သို့
ချစ်တဲ့အမေ
သားသတိတရ
စာရေးလိုက်ပါတယ်။
အမေနေကောင်းလား။
ကျနော်တို့လည်း
နေကောင်းကြပါတယ်။
ကျနော်တို့
ဗာဂျီးနီးယားကိုရောက်လာတာ ဘာလိုလိုနဲ့ ခြောက်လတောင်ကျော်လာပြီ။
ကျနော်ရဲ့တိုင်ပင်ဖက်
ယုံယုံကို မေးခွန်းတစ်ခု မေးဖြစ်တယ်။
“ဂျော်ဂျီယာကအေသင်မြို့နဲ့
ဗာဂျီးနီးယားက အက်ရှ်ဗန်းမြို့
ဘယ်နေရာကို
ပိုကြိုက်သလဲ၊ဘယ်နေရာမှာ ပိုပျော်သလဲ…”
သူမရဲ့အဖြေက…
ဂျော်ဂျီယာကအေသင်မြို့ကို
ပိုကြိုက်တယ်။ အဲဒီမှာ ပိုပျော်တယ်။
“ဘာကြောင့်လဲ”…လို့ထပ်မေးတော့
သူမက
“ဂျော်ဂျီယာကအေသင်မြို့ဟာ
တောမြို့လေးဖြစ်တော့
မြို့ကြီးဖြစ်တဲ့
ဒီမှာလောက် အိမ်ခန်းငှားရမ်းခတွေ ဈေးမကြီးဘူး။
အိမ်ခန်းခငှားခထက် ဝင်ငွေက
အမြဲတမ်းပိုနေတော့ ငွေပိုကို အများကြီး စုဆောင်းနိုင်တယ်။
နောက်တစ်ချက်က…
ရာသီဥတုက မြန်မာပြည်နဲ့တူတော့
နေလို့ကောင်းတယ်။
မိုးများတယ်၊ နှင်းမကျဘူး။
ရာသီဥတု မျှတတယ်လို့ပြောနိုင်တယ်။
နောက်တစ်ချက်က တောကလူတွေဟာ
ရိုးရှင်းကြတယ်။
စိတ်သဘောထားဖြူစင်ကြတယ်။
အပြောအပြုအမူတွေရိုးသားတဲ့
အတွက်
ပြောဆို ဆက်ဆံလို့ကောင်းတယ်။
အဲဒီအတွက် စိတ်ချမ်းသာရတယ်။
အဲဒါကြောင့် ဂျော်ဂျီယာပြည်နယ်က
အေသင်မြို့တောမြို့လေးကို ပိုကြိုက်တယ်လို့ပြောတာပါ..”တဲ့။
ဟုတ်တယ်အမေ…သူမပြောတာကို
ကျနော်သဘောတူတယ်။
မြို့ပြလူနေမှုက
မြင့်မားလွန်းလှတယ်။
အိမ်ခန်းငှားရမ်းခကကြီးမြင့်လွန်းတော့
တစ်ခါတစ်ရံ ဝင်ငွေထက် ထွက်ငွေကများတဲ့အတွက်
ကသောင်းကနင်းဖြစ်တာလည်း
မကြာခဏရှိတတ်တယ်။
ဒါကြောင့်
မြို့ပြမှာနေထိုင်သူတွေဟာ ပိုပြီးအလုပ်လုပ်ရတယ်။
အလုပ်အတွက် ပိုပြီး အချိန်ပေးရတယ်။
ငွေကို ပိုရှာရတယ်။ဒီတော့
အလုပ်ပိုလုပ်ရတယ်။
အမေပြောတဲ့အတိုင်း
လောဘရဲ့သဘောက ပူလောင်တယ်။
နေ့စဉ်နဲ့အမျှ အပူနဲ့နေထိုင်ရတော့
စိတ်တိုလာတယ်။
အဆိုးမြင်လာတယ်။
တစ်ဦးနဲ့တစ်ဦး ဆက်ဆံလို့မကောင်းဘူး။
မြို့ပြကလူတွေရဲ့စိတ်က ကြမ်းတမ်းနေကြတယ်လို့ထင်မိတယ်။
ကျနော်တို့လည်း လောဘနောက်ကို
တစ်ကောက်ကောက်လိုက်ရင်းနဲ့
စိတ်တွေကြမ်းတမ်းလာပြီလားလို့တောင်
တွေးမိလာတယ်။
အဲဒါကြောင့် အေးချမ်းတဲ့ကိုယ့်နိုင်ငံကို
လွမ်းမိပါတယ်။
ကိုယ့်နိုင်ငံမှာဆိုရင် အလုပ်ကို
နားနားနေနေလုပ်ခွင့်ရတယ်။
ဘုရားရဲ့အဆုံးအမတွေကိုနေ့စဉ်ကြားနာခွင့်ရတယ်။
ဘုရား၊တရား၊သံဃာနဲ့နီးနီးကပ်ကပ်နေခွင့်ပိုရတယ်။
ဒီအခွင့်အရေးကို ကိုယ့်နိုင်ငံအတွင်းမှာပဲ
ရနိုင်တာလေ။
ပြည်ပလောကမှာ ဒါမျိုးမရနိုင်ဘူးဆိုတာ
တဖြည်းဖြည်း သိလာတယ်အမေ။
ကျနော်တို့ရဲ့စတိုးဆိုင်ြကီးက
လတ်ဆတ်တဲ့ဈေး(The Fresh Market)၊
အဓိကရောင်းကုန်က အစားအသောက်တွေပါ။
အစားမှာ အစားမျိုးစုံရနိုင်သလို
အသောက်မှာလည်း အရက်မျိုးစုံရနိုင်တယ်။
စတိုးမှာတော့ စတိုးမန်နေဂျာက
ရာထူးအကြီးဆုံးဝန်ထမ်းပါ။
အဲဒီစတိုးမန်နေဂျာရဲ့အထက်မှာတော့
ခရိုင်မန်နေဂျာရှိတယ်။
သူကတော့ စတိုးမှာ ရုံးမထိုင်ပါဘူး။
ဒါပေမယ့်စတိုးကိုတော့ မကြာခဏလာစစ်ဆေးတတ်တယ်။
အေသင်မြို့မှာ နေတုန်းက စတိုးရဲ့ခရိုင်မန်နေဂျာမစ္စတာပီးလ်က
ကျနော်တို့ကိုပြောဖူးတယ်။
“ကျနော်တို့ စတိုးဆိုင်ကြီးရဲ့ဝင်ငွေတိုးအောင်လုပ်ပေးတဲ့အတွက်
ခင်ဗျားတို့ကို အထူးကျေးဇူးတင်ပါတယ်”
တဲ့။
စတိုးမန်နေဂျာရဲ့ရှေ့မှာပြောတော့
စတိုးမန်နေဂျာအပါအဝင် ဝန်ထမ်းတွေအားလုံးက
ကျနော်တို့ကို မိသားစုလို
လေးလေးစားစား၊ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။
သူတို့မှာ စားစရာရှိရင်လည်း
မိသားစုပုံစံ လာကျွေးတယ်။
ဆူရှီးအပေါ် စားသုံးသူတွေရဲ့သဘောထား၊ထင်မြင်ချက်တွေ၊
ချီးကျူးစကားတွေ၊အများအားဖြင့်
ဆူရှီးကိုစားလို့ကောင်းကြောင်း၊
ဘယ်ဘူးဟာဖြင့် ဘယ်လိုအရသာရှိကြောင်း၊
ဘယ်ငါးကို ကြိုက်နှစ်သက်ကြောင်းအစရှိတဲ့အကြောင်းအရာတွေကို
စာနဲ့ရေးပို့တတ်သလို
အီးလ်မေးနဲ့ရေးပို့တတ်ကြတယ်။
အဲဒီလိုရေးတဲ့စာတွေကို
ဝန်ထမ်းအများဖတ်နိုင်အောင် ဘုတ်(Board)ပြားပေါ် ကပ်ပေးထားတယ်။
စနေနေ့ ဝန်ထမ်းအများရဲ့ရှေ့မှာ
ဖတ်ပြတာမျိုးလည်း မကြာခဏလုပ်ပေးတတ်တယ်။
ပြောရရင် အများကြီးပါပဲ။
မိသားစုပုံစံလိုနေထိုင်ရတော့
နေပျော်တာပေါ့။
အခုရောက်နေတဲ့ဆိုင်က
အဲဒီပုံစံမျိုးမရှိဘူးအမေ။
ကျနော်တို့ဆိုင် ရောင်းကောင်းရင်ပဲ
သူတို့တွေပြူးပြူးပြာပြာဖြစ်ကုန်တယ်။
ကျနော်တို့ဆိုင်ရောင်းကောင်းရင်
သူတို့ဖက် အရောင်းကျသွားတဲ့ပုံစံမျိုးနဲ့။
အပြစ်ကင်းအောင်နေတာတောင်
အပြစ်ရှာချင်တယ်။
အပြစ်ပြောချင်တယ်။
သူတို့သဘောထားတွေက
အေသင်မြို့မှာနေတုန်းကနဲ့ပြောင်းပြန်၊
တစ်ရံတစ်ခါ
ရောင်းမကောင်းအောင် နည်းမျိုးစုံ ပညာပြချင်တယ်။
ပညာသားမပါပဲ
ပညာပြတော့ သိသာတာပေါ့။
အဲဒီလိုအခါမျိုးဆိုရင်
စိတ်အနှောင့်အယှက်ဖြစ်ရတယ်။
အချို့အပြုအမူတွေက အဆင့်အတန်းမရှိပါဘူး။
ကိုယ့်လမ်းကြောင်းနဲ့သူ့တို့လမ်းကြောင်းမတူပါဘူး။
လမ်းကြောင်းမတူပဲနဲ့ကိုယ့်လမ်းကြောင်းရှေ့မှာ
ကားဆီးကာဆီးနဲ့လာပိတ်ဆို့တာမျိုးလည်း
လုပ်လားလုပ်ရဲ့။
အဲဒီအခါမျိုးမှာ စိတ်ရှုတ်ရတာပေါ့။
စိတ်ကသိကအောင့်တော့ဖြစ်ရပေမယ့်
ကိုယ့်လမ်းကြောင်းကို ကိုယ်ဆက်သွားတာက
လွဲပြီး လုပ်စရာမရှိပါဘူး။
စားသုံးသူတွေနဲ့နေ့စဉ်နေ့တိုင်း
ထိတွေ့ဆက်ဆံနေတာကြောင့်
စားသုံးသူတွေရဲ့ချီးကျူးစကားကို
နေ့တိုင်းလိုလို ကြားနေရပါတယ်။
စားသုံးသူအချင်းချင်း လက်ဆက်ကမ်းတဲ့အတွက်ကြောင့်လည်း
စားသုံးသူတွေ နေ့တိုင်းလိုလို
တိုးပွားလာပါတယ်။
အမေပြောတဲ့ “စေတနာကောင်းဟာ
အကျိုးပေးပါတယ်” ဆိုတဲ့စကားကို
ကျနော်ယုံကြည်တယ်။
အေသင်မြို့က စတိုးမန်နေဂျာက
ကျနော်တို့ပြောင်းမယ့်အကြောင်းကိုပြောပြတော့
“အခုပြောင်းမယ့်နေရာကမြို့ကြီးဖြစ်တဲ့အတွက်
ကောင်းမှာပါ။
အကြောင်းကြောင်းကြောင့် အစဉ်မပြေခဲ့ရင်
ကျနော်တို့အေသင်ကို ပြန်လာဖို့ပြောချင်ပါယ်။
ပြန်လာနိုင်အောင်လည်း ကျနော်တို့ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”
ဒီအကြောင်းကြောင့် ယုံယုံလေးကို
ကျနော်တစ်ခုမေးဖြစ်သေးတယ်။
“တကယ်လို့ နောက်ကြောင်းပြန်လှည့်လို့ရရင်
အေသင်မြို့ကို ပြန်သွားမလား”
ဆိုတဲ့မေးခွန်း။
ယုံယုံပြန်ဖြေတာက…
“နောက်ကြောင်းပြန်လှည့်တယ်ဆိုတာ
သတ္တိကင်းမဲ့သူရဲ့အလုပ်ပါ။
သတ္တိမရှိတဲ့သူတွေလုပ်တဲ့အလုပ်မျိုးကို
တစ်ဝမ်းတစ်ခါးလှဖို့အတွက်နဲ့ မလုပ်ချင်ပါဘူး။
ဒါကြောင့် နောက်ကြောင်းတော့
မလှည့်ပါဘူး။
အက်ရှ်ဗန်းမြို့မှာပဲ အောင်မြင်အောင်
လုပ်မယ်။
လောလောဆယ်အဆင်မပြေသေးပေမယ့်
တစ်ချိန်ချိန်မှာတော့ အစဉ်ပြေသွားမယ်လို့
ယုံကြည်ပါတယ်။
အမေရိကန်က အကျယ်ကြီး၊
လုပ်စရာတွေကလည်း အများကြီးပါ။
တွေးမပူပါဘူး။
နောက်ကြောင်းမလှည့်ပေမယ့်
အစဉ်ပြေသွားမှာပါ” တဲ့။
ကျနော်တို့သိတတ်တဲ့အရွယ်ကထဲက
အမေက ခြေလေးချောင်းသတ္တဝါတွေရဲ့အသားကို မစားတော့ဘူး။အမဲသားတို့၊ ဝက်သားတို့၊ ဆိတ်သားတို့ကို
အမေ မစားပေမယ့်
ကျနော်တို့ညီအကိုမောင်နှမတွေ
စားတာကို မကန့်ကွက်ဘူး။
မကြာခဏဆိုသလို အမေက ဈေးကဝယ်လာပြီး
ချက်ပြုတ်ကျွေးတယ်။
ဆန်းတာက အဲဒီဟင်းတွေကို အမေချက်ရင်
ဘယ်တော့မှ
မမြည်းဘူး။ မမြည်းပဲနဲ့ဟင်းစပ်တည့်နေတာကို
ကျနော်တို့အံသြမိတယ်။
အမေချက်တဲ့ဟင်းတိုင်းဟာ စားကောင်းတယ်။
"အစပ်အဟပ်တည့်အောင် အမေ ဘယ်လိုချက်သလဲ" လို့မေးတော့
အစားအသောက်နဲ့ပတ်သက်ပြီးအမေပြောခဲ့ဖူးတာကို သတိရမိသေးတယ်။
"မီးဖိုတစ်ခုထဲကို ပစ္စည်းအမျိုးအမည်တူတူထည့်ပြီး လူဆယ်ယောက်ကို
ဟင်းတစ်မျိုးတည်းချက်ခိုင်းကြည့်လိုက်ရင်
အရသာဆယ်မျိုး ထွက်လာလိမ့်မယ်။
အဲဒါဘာကြောင့်လဲဆိုတော့
အစပ်အဟပ် မတူလို့ပေါ့။
အစပ်အဟပ်တည့်ဖို့ဆိုတာ အရေးကြီးတယ်။
အစပ်အဟပ်တည့်ရင် စားကောင်းတယ်။
စားကောင်းဖို့ဆိုပြီးပါဝင်ပစ္စည်းတစ်ခုခုကို
ပိုထည့်လို့မရသလို
လျော့ထည့်လို့လည်းမရဘူး။
တန်ဖိုးကြီးဖြစ်လို့
လျော့လိုက်မယ်၊ ဒါမှမဟုတ် တန်ဖိုးနည်းဖြစ်လို့
ပိုထည့်လိုက်မယ်ဆိုရင်
အစပ်အဟပ်တည့်ဖို့ မဖြစ်နိုင်တော့ဘူး။
ဒီလိုဆိုရင်
စားကောင်းဖို့လည်း မဖြစ်နိုင်တော့ဘူး”
အမေစကားကြောင့်
ကျနော်တို့ဆူရှီးဆိုင်လည်း တစ်နေ့ထက် တစ်နေ့
ရောင်းကောင်းသထက်ရောင်းကောင်းလာပါတယ်။
အမေကို
ကျေးဇူးတင်ပါတယ်။
မေလ
၂၆-ရက်နေ့ကို အမေရိကန်မှာတော့ အောက်မေ့ဘွယ်နေ့(Memorial Day)အဖြစ်
သတ်မှတ်ထားတယ်အမေ။
အစိုးရရုံးပိတ်ရက်တစ်ရက်ဖြစ်တယ်။
မိတ်ဆွေ
အမေရိကန်တစ်ဦးကို “ဘာတွေကို အောက်မေ့သလဲ” လို့မေးကြည့်တော့
“ရှေ့တန်းတစ်နေရာရာမှာ
တိုင်းပြည်နဲ့လူမျိုးအတွက်
အသတ်ပေးကာကွယ်သွားကြတဲ့ စစ်သားနဲ့စစ်မှုထမ်းအရာရှိတွေ
ကို
အောက်မေ့ဘွယ်နေ့အဖြစ်သတ်မှတ်ဂုဏ်ပြုတာပါ” လို့ဖြေတယ်။
“စစ်မှုထမ်းစစ်သားတွေနဲ့အရာရှိတွေကို
ခင်ဗျားတို့ဘာကြောင့် ချစ်ခင်မြတ်နိုးသလဲ”
လို့ထပ်မေးလိုက်မိတယ်။
သူ့အဖြေကတော့
“သူတို့တွေဟာ သူ့နေရာမှာ သူတို့နေပြီး သူတို့အလုပ်ကို သူတို့
တာဝန်ကျေပွန်အောင်လုပ်ကြလို့ပေါ့”
လို့ပြန်ဖြေတယ်အမေ။
စစ်သားနဲ့ပြည်သူတွေလည်း
တစ်သားတည်းဖြစ်နေတာကို သတိထားမိတယ်။
စစ်မှုမထမ်းဖူးတဲ့သမ္မတ
အိုဘားမားလည်း အဲဒီနေ့မှာ စစ်သင်္ချိုင်းကိုသွားပြီး
ဂုဏ်ပြုစကားပြောကြားတာကို
သတင်းမှာတွေ့လိုက်ရတယ်။
ဒီနေ့တော့
ဒါလောက်ပါပဲအမေ။
အမေ့ကို
သတိရတဲ့
ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
No comments:
Post a Comment