သို့
ချစ်တဲ့အမေ
သားသတိတရ
စာရေးလိုက်ပါတယ်။
ကောင်းတဲ့အချိန်တွေဟာ
လွမ်းစရာတွေ ဖြစ်လာပြီး
ဆိုးတဲ့အချိန်တွေဟာ
သင်ခန်းစာတွေ ဖြစ်လာကြတယ်။
ဒီမှာနေတာ
ကောင်းတဲ့အချိန်တွေ အများကြီး ရှိခဲ့သလို
ဆိုးတဲ့အချိန်တွေလည်း
အများကြီး ရှိခဲ့တယ်။
အမေပြောခဲ့သလို
အကောင်းအဆိုးတွေ အများကြီးကို တွေ့ရလိမ့်မယ်။
အကောင်းဟာ
မမြဲသလို အဆိုးတွေလည်း မြဲမှာမဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့လိုတယ်။
အဓိက
ကတော့ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ရင်ဆိုင်ရဲဖို့ပဲဆိုတာလေ။
လွမ်းစရာဆိုလို့...
အမေ့ကို လွမ်းတယ်။
မြန်မာပြည်ကို
လွမ်းတယ်။
ရွှေတိဂုံဘုရားကို
လွမ်းတယ်။
မုန့်ဟင်းခါးကို
လွမ်းတယ်။
ဒူရင်းသီးကို
လွမ်းတယ်။
လက်ဖက်သုပ်ကို
လွမ်းတယ်။
ပြီးတော့…အမေ့လက်ရာ
ငပိသုပ်ကို လွမ်းတယ်။
ပြီးတော့…အမေချက်တဲ့ဟင်းမျိုးစုံကိုလွမ်းတယ်။
ပြီးတော့…
ပြီးတော့…
လွမ်းစရာတွေက
အများကြီးပါပဲ။
တစ်နှစ်မှာ
တစ်ရက်ထဲ သတ်မှတ်ထားတဲ့ အမေများနေ့ဟာလည်း
ပြီးသွားပြီ။
တကယ်ဆိုတော့
အမေကို ချစ်ခင်မြတ်နိုး၊ တန်ဖိုးထားသူအတွက်
အမေများနေ့ဟာ
တစ်နှစ်မှာ တစ်ရက်ထဲမဟုတ်ပါဘူး။
တစ်နှစ်မှာ
၃၆၅-ရက်ပါ။
နေ့တိုင်း
အမေများနေ့လို့ ကျနော်ကတော့
သတ်မှတ်လိုက်ချင်ပါတယ်။
ကျနော်တို့အလုပ်လုပ်နေရတဲ့
The Fresh Market (သန့်ရှင်းလတ်ဆတ်တဲ့ဈေး)
ဟာ
အိမ်နဲ့နီးတော့ အချိန်ကုန်လည်း သက်သာသလို
ကားနဲ့သွားတော့လည်း
ဆီကုန်လည်း သက်သာလှတယ်။
တစ်မိုင်တောင်
မပြည့်ဘူး။
ကားနဲ့သွားရင်
သုံးမိနစ်လောက်သာ မောင်းရတယ်။
ဒါကလည်း
အစဉ်ပြေမှု တစ်ခု။
နောက်တစ်ခုက
အဲဒီဈေးဝင်းအတွင်းမှာ စာတိုက်ရှိတယ်။
စာတိုက်က
တစ်ခုထဲမဟုတ်ဘူး။ နှစ်ခုတောင်မှ။
တစ်ခုက
အစိုးရစာတိုက်၊
နောက်တစ်ခုက
ပုဂ္ဂလိက စာတိုက်။
စာတိုက်ကလည်း
တော်တော်အရေးပါတဲ့ အဆောက်အဦးလို့ပြောရမှာပဲ။
အရေးကြီးတဲ့ပစ္စည်းတွေ၊
စာရွက်စာတမ်းတွေ၊ ချက်လက်မှတ်တွေကို
စာတိုက်က
ပို့ရင် နှစ်ရက်သုံးရက်အတွင်းမှာကို ပို့ချင်တဲ့နေရာကို
ရောက်တယ်။
အမေရိကားအတွင်းဆိုရင်ပေါ့။
နောက်တစ်ခုက
ကျနော်တို့အသုံးပြုနေတဲ့ဘဏ်ကလည်း
ဝင်းတစ်ခုထဲမှာကို
ရှိတယ်။
ဘဏ်ကလည်း နှစ်ခုစလုံးရှိတာပါ။
ငွေသွင်း၊ငွေထုတ်လုပ်ရတာ
လွယ်လွန်းလှတယ်။
ပြီတော့
ရုပ်ရှင်ရုံတွေ အများကြီးပဲ။
နေရာတစ်ခုထဲမှာကို
ရုပ်ရှင်ရုံ ၁၁-ခုတောင်မှ။
ရုပ်ရှင်ကားတွေက
အများကြီးတင်တယ်။
ကြိုက်တဲ့ကားကို
ရွေးကြည့်ရုံပဲ။
လာကြည့်သူအများက
တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေ။
သူတို့တွေ
ရုပ်ရှင်လာကြည့်ရင်း ဈေးဝင်လည်ရင်ပဲ
ကျနော်တို့အတွက်က
ဈေးကွက်ဖြစ်နေပြီ။
တက္ကသိုလ်ကျောင်းကလည်းဖွင့်တယ်။
ရုပ်ရှင်ကလည်းကောင်းတယ်
ဆိုရင်
ဈေးရောင်းအလွန်ကောင်းတော့တာပဲ။
ပြီတော့ စားသောက်ဆိုင်တွေ အများကြီးပဲ။
ကြိုက်တာကို ရွေးချယ်စားသောက်နိုင်တာပေါ့။
တစ်နေ့တော့ ရုပ်ရှင်ရုံတွေကို သွားလည်ရင်းနဲ့
ရုပ်ရှင်ကြည့်ဖြစ်တယ်။
ကောင်းတယ်လို့ပြောရမယ်။
တီဗွီတွေ ပေါ်လာတော့ ရုပ်ရှင်ရုံတွေ ကြည့်သူတွေ
ရှိတော့မှာမဟုတ်ဘူးလို့
အချို့သူတွေက
ပြောကြတယ်။
အဲဒီခန့်မှန်းချက်
စကားဟာ မမှန်ပါဘူး။
အခုကြည့်လေ…ရုပ်ရှင်ရုံမှာ
တိုးနေလိုက်တဲ့လူတွေ။
အမေရိကန်အိမ်တိုင်းလိုလိုမှာ
တီဗွီရှိနေတာပဲ။
ဇာတ်လမ်းတူဦးတော့
ပိတ်ကားမျက်နှာပြင်နဲ့ အသံ
ကွာခြားချက်ကြောင့်
ရသလည်း
ကွာခြားသွားတယ်။
အချိန်နဲ့ငွေသာ
ပိုနေရင်
ရုပ်ရှင်ရုံကို
သွားကြမှာ သေချာတယ်။
တနင်္ဂနွေနေ့တစ်ရက်မှာတော့
ရုပ်ရုင်ရုံရှိရာဖက်ကို
သွားလည်ရင်း
ရုပ်ရှင်ကြည့်ဖြစ်တယ်။
ရုံဝင်ခက
တစ်ယောက်ကို တစ်သောင်းကျပ်နီးပါးလောက်ပေးရတယ်။
စားစရိတ်တွေလည်း
သက်သာတယ်။
သက်သာတော့
လွယ်လွယ်ကူကူ စားဖြစ်တယ်။
အဝတ်အထည်တွေလည်း
ဈေးပေါတယ်။
ဈေးပေါတော့
လွယ်လွယ်ဝယ်ဖြစ်တယ်။
နေစရိတ်ကတော့
ဈေးကြီးတယ်။
မနေလို့မရတော့
ဈေးကြီးကြီးပေးပြီးနေရတာပါပဲ။
အမေရိကန်မှာ
ဒေါ်လာဝင်နေတဲ့အတွက် ဝင်ငွေကောင်းကြတယ်လို့
အချို့ကပြောကြတယ်။
ပြန်ထွက်သွားတာကလည်း ဒေါ်လာငွေတွေပဲလေ။
အဝင်အထွက်က မျှနေရင်တော့
နေထိုင်ရတာ အမြတ်ပေါ့လေ။
အဝင်ကနည်းနေပြီး၊ အထွက်ကများနေရင်တော့
တော်တော်
စိတ်ညစ်စရာကောင်းတဲ့နေရာလို့
ပြောနိုင်တယ်။
အသိမိတ်ဆွေတစ်ယောက်ဆိုရင်
အလုပ်အကိုင်ကောင်းစဉ်တုန်းက
ဝင်ငွေကောင်းတာကို ပုံမှန်လို့တွက်ပြီး
နှစ်သုံးဆယ်အကြွေးနဲ့
အိမ်ဝယ်လိုက်တယ်။
ထင်သလိုမဟုတ်ပဲ ဝင်ငွေကောင်းတဲ့အလုပ်က
အခြေအနေအကြောင်းကြောင်းတွေ
ကြောင့် လုံးဝရပ်ဆိုင်းသွားတယ်။
လူသာအိပ်နေတာ အကြွေးက မအိပ်ဘူးလေ။
ခုတော့ တော်တော်ကို စိတ်ညစ်နေရပြီ။
မြန်မာပြည်က ပစ္စည်းဥစ္စာတွေကို
ထုခွဲရောင်းချပြီး
အကြွေးဆပ်နေရတယ်။
တွက်ချက်မှု လွဲမှားသွားတယ်လို့ဆိုရမှာပဲ။
အဲဒါလည်း သင်ခန်းစာ ယူစရာတစ်ခုပဲလေ။
အမေ့ရဲ့မြေးဆီက အီးမေးလ်ရတယ်။
အမေ့ရဲ့မွေးနေ့ကို အမေစိတ်တိုင်းကျလုပ်ခွင့်ရလို့
အမေ ဝမ်းသာကျေနပ်နေကြောင်းကို
သိရလို့
ကျနော်တို့လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
အမေ ကျောင်းဆောက်လှူဒါန်းမှုမှာ
ကျနော်တို့အလှူပါဝင်ခွင့်ရတဲ့အတွက်လည်း
ဝမ်းသာရပါတယ်။
အမေ လှိုက်လှိုက်လှဲလှဲ အမျှပေးဝေတာကိုလည်း
သာဓုခေါ်ပါတယ်အမေ။
အမေ့ရဲ့မွေးနေ့ပွဲကို အမေ့ရဲ့အမျိုးတွေတော်တော်များများလာရောက်
ကြတာကို ကြားရတော့ ပြန်လာချင်စိတ်တောင်
ဖြစ်မိပါတယ်။
ကုသိုလ်စိတ်နဲ့ပြုလုပ်တဲ့အလှူပွဲဟာ
ကုသိုလ်တွေ
အများကြီးဖြစ်မယ်ဆိုတာ ယုံကြည်ပြီးသားပါအမေ။
နောက်တစ်ခုက ကွယ်လွန်တာ နှစ်ပေါင်းငါးဆယ်ကျော်ပြီးဖြစ်တဲ့
အဖေရဲ့အလှူပြုလုပ်ပေးတာကိုလည်း
သာဓုခေါ်ပါတယ်။
ကုသိုလ်နဲ့ထုံမွှမ်းနေတဲ့အမေ့ရဲ့အကြောင်းကို
တွေးမိတိုင်း
သားဝမ်းသာမဆုံးဖြစ်ရပါတယ်။
အမေ့အတွက် သားဂုဏ်ယူမိပါတယ်။
အမေ့သားဖြစ်ရတဲ့အတွက်လည်း
ဂုဏ်တက်မိပါတယ်။
အမေရေ့…
အမေ့ကို အဝေးက ဦးတင်လိုက်ပါတယ်။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊
ဂျော်ဂျီယာပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၆-၂-၂၀၁၃
၆-၂-၂၀၁၃
No comments:
Post a Comment