Monday, November 9, 2009

သိက္ခာကို ရိက္ခာနဲ့မလဲနိုင်ပါ....


တစ်ခါတုန်းက သူနာပြုဆရာမလေးတစ်ယောက်ဟာ

ဆေးရုံကြီးတစ်ရုံရဲ့ ခွဲစိတ်ခန်းမှာ တာဝန်ကျတယ်။

ခွဲစိတ်ခန်း ဝင်ရမဲ့ ပထမနေ့မှာပင် သူမ နှင့်အဆင့်များစွာကြီးတဲ့ ခွဲစိတ်အထူးကုဆရာဝန်ကြီးနဲ့အရေးကြီးခွဲစိတ်မှုတစ်ခု လုပ်ရပါတယ်။

ခွဲစိတ်တဲ့အချိန်မှာ ယာယီအသုံးပြုရမဲ့ Gauze pad (ခွဲစိတ်ခန်းသုံး ပတ်တီးစ) (၁၂)စကိုအသုံးပြုခဲ့တယ်။

ဝမ်းဗိုက်ကို ပြန်ပိတ်ဖို့အတွက် အဲဒီပတ်တီးစများကို ပြန်ထုတ်တဲ့အခါ (၁၁)စသာ ပြန်ထုတ်ဖြစ်ပါတယ်။

ထိုအခါ သူနာပြုဆရာမလေးအသစ်က


“ဆရာ…ကျမတို့ပတ်တီးစ (၁၂)စ သုံးထားတယ်။

အခု(၁၁)စပဲပြန်ထုတ်ရသေးတယ်။ အစတစ်စ လိုနေသေးတယ်။“


ဆရာဝန်ကြီးက သူမစကားကိုအရေးမလုပ်ပါ။


“ငါ အားလုံးပြန်ထုတ်ပြီးပါပြီ။ အခုချုပ်တော့မယ်။”


“မဟုတ်ဘူးဆရာ…ကျမတို့တကယ်သုံးထားတာက (၁၂)စပါ။

အခုထုတ်ပြီးတာက (၁၁)စထဲရှိတော့ တစ်ခုကျန်သေးတယ်။”


“ငါ တာဝန်ယူတယ်ကွာ၊ ချုပ်အပ်ပဲပေး။”


ဆရာဝန်ကြီးက စိတ်တိုတိုနဲ့ ခပ်ပြတ်ပြတ်ပြောတယ်။


“ဆရာ…ဒီလိုမလုပ်ပါနဲ့။ လူနာဘက်ကလည်း ထည့်စဉ်းစားပေးပါ။

ပတ်တီးစ ကျန်ခဲ့မယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေက အများကြီး။”


သူနာပြုဆရာမလေးက လူနာဘက်ကရပ်ပြီးဆရာဝန်ကြီးကို အကျိုးအကြောင်းရှင်းပြတယ်။

ဒီတော့မှ ဆရာဝန်ကြီးကပြုံးတယ်။

ပြီးတော့ “မင်း တော်တယ်” ဟုပြောကာ

သူရဲ့ဖိနပ်အောက်မှာနင်းထားတဲ့ နောက်ဆုံး ပတ်တီးစကို

ခြေထောက်ကို မ, ပြလိုက်ပါတယ်။

ဒီလိုပါပဲ နေရာတကာမှာ သိက္ခာကို ရိက္ခာနဲ့မလဲသူတွေ အများအပြားရှိနေတယ်လို့ကျနော်ယုံကြည်ပါတယ်။

ဒီလို လူမျိုးများဟာ လူ့လောကကို အကျိုးပြုသူများဖြစ်ပါတယ်။

ဒီလောကကြီး အရှိန်အဟုန်မပျက် တိုးတက်နေတာကို ကြည့်ခြင်းအားဖြင့်

ဒီလောကကြီးမှာ သိက္ခာကို တန်ဖိုးထားသူများ၊လေးစားသူများ အများကြီးရှိတယ်လို့ကျနော်ယုံကြည်ခြင်းဖြစ်ပါတယ်။

ဒီလိုလူမျိုးများဟာ စိတ်ဓါတ်တည်ကြည် ခိုင်မာသူများဟုလည်းပြောနိုင်သလို ယုံကြည်ချက်ကြောင့်သတ္တိရှိသူများလည်းဖြစ်ပါတယ်။

ကျနော် အပါအဝင် အခုစာဖတ်နေကြကုန်သော လူကြီးမင်း အားလုံးတို့ဟာ နောင် အနှစ်(၁၀၀)မှာ အသက်ရှင် ကျန်ရစ်သူ ရှိအံ့မထင်ပါ။

ဘာတွေကျန်ရစ်မလဲ?

ဂုဏ်သိက္ခာရှိသော လုပ်ရပ်များသာ ကျန်ရစ်ပါလိမ့်မယ်။

ဂုဏ်သိက္ခာရှိသော လုပ်ရပ်များဟာ အသက်ရှင်တုံးမှာလည်း စိတ်စင်ကြယ်မှုဖြစ်စေပြီး စိတ်ချမ်းသာမှုကိုဖြစ်စေတဲ့အပြင် သေလွန်ပြီးလည်း အမှတ်ထင်ထင် ကျန်ရစ်စေသော လုပ်ရပ်များဖြစ်ကြောင်းပြောလိုပါတယ်။

အဲဒီသိက္ခာရှိသောလူမျိုးများကိုတွေ့မိလေတိုင်း၊

ကြားမိလေတိုင်း စိတ်ထဲက လေးစားစွာ ဦးညွတ်မိပါတယ်။

Saturday, November 7, 2009

လုပ်သင့်တာ တစ်ခုခု ထလုပ်လိုက်ပါ....




ကောင်းကင်ယံတွင် စစ်မြေပြင် သတင်းဓါတ်ပုံများ စွန့်စားရိုက်ကူးတဲ့အတွက်
ကမ္ဘာမှာထင်ရှားတဲ့ အမျိုးသမီး သတင်းထောက်ကတော့
ဘာ့(ခ်) ဝှိုက်ဖြစ်ပါတယ်။
ငယ်ငယ်တုံးက အရမ်းကြောက်တတ်သူဖြစ်တယ်။
အထူးသဖြင့် အမှောင်ကို အရမ်းကြောက်တတ်သူဖြစ်တယ်။
အမြော်အမြင်ရှိတဲ့ မိခင်က စိတ်ရှည်လက်ရှည် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပါတယ်။
မိခင်ကြောင့်
နောင်မှာ
ဘာ့(ခ်) ဝှိုက်ဟာ အလွန်ရဲရင့်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာပါတယ်။
မိခင်က သမီးရဲ့နှလုံးသားထဲ၊ ခေါင်းထဲ ထည့်ပေးခဲ့တဲ့ စကားကတော့.......

“ သမီး....ကြောက်တဲ့အရာကို စေ့စေ့ကြည့်၊
ရဲရဲရင်ဆိုင် လိုက်ပါကွယ်။
ကြောက်တဲ့အရာက ဘာမှအခြေအမြစ် မရှိရင်
အဲဒီလို ရင်ဆိုင်ကြည့်ရုံနဲ့
လုံးလုံး အစပျောက်သွားလိမ့်မယ်။
တကယ်ကြောက်သင့်၊ကြောက်ထိုက်တဲ့ အရာပဲလို့ တွေ့ရရင်တော့
တစ်ခုခု ထလုပ်လိုက်ပါ...သမီး၊

အဲဒီ လုပ်တဲ့တစ်ခုခု ကကြောက်စိတ်ကို ပျောက်အောင်လုပ်ပေးလိမ့်မယ်။ ”

အဲဒီ စကားကြောင့်
ဘာ့(ခ်) ဝှိုက်ဟာ ကြောက်စိတ်ကင်းကင်းနဲ့
လွတ်လပ်တဲ့ အရသာကို ဘဝတစ်သက်တာ
လုံး ခံစားသွားရပါတယ်။
အဲဒီ အားပေးစကားကြောင့် အောင်မြင်တိုးတက်တဲ့ အခွင့်အလမ်းတွေကို
မှန်မှန်ကန်ကန်ရွေးချယ်နိုင်ခဲ့ပါတယ်။

ကြွားရတာ...အရသာလား?




တစ်ခါတုန်းက ကိုရွှေကြွားဆိုသူသည် နာမည်နဲ့လိုက်အောင် ကြွားတတ်သူဖြစ်သည်။
သူသည် ကြွားတတ်သလောက်လည်းဖြစ်အောင်ကြိုးစားသူဖြစ်နေပြန်သည်။
တစ်နေ့တော့ သူသည် သေလုမြောပါးရောဂါတစ်ခုနဲ့ဆေးရုံတက်ရသည်။
ရောဂါအခြေအနေကို သိရတော့ အသက်မထွက်မီတွင် ဇနီးဖြစ်သူကို မှာနေသည်။

“မိန်းမရယ်....ငါသေရင် ငါ့ရဲ့အုတ်ဂူပေါ်မှာ
ငါ့ရဲ့အလုပ်အကိုင် ကိုပါဖော်ပြတဲ့ စာတမ်းကို ထိုးပေးစေချင်တယ်ကွယ်။
မချစ်သန်းရယ် ဒါကိုတော့ မမေ့ပါနဲ့ကွယ်။”


ဒီကိစ္စကို ထပ်ခါတလဲလဲမှာပြီး၊ ကွယ်လွန်သွားပါတယ်။
မိန်းမဖြစ်သူ မချစ်သန်းကလည်း နာမည်နဲ့လိုက်အောင် ခြစ်ခြစ်ကုတ်ကုတ်နဲ့ အလွန်ချွေတာပြီး၊
ကတ်စေးနဲသူဖြစ်သည်။
သူမအနေနဲ့သေသူကိုရွှေကြွား၏စကားကိုလည်းမလွန်ဆန်ရဲသောကြောင့်၊
ထို့ပြင် ငွေကုန်မှာလည်းကြောက်သောကြောင့်၊
ကိုရွှေကြွား၏အလုပ်ခန်းရှေ့မှ ဆိုင်းဘုတ်ကို သူ့မရဲ့ယောကျာ်း၏ အုတ်ဂူပေါ်တွင်
ကပ်ထားလိုက်ပါသည်။

ဒေါက်တာရွှေကြွား
လူနာတွေ့ချိန်
ညနေ.....၄း၀၀နာရီ မှ ၉း၀၀နာရီအထိ၊


Saturday, October 31, 2009

ထုတ်တန်းပေါ်က..သားငယ်...



တစ်ခါတုန်းက အဖေကအလုပ်ကပြန်လာတယ်။
အိမ်ရှေ့မှာ အမေရယ်၊သမီးရယ်၊ သားငယ်ရယ်
အဖေ့ကိုထွက်ကြိုကြပါတယ်။
(၅)နှစ်အရွယ်သားငယ်က အဖေ့ကို ချီဖို့လက်လှမ်းလိုက်ပါတယ်။

အဖေကလည်း သားငယ်ကို ချီပြီးပုခုံးပေါ်မြှောက်တင်လိုက်ပါတယ်။ အဖေ့ရဲ့ပုခုံးပေါ်မှာ သားငယ်က အမကိုလှမ်းပြောလိုက်ပါတယ်။“ သားသား အမထက် အရပ်မြင့်သွားပီနော်...”တဲ့။
“သားသားဟာ အမေထက်လည်းမြင့်သွားသလို...အဖေထက်လည်းမြင့်သွားပီနော်....” လို့ ဝမ်းသာအားရ အော်နေပါတယ်။ မိဘနှစ်ပါးစလုံးဟာဝမ်းသာအားရဖြစ်နေတဲ့ သားငယ်ကိုတွေ့တော့ ပြုံးနေလေရဲ့။
အိမ်ခန်းထဲက ထုတ်တန်းတစ်ခုနားရောက်တော့ သားငယ်က အဖေ့ရဲ့ပုခုံးပေါ်က လက်လှမ်းပြီးထုတ်တန်းကိုကိုင်ဆွဲလိုက်ပါတယ်။
အဲဒီလို လှမ်းဆွဲထားတော့ အဖေကရှေ့ဆက်သွားလို့မရတော့ဘူး။
ပြီးတော့သားငယ်က ထုတ်တန်းကို ခိုထားလိုက်တယ်။
သားငယ်လေးက သူမမှီတဲ့ အရာတစ်ခုကို လက်နဲ့ထိတွေ့ထားတော့ နှစ်သက် သဘောကျနေလေရဲ့။ သားငယ်ကထုတ်တန်းပေါ်မှာ တန်းလန်းဖြစ်နေတယ်။

ကြာလာတော့ လက်ညောင်းလာတယ်။ ခန္ဓာကိုယ်ရဲ့အလေးချိန်က တဖြေးဖြေး လေးလာတယ်။
အဖေရှိတုန်းကတော့ အစဉ်ပြေနေပေမယ့် အောက်မှာအဖေကမရှိတော့တဲ့အခါ ခြေလွတ်၊လက်လွတ်ဖြစ်ပြီး
လက်ညောင်းတဲ့ဒါဏ်ကို မခံနိုင်တော့ ငိုပါလေရောလား။
အဖေကရောက်လာပြီးချီပိုးလိုက်လေတော့မှ အငိုတိတ်တော့တယ်။


ငယ်စဉ်တုန်းက ဘယ်သူမဆို တွေ့ကြုံခဲ့ဘူးမှာပါ။
ကျနော်တို့ဟာ မိဘထက်တော်လာတယ်။ မိဘထက် ပညာတွေတတ်လာတယ်။
မိဘထက် ဥစ္စာတွေရှာနိုင်လာတယ်။ မိဘထက် ချမ်းသာလာတယ်။
မိဘထက် ရာထူးတွေကြီးလာတယ်။ မိဘထက်သြဇာ၊အာဏာတွေပိုရှိလာတဲ့အခါ
ကိုယ့်ကိုကိုယ် အထင်တကြီးဖြစ်လာတယ်။
မာနတွေ တက်လာတယ်။
ငါထက်ငါသာနှိုင်းစရာဖြစ်လာတယ်။

အနီးဆုံးဖြစ်တဲ့မိဘကို အထင်သေးလာတယ်။
မိဘရဲ့ပခုံးပေါ်ကိုနင်းပြီး မြင့်လာတာကို မေ့လာကြတယ်။

မိဘရဲ့ကျောထောက်နောက်ခံမပါဘဲ ဘယ်သူမှ ထိပ်ဆုံးကိုမရောက်နိုင်ဘူးဆိုတာကို လက်မခံချင်တော့ဘူး။
အိုမင်းမစွမ်းဖြစ်နေတဲ့မိအို၊ဘအိုနဲ့ ကိုယ်နဲ့ဝေးသထက်ဝေးလာတယ်။
ခဏတဖြုတ်ရပ်နားပြီးစဉ်းစားကြည့်ပါ။
ဖြစ်သင့်ပါသလား?

တာဝန်သိရင် တာဝန်ရှိသလိုပါပဲ။
ကျေးဇူးသိရင် ကျေးဇူးရှိတာကိုတတ်နိုင်သလောက်ပေးဆပ်သင့်ပါတယ်။

ကျေးဇူးသိတာဟာ ဘယ်တော့မှ နောက်မကျပါဘူး။
ကျေးဇူးသိတတ်သူတိုင်းကို ကျနော်က ကျေးဇူးတင်ပါတယ်။ ။






“ဟာသရဲ့တန်ဖိုး”



ဟာသရဲ့တန်ဖိုးနဲ့ပက်သက်ပြီး
စိတ်ပညာပါရဂူကြီး ဒေါက်တာပီတာဒေ့စကော့(ချ)ရဲ့ သုတေသနပြုချက်အပေါ် အခြေခံတဲ့သုံသပ်ချက်တွေကတော့.....
  • ဟာသ(ရီမောခြင်း)ဟာ... ဦးနှောက်အာရုံကြောများကို ပျော့ပျောင်းစေပြီး တီထွင်ဖန်တီးမှုကို စေ့ဆော်ပေးပါတယ်။
  • ဟာသ(ရီမောခြင်း)ဟာ... အခက်အခဲများနှင့် ရင်ဆိုင်ရာတွင် ဦးနှောက်ကို သွက်လက်ထက်မြက်စေပါတယ်။
  • ဟာသ(ရီမောခြင်း)ဟာ... စိတ်ဖိစီးမှုကို သက်သာရာရစေပါတယ်။
  • ဟာသ(ရီမောခြင်း)ဟာ... နှလုံးခုန်နှုန်းကို ကျဆင်းစေပြီး သွေးတိုးရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ပါတယ်။
  • ဟာသ(ရီမောခြင်း)ဟာ... စိတ်ကျရောဂါကို ကာကွယ် တားဆီးပေးနိုင်ပါတယ်။
  • ဟာသ(ရီမောခြင်း)ဟာ... နာကျင်မှုဝေဒနာကို သက်သာစေတဲ့အပြင် ကျေနပ်ပျော်ရွှင်မှုကိုဖြစ်စေသောအင်ဒိုးဖင်း
  • (Endorphins)ဓာတ်ကိုထုတ်ပေးနိုင်ပါတယ်။
  • [ တရားထိုင်ရင်လည်း အင်ဒိုးဖင်းဓာတ်များထွက်စေပါတယ်။]
  • ဟာသ(ရီမောခြင်း)ဟာ... ပေါင်းသင်း ဆက်ဆံရေးတွင် “ချောဆီ” အဖြစ်အသုံးဝင်စေပါတယ်။

ဟာသကိုရှာဖွေပါ။
ဟာသကို မွေးမြူပါ။
ဟာသကို ဖန်တီးပါ။
ဟာသဟာ အန္တရာယ်လည်းကင်းတယ်။
လူတိုင်းလည်းအသုံးပြုလို့ရတယ်။
ငွေလည်းမကုန်ဘူး။
လွယ်လည်းလွယ်တယ်။
ကဲ...ဘယ်လောက်ကောင်းပါသလဲ?

အကောင်းမြင်စိတ်ရှိတဲ့လူတွေက လေယာဉ်ပျံကို ကောင်းသထက် ကောင်းအောင် တီထွင်၊ဖန်းတီးကြလေရဲ့။ အဆိုးမြင်စိတ်ရှိတဲ့လူတွေကလည်း လေထီးကို ကောင်းသထက် ကောင်းအောင် တီထွင်၊ဖန်းတီးနေလေရဲ့။ လောကကို အဲဒီလူနှစ်မျိုးစလုံးက အကျိုးပြုကြတာချည်းပါပဲ။ ဒါပေမယ့်....လူ့ဘဝမှာ ဘယ်လူမျိုးက ပိုပြီး စိတ်ချမ်းသာမယ် ထင်ပါသလဲ? အကောင်းမြင်စိတ်ရှိတဲ့လူတွေက ပိုပြီးစိတ်ချမ်းသာမယ် ဆိုတာ လူတိုင်းသိပါတယ်။ အကောင်းမြင်စိတ်ရှိတဲ့လူတွေက ဘယ်လိုအခက်အခဲတွေဘဲ တွေ့တွေ့၊ ဘယ်လို အခြေအနေဆိုးနဲ့ဘဲကြုံကြုံ၊ ဟာသဥာဏ်နဲ့ပြောင်းလဲ၊ထိတွေ့ခံစားတတ်ကြသူတွေဖြစ်နေတာကို သတိပြုမိပါတယ်။
လူကြီးမင်း...လည်း စိတ်ချမ်းသာဖို့အတွက်... အကောင်းမြင်စိတ်ကိုမွေးမြူမလား?
ဟာသဥာဏ်နဲ့ပြောင်းလဲ၊ထိတွေ့ခံစားမလား?

ကြိုက်နှစ်သက်ရာကို ရွေးပါလေ။


Tuesday, October 27, 2009

အားရပါးရ...မရီနဲ့...အဘ၊



တစ်ခါတုန်းက အလွန်လှပတဲ့ ပင်လယ်ကမ်းစပ်မြို့လေးတစ်မြို့မှာ ဆေးခန်း ဖွင့်ခဲ့ဘူးပါတယ်။
အဲဒီမြို့က လေးမိုင်အကွာ ရှုခင်းသာက ပင်လယ်ရဲ့နေဝင်ချိန်ကို ကြည့်ရတဲ့အရသာ ဟာ
အလွန်ထူးကဲတဲ့ ခံစားချက်တစ်မျိုးပါပဲ။ တစ်ကယ်ကို လွမ်းမောစရာပါ။

ကျနော်ရဲ့ဆေးခန်းက မြို့ထဲမှာပါ။ ဆေးခန်းကအခန်းကြီးနှစ်ခန်းနဲ့ဖွဲ့စည်းထားပါတယ်။
လူနာစောင့်ဆိုင်းခန်းကတစ်ခန်း၊ ဆရာဝန်အခန်းကတစ်ခန်းပါ။
လူနာခန်းအတွက် သောက်ရေအိုးကတစ်လုံး၊ ဆရာဝန်အတွက် သောက်ရေအိုးကတစ်လုံး၊
တစ်ခန်းတစ်လုံးစီ သတ်သတ်ထားပါတယ်။
တစ်နေ့တော့ လူလတ်ပိုင်း လူနာတစ်ဦးကိုသောက်ဆေးပေးပြီး လူနာကိုဆေးသောက်ဖို့
ရေရှာပါတယ်။ လူနာအတွက်ထားတဲ့သောက်ရေအိုးကိုမတွေ့ဘဲ ဆရာဝန်အတွက်ထားတဲ့
သောက်ရေအိုးကိုလာပြီးခပ်သောက်ပါတယ်။
ဆေးခန်းမှာတာဝန်ကျတဲ့ သူနာပြုလူငယ်လေးက
“ ဒီမှာ...ဒီမှာ...အဲဒီသောက်ရေက ဆရာဝန်သောက်တဲ့သောက်ရေခင်ဗျ” လို့ပြောလိုက်ပါတယ်။
အဲဒီ လူနာက“ ဟုတ်ကဲ့...ကျနော်မရွံတတ်ပါဘူး” လို့ပြောပြီးသောက်ရေကိုဆက်သောက်နေပါတယ်။

အဲဒီအချိန်မှာ အသက်(၇၂)နှစ်ရှိတဲ့လူနာက သူ့အလှည့်မို့အခန်းထဲအဝင်မှာအားလုံးကြားသွားပါတယ်။
အဖိုးအိုလူနာက အားရပါးရ ရီးပါလေရော။
ရီရင်းနဲ့အဖိုးအိုရဲ့အသံက ဗလုံးဗထွေးဖြစ်သွားပါတယ်။
မပီမသအသံနဲ့ “ဆရာရယ် ကယ်ပါအုံး၊ ဆရာရယ် လုပ်ပါအုံး။”
ဆိုတာကိုနားလည်လိုက်ပါတယ်။
အဖိုးအို လေဖြတ်သွားတာလား?
ဒါမှမဟုတ်............ဘာများဖြစ်သွားပါလိမ့်?၊
ကျနော်စိတ်ပူသွားပါတယ်။
အဖိုးအိုရဲ့လက်ညှိုးညွှန်ရာကြည့်လိုက်တော့ လား....လား...အဖိုးအိုရဲ့အောက်မေးရိုး လွဲနေပါကော။
(dislocation of lower jaw)ဖြစ်သွားခြင်းဖြစ်တယ်။
အဖိုးအိုဟာပါးစပ်ကိုပိတ်မရပါ။ ဝူးဝူးဝါးဝါးနဲ့အော်နေပါတယ်။
ကျန်လူနာများကလည်း အော်သံကြောင့်တအံတသြနဲ့ဝိုင်းကြည့်နေကြပါတယ်။
ကျနော်လည်းဘာလုပ်ရမှန်းမသိအောင်ဖြစ်သွားပါတယ်။
အမှန်ပြောရရင်ကျနော်မှာ ဒီလိုအတွေ့အကြုံမျိုးမရှိခဲ့ဘူးပါ။
သို့သော် ဆရာများသင်ထားဖူးသော သင်ခန်းစာများကိုပြန်လည်ကြားယောင်ရင်း
အဖိုးအိုရဲ့အောက်မေးရိုးကို လက်နှစ်ဖက်နှင့်ကိုင်၊ အောက်ဘက်ကို
ဆတ်ကနဲဆွဲပြီး နောက်ဘက်ကိုတွန်းထိုးလိုက်သောအခါ
ကံကောင်းစွာဖြင့် ပြန်ကောင်းသွားပါတော့တယ်။
ဒီတော့မှ ဆရာဝန်လည်း သက်ပြင်းချနိုင်တော့တယ်။
အဖိုးအိုလူနာကလည်း “အမလေးဆရာရယ်...ကျေးဇူးတင်လိုက်တာ” တဲ့။
ဆေးကုသမှုပြီးတော့ မေးခွန်းမေးပါတယ်။ “ကျနော် ဘာရှောင်ရမလဲဆရာ” တဲ့။
“နောက်တစ်ခါ အားရပါးရ မရီပါနဲ့အဘ”
ထိုအခါမှ ကျန်လူနာများဟာ အားရပါးရ ရီမောကြလေတော့သတည်း။ ။







Saturday, October 24, 2009

ငါနဲ့ မတူ… ငါ့ရန်သူ…



တစ်ခါတုန်းက တောအုပ်တစ်အုပ်ထဲက ဂူကြီးတစ်ဂူထဲမှာ
လူခြောက်ယောက်ဟာ မီးဖိုဘေးမှာမီးလှုံရင်း ဝိုင်းထိုင်နေကြတယ်။
သူတို့ရဲ့လက်ထဲမှာ ထင်းချောင်း တစ်ချောင်းစီ ကိုင်ထားကြလေရဲ့။
(ဆောင်းညကို လွန်မြောက်ဖို့ လုံလောက်နိုင်ပါတယ်။)
အချိန်ကာလက ည၊ ဆောင်းည တစ်ညဖြစ်တယ်။
အေးလိုက်တာ အရိုးကွဲမတတ်ပါပဲ။
မီးဖိုလေးရဲ့ နောက်ဆုံးမီးညွန့်ဟာ အားနည်းသထက်နည်းလာနေပြီ။
မှိတ်တုတ် မှိတ်တုတ်နဲ့ ကတုန်ကရင်လဲကျသွားပါကော!။
မီးဖိုကထင်း ဆာနေပြီလေ။
ပထမလူက
သူနဲ့မျက်နှာချင်းဆိုင်က လူကိုကြည့်လိုက်တယ်။
“ဟင်- ငမည်းကောင်ပါလား!
ဒီလို လူမည်းကောင်နဲ့ မျက်နှာချင်းဆိုင်ရတာ ကျက်သရေယုတ်လိုက်တာ” ဟု
တွေးရင်းက မီးဖိုကို ကျောပေးလိုက်တယ်။
လက်ထဲက ထင်းကို တင်းတင်းဆုပ်လို့ပေါ့။
ဒုတိယလူ
အာဖရိက အမျိုးသားကြီးကလည်း
ဒေါသတကြီးနဲ့ တောက်ခေါက်လိုက်တယ်။
“တို့ကို တစ်သက်လုံး ဒုက္ခပေးလာတဲ့ မျက်နှာဖြူ-ဟင်း “
သူလည်းထင်းချောင်းကိုဆုပ်ပြီး မီးဖိုကို ကျောခိုင်းလိုက်ပြန်တယ်။
တတိယလူ ကသူဌေး၊
သူ့မျက်နှာချင်းဆိုင်က အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့
လူကိုမသင်္ကာသလို ကြည့်နေလေရဲ့။
“ဒီကောင် ငါ့ဆီက ဘာများလုမလို့ မသိဘူး” …ဟု
တွေးရင်းက ထင်းချောင်းကို
ကုတ်အင်္ကျီနဲ့ ဆွဲဖုံးလိုက်တယ်။
စတုတ္ထလူ
ဆင်းရဲသားက မျက်ထောင့်နီကြီးနဲ့
“ဒီလူမလိုင်တွေဟာ ထောင့်ကိုမကျိုးဘူး။
ဟင်း…မရှိခိုးနိုး၊ လူကိုများ အထင်သေးလိုက်တာ”။
ထင်းချောင်းကြီးကို ဒေါသတကြီး ရိုက်ချိုးလိုက်တယ်။
ပဉ္စမလူ နဲ့ ဆဌမလူ ဟာ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း
စိတ်ထဲက ခုလိုပြောနေကြတယ်။
“ငါ့နှယ်နော်….မိစ္ဆာဒိဋ္ဌိနဲ့ မျက်နှာချင်းလာဆိုင်နေရပါလား”။
သူတို့နှစ်ယောက်က ကိုးကွယ်တဲ့ဘာသာချင်း မတူကြဘူးလေ။
သူတို့လည်း လက်ထဲကထင်းကို မေ့နေကြဟန် တူပါရဲ့။
နောက်တစ်နေ့ မနက်မှာ
အေးခဲနေတဲ့ အလောင်းခြောက်လောင်းကို တွေ့လိုက်ရပါတယ်။
သူတို့တတွေ အအေးမိ သေကြတာလား။
ဒါမှမဟုတ် ရင်ထဲက ဒေါသ ကြောင့် နှလုံးသွေးရပ်ပြီး သေကြတာလား…။
စဉ်းစားစရာပါ။
ကဲ ဘယ်သူတွေက အကျိုးရှိသွားသလဲ!
ဘယ်သူမှ အကျိုးမရှိကြပါဘူးဆိုတာ
အလောင်းခြောက်လောင်းကို ကြည့်ပြီ ပြောနိုင်ပါတယ်။
အကျိုးမရှိပါပဲ ဘာကြောင့် ဒါတွေကို လုပ်ကြသလဲ!
ဒေါသစိတ်ကြောင့်၊
လောဘစိတ်ကြောင်၊
မောဟစိတ်ကြောင်၊့
မာနစိတ်ကြောင့်၊
‘အာဃာတ ‘ဆိုတဲ့အမုန်းတရားတွေကြောင့်၊
‘ဂိုဏ်ဂဏစိတ'်ဆိုတဲ့ အုပ်စုအစွဲတွေကြောင့်၊
လူတွေဟာ ကိုယ့်ကို ကိုယ် သတ်နေကြလေရဲ့။

ကဲ…...အဲဒီအထဲမှာ လူကြီးမင်း မပါဘူးလို့ထင်ပါတယ်။
ဟာ.…ပါတယ်ဆိုရင်လည်း တစ်ခုလောက်ပြောချင်ပါတယ်။
“အခြေအနေတွေ ဘယ်လောက်ပဲဆိုးဆိုး၊
ပြဿနာတွေ ဘယ်လောက်ပဲ တက်တက်၊
ပဋိပက္ခတွေ ဘယ်လောက်ပဲကြီးကြီး၊
အတိတ်ကို သင်ပုန်းချေပြီး၊
ကျေအေးတဲ့အလုပ်ဟာ ဘယ်တော့မှ နောက်မကျပါဘူး”
လို့ပြောလိုက်ချင်ပါရဲ့…။ ။

သစ်တစ်ပင်ကောင်း.....ငှက်တစ်သောင်းမကနား....



တစ်ခါတုန်းက အသက်(၁၂)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ

တံဆိပ်ခေါင်းစုဖို့ ဝါသနာပါတယ်။

မိဘဆီမှာ လက်ဖြန့်မတောင်းချင်ဘူး။

ကိုယ့်အားကိုယ်ကိုးချင်တယ်။

ဒါကြောင့် တရုတ်စားသောက်ဆိုင် တစ်ဆိုင်ကို သွားပြီး

ပန်းကန်ဆေးတဲ့ အလုပ်ကိုမရှက်မကြောက်လုပ်ခဲ့တယ်။

အဲဒီက ရတဲ့ငွေ နဲ့ တံဆိပ်ခေါင်းဝယ်တယ်။ စုတယ်။

နောင် နှစ်အနည်းငယ်ကြာတော့ တံဆိပ်ခေါင်း လေလံတင်တဲ့ လုပ်ငန်းကို စ တင်ခဲ့တယ်။

အဲဒီကောင်လေး အသက်(၁၆)နှစ်ရှိလာတော့

သတင်းစာတစ်စောင်ကို ကော်မရှင်ယူပြီး ရောင်းခဲ့ပြန်တယ်။

သတင်းစာရောင်းလို့ရတဲ့ ငွေနဲ့ကွန်ပျူတာ၊ ကားနဲ့စတီရီယို ကက်ဆက်တို့ စတဲ့ သူလိုချင်သမျှပစ္စည်းတွေကို သူ့ငွေနဲ့သူ ဝယ်လာနိုင်ပါတယ်။

အသက်(၁၉)နှစ်မှာ တက္ကသိုလ် ရောက်နေပြီ။

အဲဒီအချိန်မှာ သူ့အဆောင် အခန်းကနေကွန်ပျူတာတွေ ထုတ်ရောင်းနေပြီ။

သူ့မိဘများက သားကို စီးပွားရေး သိပ်မလုပ်နဲ့၊

တက္ကသိုလ်ကို ဆက်တက်ပါ လို့ တိုက်တွန်းပေမဲ့

သူကတော့ ကျောင်းထွက်ပြီး စီပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ သူ့လက်ထဲမှာလည်း ဒေါ်လာငွေ တစ်ထောင်လောက်ပဲရှိပါတယ်။

မိုက်ကယ်ဒဲလ်က ကွန်ပျူတာနဲ့ပက်သက်တဲ့ စာစောင်၊မဂ္ဂဇင်းတွေကို ကြိုးစားပြီးလေ့လာပါတယ်။နည်းလမ်းမျိုးစုံ စမ်းသပ်တယ်။

မိုက်ကယ်ဒဲလ်က

“ကျနော်တို့ လုပ်ငန်းမှာ အကောင်းဆုံးနဲ့ အားအသာဆုံး အချက်ကတော့

ကျနော်တို့က သတင်းကို ချက်ချင်း ရတာပါပဲ၊

ကျနော်တို့က ဝယ်သူတွေဆီက

နေ့စဉ်နေ့တိုင်း သတင်းတွေ အမြဲတမ်းယူနေတာပါ။


”မိုက်ကယ်ဒဲလ်က ”

“အခက်အခဲတွေ ဘယ်လိုတွေ့တွေ့

ကျနော်တို့ ကုမ္ပဏီအနေနဲ့ မှန်တာ၊ သင့်လျော်တာကိုပဲ လုပ်မယ်၊

ပစ္စည်းဝယ်တဲ့သူတွေဟာ စိတ်ချမ်းသာစေရမယ်ဆိုတဲ့မူကိုတော့

အပျက်မခံပါဘူး” ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားခဲ့ပါတယ်။

အဲဒီလိုနဲ့ သူ့အသက်(၃၅)နှစ်အရွယ် ရောက်လာတဲ့အခါမှာတော့

သူ့နာမည်နဲ့ နိုင်ငံတကာ ကွန်ပျူတာကော်ပိုရေးရှင်းကြီးကို ပိုင်ဆိုင်လာပြီး ဒေါ်လာဘီလီယံပေါင်းများစွာကြွယ်ဝချမ်းသာလာတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပါတယ်။

သူ့နာမည်ကတော့ မိုက်ကယ် အက်စ် ဒဲလ် (Michael S. Dell) ဖြစ်ပါတယ်။

အသက်(၄၀) မပြည့်ခင်မှာပဲ သူ့ရဲ့ DELL ကုမ္ပဏီမှာ ဥက္ကဌအဖြစ်ရော၊

အမှုဆောင်အရာရှိချုပ် (CEO) အဖြစ်ပါ တာဝန်ယူထားပါတယ်။

အခုဆိုရင် DELL ကုမ္ပဏီ ရဲ့ တစ်နေ့ကို ပျမ်းမျှခြင်းရောင်းရတဲ့

တန်ဖိုးက ဒေါ်လာ သန်း (၅၀)ဖိုးလောက် ရှိပါတယ်။

DELL ကုမ္ပဏီဟာ နိုင်ငံပေါင်း (၁၇၀)ကျော်မှာ

ဝန်ထမ်းပေါင်း သုံးသောင်း သုံးထောင်ကျော်နဲ့ လှုပ်ရှားလည်ပတ်နေပါပြီ။

ကြီးပွားချင်တဲ့ လူများအတွက် သူပေးလိုက်တဲ့ အကြံ ဥာဏ် ကတော့

“ပထမအချက်အနေနဲ့ပြောရရင်

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တော့မယ်ဆိုရင် လူတကာ လုပ်နေတာပဲ၊

သူတို့လည်း ပိုက်ဆံရတာပဲ၊

ငါလည်း ရအောင်လုပ်ကြည့်ဦးမှပဲဆိုပြီး မလုပ်ပါနဲ့။


လုပ်ငန်းတစ်ခု စချင်ရင် ကိုယ်က ဒီအလုပ်ကို နှစ်သက်တယ်ဆိုမှ လုပ်ပါ။


ပြီးတော့

ဒါကို လုပ်ဖို့ကိုယ်ကလည်း ဆန္ဒပြင်းပြနေတယ်ဆိုမှ လုပ်ပါ။

ကိုယ်လုပ်မယ့်လုပ်ငန်းက တခြားဘယ်သူနဲ့မှ မတူဘူး၊

ကိုယ်က သူများထက်သာအောင် လုပ်နိုင်မယ်ဆိုရင်လည်း လုပ်ပါ။

နောက်ပြီးတော့

ကိုယ် သိပ်ကိုလုပ်ချင်တဲ့ လုပ်ငန်းက လူ့အဖွဲ့အစည်း အတွက် အတော်ကြာကြာ အကျိုးပေးမယ့် လုပ်ငန်းမျိုးဆိုရင်လည်း လုပ်ပါ”


မြန်မာလူငယ်တိုင်း ကိုယ့်အားကိုယ်ကိုးပြီး တိုးတက်နိုင်ကြပါစေ။

Sunday, October 18, 2009

တစ်ချိန်တုန်းက...အချမ်းသာဆုံးပုဂ္ဂိုလ်...



တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးအကြောင်း၊
ကြားဖူးကြမှာပါ။

သူဌေးကြီး ဂျွန်ဒီရော့ကဖဲလား ဆိုတာလေ။

သူ့ခေါင်းထဲမှာ တစ်ချိန်လုံး ငွေအကြောင်းပဲ တွေးနေတယ်။

အမြဲတမ်း ငွေအတွက်ပဲ စိုးရိမ်ပူပန်နေတယ်။

ငါ့ကို ဘယ်သူတွေက လိမ်မလဲ?

ငါ ခိုင်းထားတဲ့ ဘယ်သူတွေက သစ္စာဖောက်သွားမလဲ?

အမြဲ တကြောင့်ကြကြ ဖြစ်နေတော့ သူက ပိုက်ဆံရှိပေမယ့် စည်းစိမ်မခံနိုင်ဘူး။

တကယ်တော့ သူ ဟာငွေကိုမပိုင်၊

ငွေကသာ သူ့ကိုပိုင်ပြီး သူ့အရှင်သခင်ဖြစ်သွားတယ်။

သူ့မှာ ငွေတွေကုန်သွားမှာ၊

စီးပွားပျက်သွားမှာ ကြောက်တဲ့စိတ်တွေ နှိပ်စက်တဲ့အတွက်

စိတ်ထောင်းကိုယ်ကြေ ဆိုတာလိုဖြစ်ပြီးခန္ဓာကိုယ်မှာ ရောဂါတွေ ဝင်လာတယ်။

အစာအိမ်က ခံနိုင်ရည်မရှိ ဖြစ်လာတယ်။

အစာအိမ်ရောဂါကြောင့် နို့နဲ့ပေါင်မုန့်ကလွဲပြီး ဘာမှမစားနိုင်ဘူး။

သူခိုင်းထားတဲ့ အနိမ့်ဆုံး အဆင့်ဝန်ထမ်းကမှ

သူ့ထက်စားနိုင်၊သောက်နိုင် ကောင်းကောင်းမွန်မွန် နေနိုင်သေးတယ်။


သူနဲ့သူ့ဝန်ထမ်းကလေး ဘယ်သူက ပိုချမ်းသာသလဲ စဉ်းစားစရာပါ။


ချမ်းသာအောင် လုပ်တာကို အပြစ်တင်နေတာ မဟုတ်ပါဘူး။
ချမ်းသာလာတဲ့အခါ တစ်ဖက်က အတောမတတ်နိုင်တဲ့ လောဘစိတ်၊
အခြားတစ်ဖက်က ရှာထားတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားမှာ ကြောက် တဲ့စိတ်၊
နှစ်ဖက်ညှပ်တိုက်တဲ့အခါ ငွေရဲ့ကျေးကျွန်ဖြစ်သွားတတ်တာကို သတိပေးနေတာပါ။
လောဘစိတ်နဲ့ကြောက်စိတ် နှစ်ဖက်ညှပ်တိုက်လို့ ခံနိုင်တဲ့သူဆိုတာ မရှိပါဘူး။
အနည်းဆုံးတော့ ကျန်းမာရေးပျက်စီးသွားမှာ သေချာတယ်။
နောက်တစ်ဆင့်ကတော့ စိတ်ချမ်းသာမှုဆုံးရှုံးသွားဖို့သေချာပါတယ်။
ကျန်းမာရေးနဲ့စိတ်ချမ်းသာမှု အဆုံးရှုံးခံပြီး ရလာတဲ့ငွေဟာ
ကိုယ့်ဘဝအတွက်တန်သလားလို့အမြဲတမ်းမေးသင့်ပါတယ်။

စိတ်ချမ်းသာပျော်ရွှင်မှု ဆုံးရှုံးသွားရင်
အရာအားလုံးကို ဆုံးရှုံးသွားတတ်တယ်ဆိုတာကို မမေ့ဖို့ပြောချင်တာပါ။

လူသားတိုင်း ကိုယ်၊စိတ် နှစ်ပါးစလုံး ချမ်းသာရင် အကောင်းဆုံးပါပဲ။




အမှတ်တရလားကွယ်?




ဆေးခန်းတစ်ခုရှေ့တွင် လူနာအများအပြားစောင့်နေကြတယ်။
ဆရာဝန်ကြီးကမလာသေးပါ။
ခန္ဓာဗေဒကို စိတ်ဝင်စားစေလိုသောစေတနာဖြင့်
လူအရိုးစုတစ်ခုကို ဆေးခန်းထဲတွင်ချိတ်ဆွဲထားပါတယ်။
လူနာနှစ်ဦးပြောသောစကားကိုကြားလိုက်ရတာကတော့

“ဒီဆရာဝန်က သူရဲ့ဆေးခန်းထဲမှာ လူအရိုးစုကို ဘာဖြစ်လို့ ချိတ်ဆွဲထားရတာလဲ?”

“မပြောတတ်ဘူးလေ၊
ဖြစ်နိုင်တာကတော့ သူ့ရဲ့ပထမဦးဆုံး လူနာဖြစ်မယ်ထင်တယ်။”

နောက်နေ့မှစပြီး လူအရိုးစုကို မတွေ့ရတော့ပါ။ ။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com