သို့
ချစ်တဲ့အမေ
သားသတိတရ
စာရေးလိုက်ပါတယ်။
အေသင်မြို့မှာ
နေတုန်းက ကျနော်ကြိုက်နှစ်သက်ခဲ့တဲ့ စားသောက်ဆိုင် သုံးဆိုင်
ရှိခဲ့တယ်။
တစ်ဆိုင်က
တရုပ် ဘူဗေး စားသောက်ဆိုင်၊
အမေရိကန်ထဲမှာရှိတဲ့အကောင်းဆုံး
တရုပ်စားသောက်ဆိုင်
တစ်ရာမှာ တစ်ဆိုင်ပါတယ်လို့
ဆိုင်အဝမှာ
ဆိုင်းပုဒ်အကြီးနဲ့ရေးထားတာကို တွေ့ရတယ်။
တကယ်စားကြည့်တော့လည်း
အတော်ကောင်းတာပဲ။
ဘူဗေးဆိုတဲ့အတိုင်း
ကြိုက်တာကို အဝစားနိုင်တယ်။
ကျနော်က ပုဇွန်ကို ကြိုက်တယ်။
ပုဇွန်တွေကို အများကြီးယူစားတယ်။
ယုံယုံကဂဏန်း ကိုကြိုက်တယ်။
ဂဏန်းတွေ အများကြီးယူစားတယ်။
ဟင်းချက်တာ အစပ်တည့်တယ်လို့ပြောရမယ်။
လာစားသူတွေ အမြဲတမ်းများနေတာကို တွေ့ရတယ်။
ဈေးနှုန်းကလည်း မများလှဘူး။
တစ်ယောက်မှ ဆယ်ဒေါ်လာထဲကျတယ်။
အဲဒီဆိုင်က ကျနော်တို့နေတဲ့နေရာနဲ့လည်း
မဝေးလှဘူး။
အမြဲမဟုတ်တာတောင် တစ်လ တစ်ကြိမ်တော့ ရောက်ဖြစ်တယ်။
ပင်ပန်းလွန်းလှတဲ့အခါမျိုး၊
စိတ်ထဲတင်းကြတ်မှုခံစားရတဲ့အခါမျိုး၊
အစားကောင်းတွေကို စားချင်တဲ့အခါမျိုးမှာ
အဲဒီဆိုင်ကို ရောက်ဖြစ်တယ်။
ဒီဆိုင်ကို စားတဲ့အခါ ပြောစရာတော့ တစ်ခုရှိတယ်။
အဲဒါကတော့ စားပြီးတိုင်း အကြောတက်ပြီး
အရမ်းအိပ်ချင်တာပဲ။
တရုပ်စားသောက်ဆိုင် အတော်များများမှာ
အလုပ်လုပ်ဖူးတဲ့မိတ်ဆွေတစ်ယောက်ပြောတဲ့စကားကို
သတိရမိတယ်။
“အချိုမှုန့်မသုံးတဲ့တရုပ်စားသောက်ဆိုင်ဆိုတာ
မရှိဘူးလို့ပြောရမှာပဲ။
စားသုံးသူက မေးရင်တော့ အချိုမှုန့်ကို
မသုံးပါဘူးလို့ လိမ်ပြောလိမ့်မယ်။
အချိုမှုန့်ကိုကြောက်ရင်တော့
တရုပ်စားသောက်ဆိုင်ကို ရှောင်ပေါ့” လို့ပြောခဲ့ဖူးတယ်။
အခုတော့ မရှောင်နိုင်လို့
တရုပ်ဆိုင်မှာ စားဖြစ်တယ်။
စားပြီးတိုင်းလည်း အချိုမှုန့်ရဲ့ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရတယ်။
နောက်တစ်ဆိုင်က ယိုးဒယား
စားသောက်ဆိုင်၊
ကျနော်တို့နေတဲ့နေရာနဲ့နီးတယ်။
မကြာခဏ သွားဖြစ်တယ်။
ကျနော်တို့က တာချီလိတ်မြို့မှာ
နေခဲ့ဖူးတော့ ယိုးဒယားအစားအစာနဲ့နီးစပ်မှုရှိခဲ့တယ်။
မြန်မာအစားအစာနဲ့ဆင်တူပါတယ်။ မတူတာက အစားအတော်များများမှာ
အုန်းနို့ထည့်တာပဲ။
ပြီးတော့ အစပ်ပိုကဲတယ်။ အနီးအနားမှာ မြန်မာစားသောက်ဆိုင်မရှိတော့
မြန်မာအစားအစာတွေ
ကို သတိရတိုင်း သွားဖြစ်တယ်။
သူ့ဆိုင်က
နံနက်ပိုင်းမှာ ဖွင့်တယ်။ ပြီးတော့ နေ့လည်ပိုင်းမှာနားတယ်။
ညနေပိုင်းမှာ ပြန်ဖွင့်တယ်။
ကျနော်တို့အားချိန်ရလို့
သွားတဲ့အခါ သူ့ဆိုင်နားချိန်နဲ့တိုးနေတာ များတယ်။
အဲဒီဆိုင်လည်း စားသုံးသူတွေ များတယ်။ အကြာကြီးစောင့်ရတတ်တယ်။
အစားအသောက်က ကောင်းတယ်။
ဈေးကြီးတယ်။
အစပ်အဟပ်တည့်တော့ မကြာခဏ သွားစားဖြစ်တယ်။
နောက်တစ်ဆိုင်က မက်စီကန်စားသောက်ဆိုင်၊
ကျနော်တို့အလုပ်လုပ်တဲ့နေရာနဲ့ ကျောချင်းကပ်ရက်မှုာ ရှိတယ်။တော်တော်နီးတယ်။
ကျနော်တို့အလုပ်လုပ်တဲ့ဆိုင်ရဲ့ကပ်ရက်မှာ ချီ့စ်(Cheese)ဆိုင်ရှိတယ်။
ချီ့စ်(Cheese)ဆိုတာ လွယ်လွယ်ပြောရရင် အမေရိကန်ရဲ့ငပိလို့ပြောရမှာပဲ။
ကျနော်တို့ဆီမှာ ငပိပါမှ ထမင်းမြိန်သလိုမျိုးပဲ။
သူတို့ဆီမှာ ချီ့စ်(Cheese) ပါမှ
အစားအသောက်တွေ အစပ်တည့်သတဲ့အမေရယ်။
သူတို့ရဲ့စားသောက်ဝိုင်းတွေမှာ ချီ့စ်(Cheese)ကတော့
မပါမဖြစ်ပေါ့။
ချီ့စ်(Cheese)ဆိုင်နဲ့ကပ်နေတဲ့အတွက် ချီ့စ်(Cheese)မျိုးစုံ
စားဖူးတယ်။
သူတို့က အမြည်းပေးတာလေ။ တစ်ခါမှ ဝယ်မစားဖူးပါဘူး။
စားရင်းစားရင်းနဲ့ အခုဆိုရင် ချီ့စ်(Cheese)ကို
ကြိုက်နေပြီအမေရေ့။
ချီ့စ်(Cheese)ကို ကြိုက်နေပေမယ့် ငပိကိုတော့
မမေ့ပါဘူး။
ဟော..ပြောရင်းနဲ့ဘေးရောက်သွားပါလား။
အဲဒီချီ့စ်(Cheese)ကျွမ်းကျင်သူ ဟဲသာဆိုသူအမျိုးသမီးက
ညွှန်းလို့ အဲဒီမက်စီကန်စားသောက်ဆိုင်ကို ရောက်သွားတာကို ပြောမလို့လေ။
သူမပြောသလိုပဲ အဲဒီဆိုင်က စားကောင်းတယ်။ ဈေးနှုန်းလည်း
သင့်မြတ်ပါတယ်။
ဒါနဲ့ပဲ အဲဒီဆိုင်ကို ရောက်သွားခဲ့တယ်။
အစားအသောက်အမျိုးအမည် စာရွက် (Menu)ထဲမှာပါတာကို ကြည့်လိုက်တော့
ထူးထူးဆန်းဆန်း ဆန်ဆေးရည် ဖျော်ရည်တဲ့။
ဘာလဲဆိုတာ သိချင်တာနဲ့မှာ သောက်လိုက်တယ်။ သောက်လို့ကောင်းတယ်။
အုန်းရည်နဲ့တူတယ်။ နည်းနည်းချိုတယ်။အေးတယ်။မွှေးတယ်။
ဆန်ရဲ့အနံ့နဲ့အရသာလည်း ရတယ်။
အမေရိကန်သွားပြီး ဆန်ဆေးရည် မှာသောက်ရတယ်လို့ အပြစ်တင်ရင်လည်း
ခံရမှာပဲလေ။
အက်ရှ်ဗန်းမြို့ရောက်တော့ မှတ်မှတ်ရရဖြစ်စေတဲ့ စားသောက်ဆိုင်ကောင်းကောင်းကို
မတွေ့ဘူး။
စားကြည့်တဲ့စားသောက်ဆိုင်တွေကလည်း စိတ်တိုင်းမကျရတာများတယ်။
အစပ်အဟပ်မတည့်တာရယ်၊
ဝန်ဆောင်မှု မကောင်းတာရယ်၊
ဈေးနှုန်းကြီးမြင့်နေတာရယ်တာတွေကြောင့်
ဆိုင်တစ်ဆိုင်ကို
တစ်ခါ၊နှစ်ခါထက်ပိုမစားဖြစ်ဘူး။
မြို့ကကြီးတယ်။ကျယ်ဝန်းလွန်းတာကြောင့်
တစ်နေရာနဲ့တစ်နေရာကလည်း ဝေးလှတယ်။
ဒီရောက်တော့ ဆိုင်မှာ စားတာထက်
အိမ်မှာ ချက်ပြုတ်စားတာ ပိုများလာတယ်။
ပင်ပန်းတဲ့ကြားထဲက ချက်ပြုတ်စားရတာလည်း
လွယ်လှတယ်တော့ မဟုတ်ဘူး။
တစ်နေကုန်အလုပ်လုပ်၊ အိမ်ပြန်ရောက်ရင်
ခြေကုန်လက်ပန်းကျပြီ။
တစ်ခါခါ ဘာမှမလုပ်ချင်လောက်အောင်
ဖြစ်လို့
ဘာမှမစားပဲ အိပ်လိုက်တဲ့ညပေါင်းလည်း
မနည်းဘူး။
ဒီမှာက စားသောက်စရိတ်က
မများပါဘူး။
စည်းကမ်းနဲ့စားတတ်ရင်
တစ်လကို ဒေါ်လာတစ်ရာနဲ့လောက်အောင်စားနိုင်တာကိုတွေ့ရတယ်။
အဝတ်အစားလည်း ဈေးမကြီးဘူး။
ဈေးကြီးမြင့်တာက
နေစရိတ်၊
အေသင်မြို့မှာထက် အက်ရှ်ဗန်းမြို့က နေစရိတ်
သုံးဆကျော်ဈေးကြီးပေမယ့်
ဝင်ငွေက သုံးဆလောက် မများတဲ့အခါ ငွေ စုဆောင်းနိုင်ဖို့
တော်တော်ခက်လှတယ်။
စုဆောင်းငွေ မရှိခဲ့ဖူးဆိုရင် အခြားနိုင်ငံမှာနေရတာဟာ
စိုးရိမ်ပူပန်စရာကောင်းလှပါတယ်။
တာချီလိတ်မြို့မှာ နေခဲ့တဲ့ကာလ ကို လွမ်းမိတယ်။
တာချီလိတ်မြို့ဟာ ရာသီဥတု ကောင်းမွန်တယ်လို့ပြောရမယ်။
နေထိုင်လို့အလွန်ကောင်းလှတယ်။
ကျနော်တို့နေတဲ့အိမ်ရှေ့မှာ တာချီလိတ်မြို့ရွှေတိဂုံဘုရားရှိတယ်။
ရန်ကုန်မြို့မှာ ရှိတဲ့ရွှေတိဂုံဘုရားကို ပုံတူလုပ်ထားတဲ့ဘုရားဖြစ်တယ်။
အိမ်ကနေ နေ့စဉ်နေ့တိုင်း ဖူးမျှော်ခွင့်ရခဲ့တယ်။
စိတ်ဝယ်ကြည်နူးရတဲ့အခွင့်အလမ်းကောင်းတစ်ခုဖြစ်တယ်ဆိုတာကို
ဒီရောက်မှ
ပိုသဘောပေါက်လာမိတယ်။
အိမ်မှာပင် ဆေးခန်းဖွင့်တယ်။
ဆေးခန်းပိတ်ရင်
ဘုရားကုန်းပေါ်တက်တဲ့ အခါတက်တယ်။
ဘုရားပေါ်က ကြည့်ရင် တစ်မြို့လုံးကို
အပေါ်စီးမှ မြင်ရတယ်။အဲဒီမြင်ကွင်းတွေဟာ အခုတော့
လွမ်းစရာဖြစ်နေတယ်။
ဆေးခန်းဖွင့်ရတဲ့အလုပ်ဟာ
အတော်သက်တောင့်သက်သာရှိတဲ့အလုပ်တစ်ခုဖြစ်တယ်။
သက်သက်သာသာရှိတဲ့အလုပ်ကိုတောင်
ကျနော်တစ်နေ့ကို ရှစ်နာရီသာ လုပ်တယ်။
နံနက်ပိုင်းကို ၉း၀၀နာရီကနေ
နေ့လည် ၁၂း၀၀နာရီအထိတစ်ချိန်၊
ညနေပိုင်းကျတော့ ညနေ
၎း၀၀နာရီကနေ ည ၈း၀၀နာရီအထိတစ်ချိန်၊
တစ်နေ့နှစ်ကြိမ်၊
ရှစ်နာရီ။
ပိုတဲ့အချိန်မှာ
စာဖတ်တယ်။
ဝါသနာပါတဲ့ စာရေးတဲ့အလုပ်ကိုလည်း
လုပ်ဖြစ်တယ်။နေ့လည်ပိုင်းမှာ ကွန်ပျူတာ သင်တန်းတွေ တက်ဖြစ်တယ်။
တာချီလိတ်မှာနေတဲ့ကာလဟာ
ကိုယ့်ကိုယ်ကို တိုးတက်နေတယ် လို့ခံစားမိတယ်။
ဒီအတွက်လည်း ကျေနပ်မိတယ်။
တစ်ရံတစ်ခါမှာ ထိုင်းဖက်ကမ်းကို
ကူးပြီး ဆေးခန်းသုံးပစ္စည်းတွေ သွားဝယ်ဖြစ်တယ်။
ယိုးဒယားအစားအစာတွေကိုလည်း
နှစ်သက်တော့ မကြာခဏ သွားစားဖြစ်တယ်။
မြန်မာကမ်းနဲ့ထိုင်းဖက်ကမ်းဟာ
ငါးမိနစ်လောက် လမ်းလျှောက်ရတဲ့တံတားကို ကျော်လိုက်တာနဲ့ရောက်ပြီ။
အဲဒီတုန်းက နှစ်နိုင်ငံရဲ့တိုးတက်မှုတွေဟာ
တော်တော်ကွာခြားတယ်။
ဒီဘက်ကမ်းက မီးမှိန်မှိန်၊
ဟိုဘက်ကမ်းက မီးထိန်ထိန်၊
အမေပြောဖူးတဲ့စကား…
လူတစ်ယောက်ရဲ့တန်ဖိုးကို
သိချင်ရင်…
သူအားလပ်ချိန်မှာ
ဘာလုပ်သလဲဆိုတာကို
ကြည့်၊
စာဖတ်သလား၊
သင်ယူလေ့လာမှုတစ်ခုခုကိုလုပ်နေသလား။
အိပ်နေသလား၊
အပျော်အပါးအတွက်
အချိန်ကို ဖြုန်းတီးနေသလား။
အဲဒီလူလုပ်နေတဲ့အလုပ်ဟာ သူ့ရဲ့အနာဂတ်ပဲ။
စားဝတ်နေရေးအတွက်
လုပ်နေတဲ့အလုပ်ကတော့ သူ့ရဲ့ပစ္စုပ္ပန်ပဲ။
လက်ရှိလုပ်နေတဲ့အလုပ်က
ပစ္စုပ္ပန်ကို ပြဌာန်းတယ်။
အားလပ်ချိန်မှာ
လုပ်နေတဲ့အလုပ်က အနာဂတ်ကို ပြဌာန်းတယ်ဆိုရင်
အားလပ်ချိန်မရှိလောက်အောင်
အလုပ်များနေတဲ့ကျနော့်အဖို့
အနာဂတ်ပျောက်နေသလို
ဖြစ်နေတာပေါ့။
ငွေကို
အားပြုပြီး အလုပ်လုပ်နေတဲ့အတွက်
ကိုယ့်ကိုယ်ကို
ရောင်းစားနေလေသလားလို့လည်း တွေးမိတယ်။
ကိုယ့်ကိုယ်ကို
ကျေနပ်သလားလို့မေးခဲ့ရင် ဖြေဖို့ခက်တယ်အမေ။
ဒီနေ့အဖို့
ဒီလောက်ပါပဲ။
အမေကို
သတိရနေတဲ့
အမေရဲ့သား
အောင်ဝင်းဟိန်း၊
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။