ဒုမုခ မင်းကြီးဟာ လေသာပြတင်းပေါက်ကနေ
ပတ်ဝန်းကျင်ကို လှမ်းမျှော်ကြည့်နေပါတယ်။
အဲဒီအချိန်မှာ မနံက်စောစော
နွားခြံထဲကနေ ထွက်လာတဲ့နွားအုပ်ကြီးကို တွေ့လိုက်ပါတယ်။
စားကျက်ဆီသွားနေကြတဲ့ နွားအုပ်ကြီးထဲမှာ ခေါင်းဆောင်ဖြစ်တဲ့နွားလားကြီးက
တပ်မက်စိတ် ကိလေသာကြောင့်
ရှေ့ကသွားနေတဲ့နွားမလေးတစ်ကောင်နောက်ကိုအတင်းတရကြမ်းလိုက်ပါတယ်။
မ, စိတ်မွှန်ပြီး ဘာမှ မမြင်တော့ပဲ နောက်ကတကောက်ကောက်
လိုက်နေချိန်မှာ သတိလက်လွတ်ဖြစ်နေတော့
ငြိုးသူရန်ဖက်ဖြစ်တဲ့ နွားထီးတစ်ကောင်က
အလစ်မှာ ချိုနဲ့ထိုးဝှေ့လိုက်တာ
ဗိုက်ပွင့်ပြီး အူတွေအခွေလိုက်ထွက်လာပြီး
လဲကျသေဆုံးသွားတာကို မြင်လိုက်ပါတယ်။
မင်းကြီးကတွေးပါတယ်။
' ဘာကြောင့်ဒီလိုဖြစ်တာလဲ။
ခါတိုင်းဆိုရင် ဒီခေါင်းဆောင်နွားထီးကြီးကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။
ဘယ်ကောင်နဲ့ဝှေ့ဝှေ့ သူချည်းနိုင်ပါတယ်။
ခုတော့ ကိလေသာစိတ်ကြောင့် မ,စိတ်မွှန်နေချိန်မှာရန်သူကို မမြင်နိုင်တော့ပါဘူး။
ခုတော့ မထင်မှတ်ချိန်မှာ မထင်မှတ်တဲ့နွားရဲ့တိုက်ခိုက်မှုကြောင့်
အူတွေအခွေလိုက်ထွက်ကျပြီးသေနေတာကို
မင်းကြီးမြင်တော့ သံဝေဂကြီးစွာရပါတယ်။
အော်…ချစ်ခင်နှစ်သက်တဲ့ကိလေသာကြောင့် ဒုက္ခရောက်ရပါတယ်။
ကိလေသာက ပညာမျက်စိကို ကန်းအောင်ပြုလိုက်ပါတယ်။
ဥာဏ်တုံးအောင်လုပ်ပါတယ်။
ရန်သူမိတ်ဆွေ ခွဲခြားပြီး မမြင်နိုင်တော့ပါဘူး။
အန္တရာယ်ပြုမှာကို မသိနိုင်တော့ပါဘူး။
ချစ်ခင်နှစ်သက်တဲ့ သံယောဇဉ်ကြောင့် သတ်တာ၊ဖြတ်တာကိုခံရတဲ့သူတွေ၊
ချုပ်နှောင်ခံရတဲ့သူတွေ ဘယ်လောက်တောင်များနေလဲ'
ဆိုပြီး မင်းကြီးသံဝေဂရပါတယ်။
“ ငါ့မှာ ထီးနန်းစည်စိမ်တွေလည်းရှိနေတယ်။
မိဖုရားတွေလည်း အမြောက်အများရှိနေတယ်။
သားတော်၊သမီးတော်တွေလည်းပဲ ရှိနေတယ်။
ရာထူးအာဏာတွေလည်း ရှိနေတယ်။
ဒါတွေအားလုံးက ကိလေသာကို ဖြစ်ပေါ်စေတယ်။
ကိလေသာတွေနဲ့သာ နေမယ်ဆိုရင် ခုနက နွားလားဥဿဘလို
တစ်ချိန်ချိန်မှာ သူများသတ်တာကို ငါလည်းခံချင်ခံရမယ်။
မခံရရင်တောင်မှ ဒီကိလေသာနဲ့သေမယ်ဆိုရင်
ငါဟာ ကျိန်းသေ အပါယ်ကို သွားလိမ့်မယ် ”
လို့
သိမြင်သွားတဲ့မင်းကြီးဟာ
သူပိုင်ဆိုင်တဲ့နန်းတော်ကြီးကို စွန့်ခွာပြီးတော့ တောထွက်သွားပါတော့တယ်။
တရားဓမ္မကို ကျင့်ကြံအားထုတ်ကြိုးစားလိုက်တဲ့အခါမှာတော့
မင်းကြီးဟာ ပစ္စေက ဗုဒ္ဓဖြစ်သွားပါတယ်။
ဒီအကြောင်းအရာတွေကို ဖတ်မိတဲ့အခါ
ကြောက်ရွံ့စိတ် အနည်းငယ်တော့ ဖြစ်မိသလိုပါပဲ။
အတွေးတွေလည်း ဟိုတွေးဒီတွေးတွေးမိပါတယ်။
မ စိတ်နဲ့ဝေးရင် စိတ်ချမ်းသာမယ်မှန်းလည်း သိလာပါတယ်။
ဒါပေမယ့် သူများသမီးကိုယူထားမိတော့
ပစ်ပြီး ကိုယ်လုပ်ချင်ရာရာကို လုပ်သွားရင်
တရားပါ့မလားလို့တွေးမိပြန်တယ်။
ကိုယ်မစွန့်နိုင်လို့ သာသာ ထိုးထိုးတွေးတာလား။
ဘာဘဲဖြစ်ဖြစ် မစွန့်နိုင်တာတော့ အမှန်ပါပဲ။
မစွန့်နိုင်တဲ့အတွက် ချမ်းသာခြင်းနဲ့လည်း ဝေးနေအုန်းမှာပဲလေ။
ကဲ...ဘာတတ်နိုင်မလဲ။
လူဖြစ်တော့လည်း လူတွေလုပ်တဲ့အလုပ်ကို လုပ်ပေးဦးတော့။
လူတွေနဲ့အတူနေပြီးလူတွေလိုပဲ သေပေရဦးမှာပါလား။
No comments:
Post a Comment