်သာသာ ဆက်ဆံပါတယ်။

တကယ်လို့ အဖွားအနေနဲ့

အိမ်မှာ ကလေးတွေနဲ့အဆင်မပြေဘဲ

အပေါက်အလမ်းမတည့်တဲ့အခါမျိုးမှာ

တွယ်ချိတ်တစ်ခုကို အင်္ကျီရင်ညွန့်ပေါ်မှာ ထိုးထားလေ့ရှိတယ်ကွယ့်။

အဲဒီအမှတ်အသားကို မြင်တာနဲ့ အဖိုးက သူကို ကြင်ကြင်နာနာစကားပြောပါတယ်။

ပြီးတော့ အိမ်မှုကိစ္စတွေမှာ ကူညီပြီး ဝိုင်းလုပ်ပေးပါတယ်။


တကယ်တော့ လင်နဲ့မယား စကားများတယ်ဆိုတာ

အချင်းချင်းတိုက်ရိုက်အဆင်မပြေမှုကြောင့် စဖြစ်ကြတာထက်

အခြားအကြောင်းတစ်ခုခုမှာ အဆင်မပြေခဲ့တာက စဖြစ်တာများပါတယ်ကွယ်။

အဲဒီအချက်ကို သဘောပေါက်ထားတာ ကောင်းတယ်လို့အဖိုးတော့ ထင်တာပဲ”

လို့

အကျိုးအကြောင်းကို ပြည့်ပြည့်စုံစုံ ရှင်းပြပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com